Sunday, December 30, 2007

သံလွင်တို့ရဲ့ နောက်ထပ်အိပ်မက်တစ်ခု

သုံးလတစ်ကြိမ် ထုတ်ဝေနေတဲ့ သံလွင်အွန်လိုင်း မဂ္ဂဇင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ထုတ်ဝေဖို့ အလှည့်ကျခဲ့ပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ပျက်ကွက်ခဲ့ရပြီး နောက်ထပ်သုံးလအကြာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ အမှတ် (၁၂) ကို ပါဝင်နေကျခေါင်းစဉ်များနဲ့ အတူ ပြန်လည်တင်ဆက်တော့မှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလမှာ ထွက်ရှိနိုင်ဖို့ သံလွင်ဝိုင်းတော်သားများက စတင်ဆောင်ရွက်နေကြပြီဖြစ်ပြီး အရင်လိုပဲ သူငယ်ချင်းစာဖတ်သူတွေ ကျေနပ်နိုင်ဖို့၊ စောင့်ရကျိုးနပ်စေဖို့ အထူးပဲ ပြင်ဆင်နေကြပါတယ်။ လက်ရှိမှာတော့ ထုတ်ဝေပြီး Issue တွေဖြစ်တဲ့ အမှတ် (၁) ကနေ အမှတ် (၁၁) အထိကို ကျွန်တော်တို့ရဲ့ Website www.thanlwin.com မှာ ပြန်လည်ဖတ်ရှုနိုင်အောင် စီစဉ်ထားပေးပြီးဖြစ်ပါတယ်။ စာမူပေးပို့လိုသူများအနေနဲ့ ကျေးဇူးပြုပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ မတိုင်ခင် ပေးပို့နိုင်ပြီး ချစ်ခင်လေးစားရသော သူငယ်ချင်း Blogger များ၊ စာဖတ်ပရိသတ်များသာမက စာပေဝါသနာပါသူများအားလုံးရဲ့ ကူညီအားပေးမှုကို အထူးပင် လေးစား ကျေးဇူးတင်လျက်ရှိပါတယ်။ အရင်က စာမူတွေကို Win-Innwa Font နဲ့သာ လက်ခံခဲ့ပေမယ့် အခု အမှတ် (၁၂)က စပြီး Win-Innwa နဲ့သာမက Zawgyi-One Font နဲ့လည်း thanlwinainmat@gmail.com ကို ရေးသားပေးပို့နိုင်ပြီဖြစ်ပါတယ်။

မကြာခင်ထွက်ရှိလာတော့မယ့် သံလွင်အိပ်မက် အမှတ်(၁၂) ဟာ အရင် အိပ်မက်တွေလိုပဲ လှပတဲ့ အိပ်မက်လေးတစ်ခု ဖြစ်လာဦးမယ် အကြောင်းကြားလိုက်ရပါတယ်။

Sunday, December 23, 2007

ကျားမာန်စွယ်

ရယ်မောနေတဲ့အသံတွေ၊ အချင်းချင်းတီးတိုး စကားပြောသံတွေအားလုံး ကျွန်တော့်ကြောင့် ပျောက်ကွယ်သွားပြီး ကြောက်လန့်အံ့သြသံတွေနဲ့အတူ ကင်မရာမီးတွေ တဖြက်ဖြက်လင်းလာတယ်။ ကျွန်တော့်ကြောင့်လို့တော့ သူတို့ သိပုံမပေါ်ပါဘူး။ သူတို့ ကြောက်သွားတာက ၆ မီတာအကွာက ကျုံးကြီးခြားထားတဲ့ ဘင်္ဂလားကျားဖြူကြီးသုံးကောင်က လူတွေဘက်ကို ခုန်ကူးမယ် တကဲကဲလုပ်နေလို့ပါ။ တစ်ကောင်က နောက်ခြေပေါ်အားပြုပြီး မတ်တပ်ရပ်ဖို့ ကြိုးစားနေတယ်။ တစ်ကောင်က ကူးလာလို့ရမယ့် လမ်းကြောင်းကို အသည်းအသန်ရှာနေတယ်။ တစ်ကောင်က လူတွေဘက်ကို မျက်ခြေပြတ်မခံ စောင့်ကြည့်နေတယ်။ လူတွေဘက်လို့ သူများတွေထင်ပေမယ့် အဲဒါကျွန်တော့်ကို ကြည့်နေတာဆိုတာ ကျွန်တော်ပဲသိတယ်။ ပါးစပ်တွေကလည်း တိရစ္ဆာန်ရုံတစ်ခုလုံး ကြားရအောင်ကို ဟိန်းဟောက်နေတယ်။ ခြင်္သေ့တွေကလည်း အားကျမခံဟိန်းဟောက်နေတာများ ကမ္ဘာပျက်နေသလား မှတ်ရတယ်။ တချက် တချက် ဆင်အော်သံတွေတောင် ကြားရတယ်။ ချက်ချင်းဆိုသလိုပဲ တာဝန်ရှိသူတွေရောက်လာပြီး ကျားတွေကို အစာကျွေးပြီး ထိန်းကြည့်တယ်။ သွေးတွေစိုနေတဲ့ အမဲသားတွေကို လှည့်တောင်မကြည့်ဘဲ လူတွေဘက်ကိုပဲ ကူးဖို့ကြိုးစားနေတုန်းပဲ။ တာဝန်ရှိသူတွေက မေ့ဆေးသေနတ်တွေတောင် ပြင်နေပြီဖြစ်လို့ ကျွန်တော် ဆက်မကြည့်တော့ဘဲ ခပ်လှမ်းလှမ်းကို ထွက်လာတော့မှ ကျားတွေလည်း မကျေမနပ်နဲ့ အဟင်းဟင်းအော်ပြီး နည်းနည်းငြိမ်သွားတယ်။ ကျွန်တော်လည်း ခပ်လှမ်းလှမ်းက အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထိုင်ပြီး ကျွန်တော့်ငယ်ဘဝကို ပြန်တွေးနေမိတယ်။ ကျွန်တော်နဲ့ ဒီကျားတွေ ဘယ်လို ပတ်သတ်နေခဲ့တယ်ဆိုတာကိုပေါ့။ အင်္ကျီရင်ဘတ်က ကြယ်သီးနှစ်လုံးဖြုတ်လိုက်ပြီး လေပူတွေကို မှုတ်ထည့်လိုက်တယ်။ ကျွန်တော့်လည်ပင်းမှာ ကျားသားရေကို ကျစ်ထားတဲ့ကြိုးနဲ့ ဆွဲထားတဲ့ လက်မရဲ့ လက်သည်းခွံလောက် ကျားမာန်စွယ်ကတော့ ချွေးတွေနဲ့ ရွဲစိုလို့နေပါတယ်။


ကျွန်တော့်ဖေဖေက ရှေးဟောင်းပစ္စည်းနဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကို ဈေးမရှောင်တမ်း ပေးဝယ်တဲ့ ဝါသနာရှိပါတယ်။ သူ့မှာ ဝါသနာတူ သူငယ်ချင်းသုံးယောက်လည်း ရှိသေးတယ်။ သူတို့လေးယောက်ပေါင်းပြီး ကျွန်တော်တို့အိမ်ရဲ့ မြေတိုက်ခန်းကို ပြခန်းကြီးသဖွယ် လုပ်ထားပြီး ရှေးဟောင်းရုပ်တုတွေ၊ စာအုပ်တွေ၊ ပေစာတွေသာမက တိရစ္ဆာန်မျိုးစုံရဲ့ သားရေ၊ ချို၊ အစွယ်တွေ စုံနေအောင် ရှိပါတယ်။ လိုရင်းပြောရရင်တော့ တစ်နေ့မှာ သူတို့ဟာ ကချင်ပြည်ကနေ ကျားမာန်စွယ်တစ်ခု ရလာပါတယ်။ ရိုးရိုးကျားအစွယ်တွေထက် ရှားပါးပြီး အစွမ်းထက်တဲ့ မာန်စွယ်ကို ကိုးတောင်ပြည့်တဲ့ ကျားထီးကြီးတွေမှာပဲ ရှိတတ်ပြီး ညာဘက်ခြမ်းမှာ ရှိပါတယ်။ တစ်ထောင်မှာ တစ်ကောင်သာရှိတဲ့ မာန်စွယ်ပါတဲ့ကျားကို အခြားကျန်တဲ့ကျားတွေက အလွန်ပဲမနာလိုဖြစ်ကြပြီး အုပ်ဖွဲ့တိုက်ခိုက်လေ့ရှိပါတယ်။ ဒါပေမယ့် မာန်စွယ်နဲ့ ကျားပဲအနိုင်ရလေ့ရှိပါတယ်။ အဲလိုထူးခြားတဲ့ မာန်စွယ်ကြီးပါတဲ့ ကျားခေါင်းကြီးတစ်ခုကို ဖေဖေ့တို့က ကြိုက်ဈေးပေးဝယ်လာခဲ့ပါတယ်။ နောက်ထပ် ထူးခြားတဲ့ အရည်အချင်းတွေကိုလည်း ရှေးစာတွေမှာဖတ်ပြီး လူနဲ့ ဘယ်လိုဆက်စပ်မယ်ဆိုတာ ရှာဖွေကြပါတယ်။ သူတို့ စာအုပ်ထဲမှာ တွေ့တာတွေ၊ ကချင်ပြည်က ဒူးဝါးတွေပြောတဲ့စကားတွေအရဆို ဒီအစွယ်ဟာ လူစစ်စစ်ကို လူကျားလို့ ခေါ်တဲ့ သမန်းကျားအဖြစ်တောင် ပုံပြောင်းနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့ ကလေးတွေ၊ တနည်းအားဖြင့် ကျားနဲ့အသက်တူတူလောက် ရှိတဲ့လူကိုပဲ လုပ်နိုင်တယ်ဆိုပါတယ်။ အဲဒီမှာပဲ အသက် ၄ နှစ်လောက်ပဲရှိသေးတဲ့ ကျွန်တော်ဟာ အစမ်းသပ်ခံဖြစ်လာပါတယ်။ ကျားမာန်စွယ်ကိုသွေးပြီး ကျားသည်းခြေနဲ့ ရောသောက်ခဲ့ရသလို ညတိုင်းလည်း ကျားမာန်စွယ်သွေးထားတာကို လိမ်းရပါတယ်။ ဘယ်လောက်တောင် သွေးခဲ့ကြသလဲဆိုရင် ဆင်စွယ်ထိပ်ဖူးလို မာကျောလှတဲ့ ငါးလက်မလောက် ကျားမာန်စွယ်ဟာ ကျွန်တော်အခုဆွဲထားတဲ့ လက်သည်းခွံလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီလို နေ့စဉ်နီးပါး လိမ်းလိုက်၊ သောက်လိုက်ကို ၁၆ နှစ်လောက်လုပ်လာတဲ့အကျိုးကြောင့် ကျွန်တော် သမန်းကျားတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မျက်ဆံတွေဟာ ကျားလိုပဲကျဉ်းလာပြီး မျက်လုံးတွေနီလာပါတယ်။ အသားအရေတွေ ကြမ်းသလိုလိုဖြစ်လာပြီး ကိုယ်နံ့ကလည်း နံတာမဟုတ်ပေမယ့် ပုံမှန်တော့ မဟုတ်တော့ပါဘူး။ နောက် လက်သည်းတွေဟာ သာမန်လက်သည်းညှပ်နဲ့ ညှပ်လို့မရဘဲ ကွမ်းညှပ်လိုဟာမျိုးနဲ့ ညှပ်ရပါတယ်။ အသားစိမ်းကြိုက်တာမျိုးတော့မရှိဘဲ အသီးအရွက်နဲ့ ငါးတော့ မစားပါဘူး။ အသံတွေဟာလည်း ခပ်အောအောဖြစ်နေပါတယ်။ ထူးခြားတာက ကျွန်တော်အားသိပ်ကောင်းတာနဲ့ ဒေါသထွက်လွယ်တာပါပဲ။ ခပ်ပုပုတုတ်တုတ် ကိုယ်ခန္ဓာနဲ့ ကျွန်တော်ရိုက်လိုက်ရင် တော်ရုံလူ ပစ်လဲကျသွားတတ်ပါတယ်။ စိတ်ဆိုးရင် ထိုးတာကြိတ်တာထက် မျက်နှာကို လက်သီးနဲ့ပုတ်ရတာကို ပိုသဘောကျပါတယ်။ ကျားတွေကို ရုပ်ရှင်တွေမှာမြင်ရင် သနားစရာအကောင်လေးတွေလို ခံစားရပြီး ငါလုပ်ရင်သေဦးမယ်ဆိုတာမျိုးတွေးမိလို့ တစ်ယောက်တည်း ရယ်နေဖြစ်သေးတယ်။ ကျွန်တော့်စရိုက်တွေကို လေ့လာနေတဲ့ ဖေဖေနဲ့ သူငယ်ချင်းတွေက အနားမှာ အမြဲရှိနေသလို ကျွန်တော့်အခန်းကိုလည်း ကင်မရာတွေ တပ်ထားပါတယ်။

ကျွန်တော့်အသက် ၂၀ ပြည့်တဲ့နေ့မှာတော့ ဖေဖေက ခပ်သေးသေးပဲကျန်တော့တဲ့ ကျားမာန်စွယ်ကို ကျားသားရေနဲ့ပဲကျစ်ပြီး လည်ပင်းမှာဆွဲပေးထားပါတယ်။ အဲဒါလေးဆွဲလိုက်မှပဲ ကျွန်တော့်စိတ်ထဲမှာ ဆုံးရှုံးထားတဲ့ တစုံတရာကို ပြန်ရလိုက်သလိုဖြစ်ပြီး ယုံကြည်မှုတွေ ရလာတယ်။ တချိန်ထဲမှာပဲ ရမ်းကားချင်သလိုလိုဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်ပြန်ချွတ်ထား ကြည့်သေးတယ်။ မရဘူး။ ဒါဝတ်ထားမှ နေသာသလိုဖြစ်ပြီး မရှိရင် ခေါင်းမရှိသလိုဖြစ်ဖြစ်နေလို့ ကျွန်တော်ကိုယ်တိုင်ပဲ လိုလိုချင်ချင် ဆွဲထားလိုက်တယ်။ ဒါပေမယ့် မရမ်းကားဖြစ်အောင်တော့ ထိမ်းသိမ်းနိုင်ပါတယ်။ တခါကတော့ အစအနောက်သန်တဲ့လူတွေနဲ့ ရန်ဖြစ်လို့ မျက်နှာကို ပုတ်လိုက်တာ ဦးခေါင်းခွံအက်သွားတယ်။ လာကိုက်တဲ့ ခွေးတစ်ကောင်ကို ပြန်ကန်လိုက်တာ ခြေထောက်က ခွေးဗိုက်ထဲ နစ်ဝင်ပြီး ထုတ်ချင်းပေါက်ကြီး စိုက်နေဘူးတယ်။ ခွေးဆိုလို့ ပြောရဦးမယ်။ ကျားမာန်စွယ်ဆွဲထားကာမှ ခွေးတွေက မလန့်ဘဲ လာလာကိုက်ချင်နေကြတယ်။ ကိုက်တိုင်းလဲ ကိုက်တဲ့ကောင် သေတာများတယ်။ တိရစ္ဆာန်ရုံသွားလို့ကတော့ တခြံလုံး ငရဲပွက်သလို ဟိန်းကြ၊ အော်ကြနဲ့လေ။ ဘာကြောင့် ကျားမာန်စွယ်ကို မကြောက်ဘဲ လိုချင်ကြ၊ သတ်ချင်ကြသလဲဆိုတာ ကျွန်တော်မတွေးတတ်ဘူး။

၂ နှစ်လောက်နေတော့ ဖေဖေဆုံးသွားတယ်။ မဆုံးခင်မှာ ဒီကျားမာန်စွယ်နဲ့ ပတ်သတ်ပြီး သုတေသနလုပ်ဖို့ ကျွန်တော့်ကိုမှာခဲ့တယ်။ ကျွန်တော်လည်း ဘွဲ့ယူပြီးတာနဲ့ ဒီကိစ္စကို ဆက်တိုက်လေ့လာခဲ့တယ်။ အာဖရိက၊ ဘင်္ဂလားဒေ့ရှ်သာမက အမေရိကန်က စာကြည့်တိုက်တွေဆီလည်း ရောက်ခဲ့တယ်။ သိလာတာတွေကတော့ အများကြီးပါ။ အများစုတူတာတွေထဲက တစ်ခုကတော့ ကျားမာန်စွယ်ကို ထိမ်းသိမ်းထားသူဟာ သူများသတ်လို့ သေကိုသေတယ်ဆိုတာပါပဲ။ တချို့က လူသတ်ခံရတယ်၊ တချို့က ကားတိုက်ခံရတယ်၊ တချို့ ပင့်ကူဖြစ်ဖြစ်ကိုက်ပြီး သေရတယ်။ စင်ကာပူကို ရောက်တဲ့အချိန်မှာ မိတ်ဆွေတစ်ယောက်က စာအုပ်တစ်အုပ် ပေးတယ်။ အဲဒီစာအုပ်က ကျားကျိန်စာဆိုတဲ့ စာအုပ်ပါ။ ခပ်ပါးပါးစာအုပ်လေးက ကျားတွေရဲ့ လျှို့ဝှက်ချက်တွေ အတော်များများဖေါ်ထုတ်ထားပါတယ်။ အဲဒီစာအုပ်မှာ ကျားမာန်စွယ်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိတယ်တဲ့။ ၂၀၀ ကိုဘယ်လောက်ကျော်နေပြီလဲ - ကျွန်တော်ရော ဒီလိုသေမလားဆိုတဲ့မေးခွန်းက သိပ်ကိုမေးလို့ကောင်းနေခဲ့ပါတယ်။ နောက်ဆုံးမှာ သူများသတ်လို့ မသေချင်တဲ့ ကျွန်တော်က ကျားမာန်စွယ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျားမာန်စွယ်ကို ကျားတွေကိုပဲ ပြန်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခု စင်ကာပူတိရစ္ဆာန်ရုံကို လာခဲ့တာဖြစ်ပါတယ်။


ကျွန်တော်စဉ်းစားနေရာက သတိပြန်ဝင်လာတော့ ညနေ ၅ နာရီခွဲနေပါပြီ။ ၆ နာရီပိတ်တဲ့ တိရစ္ဆာန်ရုံဆိုတော့ ကျွန်တော်မြန်မြန်ပြန်ပေးမှ ဖြစ်တော့မယ်။ လူတွေကလည်း ကျားတွေနားမှာ တိုးဝှေ့နေကြည်တုန်းပါပဲ။ ခက်တာက တိရစ္ဆာန်တွေဆီကို သစ်ရွက်ကလေးနဲ့တောင် ပစ်ပေါက်ခွင့်မပေးတာကို ကျွန်တော်က ဘယ်လိုပစ်ပေးမလဲဆိုတာပါပဲ။ ကျွန်တော်ရဲတွေကို ရှင်းပြလည်း သူတို့နားလည်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ရုတ်တရက်မိုးတွေမှောင်ကျပြီး မိုးစရွာတယ်။ ကျားကို ဝိုင်းကြည့်နေကြတဲ့ လူတွေလည်း အမိုးအောက်ထဲ ပြေးဝင်သွားကြတယ်။ ကျားနားမှာ လူရှင်းပြီ။ အခွင့်အရေးကို အသုံးချဖို့ ကျွန်တော်လည်ပင်းက ကျားသားရေကြိုးကို ဆွဲဖြတ်ပြီး ကျားခြံနားကပ်လာလိုက်တယ်။ ကျားတွေကတော့ ခုနလိုပဲ ဟိန်းဟောက်နေကြပြန်ပြီလေ။ ကျားတွေနားကို ဒီအစွယ်လေးရောက်ဖို့က သိပ်တော့မလွယ်ပါဘူး။ ခပ်သေးသေးလေးဖြစ်လို့ ပေါ့နေသလို လေကလည်း တိုက်နေပါတယ်။ ကျွန်တော်နည်းနည်း စဉ်းစားပြီး အားကုန်ပစ်ရင် ရောက်လောက်ပါတယ်လို့တွေးပြီး လက်ကိုမြှောက်လိုက်ပါတယ်။ ဘယ်အချိန်ကတည်းက ကျားသံကြောင့်ရောက်နေလဲမသိတဲ့ ရဲတစ်ယောက်က လက်ကို သေနတ်နဲ့ရိုက်ချလိုက်လို့ ကျွန်တော့် လက်ထဲက ကျားမာန်စွယ်လည်း ကျားနဲ့ ကျွန်တော့်ကို ခြားထားတဲ့ ကျုံးအစပ်ကိုကျသွားတယ်။ ဒေါသဖြစ်သွားတဲ့ ကျွန်တော်လည်း ရဲကိုလှည့်ထိုးမယ်အလုပ် ရဲက သေနတ်နဲ့ဦးအောင်ပစ်လိုက်ပါတယ်။ ကျွန်တော့် ညာဘက်ပုခုံး ပူထွက်သွားပြီး ကျွန်တော်လည်း ကျုံးထဲကို လည်ကျသွားတယ်။ ကျွန်တော်ကျသွားတဲ့ နေရာဘေးမှာ ကျားမာန်စွယ်ကို လှမ်းတွေ့တယ်။ တချိန်တည်းမှာပဲ ဒေါသသိပ်ထွက်နေတဲ့ ကျားဖြူကြီးသုံးကောင်ကလည်း ကျုံးကြီးထဲကို ခုန်ဆင်းလာပါတော့တယ်။ ကျွန်တော် ကျားမာန်စွယ်ကို ကောက်ယူပြီး “ ရော့ မင်းတို့ပစ္စည်း။ ပြန်ယူထားတော့ ” လို့အော်ပြီး ပစ်ပေးလိုက်မယ်အလုပ်မှာ လူစကား နားမလည်တဲ့ ကျားတွေက ကျွန်တော့်ကို တစ်ကောင်ပြီး တစ်ကောင် ... တစ်ကောင်ပြီး တစ်ကောင် …

(တိရစ္ဆာန်ရုံသွားလည်ပြီး အတွေးနယ်ချဲ့ရေးထားတာပါ)

Monday, December 17, 2007

ကံဆိုတာ ဘာလဲ

ကံဆိုတာဘာလဲလို့ မေးမိတိုင်း သေချာတဲ့အဖြေတစ်ခု အခုချိန်ထိ မရသေးပါဘူး။ ရွှေပုစွန်ဆိုင်က ဦးပွင့်ကောင်းကတော့ ကံဆိုတာအလုပ်ပါတဲ့။ တချို့ကတော့ ကံကံ၏အကျိုးဆိုပြီး ဘာဖြစ်လာလာ လက်ခံနိုင်ကြပြန်တယ်။ တချို့ကတော့ ကံဆိုတာ မရှိဘူးတဲ့။ ဥာဏ်ကောင်းရင် ကံကောင်းပြီပဲတဲ့။ ကျွန်တော်ကတော့ အားလုံးကိုယ့်နည်းနဲ့ကိုယ် မှန်နေကြတယ်လို့ထင်တယ်။ အဲဒါကြောင့်လည်း သေချာတဲ့အဖြေမရသေးတာပါ။ ကျွန်တော်တစ်ယောက်တည်း တွေးမိတာကတော့ ကံဆိုတာ အားကိုးလို့ မရသလို မသက်ဆိုင်ပါဘူးဆိုပြီး ပစ်ထားလို့လည်း မရပြန်တဲ့ ကြိုမသိနိုင်တဲ့ အစီအစဉ်တစ်ခုပါပဲ။

ကံကောင်းလိုက်တာ၊ ကံဆိုးလိုက်တာဆိုတာမျိုး ကျွန်တော်တို့ မကြာခဏပြောဖြစ်ပါတယ်။ ဒါပေမယ့် ကံကြောင့်လား၊ အလုပ်ကြောင့်လားတော့ ခွဲခြားဖြစ်တာနည်းမယ် ထင်ပါတယ်။ ဆိုပါစို့ဗျာ။ တီဗွီကပြမယ့် ဘောလုံးပွဲကြည့်ချင်လို့ ထိုင်စောင့်နေတယ် ဆိုပါစို့။ ပွဲလည်းစရော မီးပျက်သွားရင် ကံမကောင်းတာလား။ ဒါမှမဟုတ် မိုးသိပ်ရွာလို့ ပွဲကိုရွှေ့လိုက်တယ်ဆိုရင်ရော ကံကြောင့်လား။ စာမေးပွဲ အောင်ခြင်း၊ မအောင်ခြင်းမှာရော ကံက ဘယ်လိုပါဝင်ပတ်သတ်နေပါသလဲ။ ဆင်းရဲတဲ့လူတစ်ယောက် ကြိုးစားပြီး ချမ်းသာလာတာဟာ ကံနဲ့အလုပ် မျှတလို့ဖြစ်နိုင်ပြီး ချမ်းသာတဲ့မိသားစုမှာ ကြီးပြင်းခွင့်ရခဲ့ ကလေးက အလုပ်နဲ့ဆိုင်ရဲ့လား။ ထီပေါက်တာက ထီထိုးဖို့ စိုက်ထုတ်တဲ့ ဝီရိယကြောင့်လား။ ကြုံသလို လက်ညှိုးထိုးလိုက်တဲ့ နံပတ်ကြောင့်လား။ ဒါတွေက အလုပ်နဲ့ကံ ဆက်စပ်နေတာကို ခွဲခြားပြီး မြင်သာစေမယ် ထင်ပါတယ်။

ကံကောင်းချင်ရင်တော့ ကိုးကွယ်ရာဘာသာတစ်ခုရှိတဲ့ လူတိုင်းကတော့ သက်ဆိုင်ရာဘုရားနဲ့ နတ်တွေကို တိုင်တည်ဆုတောင်းလေ့ရှိကြပါတယ်။ မမြင်နိုင်တဲ့ ကံတရားအတွက် မမြင်နိုင်တဲ့အင်အားတွေ ဆုတောင်းတာ သဘာဝအတော်ကျတဲ့ လုပ်ရပ်ပါပဲ။ ထီပေါက်ဖို့ ဆုတောင်းပြီး မပေါက်တာနဲ့ ဘာကိုတော့ဖြင့် ဆုတောင်းမပြည့်လို့ မကိုးကွယ်တော့ဘူးလို့ စွန့်လွှတ်လိုက်တဲ့ ဘာသာဝင်က အတော်ရှားပါတယ်။ ကိုးကွယ်မြဲ၊ ဆုတောင်းမြဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကံကိုယုံသူဖြစ်လို့ ကံကောင်းဖို့ အချိန်မကျသေးလို့လို့ပဲ ယုံကြည်ထားကြမယ် ထင်ပါတယ်။ အချိန်ဘယ်တော့ကျသလဲဆိုတော့ တောင်းနေတဲ့ဆု ပြည့်တဲ့အခါပေါ့လေ။ တကယ်တော့ အဲဒီလို ဆုတောင်းပြည့်တဲ့အချိန်မှာ ဆုတောင်းသလို ဖြစ်လာအောင် ကြိုးစားလာခဲ့တဲ့ ဥာဏအားကလည်း အတော်ပါနေပါပြီ။ ဒီတော့ ကျွန်တော်ထင်တာက ကံဆိုတာ အနည်းနဲ့ အများတော့ မွမ်းမံပြင်ဆင်ပဲ့ကိုင်ခွင့် ရဟန်လည်းတူပါတယ်။

ကံဆိုတဲ့အပိုင်းကို လုံးဝပစ်ပယ်ထားပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကြိုးစားကြတဲ့လူတွေလည်း ရှိပါတယ်။ အောင်မြင်ကြတဲ့ လူတွေအများကြီးရှိသလို လှေလှော်ရင်းတက်ကျိုးဆိုသလို လမ်းခုလတ်မှာပဲ ပန်းတိုင်မရောက်နိုင်ဘဲ ဖြစ်သွားသူတွေလည်း ရှိမှာပါ။ ခုနပြောသလို ထီထိုးဖို့ ထွက်လာခဲ့တဲ့ ဝီရိယက ကြိုးစားအားထုတ်မှုဖြစ်ပြီး ပေါက်မယ့်လက်မှတ် အဆင်သင့်ရှိနေတာကတော့ ကံပဲဖြစ်မှာပါ။ ဒါကြောင့် အထက်မှာ ကျွန်တော်က ကံဆိုတာ မမြင်ရတဲ့ အစီစဉ်တစ်ခုလည်း ဖြစ်မယ်လို့ တွေးမိတာပါ။ အားလုံးက သူ့အစီအစဉ်နဲ့ သူရှိနေပြီး ကျွန်တော်တို့က ကြိုမသိတာဖြစ်နိုင်ပါတယ်။ ဘယ်သူက စီစဉ်တယ်ဆိုတာကတော့ မတွေးတတ်တော့ပါဘူး။

တကယ်တော့ ကံဆိုတာဘာလဲလို့ တွေးမိတိုင်း အခုလိုပဲ အလုပ်ကြောင့်လိုလို၊ မမြင်ရတဲ့ အစီအစဉ်တွေရဲ့ အကွက်ချထားမှုကြောင့်လိုလိုနဲ့ တိကျတဲ့အဖြေ မရပြန်ပါဘူး။ ကမ္ဘာပေါ်မှာ ကံကောင်းချင်သူတွေချည်းပါပဲ။ ဒါပေမယ့် ကံဆိုတာဘာလဲ၊ ကံကောင်းအောင် ဘယ်လိုလုပ်မလဲဆိုရင် ဘုရားများများရှိခိုးပေါ့ ဆိုတာထက်ပိုတိကျတဲ့ အဖြေပေးနိုင်တဲ့လူ ခက်ရှားရှားပါ။ ကံဆိုတာဘာလဲ သိရင် ကံကောင်းအောင် ချဉ်းကပ်လို့ရမယ် ထင်ပါတယ်။ ကျွန်တော်လည်း ကံကောင်းချင်သူတွေထဲက တစ်ယောက်ဖြစ်လို့ ကံဆိုတာဘာလဲ ဆိုတာ ဝိုင်းအဖြေရှာပေးကြပါဦးဗျာ။

Tuesday, December 11, 2007

လက်သီးပုန်း

ကြောက်ပါတယ်ဆိုမှ
ထပ်လာခြောက်နေပြန်တယ် …

မင်းဘယ်လိုငြင်းငြင်း
မြေနိမ့်ရာကိုပဲ လှံရွေးစိုက်ခဲ့တာ မဟုတ်လား …

မင်းလုပ်လို့ပဲ
ဝေးနေကြရတယ် …
ဒါအဝေးဆုံးမဟုတ်ဘူးဆိုပြီး
ထပ်ဝေးအောင် လုပ်လိုက်ပြန်တယ် …

ခံနိုင်ရည်အစား
ငါ့မျက်စိထဲ မျက်ရည်တွေ
လဲထည့်ပေးလိုက်တာလည်း မင်းပဲ

ပျော်ရွှင်မှုအစား
ငါ့ရင်ထဲ စိုးထိတ်မှုတွေ
ပြောင်းပေးလိုက်တာလည်း မင်းပဲ

ဆည်းလည်းသံအစား
င့ါဘဝထဲ သက်ပြင်းချသံတွေ
အစားထိုးပေးလိုက်တာလည်း မင်းပဲ

မင်းရည်ရွယ်ချက် ဘယ်လောက်ကြီးသလဲ
ငါမသိချင်တော့ဘူး …
ကံကြမ္မာဆိုတဲ့ကောင် …
မင်းကို ချီးထက်ရွံတယ် …

Friday, December 7, 2007

I'll wait

ဒီရက်ပိုင်း မိုးတွေသိပ်သည်းလို့ စိတ်ထဲမှာ လွမ်းသလိုလို၊ ဆွေးသလိုလိုဖြစ်နေတုန်း သူငယ်ချင်း ကိုရဲထွဋ်က ဘိုလိုရေးထားတဲ့ ကဗျာလေးတစ်ပုဒ် ပို့ပေးထားပါတယ်။

I'll wait

She came
as she steps through days and nights


She says
as she sings smooth winds and flies


She stopped
as she stood still in my heart


I wait
as I give wing to days and nights
as I sing all dream and fly
as I stop till see your smile
again , again and a g a i n....I'll wait.


Wednesday, December 5, 2007

ဆေးရောင်စုံများ

ဒီရက်ပိုင်း ရေးစရာ ခေါင်းပါးနေတာနဲ့ သူများ Blog တွေကို လိုက်လည်ပတ်နေဖြစ်ပါတယ်။ အရင်ကတည်းက ရေးအားကောင်းတဲ့ Blogger တွေကလည်း လက်ရည်မကျရေးနေဆဲပဲ ဖြစ်သလို Blog စတာသိပ်မကြာသေးတဲ့ သူငယ်ချင်းတွေကလည်း တကယ့်စာရေးဆရာကြီးတွေလို ထိထိမိမိရေးတတ်ကြတာ သတိထားမိပါတယ်။ ခက်တာက သူတို့လိုမျိုး ကျွန်တော့်မှာ ရေးစရာမရှိတာပဲ။ ဖွဲ့ဖွဲနွဲ့နွဲ့ကလည်း မရေးတတ်၊ ရေးရမယ့်အဖြစ်အပျက် ကိုယ်တွေ့တွေကလည်း မရှိဖြစ်နေတုန်း ကိုစိုးထက်၊ ကိုမောင်လှနဲ့ ကိုဘလာဂေါက်တို့ Blog တွေ ရောက်မှ ကျွန်တော်လည်း Post တစ်ခုတင်ဖို့ အကြံရသွားတယ်။ အခြားတော့ မဟုတ်ဘူး။ သူတို့လိုပဲ ဓါတ်ပုံလေးတွေ တင်မလားလို့။ ကျွန်တော်လည်း ဒီမှာ ပျင်းပျင်းရှိတဲ့ အချိန်လေးတွေ ကင်မရာတစ်လုံးနဲ့ လက်တည့်စမ်းဖြစ်နေတော့ သူတို့လို Pro တွေမဟုတ်ပေမယ့်လည်း လူကြည့်ကောင်းအောင် တင်လို့ရလောက်တဲ့ ပုံလေးတွေရှိနေပါတယ်။ ကဲ - ရောက်လာမိမှတော့ မထူးပါဘူးလို့သာ ခံယူပြီး ကျွန်တော့်ရဲ့ လက်ရာလေးတွေကို ဒုက္ခခံပေးပါဦးဗျာ။

၂၃ နှစ်လုံးလုံး အောက်ကနေ မော့ကြည့်နေခဲ့ရတဲ့ တိမ်တောင်တွေကို အပေါ်စီးက မြင်ရတုန်း ရိုက်ယူခဲ့တယ်


အရောင်တမျိုးဆန်းတဲ့ တရုတ်စကားပန်းပါ


ပန်းခင်းကြီးထဲက တစ်ပွင့်ပါပဲ


ဗမာပြည်မှာလည်း မြင်ရတဲ့ စက္ကူပန်း


ကဗျာဆန်မလားလို့ ရိုက်လာခဲ့တယ်


စင်ကာပူ Ang Mo Kio က ပန်းခြံတစ်ခု အဝင်ဝကို ပန်းခြံထဲက ပြန်ရိုက်ထားတာပါ။

( မဂျစ်လိုပဲ ဆားချက်တဲ့ အနေနဲ့ ) ဒါလေးတွေပြီးရင် နောက်လာမယ့် Post တွေမှာ အဆောက်အဦးတွေနဲ့ အခြားလူသားတွေ ဖန်ဆင်းတဲ့ လက်ရာမြောက် အလှအပလေးတွေရဲ့ ဓါတ်ပုံလေးတွေ တင်ပေးပါဦးမယ်။ ဒါတွေက မောင်ပွတ်လို့ခေါ်တဲ့ Mr.Pooh ကိုယ်တိုင်ရိုက်ယူထားတဲ့ပုံတွေဖြစ်လို့ ခွင့်တောင်းပြီး အသုံးပြုလိုသူများ စိတ်တိုင်းကြ တသက်လုံးသုံးနိုင်ပြီး ခွင့်မတောင်းဘဲ ကူးယူသွားသူများကတော့ အပိုင်ယူထားနိုင်ပါတယ်ဗျာ။

Saturday, December 1, 2007

စိတ်မကောင်းဖြစ်ခြင်း

ကျွန်တော့်ကို Blog တွေ ရေးဖြစ်အောင်၊ ကျွန်တော့် Blog ကို လူတွေ သိလာအောင်၊ ပျော်ရွှင်ခင်မင်စရာကောင်းတဲ့ Blog အသိုင်းအဝိုင်းထဲရောက်လာအောင် အစစအရာရာ အမြဲကူညီ တိုက်တွန်းနေတဲ့ မဘာညာရဲ့ Blog ကို (ယာယီပဲဖြစ်ဖြစ်၊ အမြဲပဲဖြစ်ဖြစ်) ပိတ်သိမ်းလိုက်တဲ့အတွက် အထူးပဲ စိတ်မကောင်းဖြစ်မိသလို ကျွန်တော်နှစ်သက်ခဲ့တဲ့ သူ့ Post တွေကိုလည်း အလွန်ပဲ နှမြောမိပါတယ်။ မကြာခင်မှာပဲ မဘာညာ Blog ပြန်ရေးမယ်လို့ မျှော်လင့်သလို ပြန်ရေးဖို့လည်း အလေးအနက် တိုက်တွန်းပါတယ်။ ဒါဟာ ကျွန်တော် တစ်ဦးတည်း ဆန္ဒသာမက ကျွန်တော်တို့ Blogger မိသားစုဝင် အားလုံးရဲ့ ဆန္ဒလည်း ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အခက်အခဲတွေ၊ ထိုးနှက်ချက်တွေ ကြုံတွေ့ချိန်မှာ ကျွန်တော်အားလုံး မဘာညာဘက်က အခိုင်အမာ ရပ်တည်နေဆဲပဲ ဆိုတာကိုလည်း အသိပေးပါရစေ။ ကျွန်တော်တို့ အတူတူ Blog ဆက်ရေးကြရအောင်နော်။

Saturday, November 24, 2007

Blog Times III နှင့် အသိပေးလိုခြင်း

အကြောင်းကြောင်းကြောင့် အချိန်အတော်ကြာ Issue အသစ် မထုတ်နိုင်ခဲ့တဲ့ Blog Times ကို ဒီနေ့တော့ စာဖတ်သူလက်ထဲကို ကျွန်တော်တို့ အရောက်ပို့ပါပြီ။ ဒီတပတ်မှာလည်း ပါနေကြခေါင်းစဉ်လေးတွေ မပျက်မကွက် ပါဝင်ခဲ့ပြီး ကျွန်တော်နဲ့ ကိုဘလာဂေါက်အပြင် ကိုဇင်ကိုလတ်နဲ့ ကိုမျက်လုံးတို့က အထူးအားဖြည့် ကူညီထားပါတယ်။ ကိုစစ်အိမ်၊ ဘာညာ နဲ့ အခြားသော သူငယ်ချင်းများကလည်း ဓါတ်ပုံနဲ့ သတင်းတွေ ထောက်ပံ့ကြပါတယ်။ စောင့်ရကျိုးနပ်အောင် Issue I မှာ ၆ မျက်နှာ၊ Issue II မှာ ၈ မျက်နှာပဲ ရှိခဲ့ပေမယ့် အခုတော့ ၁၀ မျက်နှာတိတိကို ကြော်ငြာမျိုးစုံနဲ့ တွဲဘက်တင်ဆက်လိုက်ပါတယ်။ ဒီတပတ်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေလေးတွေကို မူတည်ပြီး ဟာသ ရေးထားတာလေးတွေလည်း ပါနေပါတယ်။ ဒါဟာ လက်ရှိကြိုးစားလုပ်ကိုင်နေသူတွေ၊ တကယ်အပင်ပန်းခံနေသူတွေကို လှောင်ပြောင်လိုခြင်း၊ သူတို့ ပင်ပန်းနေချိန်မှာ ကျွန်တော်တို့က ဟာသလုပ်လိုခြင်းမျိုးမဟုတ်ဘဲ အပန်းပြေရုံ သက်သက်ရည်ရွယ်ပါတယ်။ ထိုနည်းတူစွာ ဆီမနာနဲ့ ပတ်သတ်တဲ့ ဟာသလေးတွေဟာလည်း တကယ့်ကို ပွဲဖြစ်မြောက်အောင် ကြိုးစားခဲ့သူတွေ၊ ဟောပြောပေးခဲ့သူတွေကို နစ်နာစေလိုခြင်းမရှိဘဲ ပြန်တွေးပြီး ရယ်မောနိုင်အောင် ရေးသားခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ အစအနောက်လွန်သွားရင်၊ ဒါမှမဟုတ် ကိုယ့်သတင်းမပါလာလို့ စိတ်ဆိုးသွားရင် ခွင့်လွှတ်ပေးကြပါလို့ အရင်လိုပဲ တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဗမာ Blogger တွေ နယ်မြေခွဲခြားခြင်းမရှိဘဲ အရင်လို ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိနေဖို့ ရောက်နေတဲ့ နေရာကနေလည်း ဆုတောင်းပါတယ်။

ကဲပါ ... ကျွန်တော်လေရှည်နေတာနဲ့ ဖတ်ရမယ့်အချိန်တွေ နောက်ကျနေပါဦးမယ်။ Connection နှေးတဲ့နေရာက သူငယ်ချင်းတွေ ယူလို့ရ၊ ဖတ်လို့ရအောင် ပုံတွေကို ကွာလတီနည်းနည်းချပြီး File Size သေးအောင် လုပ်ထားလို့ Blog Times ကိုဖတ်ရင် ဖတ်နေတဲ့ PDF Reader မှာ View Size ကို 75% ထားပြီး နည်းနည်းချုံ့ပြီး ဖတ်ပေးပါ။ အဲဒါမြင်ကွင်း အကောင်းဆုံး အနေအထားပါပဲ။ Blog Times III ကို ဒီနေရာ က ယူဖတ်လို့ ရသလို ညာဘက်ခြမ်းက ကျွန်တော့်တို့ရဲ့ သတင်းစာတိုက်ထဲမှာလည်း အသင့်ပြင်ထား ပြီးပြီဖြစ်ကြောင်းပါ။

Thursday, November 22, 2007

ဘာမထီတဲ့ ဇာနည်တွေ

ဗမာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူတွေဟာ ဆန္ဒပြပွဲတစ်ခုကို စင်ကာပူနိုင်ငံရဲ့ အထင်ကရ လူစည်ကားရာ လမ်းမကြီးဖြစ်တဲ့ Orchard လမ်းမကြီးမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေရာနဲ့ ကိုက် ၆၀၀ အကွာမှာတော့ အာစီယံဒေသက ခေါင်းဆောင် ၉ ယောက်နဲ့ ဗမာပြည်က ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ အစည်းအဝေးလုပ်နေတဲ့ Shangri-La Hotel ကြီးရှိပါတယ်။ ဗမာပြည်အတွက် တကမ္ဘာလုံး ဆန္ဒပြနေတဲ့ အချိန်မှာ ဒီဆန္ဒပြပွဲဟာ အခြားနိုင်ငံတွေက ပွဲတွေလိုပဲ မထူးခြားသလိုဖြစ်နေပြီး ဗမာရေဒီယိုသတင်းတွေကလည်း ခပ်ဖွဖွပဲ ဖေါ်ပြသွားပါတယ်။ အခု Post လေးက အဲဒါကို မကျေနပ်လို့ ရေးတာဆိုရင် ပိုမှန်ပါတယ်။ ဘာလို့လဲဆိုတော့ မှန်တာမှားတာတွေ၊ ဒီမိုကရေစီတွေ၊ စစ်တပ်တွေ၊ NLD တွေ၊ စွမ်းအားရှင်တွေ ဘေးချိတ်လို့ ကိုယ်ယုံကြည်တာ၊ မှန်တယ်ထင်တာကို မလျှော့တဲ့ လုံ့လနဲ့ အကြောက်အလန့် ကင်းကင်း လုပ်ဆောင်သွားကြလို့ပဲဖြစ်ပါတယ်။ တကယ်တော့ စင်ကာပူဆိုတာ ကမ္ဘာကသိတာထက် လွတ်လပ်ခွင့်နည်းပါးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလိုပါ။

စင်ကာပူမှာ ရည်ရွယ်ချက်တစ်ခုအတွက် လူ ၅ ယောက်ထက်ပိုစုလို့မရပါဘူး။ ပိုစုမယ်ဆိုရင် ရဲစခန်း၊ Town Council (ဗမာလိုဆို မယက ခေါ်မယ်ထင်တယ်) စတာတွေကို အကြောင်းကြားပြီး ခွင့်ပြုချက်နဲ့ လုပ်ရပါတယ်။ စင်ကာပူအစိုးရဟာ အခြားဘယ်အစိုးရနဲ့မှ မတူအောင် သူ့ပြည်သူတွေ နိုင်ငံရေးလုပ်မှာကို ကြောက်ပါတယ်။ နိုင်ငံရေး အမြင်ရသွားမှာ၊ ရှင်းရှင်းပြောရရင် ဆန္ဒပြတာ၊ ဆန့်ကျင်တာ လုပ်တတ်သွားမှာကို သိပ်စိုးပါတယ်။ သန်းနဲ့ချီတဲ့ စင်ကာပူနိုင်ငံသားတွေကို ၄၂ နှစ်တိုင်တိုင် ထိမ်းလို့ရခဲ့ပေမယ့် ၃ သောင်းပဲ ရှိတဲ့ ဗမာနိုင်ငံဖွား (အချို့က နိုင်ငံသားခံပြီးမှ ဗမာပြည်အတွက် ပြန်လုပ်နေတာပါ) ဒီမိုကရေစီ ဘက်တော်သားတွေကိုတော့ တားလို့မရခဲ့ပါဘူး။ ပထမဆုံး စင်ကာပူက ဗမာသံရုံးရှေ့မှာ စင်ကာပူအတိုက်အခံအမတ်တွေ အားပေးမှုနဲ့ ဗမာတွေ ဆန္ဒပြခွင့်ရခဲ့ပါတယ်။ ရဲစခန်းခွင့်ပြုချက်ကိုလည်း အံ့သြဖွယ်ရခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် စင်ကာပူတွေ ဗမာတွေကို လိုက်လျောပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဗမာတွေဟာ Outdoor လုပ်ဆောင်မှုတွေကို ရှောင်ပြီး Indoor အနေနဲ့ ဘုန်းတော်ကြီးကျောင်း၊ Hotel စတာတွေမှာ ဆုတောင်းပွဲ၊ ဆန္ဒပြုပွဲစတဲ့ ငြိမ်းချမ်းတဲ့ လုပ်ဆောင်မှုတွေကိုပဲ ရက်ခြားလုပ်ဆောင်ခဲ့ပါတယ်။ အကျီအနီရဲရဲ ဒါမှမဟုတ် အဖြူစွတ်စွတ်တွေဝတ်ထားတဲ့ အသက်အရွယ်စုံ၊ အလွှာပေါင်းစုံကလူတွေဟာ တာဝန်တစ်ခုအနေနဲ့ ခံယူပြီး မပျက်မကွက် စုရုံးကြပါတယ်။ တကယ်တော့ ဒါတွေကို စင်ကာပူအစိုးရက ကြည်ကြည်ဖြူဖြူ ခွင့်ပြုတာမဟုတ်ဘဲ စည်းကိုမကျော်ရုံလေး၊ လက်မတင်လေးလွတ်နေလို့ ဖမ်းလို့လည်းမရ၊ တားလို့လည်းမရဖြစ်နေလို့သာ လက်ခံနေခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာ ဗမာ Blogger အချို့ဟာ နိုင်ငံရေးသွေးထိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စင်ကာပူရဲတွေရဲ့ ရှာဖွေခြင်း၊ ကွန်ပျူတာများအသိမ်းခံရခြင်း၊ ရဲစခန်းမှာ အစစ်ဆေးခံရခြင်း စတဲ့ ဗမာဆန်တဲ့ အပြုအမူတွေကို ခံကြရသေးတယ်လို့လည်း သိရပါတယ်။

ဒီလို Indoor ပွဲတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ပြီး စင်ကာပူရောက်ဗမာတွေဟာ အခြားသော ဒီမိုကရေစီအင်အားစုတွေနဲ့ ထပ်တူတက်ကြွပြီး ပေးဆပ်နေပါတယ်ဆိုတာကို သက်သေပြနေချိန်မှာပဲ OBP ဆိုတဲ့ အင်အားစုတစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဗမာဟေ့ လို့ ပြောလိုက်ရင် အရေးကြီးတဲ့ အခန်းတစ်ခုအနေနဲ့အမြဲ ပါဝင်ခွင့်ရခဲ့တဲ့ ဥဒေါင်း၊ ခွပ်ဒေါင်း၊ တိုက်ဒေါင်းတို့ရဲ့ အော်မြည်ကြွေးသံကို အစွဲပြုဖွဲ့စည်းထားတဲ့ အိုးဝေ၊ အမှောင်တွေကို အလင်းဆောင်လမ်းပြပေးမယ့် လမ်းပြကြယ် နဲ့ စက်တာဘာအရေးအခင်းမှာ အဓိကဆက်သွယ်ရေး စာမျက်နှာတွေရဲ့ ပိုင်ရှင် Blogger တွေ စတဲ့ အင်အားစုတွေ စုပေါင်းထားတဲ့ Overseas Burmese Patriots ဆိုတဲ့အဖွဲ့ဟာ အင်အားကြီးတယ်လို့ မဆိုနိုင်ပေမယ့် ကျောင်းသား၊ ကျောင်းသားဟောင်း၊ ပညာရှင်၊ အလုပ်သမား၊ လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမ အချိုးညီစွာ၊ စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအဖွဲ့က ဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့စမယ့် အာစီယံထိပ်သီးအစည်းအဝေးအမီ ဗမာပြည်သူတွေရဲ့ ဆန္ဒဖေါ်ထုတ်ဖို့အတွက် ဗမာ့အရေးဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီပွဲကို စင်ကာပူအစိုးရရဲ့ ပါလီမန်အမတ် အမျိုးသမီးတစ်ယောက်ကလည်း ရဲရဲတောက်တဲ့ အနီရောင်ဝတ်စုံကို ဝတ်ပြီးတက်ရောက် မိန့်ခွန်းပြောကြားပေးသွားသလို ဗမာတွေစုပြီး လက်မှတ်ထိုးထားတဲ့ ဆန္ဒပြုလွှာ သုံးထောင်ကျော်ကို လက်ခံရယူပေးသွားပါတယ်။ ဗမာတွေစုလုပ်တဲ့ ပွဲကို အမတ်တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လာရောက်သွားတယ်ဆိုတာလည်း စင်ကာပူသတင်းစာတွေအတွက် ခေါင်းကြီးသတင်းတစ်ပုဒ် ဖြစ်စေခဲ့ပါသေးတယ်။ အဲဒီပွဲမှာ တက်ရောက်ပြောကြားပေးတဲ့ ကျောင်းသားဟောင်းတစ်ယောက်က “ဗမာတွေရဲ့ ဆန္ဒအမှန်နဲ့ တောင်းဆိုချက်တွေကို အာစီယံအစည်းအဝေး ခမ်းမထဲ ကျွန်တော်တို့ အရောက်ပို့ပါမယ်” လို့ ပြောတုန်းက ကျွန်တော်ထင်တာ သူတို့ဟာ သတင်းမီဒီယာတွေကတဆင့် ပို့ဆောင်လိမ့်မယ်ထင်ခဲ့မိပါတယ်။ တကယ်တော့ သူတို့ဟာ လိုအပ်ရင် နေရာမရွေး၊ အချိန်မရွေး၊ ကိုယ်ကျိုးစွန့်မယ့်လူတွေဆိုတာကို အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ဆန္ဒပြပွဲက ကောင်းကောင်းကြီး သက်သေပြသွားခဲ့ပါတယ်။

ကျွန်တော်တင်ပြခဲ့သလို ပုံမှန်အချိန်မှာတောင် နိုင်ငံရေးအတွက် တင်းကြပ်တဲ့ ဥပဒေတွေရှိတဲ့ စင်ကာပူမှာ အခုလို အာရှထိပ်သီးခေါင်းဆောင်ကြီး ၁၅ ယောက်နဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ရောက်ရှိနေချိန်မှာ ဘယ်လောက်တောင် တင်းကြပ်ထားသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အစည်းအဝေးကျင်းပရာ Shangri-La Hotel နဲ့ ကိုက် ၃၀၀ ပတ်ပတ်လည်ကို အထူးလုံခြုံရေး ဇုံသတ်မှတ်ထားပြီး ကားတွေ၊ လူတွေဖြတ်သန်းခွင့်ဟာလည်း အကန့်အသတ်နဲ့သာ ဖြစ်ပါတယ်။ ရဲအင်အား ၃၀၀၀ လုံခြုံရေးရှိပါသတဲ့။ ဟိုတယ်ဝန်ထမ်းနဲ့ တည်းခိုနေတဲ့လူတွေဟာလည်း စေ့စေ့စပ်စပ်ရှာဖွေခြင်း ခံရပြီး အဝင်အထွက်ကို ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရပါတယ်။ ဒီလိုအထူးဇုံကို ဦးတည်ပြီး ဆန္ဒပြတဲ့ ဗမာတွေရဲ့ ယုံကြည်မှုအတွက် အကြောက်အလန့်ကင်းမှု၊ အများအတွက် ကိုယ်ကျိုးစွန့်မှုတွေဟာ ဗမာပြည်တွင်းက အသက်စွန့်သွားသူတွေနဲ့ မတိမ်းမယိမ်းရှိမှာပါ။ ဒီနိုင်ငံမှာ အခြေအနေတစ်ခု ခိုင်ခိုင်မာမာရထားသူတွေ၊ လစာကောင်းနေသူတွေ၊ ကျောင်းသားတွေအနေနဲ့ ဘယ်လိုရင်းပြီး ဆန္ဒပြပွဲကို ပါဝင်ခဲ့ကြသလဲ။ အကျိုးဆက်ကို မသိလို့လား။ မဟုတ်ပါဘူး။ သူတို့အသိဆုံးဖြစ်မှာပါ။ လိုအပ်လွန်းလို့၊ အခွင့်အရေးအတွက် အချိန်ကောင်းဖြစ်နေလို့ ရင်းခဲ့ကြတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ ၂၀ ရက်နေ့ ဆန္ဒပြပွဲဟာ ကြိုတင်ကြံစည်ထားခြင်းမဟုတ်ဘဲ အာစီယံက ကုလအထူးကိုယ်စားလှယ်ကို ရှင်းလင်းပြောကြားခွင့်ပြုပြီးကာမှ ပြန်လည်ရုတ်သိမ်းခဲ့တာကို မကျေနပ်လို့ လုပ်ခဲ့တာဖြစ်ပါတယ်။ ဗမာတွေဟာ လူမျိုးကြီးတွေဖြစ်ပြီး အခြေအနေအရ သိမ်ငယ်နိမ့်ပါးချိန်ရောက်နေတာသာဖြစ်တယ်၊ စည်းကမ်းပြည့်ဝပြီး ကိုယ်လိုချင်တာကို အခြားလူကို မထိမခိုက်ရယူတတ်တယ်ဆိုတာကို ဒီဆန္ဒပြပွဲက မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။ ထိရောက်တဲ့ ပိုစတာတွေ၊ စာရွက်ပိုင်းလေးတွေကိုင်ထားတဲ့ ၃၅ ယောက်သော ဗမာတွေဟာ သွေးနီရောင်လွှမ်းနေတဲ့ အနီရောင်ဆင်တူ အကျီတွေနဲ့ တုန်လှုပ်မှုကင်းကင်း တိတ်တိတ်ဆိတ်ဆိတ် ဆန္ဒထုတ်ဖေါ်နေတာကို စင်ကာပူရဲ့ ၂၁ ရက်နေ့ထုတ် သတင်းစာတွေမှာ အာစီယံထိပ်သီး အစည်းအဝေးနဲ့ ဘေးချင်းယှဉ်ပြီး ဖေါ်ပြခဲ့ပါတယ်။ ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက် စင်ကာပူတစ်ယောက်က သူတို့တသက်မှာ ဒီလောက်များပြီး အန္တရာယ်များတဲ့ ဆန္ဒပြမှုမျိုးမမြင်ဘူးပါလို့ ပြောပါတယ်။ သူဟာ စင်ကာပူ လွတ်လပ်ရေးကြေငြာတဲ့ အချိန်ကတည်းက စင်ကာပူကျွန်းမှာနေခဲ့တာဖြစ်ပြီး အသက် ၆၀ ကျော်နေပါပြီ။ ဒါကြောင့် ဗမာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ကြေငြာခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ်ကို ဒေသတွင်းလုံခြုံရေးကို ထိမထိ ပြန်မေးရမလိုဖြစ်နေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ချုပ်ပြောရရင်တော့ ဒီဆန္ဒပြပွဲဟာ အခြားနိုင်ငံတွေ (ဥပမာ - အင်္ဂလန်၊ ထိုင်း) မှာလို ရဲခွင့်ပြုချက်၊ ရဲအစောင့်အရှောက်နဲ့ စိတ်လက်ရှင်းရှင်း ပြခဲ့ကြရတာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ ဥပဒေကို အနည်းနဲ့အများ ကျူးလွန်ရုံသာမက ကန့်သန့်နယ်မြေနဲ့ အနီးဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ထိုနည်းတူစွာ ဗမာ့အရေးကို အာစီယံစားပွဲပေါ် ထပ်တင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ပေးဆပ်၊ ဖြစ်ပေါ်စေခဲ့တဲ့ မိနစ် ၂၀ သာကြာတဲ့ ဆန္ဒပြပွဲကို သာမန်ဖြစ်စဉ်တစ်ခုအနေနဲ့ “စင်ကာပူမှာလည်း ဆန္ဒပြသွားကြပါတယ်” ဆိုသလောက်လေး ကြေငြာပေးသွားတဲ့ ရေဒီယိုတွေနဲ့ သတင်းဌါနတွေကို အထူးပင်အံ့သြမိသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်ခင်ဗျာ။

Tuesday, November 6, 2007

ပန်းဂေါ်ဖီ စားဖူးလား

မှတ်မိသေးတယ်။ အဲဒီနေ့က လိပ်နှစ်ကောင်နမ်းနေတာကို လက္ဘ်ရည်ဆိုင်က တီဗွီမှာ ပြတာငါကြည့်လိုက်ရတယ်။ တကယ်တော့ ငါက ဆပ်ပြာခွက်အဖုံးလေး ကွဲသွားလို့ အဖုံးချည်းပဲ သွားဝယ်တာ။ လူတစ်ယောက်ကပြောတယ်။ သိုးတွေက ထန်းသီးမုန့် သိပ်မကြိုက်ကြဘူးတဲ့။ ငါမြင်တာတော့ ဒီအဘိုးကြီး ဓါးသွေးနေတာ လေးရက်လောက် ရှိပြီ။ သိပ်တော့ မသေချာဘူး။ ဒါပေမယ့် ငါ အပ်ပေါက်ထိုးတိုင်း ဝင်တယ်။ ချစ်သူရဲ့ လင်းပတဲ့အပြုံးကို မြင်တိုင်း ငါရင်တွေ တဒိန်းဒိန်းနဲ့။ မကြာပါဘူး - နိုဝင်ဘာရောက်လာခဲ့ပြီလေ။ အစိမ်းရောင် အကျီတွေဝတ်တာ ရပ်လိုက်ပြီး လက်သည်းတွေ ခဏခဏညှပ်ဖြစ်နေလို့ ကိုယ့်ကိုကိုယ် ပြန်အံ့သြနေမိတယ်။ ခရမ်းချဉ်သီး မစားရတာတောင်ကြာပြီထင်တယ်။ ဒီနှစ်ယောက်ပြန်လာတော့ ငါ့က ကွန်ပျူတာပိတ်ပြီး ဖဲချပ်တွေကို မွှေနှောက်နေလိုက်တယ်။ ချိုင်းမွှေးတွေဟာ ဆံပင်တွေပဲဖြစ်ပြီး ခေါင်းပေါ်မှာ နေရာလွတ်မရလို့ ပြောင်းပြန်ဆင်းလာရတာဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သိနေပေမယ့် ထုတ်မပြောသေးတာပါလို့ ရပ်ကွက်ထဲမှာ ရေဆွဲတဲ့ ဦးလေးကြီးက ကိုရင်လေးတစ်ပါးကိုပြောတယ်။ ကော်ဇောအနီခင်းပြီး ကြိုဆိုတာ ခင်ဗျားတို့ခံဘူးလား။ မြေပြင်နဲ့ ခြေထောက်ထိတယ်တောင် မထင်ရဘူး။ စားလက်စ ထမင်းပန်းကန် ထဆေးပြီး ဆေးပေါ့လိပ်ကို ပြန်ဖွာနေလိုက်တယ်။ ငါကြည့်နေတဲ့ ငလျင်တိုင်းမြေပုံစာရွက်က ဒီအတိုင်းဆို မှန်နေပြီ။ မလောင်းရဲဘူး။ ဂေါက်သီး ခေါင်းကိုမှန်ရင် မကွဲဘူးတဲ့။ ဒါက ငါမကျွမ်းတဲ့ ခေါင်းစဉ်ပါ။ မငိုပါနဲ့ ချစ်သူရယ် - မျက်ရည်တွေ ပန်းပွင့်၊ မပွင့် ငါမဟောရဲပြန်ဘူး။ ဒီရက်ပိုင်း မှန်ကြည့်တိုင်း ငါအနောက်မှာ လူတစ်ယောက် ရပ်ရပ်နေတာတွေ့မိတယ်။ ဘာအကြွေးမှ မရှိတော့လည်း ပျင်းစရာကြီပေါ့လား။ ဒါကြောင့် ဘီယာကို ပိုက်နဲ့ မသောက်တာလေ။ လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီးကာမှ ဘောလုံးပွဲအဖြေမသိရသေးတာ သတိရပြီး ကြိုးကွင်းပြန်ဖြုတ်ပြီး လက္ဘ်ရည်ဆိုင်ထွက်လာခဲ့တယ်။ လိပ်နှစ်ကောင်အဲဒီမှာ နမ်းနေကြတယ်။ ခနနေတော့ လူယုတ်မာ နှစ်ယောက်ရောက်လာပြီး ငါနေတဲ့ ဘန်ဂလိုကြီးကို မ ပြီး နေရာရွှေ့လိုက်ပြန်တယ်။ စိတ်ကျန်းမာရေးအတွက် ဆိုလားပဲ။ ဆန်ပြုတ်ပူပူကို အေးသွားအောင် ငါအငွေ့တွေကို ရွေးဖမ်းပြီး အမှုက်ပုံးထဲ သွားထည့်လိုက်တယ်။ စာတန်းလေးက အတော်လှတယ်။ ရွာသာကြီး မြို့နယ်တဲ့။ မထသေးဘူး။ ငါအိပ်နေတုန်းပါပဲ။ လည်ပင်းမှာတော့ ကြိုးကွင်းကြီးနဲ့လေ။

Sunday, November 4, 2007

သေသည့်တိုင်အောင်

၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ ၊ သူတို့ရဲ့ အဖြစ်ဆိုးကို ကြိုမသိနိုင်တဲ့ အချို့သော ဂျပန်နိုင်ငံသားတွေ အိပ်မောကျနေတုန်းမှာပဲ အမေရိကန် လေတပ်မတော် ဗိုလ်မှူးကြီး Paul Tibbets ဟာ သူရဲ့ Boeing B29 ဗုံးကြဲလေယာဉ် Enola Gay ပေါ်ကနေ ကမ္ဘာ့ပထမဆုံးသော Atomic Bomb လို့ ခေါ်တဲ့ အနုမြူဗုံးကို မြေပြင်ထက် အမြင့်ကီလိုမီတာ ၉.၇ ( ၆ မိုင်) အကွာကနေ ဟီယိုရှီးမားမြို့ပေါ်ကို ကြဲချလိုက်ပါတယ်။ “ ချာတိတ် ” လို့ နာမည်ပြောင်ရှိတဲ့ အဲဒီဗုံးတစ်လုံးတည်းကြောင့် လူဦးရေ ၃ သိန်း ၂ သောင်းရှိတဲ့မြို့မှာ လူ ၈ သောင်းဟာ အချို့ပွဲချင်းပြီး သေဆုံးသွားသလို အချို့လည်း ပြင်းထန်တဲ့ ဒဏ်ရာမျိုးစုံနဲ့ အရေးပေါ် ကုသခံကြရပါတယ်။

ဒီဗုံးကိုကြဲချခဲ့တဲ့ Tibbets ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ နိုဝင်ဘာလ ၁ ရက် အသက် ၉၂ နှစ်အရွယ်မှာ အိုဟိုင်းယိုး ပြည်နယ်နေအိမ် မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သေသည့်တိုင်အောင် သူကြဲချခဲ့တဲ့ Atomic Bomb အပါအဝင် ဘယ်လုပ်ရပ်အတွက်မှ စိတ်မကောင်းခြင်း၊ နောင်တရခြင်းကို ထုတ်ဖေါ်မပြောဆိုခဲ့သလို ဂျပန်တွေကိုလည်း တောင်းပန်ခြင်း မလုပ်ခဲ့ပါဘူး။ “ ကျုပ်က စစ်ကိုရပ်အောင် လုပ်လိုက်တာ။ လူတွေအချင်းချင်း သတ်နေကြဦးမယ့် စစ်ကိုတားဖို့ လုပ်လိုက်တာပါ ” လို့ ၂၀၀၃ ခုနှစ်က ဒေသသတင်းစာ Columbus Dispatch နဲ့ အင်တာဗျူးမှာ ပြောဖူးပါတယ်။ “ သူ့မှာ တောင်းပန်တာ၊ ငြင်းခုံတာတွေ မရှိဘူးဗျ။ ကျွန်တော်တို့ကလည်း သူ့လုပ်ရပ်ဟာ သန်းပေါင်းများစွာသော အမေရိကန်နဲ့ ဂျပန်လူမျိုးတွေ စစ်ဘေးသင့် သေဆုံးမယ့်အဖြစ်ကို တားဆီးရာ ရောက်မရေ
ာက်ဆိုတာ အငြင်းအခုံ မလုပ်လိုပါဘူး။ ဒါပေမယ့်ဗျာ လူသားတစ်ယောက် အနေနဲ့ သူဘာလုပ်လို့ ဟီယိုရှီးမားမြို့ကြီး ဘာဖြစ်သွားခဲ့တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ လာကြည့်စေချင်တယ် ” လို့ ဂျပန်အခြေစိုက် အနုမြူနှင့် နူကလီးယားဗုံးဆန့်ကျင်ရေးအဖွဲ့ တွဲဘက်ဥက္ကဌ Mr. Nori Tohei (အသက် ၇၉နှစ်) က သတင်းဌါနတစ်ခုကို ပြောပါတယ်။

Paul Tibbets ကိုယ်တိုင်လက်မှတ်ရေးထိုးပေးခဲ့သော သူနှင့်လက်စွဲတော် Enola Gay ဓါတ်ပုံ

Tibbets ဟာ ဗုံးကြဲချအပြီးမှာ လေယာဉ်ကို ၁၅၅ ဒီဂရီလှည့်ပတ်ပျံသန်းရင်း “ မင်းတို့ကို ကမ္ဘာ့ပထမဆုံး A-bomb လေး ကြဲပေးခဲ့ပြီကွာ ” လို့ ကြွေးကြော်ခဲ့တယ်လို့ သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်။ အထူးလျှို့ဝှက်စီမံကိန်းဖြစ်တဲ့ မန်ဟတ်တန် ပရော့ဂျက်မှာ ပါဝင်ခွင့်ရတဲ့ ထိပ်တန်းစစ်အရာရှိအနည်းငယ်ထဲမှာ Tibbets ဟာ ရေတပ်အရာရှိ William နဲ့အတူပါဝင်ခွင့်ရခဲ့ပါတယ်။ ဟီယိုရှီးမား ကို ဗုံးကြဲအပြီး ၃ ရက်အကြာမှာ နာဂါဆာကီမြို့ပေါ်ကို နောက်ထပ်တစ်လုံးထပ်ကြဲပြီး လူ ၄ သောင်းခန့်ကို ပျက်စီးစေပြန်ပါတယ်။ အကျိုးဆက်အနေနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ဂျပန်တွေ အကြွင်းမဲ့လက်နက်ချပြီး စစ်ကို အဆုံးသတ်စေခဲ့ပါတယ်။ စိတ်မကောင်းပါဘူးလို့ တဖွဖွပြောနေပေမယ့် စစ်နိုင်တဲ့အတွက် ဂုဏ်ယူနေတဲ့ အမေရိကန်တွေဟာ ၁၉၇၆ ခုနှစ် တက္ကဆက်ပြည်နယ် လေကြောင်းသရုပ်ပြပွဲမှာ ဟီယိုရှီးမားကိုဗုံးကြဲတဲ့ပုံစံအတိုင်း မှိုပွင့်ပုံပေါက်ကွဲမှုတစ်ခု လုပ်ပြခဲ့ပါသေးတယ်။ B29 လေယာဉ်နဲ့ပါပဲ။ အပြင်းအထန်ဒေါသထွက်သွားနေတဲ့ ဂျပန်တွေကို အိမ်ဖြူတော်အစိုးရက တရားဝင်တောင်းပန်ခဲ့ရပါတယ်။


၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Tibbets ဟာ အသက် ၁၂ နှစ်အရွယ်မှာ ကတည်းက လေယာဉ်မောင်း နေခဲ့ပေမယ့် သူ့မိဘတွေက ဆရာဝန် ဖြစ်စေချင်တာကြောင့် ဆေးကျောင်းမှာ နှစ်ရှည်လများ အချိန်ဖြုန်း ခဲ့ရပါသေးတယ်။ ၁၉၃၇ မှာတော့ အမေရိကန် Army Air Corps မှာ စာရင်းပေးပြီး စစ်ထဲဝင်ခဲ့ပါတယ်။ သူဟာ နာဇီတွေနဲ့ တိုက်ခိုက်တုန်းကလည်း ဥရောပတိုက်မကြီး၊ အင်္ဂလန်နဲ့ အယ်လ်ဂျီးရီးယား ဒေသတွေပေါ်မှာ ကြိမ်ရေများစွာ ပျံသန်းတိုက်ခိုက်ပေးခဲ့ပါသေးတယ်။ ၁၉၄၃ မှာ သူ့ကို ပြဿနာထွေတဲ့ B29 ဗုံးကြဲလေယာဉ် မောင်းနှင်ဖို့ စမ်းသပ်ကြပြီး ၁၉၄၄ မှာ လက်ရွေးစင် လေယာဉ်မောင်းဖြစ်လာခဲ့ပါတယ်။ ၁၉၄၅ သြဂုတ်လ ၅ ရက်နေ့မှာ သမ္မတ ထရူးမင်းက ဂျပန်ကို ဗုံးကြဲဖို့အမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပြီး အဲဒီနေ့လယ်ခင်းမှာပဲ ဗုံးကြဲလေယာဉ်ကို Tibbets မောင်းရမယ်လို့ သူကိုယ်တိုင် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

သူတာဝန်က အနားယူချိန် ၁၉၆၆ မှာ ဗိုလ်မှူးချုပ်ရာထူးရယူထားခဲ့ပါတယ်။ ၁၉၇၀ မှာ Executive Jet Aviation ( All-jet Air Taxi Service ) မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၈၂ မှာ ဘုတ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်လာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဒုတိယဇနီးနဲ့ သားသုံးယောက်ကျန်နေခဲ့ပြီး သူဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လူကြီးရောဂါမျိုးစုံကို ခံစားနေခဲ့ရပါတယ်လို့ သူ့မိတ်ဆွေအရင်းအချာတစ်ယောက်က ပြောပါတယ်။ “ သူသေရင် အသုဘ အခမ်းအနားမလုပ်ပါနဲ့တဲ့။ နောက်ပြီး အုတ်ဂူလေး၊ မှတ်တိုင်လေးတွေလည်း မလုပ်စေချင်ဘူးတဲ့။ လူတွေ လာလာပြီး ဆန္ဒပြကြမှာ စိုးလို့တဲ့လေ ” လို့ သူ့မိတ်ဆွေက ဆက်ပြောပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကတော့ သူသေရင် သူ့ပြာတွေကို အင်္ဂလိပ်တူးမြောင်းပေါ်မှာ ကြဲချပေးဖို့ ပြောဖူးပါသေးတယ်။ အဲဒီနေရာဟာ စစ်အတွင်းက သူ လေသူရဲဝတ်စုံကြီး အပြည့်အစုံဝတ်ပြီး ခက်ထန်တဲ့စိတ်နဲ့ ပစ်မှတ်ဆီပျံသန်းနေရင်းမှာတောင် မကြည့်ဘဲမနေနိုင်အောင် စွဲဆောင်နိုင်ခဲ့တဲ့ လှပလွန်းတဲ့နေရာပါလို့လည်း အမှတ်တရပြောသွားခဲ့ပါတယ်။

ဒါကတော့ မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ဘယ်သူတွေ ဘယ်လောက်လက်ညှိုးထိုးထိုး မပြောင်းမလဲ ရပ်တည်ခဲ့တဲ့ လေသူရဲကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းအကျဉ်းပါ။ ကျွန်တော်တို့လည်း ကိုယ့်လုပ်ရပ်အတွက် အတွက်အခုလို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရအောင်။

ဝန်ခံချက်။ ။ Nov 3, 07 နေ့ထုတ် Today သတင်းစာပါ “A-bomb pilot had no regrets till dying day” ဆောင်းပါးကို မှီငြမ်း ရေးသားပါသည်။

Wednesday, October 24, 2007

T3 ၊ A380 ၊ လီကွမ်ယူး၊ ဂျော့ရီယို နှင့် မှတ်ချက်တစ်ခု

စင်ကာပူ ချန်ဂီလေဆိပ်ရဲ့ လေယာဉ်ချဉ်းကပ်ဂိတ် အမှတ် ၃ ( Terminal 3 ) ကို လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ဖို့ ရှိပါတယ်။ အခု T3 ဟာ လေဆိပ်အဆောက်အအုံကို ဗဟိုပြုပြီး Terminal 2 နဲ့ ဆန့်ကျင်ဘက် အနေအထားမှာ ရှိပါတယ်။ စင်ကာပူဒေါ်လာ ၁.၇၅ ဘီလျံအကုန်အကျခံပြီး တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးဟာ စတုရန်းမီတာ သုံးသိန်းရှစ်သောင်း ကျယ်ပြီး တစ်နှစ်ကို ခရီးသည် သန်း ၇၀ အဝင်အထွက်လုပ်ပေးနိုင်ပါတယ်တဲ့။ မြေပေါ် ၄ ထပ်၊ မြေအောက် ၃ထပ်၊ စုစုပေါင်း အထပ် ၇ ထပ်မှာ မြို့ငယ်လေးတစ်မြို့လို လိုအပ်တာမှန်သမျှ ဖြည့်သွင်းထားပြီး တကယ်လို့ သင်ဟာ လေယာဉ်အဆင်းအတက်လေးတွေကို ခံစားချင်သူဆိုရင် မြေပေါ် ၄ လွှာရဲ့ ခေါင်မိုးပေါ်ကနေ ခံစားနိုင်ပါသေးတယ်။ ဒီ T3 ရဲ့ အဓိက အားသာချက်ကတော့ ထူးခြားခေတ်မီတဲ့ အမိုးတွေပဲဖြစ်ပါတယ်။ သဘာဝအတိုင်း ဘာမှမရှိလို့ အမြဲတမ်းပြုပြင်ဖန်တီးရလေ့ရှိတဲ့ စင်ကာပူတွေဟာ နေရောင်ခြည်ကိုတော့ မရ ရတဲ့နည်းနဲ့ အဆောက်အဦးထဲကို သွင်းမှာဖြစ်ပါတယ်။ နေရောင်ခြည်ကျရောက်နေတဲ့ အနေအထားကိုကြည့်ပြီး ရောင်ပြန်ပြားလေးတွေက လေဆိပ်ထဲကို နေရောင်ရအောင် အလိုအလျောက် ရွှေ့ပြောင်းပေးမှာပါတဲ့။ ဒါပေမယ့် ပြင်ပကလို နေပူကြီးထဲ လမ်းလျောက်နေရသလိုဖြစ်မှာမဟုတ်ဘဲ နူးညံ့ပြီး နွေးထွေးတယ်ဆိုရုံလေးနဲ့ သဘာဝအလင်းရောင်ကို အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ Vertical Garden လို့ ခေါ်တဲ့ အထပ်ငါးထပ်အမြင့်နဲ့ မီတာ ၃၀၀ ရှည်တဲ့ ဥယျာဉ်ကြီးပါ။ ခရီးသည်တွေအနေနဲ့ သူတို့ရဲ့ Luggage အိတ်တွေထွက်လာတာကို စောင့်နေရတာနဲ့ မတူဘဲ ဓါတ်ပုံရိုက်ဖို့ အချိန်ပေးထားတာနဲ့ တူမှာပါလို့ ဆိုပါတယ်။

ထူးခြားတဲ့အမိုး၊ Vertical Garden နဲ့ လေဆိပ်တွင်း အခင်းအကျင်း

စင်ကာပူအနေနဲ့ တစ်စင်းပဲ ဝယ်ရသေးတဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ အကောင်းဆုံး A380 Airbus လေယာဉ်ကြီး ၈ စင်းလည်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ T1 နဲ့ T2 ကိုသွားချင်သူတွေအတွက် သုံးနေကျ Sky Train လေးတွေရှိမှာဖြစ်ပြီး အဲဒီမှာတော့ ထူးထူးခြားခြားတင်ဆက်ထားတာ မရှိပါဘူး။ ဒါတွေကတော့ Terminal 3 ရဲ့ အချက်အလက်လေးတွေဖြစ်ပြီး ဒီလိုခမ်းနားလှတဲ့ လေဆိပ်ကြီးကို မနေ့က စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပါတယ်။

လီကွမ်ယူး (ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်စဉ်က)

လက်ရှိဝန်ကြီးချုပ်ထက်ပိုပြီး ရိုသေခံရတဲ့ ခေါင်းဆောင်ကြီးဟာ အဆောက်အဦးအသစ်ကို လှည့်ပတ်ကြည့်အပြီးမှာ “ သိပ်ကောင်းပါတယ်။ ခေတ်မီတယ်၊ အဆင်ပြေတယ်၊ နောက် ရင်သပ်ရှုမောစရာပါ။ စင်ကာပူဟာ ခရီးသွားတွေကို ဆွဲဆောင်ဖို့နဲ့ ပြိုင်ပွဲရဲ့ နောက်ထပ်အဆင့်တစ်ခုကို ရောက်ခဲ့ပါပြီ ” လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ “ ပြိုင်ပွဲဆိုတာမျိုးက အဆုံးမရှိဘူးဗျ။ ဒီနေ့ ကျုပ်တို့ Terminal အသစ်တစ်ခု ဆောက်လိုက်တယ်၊ နောက်နေ့မှာ အခြားတစ်ယောက်က လေဆိပ်သစ်ကြီးတစ်ခု ဆောက်နေလောက်ပြီ … ဒါမှမဟုတ် လေဆိပ်အဟောင်းကိုပဲ Terminal တွေ တိုးချင်တိုးနေမှာပေါ့ ” လို့ သတိပေးပြောဆိုလိုက်ပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ အမြော်အမြင်ကို ပြလိုက်ပါတယ်။ “ ပြိုင်ပွဲဆိုတဲ့နေရာမှာ ကျုပ်တို့ဟာ ဘယ်လိုနေရာမျိုးမှာ ရှိလဲ၊ ဘယ်လို လေကြောင်းလိုင်းတွေ၊ ခရီးသည်တွေကို စွဲဆောင်ထားပြီလဲ ဆိုတာက အဓိကပါ။ သူတို့တွေက ခုလိုအဆောက်အဦးအသစ်တွေ အမြဲဆောက်လုပ်နေဖို့အတွက် သော့ချက်တွေပဲပေါ့ ” ဆက်ပြောပါတယ်။ ဒါ့အပြင် လေဆိပ်မှာ ပြင်ဆင်ထားတဲ့ တစ်လုံးကို စင်ကာပူဒေါ်လာ ၈၀၀ တန်တဲ့ ဆိုဖာထိုင်ခုံအလုံး ၃၀၀၀ ဟာ တန်ဖိုးနဲ့ညီမျှတဲ့ အကျိုးရလဒ်ရော ရှိရဲ့လားလို့ မေးခွန်းထုတ် ထောက်ပြသွားပါတယ်။

အဲဒီနောက်မှာတော့ ဒီရက်ပိုင်း စင်ကာပူတွေ သိပ်ဂုဏ်ယူနေတဲ့ A380 လေယာဉ်ကြီးပေါ်အထိ အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ လီကွမ်ယူးက တက်ရောက်လေ့လာပါသေးတယ်။ အားလုံးလှည့်ပတ်ကြည့်အပြီးမှာ “ လေယာဉ်ကြီးကတော့ အံ့မခန်းပါပဲလားဟေ့။ ဒါပေမယ့် Emirates လေကြောင်းက ၄၅ စီးမှာထားတယ်ဆိုတာလည်း မေ့မထားကြပါနဲ့။ သူတွေဟာ ကျုပ်တို့ကို နမူနာကြည့်ပြီး ကျုပ်တို့ရဲ့အားသာချက်တွေကိုယူ၊ သူတို့ဖာသာ တိုးတက်အောင် လုပ်သွားကြလိမ့်မယ်။ မေးခွန်းထုတ်စရာမလိုတဲ့ ဒီစိန်ခေါ်မှုအတွက် စင်ကာပူတွေ ပြင်ဆင်ထားကြပါ ” လို့ စင်ကာပူကို တံငါရွာဘဝက ဆွဲတင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကပြောပါတယ်။ တချိန်က ပင်လယ်ဘေးမှာ တဲကလေးတွေထိုး၊ ငါးမျှား၊ အနီးအနားလိုက်ရောင်းနေရတဲ့ မလေးရှားနယ်ပိုင် စင်ကာပူကို အခုလို ကမ္ဘာ့ပထမဆုံးဆိုတဲ့ အလုပ်တွေ၊ ကမ္ဘာ့ အကောင်းဆုံးဆိုတဲ့ အရာဝတ္ထုတွေ ရောက်လာအောင် ဖန်တီးပေးခဲ့ပါပြီ။ သူဝန်ကြီးချုပ်ဖြစ်ခါစက အားကျခဲ့တဲ့ ဒေသတွင်းပြိုင်ဘက်ဟောင်း ဗမာပြည်အတွက် သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးပေးတဲ့ မှတ်ချက်ကလည်း ငြင်းရခက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး George Yeo (ဘယ်ဘက်)

အခြားဒေသတွင်း နိုင်ငံတွေ ရှေ့ဆက်ချီတက်နေကြတုန်းမှာ ဗမာပြည်က နောက်ပြန်ဂီယာကြီးနဲ့လေ ” လို့ စင်ကာပူမှာ ၂ ရက်ကြာကျင်းပနေတဲ့ Asian Globalization Conference ကို အောက်တိုဘာ ၂၂ ရက်နေ့က လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားလိုက်တာပါ။ ကဲ … တံငါသည်တွေကတော့ တို့ကို ပြောကုန်ပြီ။

တချိန်က စင်ကာပူ

Sunday, October 14, 2007

Firefox Browser မှ Blog Post တင်ခြင်း

ဒီနေ့ရုံးမှာ အချိန်အားလေးနည်းနည်းရလို့ အချစ်တော် Firefox Browser လေးကို အစာကျွေးတဲ့အနေနဲ့ Add On လေးတွေ ထည့်နေဖြစ်တယ်။ Firefox ကို ကျွန်တော်က စဉ်းလဲမီးလျှံ လို့ဘာသာပြန်တယ်။ အဲဒါ Blogger တွေ အဆင်ပြေစေမယ့် Add On လေးတစ်ခုသွားတွေ့တယ်။ သိရင်တော့လည်း သိကြမှာပါ။ Scribe Fire လို့ခေါ်တယ်လေ။ ပုံမှန်အတိုင်းဆိုမလိုပေမယ့် တခါတလေ အကြောင်းအမျိုးမျိုးကြောင့်များ Post တင်လို့မရအောင် နှောင့်ယှက်ခံနေရပြီဆိုရင် ဒါလေးက သိပ်အသုံးတည့်နိုင်ပါတယ်။ အခြား ပို့စ်တင်တဲ့နည်းလမ်းတွေလည်း ရှိနေပေမယ့် ဒါလေးကတော့ Client ဘက်ကနေသုံးသွားတဲ့ အပိုင်းလေးတွေ လှလှပပပါလို့ စမ်းကြည့်ပါဦး။ သူများ Blog ကိုဖတ်ချင်ကြသလို ကိုယ့် Blog ကိုလည်း အချိန်ပြည့် Update လုပ်ချင်သူတွေအတွက် အဆင်ပြေလောက်ပါတယ်။ အင်တာနက်ကို နာရီပိုင်းခွဲတမ်းနဲ့ သုံးနေရပြီး သုံးရချိန်မှာလည်း ကြည့်ချင်တိုင်း မကြည့်ရတဲ့ ဒေသက ဘဝတူမိတ်ဆွေများကို ရည်ရွယ်ပြီး ကူညီလိုက်ပါတယ်ဗျာ။

(၁) ဒါလေးကိုသုံးဖို့ ပထမဆုံး Mozzila ရဲ့ Firefox Browser ကို (မရှိသေးရင်) ဒီကနေ ရယူပါ။ Install လုပ်ပြီးရင် ဗမာလို ရေးနိုင်၊ မြင်နိုင်အောင် Tools Menu ကနေဝင်ပြီး Options > Content ထဲ ထပ်ဝင်ပါ။ အဲဒီမှာ Font & Colors မှာ Advanced ထဲ ဝင်ပါ။ အဲ့ဒီမှာ အောက်ကပုံလေး အတိုင်းပြင်ပေးပါ။ ဒါကတော့ ဗမာလိုအတွက် သက်သက်ပါ။ Post တင်တာနဲ့ သိပ်မဆိုင်လှပါဘူး။


(၂) ပြီးရင်တော့ ဒီ Link လေးကိုသွားပါ။ အဲဒီမှာ Scribe Fire ဆိုတာလေး Install လုပ်ပေးပြီး Firefox ကို Restart ချမလားဆို ချလိုက်ပါ။ ပြန်ဖွင့်တာနဲ့ Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ လိမ္မော်ရောင် Icon လေးမြင်ရပါမယ်။ အဲဒါလေးကို နှိပ်ပြီး Panel ကိုဖွင့်ပါ။

(၃) Panel ရဲ့ ညာဘက်က Blogs ဆိုတဲ့ Tab ထဲက Launch Account Wizard လေးကိုဖွင့်ပါ။ အဲဒီက Manually Configure ကို ရွေးပေးပါ။


ပေါ်လာတဲ့ Window ထဲက Drop Down List မှာ Custom Blog ကို ထပ်ရွေးပေးပါ။


နောက် Windown ပွင့်လာရင် အဲဒီက Drop Down List ထဲမှာ Blogger ကိုရွေးပေးပါ။ ( Wordpress ဆိုလည်း ဆိုင်ရာကိုရွေးလို့ ရပါတယ်) သူ့အောက်က Text Field ထဲမှာ နမူနာရိုက်ပြထားတဲ့ Blog Address လေးတစ်ခုရှိပါတယ်။ အဲဒီက BLOGNAME ဆိုတဲ့ နေရာလေးတစ်ခုတည်းမှာပဲ ကိုယ့် Blog ရဲ့ နာမည်ကိုထည့်ပါ။ ဥပမာ - http://myanmaroa6.blogspot.com/feeds/posts/full လို့ ပြင်ပေးရမှာပါ။


Username & Password တောင်းလာရင်တော့ ကိုယ့် Blog ထဲဝင်နေကြ Username & Password လေးဖြည့်ပေးလိုက်ပါ။ Scribe Fire က ယူပြီး Login လုပ်တာအဆင်ပြေရင် Blog Address နဲ့တကွလာပြပါတယ်။ Next နဲ့ Finish နှိပ်ပေးလိုက်ရင် Add လုပ်တာပြီးပါပြီ။ တကယ်လို့ Blog သုံးလေးခု ရေးနေတဲ့လူဆိုရင် အခုပုံစံအတိုင်း ကြိမ်ဖန်များစွာ ထပ်လုပ်လို့ရပါတယ်။

အခုဆိုရင် Scribe Fire ရဲ့ Panel ထဲမှာ Blog တစ်ခုဝင်နေပါပြီ။ အဲဒီ Blog အတွက် Post တင်တာဖြစ်ဖြစ်၊ အဟောင်းကို Edit လုပ်တာဖြစ်ဖြစ်လုပ်ချင်ရင် HTML ကနေ လုပ်လို့ ရသလို Design View ကနေလည်း လုပ်လို့ရပါတယ်။ Draft အနေနဲ့လည်း သိမ်းထားလို့ရပါတယ်။ သူ့မှာပါတဲ့ Function တွေကိုတော့ ကိုယ်တိုင်ပဲ ဖြည်းဖြည်းချင်း စမ်းသပ်သွားကြပါ။ ကျွန်တော်လည်း ခုမှ တွေ့တာဆိုတော့ ပြည့်ပြည့်စုံစုံ မသိသေးလို့ပါ။

ပိတ်ဆို့မှုတွေကြားက ဆက်လက် Blogging နိုင်ကြပါစေဗျာ။

Sunday, September 23, 2007

လက်ရှိအိုအေစစ်

ဗမာပြည်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အလေးထားသော အနေဖြင့်လည်းကောင်း၊ သပိတ်မှောက်ကံဆောင် သံဃာတော်များကို ဂါဝရပြုရိုသေသောအားဖြင့်လည်းကောင်း အိုအေစစ်တွင် လူမှုရေးဆန်သောပို့စ်များ၊ အပြောင်အပျက်ဟာသများ၊ အချစ်ကဗျာများ၊ အဂါဝရဖြစ်စေသောပို့စ်များ တင်ဆက်ခြင်းကို ရပ်နားထားမည်ဖြစ်ပါသည်။ “ နိုင်ငံရေး ” ဟု ကင်ပွန်းတပ်ကြသော “အမိမြေ၏ပြည်တွင်းရေး ” နှင့်ဆက်ဆိုင်သောစာများ၊ သတင်းများနှင့် ခံစားချက်များသာ ရံဖန်ရံခါတင်ဆက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လူအများ တိုင်းပြည်အတွက် ပူပန်နေချိန်တွင် ရယ်မောစရာများ အကြံထုတ်၍ Blog Times 3 ကိုလည်း တင်ဆက်နိုင်ဦးမည် မဟုတ်သေးပါကြောင်း လေးစားစွာ တောင်းပန်လိုက်ပါသည်။

Saturday, September 15, 2007

ခြားနားခြင်း

မနက် ၆ နာရီခွဲမှာ Alarm မြည်လာတာနဲ့ မထချင်ဘဲ လူးလဲထလာပြီး ရေချိုးခန်းဝင်၊ မျက်နှာသစ်လုပ်ပြီး အိပ်ခန်းထဲပြန်လာတဲ့အထိ ဒီကောင်က အိပ်နေတုန်းပဲ။

“ ဟေ့ကောင် … ထတော့။ ၈ နာရီအရောက်သွားရမှာ။ မင်းကလည်း နေ့တိုင်းနှိုးနေရတာပဲ ”

ဒါပေမယ့် ဒီကောင်က ပေတေပြီး ဆက်အိပ်နေတယ်။ ဒီကောင်ဆိုတာ ကျွန်တော့်စိတ်ပါပဲ။ ကျွန်တော်ကသာ အလုပ်တွေ ဆက်လုပ်နေတယ်။ စိတ်က အိပ်ချင်ပြီး အိပ်နေတုန်းလေ။

“ မင်းသွားနှင့်ကွာ။ ခဏနေမှ ငါလိုက်လာမယ် ”

“ ပြီးရောကွာ … ”

ကျွန်တော်လည်း စကားမရှည်ချင်တာနဲ့ ရေချိုး၊ အဝတ်လဲပြီး ရုံးထွက်လာခဲ့တယ်။ ရုံးရောက်တော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေရတယ်။ ဟိုကောင်လာမှ အလုပ်လုပ်တာ ကောင်းတယ်လေ။ ၉ နာရီသာသာမှ ထုံးစံအတိုင်း ဖရိုဖရဲနဲ့ ဘာဂါတစ်လုံးကိုင်ပြီး ဝင်လာတယ်။

“ ကဲ … အလုပ်စရအောင်ကွာ။ မင်းကလည်း နောက်ကျလိုက်တာ ”

သူ့ပြောတာမဟုတ်သလိုနဲ့။ ဘာဂါထဲက ဆလတ်ရွက်ကို ရွေးပြီးကိုက်နေသေးတယ်။ ပြီးတော့ ပြောလိုက်သေးတယ်။

“ နေဦးကွာ … ညက ဘောပွဲအဖြေလေးကြည့်လိုက်ဦးမယ်။ ငါးမိနစ်ပဲစောင့် ”

ဒါနဲ့ အလုပ်မစရသေးပြန်ဘူး။ မန်နေဂျာက ကြည့်လှပြီ။ ခဏနေတော့မှ အလုပ်စတယ်။ လုပ်နေကြ အလုပ်တွေပေမယ့် စိတ်နဲ့လူနဲ့ကပ်မှ လုပ်လို့ကောင်းတယ်လေ။ နှစ်ရာရီလောက်ကြာတော့ ဖောက်လာပြန်ရော။

“ မင်းခဏလုပ်နေကွာ။ ငါချစ်သူဆီကို စာရေးမလို့။ မန်နေဂျာ မမြင်ပါဘူးကွာ။ မပူပါနဲ့ ”

ဒီကောင် ပြောနေရင်း Gmail ကိုဖွင့်နေတယ်။ ကျွန်တော်လည်း ဟိုစာရွက်ရှာသလိုလို၊ ဒီဖိုင်ဖွင့်သလိုလိုနဲ့ ကာထားပေးရတယ်။ ကျွန်တော်ကလည်း ချစ်သူဆီ စာရေးဖို့ရှိနေတာကို။

“ ဟေ့ကောင်ရေ - ချစ်သူ Online မှာ ရှိတယ်ကွ။ အဟဲ … မင်းအလုပ်ဆက်လုပ်နေကွာ။ မင်းဘာပြောချင်လဲ။ ငါပြောထားပေးမယ် ”

“ အေးကွာ … သတိရကြောင်းပေါ့ ”

ကျွန်တော်လည်း ချစ်သူဆိုတာနဲ့ အလိုတူဖြစ်ပြီး မော်နီတာကိုပဲ ကြည့်နေဖြစ်တယ်။ ဘယ်လောက်ကြာသွားတယ်တော့ မသိဘူး။ နောက်က မန်နေဂျာက “ Chatting ဝင်နေတယ်ပေါ့ ” လို့ လာအော်မှပဲ သတိဝင်တော့တယ်။ ခါးထောက်ပြီးကြည့်နေတဲ့ မန်နေဂျာ မိန်းမဝဝကြီးကို စကားပြန်မလို့ စဉ်းစားနေတုန်းမှာပဲ အဲဒီကောင်က ခေါင်းသွားခေါက်ပြီး

“ ချစ်သူနဲ့တော့ စကားပြောချင်တဲ့ လူတွေချည်းပဲ။ ကိုယ်ချင်းစာဦး ”

လို့ နားရွက်နားကပ်ပြီး အော်တယ်လေ။ တော်သေးတယ်။ မကြားလို့။

“ ဟေ့ကောင် - လာကွာ။ အလုပ်ကူလုပ်တော့။ မဆိုင်တာတွေ နားမှလုပ်တော့ ”

ဒီလိုပြောမှ ဒီကောင်လည်း မှုန်ကုပ်ကုပ်နဲ့ အလုပ်ဝင်လုပ်ပေးတယ်။ ထမင်းစားနားတော့ ကျွန်တော်က အနီးအနားက တရုတ်ဆိုင်မှာ စားမလို့လုပ်နေတုန်း သူက

“ ဟင်းတွေက ဒါတွေပဲ ထပ်နေတယ်။ မင်းဒီမှာစား၊ ငါ CityHall ဘက်သွားပြီး ဗမာစာ စားလိုက်ဦးမယ်။ တစ်နာရီဆို မီပါတယ်။ ပြန်လာမယ် ”

လို့ ပြောပြောဆိုဆိုနဲ့ ထထွက်သွားပြန်တယ်။ ခဏနေတော့ ဖုံးလာတယ်။ သူ့သူငယ်ချင်းတွေနဲ့ လက္ဘ်ရည်ဆိုင်ထိုင်နေလို့ နာရီဝက်လောက်ကြာမှ လိုက်ခဲ့မယ်တဲ့။ ဒါနဲ့ ရုံးပေါ်ပြန်တက်ပြီး အလုပ်စားပွဲမှာ ထိုင်နေလိုက်တယ်။ စိတ်မပါဘဲ လုပ်ရင်မှားမယ်လေ။ ဒီကောင်ပြန်လာတော့ လက်ထဲမှာ လက္ဘ်သုတ်အထုပ်လေးနဲ့။ ကျွန်တော်လည်း စိတ်ဆိုးပြေသွားတယ်။ စိတ်နဲ့ ကိုယ်နဲ့ကပ်ပြီး အလုပ်လုပ်လိုက်တော့ အလုပ်တော့တွင်သားပဲ။ ညနေ ရုံးဆင်းတော့ လမ်းလျှောက်ရင်း ဒီကောင်နဲ့ စကားပြောဖြစ်တယ်။

“ ဟေ့ကောင် … မင်းကတော့ တယ်လွတ်လပ်ပါလားကွာ။ ငါသာ ရုံးသွားလိုက်၊ အိမ်ပြန်လိုက်နဲ့ အချိန်ကုန်နေတာ ”

“ အေး … မင်းက လိုက်လျောညီထွေမှ မနေတတ်ဘဲ။ အပူတွေ ခေါင်းအုံးအိပ်တာကိုကွ။ ငါ့လို ပျော်ပျော်နေစမ်းပါ။ အလုပ်ချိန်လေး လုပ်လိုက်၊ အခြေအနေကြည့်ပြီး အနားယူလိုက်ပေါ့ကွာ။ အခုလည်း ငါဘီယာသွားသောက်မလို့ ”

“ အမ် … မဖြစ်ဘူးလေ။ မနက်ဖြန် ရုံးတက်ရမှာ။ မသောက်နဲ့တော့ကွာ။ ငါပါရောပြီး နံနေမယ် ”

“ မသောက်ပါဘူးကွာ။ မင်းကို စမ်းလိုက်တာ။ တကယ်တော့ အလုပ်ချိန်ပြင်ပဟာ မင်းကိုယ်ပိုင်ဘဝပဲ။ သောက်လည်းရတယ်။ က နေလည်းရတယ်။ အခုမင်းက မင်းဘဝတစ်ခုလုံး အလုပ်လို့ တွေးနေတာကိုကွ။ အလုပ်ချိန်မှ မဟုတ်ဘဲ။ သောက်တော့ ဘာဖြစ်လဲ။ မနက်ဖြန် အချိန်မီ ရုံးရောက်ရင် မပြီးဘူးလား ”

“ ဟိုဒင်းလေ .. အဲ … ဟုတ်သားပဲနော် ”

“ မဝေးစမ်းပါနဲ့ကွာ။ အလုပ်ရှိလို့ စောစောအိပ်တယ်တို့၊ ဝမ်းနှုတ်ဆေး စားလို့မရဘူးတို့ ဆိုတာ ဘဝကို ပိုက်ဆံနဲ့လဲနေတဲ့လူတွေကွ။ လူပဲကွာ … လူနဲ့တူအောင်နေရမယ်။ လူဖြစ်တဲ့အတွက် နောက်ကျတာရှိမယ်။ စောတာရှိမယ်။ အိပ်ပျော်သွားတာလည်းရှိမယ်။ အိပ်မက်လည်း ရှိမယ်။ စက်ရုပ်တွေ အိပ်မက်မက်တယ်ကြားဖူးလား ”

“ ဘယ်ရှိမလဲကွ။ စက်ပါဆိုမှ ”

“ ဒါပေါ့ကွ။ ငါတို့က စက်မဟုတ်ဘူး။ မင်း မနက် ၈ နာရီဆို ရုံးရောက်အောင်သွားတယ်။ ညနေ ၅ နာရီတိတိ မင်းပြန်ထွက်လာသလား ”

“ ၅ နာရီခွဲလောက်ပေါ့။ တခါတလေ ၆ နာရီနီးနီးပေါ့ ”

“ ဒါဆို ဒဏ်ရိုက်လေ။ မင်း အလုပ်ချိန်ကို မတိကျဘူး။ ၅ နာရီပြန်ပါဆိုတာကို ၅ နာရီကျော်အောင်နေတယ်။ ဒါအပြစ်ပဲ ”

“ ဟာ.. မင်းလုပ်တာနဲ့ ငါတောင်ကြောင်တောင်တောင်ဖြစ်လာပြီ။ မတူဘူးလေး။ မနက်နဲ့ ညနေ။ အသွားနဲ့ အပြန် ”

“ တူတာရှိတယ်လေကွာ။ မင်းကလူ။ မနက်ရော ညနေရော မင်းဟာ လူပဲ။ မနက်မှာ စက်ဖြစ်ပြီး ညနေမှ လူသားဆန်လို့မရဘူး။ မင်းနဲ့တော့ ခက်ပါတယ်ကွာ ”

“ ဒီတော့ ငါဘာလုပ်ရမှာတုန်း။ နောက်ကျမှ သွားရမှာလား ”

“ ခက်ပြီ။ တမင်တကာတော့ နောက်မကျနဲ့လေကွာ။ နောက်ကျသွားလဲ မင်းစိတ်မပျက်နဲ့လို့ပြောတာ။ အလုပ်မပြီးလဲ Worry မများနဲ့။ စောင့်နေကြလိမ့်မယ်။ နားလည်လား။ ပိုက်ဆံဖြတ်လည်း ဖြတ်ပေါ့ကွာ။ မင်းက လူဖြစ်လို့ လူလိုနေခွင့်ရဖို့ အဓိကပဲ မဟုတ်လား။ ပိုက်ဆံအဓိကဆို ဘိန်းရောင်းပေါ့ကွ။ တောထဲမှာနေလေ။ ပိုက်ဆံတွေ အပုံလိုက်စုထား။ နေမလား ”

“ မနေပါဘူး။ မင်းပြောတာလည်း ဟုတ်သလိုလိုပဲ ”

ပြောရင်းဆိုရင်း ကျွန်တော် အိပ်ယာထဲကို ခြေအိတ်မချွတ်သေးဘဲ ဝင်လှဲလိုက်တယ်။ ဒီကောင်က ရုံးဝတ်စုံကိုချွတ်ပြီး လူငယ်တွေပုံစံ T & Jeans ဝတ်နေတယ်။

“ မင်းဘယ်သွားဦးမလို့လဲ။ ငါနဲ့စကားပြောဦးလေကွာ ”

“ အပြင်ပြန်ထွက်လိုက်ဦးမယ်။ ငါပြောထားတာတွေ မင်းတွေးထားလေ။ အိပ်နှင့်တော့။ ငါပြန်လာမယ်။ မင်းရန်ကုန်ဆက်ဖို့ ဖုံးကဒ်ဝယ်လာမယ် ”

“ အေးကွာ ”

ဒီကောင် တံခါးစောင့်ပိတ်ပြီး ထွက်သွားတယ်။ သူ့ကို အခန်းပြတင်းကနေ လှမ်းကြည့်နေမိတယ်။ လွတ်လပ်တက်ကြွတဲ့ လူငယ်တစ်ယောက်ပဲလို့။ ဒီလိုနဲ့ ကိုယ်ကအိပ်ယာထဲနေပြီး စိတ်က လျှောက်လည်နေတဲ့ညတွေ၊ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ အိပ်ခဲ့ရတဲ့ညတွေ များလာခဲ့တယ်။ ဒီကောင်ပြောသွားတာတွေ တွေးရင်းနဲ့ပဲ … အိပ်မက်ထဲမှာ … ကျွန်တော်အလုပ်နောက်ကျခဲ့တယ်လေ။

Thursday, September 13, 2007

Seminar News @ Planet !

The following is the link about our Seminar from Planet Portal. Please check and be happy !

http://www.planet.com.mm/news/?linkpage=desc&id=9339

Wednesday, September 12, 2007

ဘယ်ဘက်တစ်ခြမ်းပဲရှိတဲ့ အဘိဓါန်စာအုပ် (၁)

ဒီပို့စ်လေးက ကျွန်တော့်အစ်ကိုလိုခင်တဲ့ သူငယ်ချင်း ကိုရဲ ရဲ့ ပင်ကိုယ်ရေးလက်ရာလေးပါ။ မူရင်းလက်ရာလေးကို scan လုပ်ပြီး တင်ထားလိုက်ပါတယ်။


ကျေးဇူးတင်ပါတယ်။

Sunday, September 9, 2007

ဘလော့ဂ်စောင့်နတ်ပွဲ (သို့) တက်စလာ

ကျွန်တော်တို့ ဘလော့ဂ်တွေကို အတွေးအမျိုးမျိုးနဲ့ ရေးဖြစ်ကြတယ်။ နာမည်အရင်းဖြစ်ခွင့်မရတဲ့ နာမည်လှလှလေးတွေကို ကလောင်အဖြစ် ကိုင်စွဲကြတယ်။ ကျွန်တော့်မိတ်ဆွေ ဘလော့ဂ်ဂါတစ်ယောက်ကတော့ သူ့နာမည်နောက်ကနေ သူ့ဘလော့ဂ်အမျိုးအစားလေးကို စိတ်ဝင်စားအောင်ထည့်ထားတယ်။ လူတွေချည်းပဲ ဘလော့ဂ်ရေးတယ်မှတ်တာ - မဟုတ်ဘူးဗျ။ နတ်တွေလည်း ရေးတယ်။ အဲဒီဘလော့ဂ် နာမည်က Teslanetblog တဲ့။ တက်စလာဆိုတဲ့ နတ်ရဲ့ဘလော့ဂ်ပေါ့လေ။

ကျွန်တော် ဘလော့ဂ်စရေးတော့ အခြားဘလော့ဂ်တွေကို လျှောက်သွားဖြစ်တယ်။ ဘလော့ဂ်တစ်ခုမှာ ရေးထားတဲ့ ပို့စ်တစ်ခုမှာ “ ကိုတက်စလာသည်လည်း အရေးကြဲသော်လည်း စောင့်ဖတ်ရကျိုးနပ်အောင် အရေးကောင်းသည် ” လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒါနဲ့ အဲဒီဘလော့ဂ်ကိုသွားလည် ဖြစ်တယ်။ ဖတ်ရင်းနဲ့ မှတ်ချက်ချမိတယ် - ဒီလောက်အရေးကောင်းလို့လဲ နတ်လို့ နာမည်ခံထားတာကိုးလို့။

အဲဒါနဲ့ ဘာနတ်လဲလို့ ကျွန်တော်စိတ်ဝင်စားနေတုန်း ပထမအကြိမ် ဘလော့ဂ်ဂါ Meeting လုပ်ကြပါရော။ အားလုံးစုံလို့ တဝက်လောက်ရောက်တော့ အကျီအဖြူလေးနဲ့ လူတစ်ယောက်တံခါးဖွင့်ပြီးဝင်လာတယ်။ ဘာညာက အားရဝမ်းသာထအော်တယ်။ “ ကိုတက်စလာ လာပြီ ” တဲ့။ အဲဒီမှာ ကျွန်တော်သိလိုက်ပါပြီ - ဘာနတ်လဲဆိုတာ။ မြှားနတ်မောင်ဗျ။ ဘာတွေ အောင်သွယ်လုပ်လို့လဲလို့ မမေးနဲ့နော်။ အောင်သွယ်လုပ်လို့ မဟုတ်ဘူး။ အဟဲ ... ကျွန်တော်မြင်ဖူးတဲ့နတ်တွေက ထောင်ထောင်မောင်းမောင်း ခန့်ခန့်ကြီးတွေ။ ဒီနတ်က နည်းနည်းပုပြီး အရွယ်သေးတော့ အဲလိုပုံစံ ကျွန်တော်မြင်ဖူးတဲ့နတ်ဆိုလို့ မြှားနတ်မောင်ပဲ ရှိတယ်လေ။ ကျွန်တော် အခုလို ပြောရင် ကိုတက်စလာ စိတ်ဆိုးဦးမယ်။ ပြီးရင်း သူ့ထီးချိုင့်လေနဲ့ “ မောင်ပွတ် - မြှားနတ်မောင်က ငါ့လောက် နားရွက် မကားပါဘူးကွာ ” လို့ မချိတင်ကဲ ပြောဦးမယ်။

ပြောမယ့်သာ ပြောတာပါ။ အဲဒီ ပထမအကြိမ် အစည်းအဝေးပြီးကတည်းက အစည်းအဝေးဆိုရင် သူ ခပ်ရှောင်ရှောင်လုပ်တယ်။ အဲ ... ဒုတိယပိုင်းဆိုလို့ကတော့ ဘောင်းဘီတိုနဲ့တောင် ထလိုက်လာတာ။ အရက်တော့ ဘယ်တော့မှ မသောက်ဘူး။ မကြိုက်လို့တဲ့။ မကြိုက်တာ သူမဟုတ်ဘူးနော်။ သူ့ဆရာဝန်က။ သူ့အသည်းက သောက်ရင် မြန်မြန်နတ်ဘဝကူးမယ်တဲ့။ အဲဒါနဲ့ အရက်မသောက်ဘဲ ဘီယာကို ပြိုင်ဘက်မရှိသောက်တာ ကိုမျက်လုံး ပေါ်မလာခင်အထိပဲ။ ကိုမျက်လုံးလို ဝါရင့်တစ်ယောက်ရောက်လာမှ - လျော့ပေးတယ်ထင်လား။ အပြိုင်သောက်တာ။ တစ်ခုကောင်းတာ ကိုတက်စလာက တတိယပိုင်းမဆက်ဘူး။ အိမ်ကို အစောကြီးပြန်တတ်တယ်။ မနက် ၂ နာရီ - ၃ နာရီပေါ့။ နောက်တစ်နေ့ မနက်အစောကြီးလေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ။ ကျွန်တော် ဒီနေ့ Blog Times III စလုပ်တယ်။ ဒီတော့ အရင်အဟောင်းတွေက သတင်းလေးတွေ၊ ပုံစံလေးတွေ ပြန်ကိုးကားဖို့ ဖွင့်လိုက်တော့ ပထမဆုံး သတင်းစာမှာ ကိုတက်စလာကို ဝိုင်းဖမ်းနေတဲ့ ပုံသွားတွေ့တယ်။ ကျွန်တော်တို့ သတင်းစာ အောင်မြင်တယ်ဆိုရင် ကျေးဇူးရှင်က သူပဲဗျ။ သူ့ရုပ်သူ့ရည် - သူ့အနေအထားနဲ့ မျက်နှာဖုံးတင်လိုက်တော့ ဘယ်ပြောကောင်းမလဲ - ဒေါင်းလုပ်ချပြီး သိမ်းထားတဲ့ မိန်းကလေးတွေဆိုတာ - ကျွန်တော်သိသလောက်တော့ တစ်ယောက်မှ မရှိဘူးတဲ့။

ကိုတက်စလာပုံနှင့် ပထမအကြိမ် Blog Times

စတာပါ ကိုတက်စလာရေ - ခင်ဗျားဧည့်ခံမယ့် ညစာစားပွဲကို တကူးတက လာပြီး မစနောက်နိုင်လို့ အခုလို ပို့စ်လေးရေးပြီး စရ၊နောက်ရတာပါဗျာ။ ခင်ဗျားထုံးစံအတိုင်း “ ငါ့ကောင်ကြီး မောင်ပွတ် ကတော့ကွာ ” ဆိုပြီး ပြောနေဦးမလား။ တကယ်တော့ ခင်ဗျားက ကျွန်တော်ဆိုးသမျှ၊ ပူသမျှကို အမြဲကူညီလိုက်လျောခဲ့တဲ့ မိတ်ဆွေကောင်းပါဗျာ။ ခင်ဗျားတို့၊ ကိုနေဘုန်းလတ်တို့၊ ကိုစိုးဇေယျတို့နဲ့ အတူတူ ဆိုင်ထိုင်ခဲ့တဲ့ အချိန်တွေကို အမြဲသတိရနေပါတယ်။ အရင်က ခင်ဗျားမလာရင် မရရအောင် ခေါ်တဲ့ ကျွန်တော့်ကို အခုတော့ ခင်ဗျားခေါ်လို့မရဘူးဖြစ်နေတယ်ဗျာ။ တစ်ရက်တော့ ထပ်တွေ့ကြတာပေါ့။ ခင်ဗျားပြောတဲ့ “ အော်တိုကိုး မောင်ပွတ် ဆ ပါထည့်ထား ” ဆိုတဲ့ပွဲမျိုးရောလေ။ ခင်ဗျားကို လျှော့မတွက်ပါဘူးဗျာ - တကယ်။

ခွက်ညီ လက်ညီ တို့နှစ်ယောက်

ကိုတက်စလာ - ဒီမွေးနေ့ကစပြီး နေ့ရက်တိုင်းကို ပျော်ရွှင်ငြိမ်းစွာ ဖြတ်သန်းနိုင်ပြီး ရေးဖော်ရေးဖက် သူငယ်ချင်းများနဲ့အတူ သုတ၊ရသနဲ့ ပြည့်စုံတဲ့စာတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းတယ်။

ခင်တဲ့
မောင်ပွတ်
၉၊၉၊၂၀၀၇

Thursday, September 6, 2007

အလိုရှိသည်

High Technology ဖြင့် ဖန်တီးထားသော စက်ရုပ်များနည်းတူ အလုပ်လုပ်ပေးနိုင်သော လူသားများအလိုရှိသည်။ အောက်ပါ အရည်အချင်းများ အတိုင်းလုပ်ဆောင်နိုင်ရမည်။

(၁) ဒေသစံတော်ချိန် မနက် (၇) နာရီခွဲတွင် ရထားဘူတာ သို့မဟုတ် ကားဂိတ်သို့ အရောက်လာနိုင်ရမည်။ သို့မှသာ (၈) နာရီရုံးရောက်မည်။

(၂) ရုံးရောက်သည်နှင့် စက်ရုပ်များနည်းတူ ခိုင်းတာလုပ်၊ တောင်းတာပေး၊ မေးတာဖြေ၊ စေရာသွားနိုင်ရမည်။ အထွန့်မတက်ရ။

(၃) နေ့လည်တွင် တစ်နာရီ အနားပေးမည်။ ကောင်းသည်၊ ဆိုးသည်မခွဲခြားဘဲ ဈေးပေါရာ၊ နီးစပ်ရာတွင် ကြုံသလို စားနိုင်ရမည်။ တစ်နာရီပြည့်လျှင် ချက်ချင်းရုံးပေါ်ပြန်တက်လာရမည်။ စက်ရုပ်များသည် အချိန်တိကျသည်ကို သတိပြုပါ။

(၄) ညနေ (၅) နာရီထိုးသော်လည်း အလုပ်မပြတ်သေးလျှင် တစ်နာရီခန့် ဆက်လက်ဆောင်ရွက်နိုင်ရမည်။ စက်ရုပ်များသည် ဘယ်သောအခါမှ အချိန်ပိုကြေး မတောင်းပါ။

(၅) သင်ပြန်သောအခါ နောက်တစ်နေ့မနက်တွင် မန်နေဂျာမှ ဆူစရာများနှင့် စောင့်နေသည်ကို သတိပြုပါ။

အဲဒီလို အလုပ်မျိုးတစ်ခုမှာ ကျွန်တော်လုပ်နေတယ်။ မနက် (၈) နာရီ ရုံးရောက်ဖို့ (၆)နာရီလောက်ထ၊ ပြန်ငိုက်၊ ရေချိုးခန်းဝင်၊ အဝတ်လဲ၊ ဘုရားရှိခိုးနဲ့ (၈) သာရုံးရောက်သွားတယ် - မနက်စာဆိုတာ လက်ထဲက ပေါင်မုန့်တစ်လုံးပဲပါလာခဲ့တယ်။ ရုံးရောက်လို့မှ မထိုင်ရသေးဘူး - Night Shift က လွှဲလိုက်တဲ့အလုပ်တွေက စပ်ဖြဲဖြဲနဲ့ ခုံပေါ်မှာ ငုတ်တုတ်ကြီး။ အဲဒါတွေ ရှင်းရင်းနဲ့ပဲ ထမင်းစားချိန် - စက်ရုပ်လိုဆို အားသွင်းချိန် ရောက်ရော။ တစ်နာရီ မကုန်ကုန်အောင် ထမင်းစားလိုက်၊ အနီးအနားလျှောက်လိုက်နဲ့ အနားယူရတယ်။ မယူလို့ မရဘူးလေ။ မနက်ကထဲက Run လာရတာ - ၁ နာရီထိုးနေပြီ။ ပြန်တက်ရင်လည်း ဆက်လုပ်ရဦးမယ်မဟုတ်လား။ တစ်နာရီပြည့်တော့ အလုပ်ထဲပြန်ဝင်၊ ဆက်လုပ်၊ နာရီကို ခဏခဏကြည့်၊ ဒီလိုနဲ့ (၆) နာရီသာသာမှာ Time Card ဖြတ်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ရောက်ရင် ဘယ်အထုပ်ကိုတော့ ရှင်းရဦးမယ် ... ဆိုတဲ့ အသိတွေနဲ့ပြန်လာရတာ။ အခြားဝင်စရာ မရှိလို့ အိမ်ပြန်ရောက်ရင် (၇) နာရီ။ ဘဝတူလေးတွေခေါ်ပြီး နီးစပ်ရာ Food Court မှာ ထမင်းစား၊ အိမ်ပြန် အင်တာနက်ခဏသုံး၊ ပြီးတာနဲ့ အိပ်ရပြန်ရော။ မနက်နိုးလာတော့ .. ထုံးစံအတိုင်း ပြန်စပေါ့ဗျာ။ ဒါက Morning Shift နော်။ Night Shift ဆိုလို့ကတော့ .. မပြောပြရက်ပါဘူး။ ပိတ်ရက်ကလေး တစ်ရက်ရပါတယ်။ လျှော်ရဖွတ်ရ၊ အခန်းရှင်းရ၊ လိုတာထွက်ဝယ်၊ အိမ်ကမှာတာ သွားလုပ်ပေးနဲ့ - မနားရပြန်ဘူး။ တဖြည်းဖြည်းနဲ့ ပျော်စရာခေါင်းပါးလာပြီး စက်ရုပ်နဲ့ တူလာတယ်ဗျာ။ ဒီအချိန်ထ၊ ဒါလုပ်၊ ဒီသွား၊ ပြန်လာ၊ ဒါစား၊ အိပ်၊ ပြန်ထ၊ အာ ..... အဲဒါတွေနဲ့ပဲ လုံးချလည်နေလိုက်တာလေ .... တခါတလေတော့ တွေးနေမိတယ် ... ငါက စက်ရုပ်နဲ့တူတဲ့ လူသားလား၊ လူသားလိုခံစားတတ်တဲ့ စက်ရုပ်လားလို့ ...

Saturday, September 1, 2007

ငါတို့ရဲ့ ရာဇဝင် ( Blog Day Seminar Special Post )

ဒီအချိန်လောက်ဆို MICT ရဲ့ Conference Hall မှာ ငါ့ သူငယ်ချင်း Blogger တွေ တူညီဝတ်စုံတွေနဲ့ ရောက်နေလောက်ရောပေါ့။ လူချင်းရင်းနှီးဖို့ ခက်ခဲတဲ့ Online က သူငယ်ချင်းတွေဟာ အခုလို တိုင်းသိပြည်သိ Seminar ကြီးတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြတော့မယ်။ သူတို့အားလုံးကြိုးပမ်းခဲ့ကြတာတွေ အရာထင်အောင်မြင်ပြီဆိုတဲ့ အသိနဲ့အတူ ငါ သူတို့နဲ့ အတူရှိနေခွင့်မရတာကိုလည်း သိပ်စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ ငါပြန်တွေးနေမိတယ်။ အဲဒီနေ့တွေတုန်းကလေ ....

“ ကိုနေဘုန်းလတ် - ခင်ဗျားဆဲချင်လည်းဆဲတော့ဗျာ ... ကျွန်တော် Conference Hall ကြီးကို Seminar အတွက် Booking လုပ်လိုက်ပြီ ”

ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ ငါ လုပ်လိုက်တဲ့အလုပ်အတွက် ကိုနေဘုန်းလတ်ကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်တယ်။ နာရီဝက်အတွင်းမှာ ကိုညီလင်းဆက်နဲ့ ကိုနေဘုန်းလတ်တို့ MICT ရောက်လာကြတယ်။ အခန်းတွေ လိုက်ကြည့်၊ ကုန်ကျစရိတ်တွက်နဲ့ ငါ လည်းရုံးမတက်ဖြစ်ဘူးလေ။ အဲဒီနေ့မှာပဲ ကိုညီလင်းဆက် က Sponsor တွေ စရှာပေးတယ်။ အဲဒီတုန်းက Seminar လုပ်ဖို့ ၂ လ တိတိလိုသေးတယ်။ ရက် ၆၀ ပေါ့။

အဲဒီအချိန်ကစပြီး ရန်ကုန်က Blogger တွေ လူစုပြီးအစည်းအဝေးလုပ်တာ၊ တာဝန်ခွဲပေးတာ၊ မန္တလေးက Blogger တွေကို ဖိတ်ကြားဖို့တွေ၊ Seminar အတွက်ပြင်ဆင်တာတွေနဲ့ မနားကြရတော့ဘူး။ အစည်းအဝေးဆိုတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ဘူးလေ။ ပြီးတော့ Logo ကိစ္စလို အများသဘောတောင်းရမယ့် အလုပ်တွေလည်း လုပ်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် စင်ပေါ်တက်မယ့် သူငယ်ချင်းတွေကလည်း ပြောရမယ့် စကားတွေကို စာစီရသေးတယ်။ သူတို့ အဲဒီလိုအလုပ်များနေတဲ့ အချိန်မှာပဲ ငါ က ဘာတာဝန်မှမခံဘဲ နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ငါ သွားမယ့်ညရောက်တော့ ကိုနေဘုန်းလတ်နဲ့ စကားပြောဖြစ်သေးတယ်။

“ မင်းမရှိရင် ငါတော့ တအားလျော့ပြီကွာ။ Seminar ကိစ္စ ငါ့တာဝန်ထားပါ။ မင်း စိတ်အေးအေးသာသွားတော့ ” လို့ သူပြောတယ်။ ငါစိတ်မကောင်းဖြစ်မိတယ်။ ငါက သိပ်အကူအညီပေးနိုင်တဲ့လူ မဟုတ်ပေမယ့် အချိန်ပေးနိုင်တဲ့လူတော့ ဟုတ်ခဲ့ဖူးပါတယ်။ ငါ ဒီရောက်တော့လည်း တတ်နိုင်သလောက် Seminar သတင်းတွေ နားထောင်နေခဲ့တယ်။ နိုင်ငံရေး လှုပ်လှုပ်ရှားရှားဖြစ်ပေမယ့် ရက်ပြောင်းလဲခြင်း မရှိဘဲ သတ္တိရှိရှိကျင်းပမယ့် ဒီပွဲကို ငါ မြင်ချင်လိုက်တာ ... ငါ ရှိနေချင်တာ ...

တချိန်က အစည်းအဝေးတစ်ခု။ ငါကလွဲရင် အားလုံးအဲဒီမှာ ရှိနေကြမယ် ( ကိုစစ်အိမ်ထံမှ ကူးယူးဖေါ်ပြပါသည် )

ငါမျက်စိထဲ မြင်ယောင်နေမိတယ်။ MICT ထဲမှာ MBS တံဆိပ်ပါတဲ့ အကျီတွေနဲ့ ငါ တို့ Blogger တွေ စည်ကားနေလောက်ပြီ။ ငါ့ကို Blogger တစ်ယောက်ဖြစ်လာအောင်၊ ဒီအသိုင်းအဝိုင်းထဲရောက်လာအောင် တွန်းပို့ခဲ့တဲ့ ကိုဘလာဂေါက် တစ်ယောက် ခုချိန်ဆို သူကိုယ်တိုင်စီစဉ်တဲ့ T-Shirt ဝတ်ပြီး သူများတွေကို လိုက်စနေမှာ ငါ အသေအချာသိတယ်။ ထာဝရနောက်ကျရေးသမား ကိုညီလင်းဆက်ကတော့ ကင်မရာတွေနဲ့ အလုပ်များနေလိမ့်မယ်ထင်တယ်။ သူ့ကင်မရာတွေနဲ့ ဒီနေ့ပွဲကို မှတ်တမ်းတင်မယ်လို့ ငါ ရှိတုန်းက ပြောဖူးတယ်လေ။ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုဖြိုး ... အခုချိန်မှာ အသေးစိတ်စီစဉ်ရမှာတွေကို စီစဉ်ရင်း ဟိုပြေးဒီပြေး ဖြစ်နေလိမ့်မယ်။ ကိုတက်စလာကတော့ သူ့ပင်ကိုယ်ဟန် မပွင့်တပွင့်ပြုံးရင်း Laptop နဲ့ Projector ဆက်ဖို့လုပ်နေမလားပဲ။ အစက သူက အဲဒါတွေ တာဝန်ယူမယ်တဲ့လေ။ Live Blog ကို အသက်သွင်းမယ့် ကိုကျော်ဇေယျလည်း အလုပ်များနေလောက်ရောပေါ့။ ငါ သူနဲ့ ရင်းနှီးခွင့် မရလိုက်ဘူး။ နောက်ပြီး ကိုမျက်လုံး၊ ကိုစစ်အိမ်၊ ကိုချစ်စမ်း ... ဘယ်သူမှ ခန့်ခန့်ကြီးထိုင်နေရမှာ မဟုတ်ဘဲ အလုပ်ရှုပ်နေကြမှာပါ။ ငါ မြင်ယောင်နေမိတယ်။ မိန်းကလေးထဲက မဘာညာနဲ့ မမီ၊ ပင့်ဂိုး၊ စိတ်ကူး ...တကယ်ပဲအားလုံးစုံနေကြပြီလား။ ငါ ကျင်လည်ခဲ့တဲ့နေရာမှာ ငါ ခင်တဲ့လူတွေက ငါ မြင်ချင်တဲ့ပွဲကို လုပ်ကြတော့မယ် ... ဒါပေမယ့် ငါက အဝေးမှာ ...

နောက်တစ်ခု သတိရမိတာက ဒုတိယအကြိမ်အစည်းအဝေးပြီးကတည်းက ငါတို့အကျင့်လုပ်ခဲ့တဲ့ ဒုတိယပိုင်း။ အစည်းဝေးပြီးတိုင်း တနေရာရာ ပြောင်းထိုင်ပြီး စားလိုက်သောက်လိုက်နဲ့။ ပိုပြီး ရင်းနှီးစေသလို သိပ်လည်း ပျော်စရာကောင်းတယ်။ မောလာသမျှတွေ ပျောက်စေခဲ့တယ်။ Blog Times ဆိုတဲ့ သတင်းစာလေးလဲ အဲဒီဒုတိယပိုင်းတွေကနေ မွေးဖွါးခဲ့တယ်လေ။ ဒီနေ့ရော ... ဒုတိယပိုင်းရှိသေးလား ... ရှိသင့်တာပေါ့။ သူတို့အားလုံး ပင်ပန်းလှပြီ။ မနက်ပိုင်းမှာ မောခဲ့တာတွေ၊ လွဲခဲ့တာတွေ စကြ၊နောက်ကြနဲ့ MBS ကြီးတည်မြဲဖို့ ခွက်တိုက်ဆုတောင်းမယ့် ဒီပွဲကိုလည်း ငါလွဲခဲ့ရပြန်ပြီ။

why-do-we-blog ရှေ့က မောင်ပွတ်

ငါနာရီကြည့်ပြီး ဒီအချိန်လောက်ဆို အခမ်းအနားစတော့မယ်လို့ တွေးနေမိတယ်။ သူတို့ဟာ ခမ်းနားတဲ့ ခမ်းမကြီးထဲမှာ နေရာယူနေကြလောက်ရောပေါ့။ ငါကတော့ ငါ့နေရာလို့ ပြောလို့ရတဲ့ အိပ်ခန်းကျဉ်းထဲက ကွန်ပြူတာစားပွဲမှာထိုင်၊ Live Blog အတွက် F5 ပေါ်လက်တင်ရင်း အသင့်စောင့်နေတယ်။ တကယ်တော့ ငါ့အလုပ်နားရက်က တနင်္ဂနွေမှပါ။ ငါ့သူငယ်ချင်းတွေကို မြင်ချင်လို့ ငါ စနေနဲ့ ရက်လဲယူပြီး စောင့်နေတာလေ။ ငါ့သူငယ်ချင်းတွေကို ငါလွမ်းနေတယ်။ ဒီလူတွေရော .. ငါ့ကို အမှတ်ရနေစဲလား .... နောက်ပြီး Coffee King နဲ့ Service + ၊ ၁၉ လမ်းက ညနေခင်းတွေ ... ဘယ်လိုပဲဖြစ်ဖြစ် ... ငါတို့သမိုင်းမှာ ဒီနေ့ကတော့ တကယ့်ကို ရာဇဝင်တွင်စေခဲ့ပြီလေ။

MBS အဖွဲ့ကြီးနှင့် Seminar ဖြစ်မြောက်အောင် အထူးကြိုးပမ်းကူညီပေးခဲ့ကြသော ရပ်ဝေး၊ ရပ်နီးမှ ဆရာသမား၊ သူငယ်ချင်း၊မိတ်ဆွေများအားလုံးကို အထူးပင်းလေးစားလျက် ကျေးဇူးတင်ပါကြောင်း။

Friday, August 24, 2007

ချစ်သူကို မွေးဖွားခဲ့တဲ့နေ့


ဒီနေ့ ခြူကလေးမွေးနေ့။ သိပ်သတိရနေတယ်။ ချစ်သူမွေးနေ့တိုင်း ချစ်သူ့ဘေးမှာ ရှိနေခွင့်ရပါစေလို့ ဒီမနက် ဘုရားမှာ ငါဆုတောင်းနေမိတယ်။ ဒီတရက်တော့ ငါ ရှိနေချင်တယ် ... ဒီလိုနဲ့ပဲ လွမ်းရင်း ... လွမ်းရင်း ...
ထုထည်မရှိတဲ့ အချစ်တွေ ငါ့ရင်နဲ့ အပြည့်ပဲလေ
(ငယ်လေး မွေးနေ့အတွက်ပါ)

Wednesday, August 22, 2007

ကိုဝေ၏ ဒီလိုလေးဆိုအဆင်ပြေမလား ? Post သို့

ကိုဝေ၏ ဒီလိုလေးဆိုအဆင်ပြေမလား ? Post သို့

ကိုဝေ - ကျွန်တော် ခင်ဗျားဘလော့ဂ်ကို လာလည်ဖြစ်ရုံသာမက လူချင်းလည်း အပြင်မှာ ဆုံဖူးပါတယ်။ မှတ်မိလားတော့ မသိဘူး။ ထားပါတော့။ ဘလော့ဂ်ဆိုတာ ရေးချင်တဲ့လူက ရေးချင်တာရေးခွင့်ရှိပါတယ်။ အခု ကိုဝေက ဆွေးနွေးကြပါဦးဆိုလို့ ကျွန်တော့် အမြင်လေးပေါ့ဗျာ။ စာလုံးကြီးတွေ၊ အင်္ဂလိပ်စာလုံးတွေတော့ ဖေါဖေါသီသီ မသုံးတတ်ဘူးဗျာ။

ခင်ဗျားက စက်သုံးလောင်စာတွေ ဈေးတက်တာကို လက်ခံနိုင်တယ်ပေါ့။ လက်ခံတဲ့ အကြောင်းက နိုင်ငံတကာဈေးထက်နည်းနေသေးတာရယ်၊ အပြင်မှောင်ခိုဈေးထက်နည်းနေသေးတာရယ်ကြောင့်တဲ့။ ဟုတ်လား။ ကိုနေဘုန်းလတ်ပြောသလို လောင်စာကတော့ နိုင်ငံတကာကို ရင်ဘောင်မတန်းနိုင်သေးလို့ ဈေးမြှင့်တယ်ဆိုရင် တစ်ဦးချင်း လစဉ်ဝင်ငွေကရော - တိုးမပေးသင့်ဘူးလား။ ခင်ဗျား လစဉ်ရနေတဲ့ ငွေက ဒေါ်လာနဲ့ဆို ဘယ်နှစ်ဒေါ်လာရှိလဲဗျာ။ ခင်ဗျားက မှောင်ခိုနဲ့ အစိုးရတန်းညှိချင်တဲ့လူဆိုတော့ ဒေါ်လာကို ဘယ်ဈေးနဲ့တွက်မှာလဲတော့ မသိပါဘူး။ ၁၃၀၀ ကျော်နေတဲ့ လူတိုင်းလက်ခံတဲ့ဈေးလား၊ အစိုးရ သတ်မှတ်ထားတဲ့ တစ်ရာအောက်က ဈေးလား။ ကိုယ့်ဟာကို တွက်ဗျာ။ ဒီတော့ ခင်ဗျားမှာ ကားတစ်စီးသာရှိမယ်ဆိုရင် ခင်ဗျားရတဲ့ လခနဲ့ ဓါတ်ဆီဈေး အဆင်ပြေလား။ တွေးပေါ့ဗျာ။ စက်သုံးလောင်စာဆီကို လိုသလောက်ရောင်းနိုင်မှတော့ မှောင်ခိုတွေ ပျောက်သွားတာ မထူးဆန်းပါဘူး။ အခုက လိုသလောက်ပေးမှာ မဟုတ်ဘူးနော် - ဂါလံ ၆၀ ကို ပဲ ဈေးတက်ဝယ်ရမှာ။ ခင်ဗျားလွဲနေတာ ရှိသေးတယ်။ မှောင်ခိုဆိုတာ အပိုသုံးဖို့လိုတဲ့လူ၊ အရေးကြီးလို့ သုံးချင်တဲ့လူပဲ ဝယ်တာဗျ။ ဆယ်ယောက်မှာ ခုနှစ်ယောက်မဝယ်ဘူး။ ဆိုင်ဆီကတော့ မဖြစ်မနေဝယ်ရတာ။ ဆယ်ယောက်လုံး ဝယ်ရတယ်။ အပြင်ဈေးတက်တာက သိပ်ပြဿနာ မဟုတ်ပေမယ့် တရားဝင်ဆီဈေးတက်တာက သိပ်ဆိုးပါတယ်။ ဒါကို ခင်ဗျားတစ်ယောက်ပဲ လက်ခံနိုင်တယ်ဆိုလို့ ကျွန်တော် အပြေးလာဖတ်တာဗျ။ နောက်တစ်ခုက ဂါလံ ၆၀ ဆိုတာ တကယ်သုံးနေတဲ့ ကားတွေမှာ ဘယ်လိုမှ မပိုပါဘူးဗျာ။ ခင်ဗျား ရပ်ကွက်ထဲက လူတွေ၊ အမျိုးတွေ မေးကြည့်ပါဦး။ ဆီထုတ်စားနေတဲ့ ကားမဟုတ်ဘူးနော်။ တကယ်သုံးနေတဲ့ ကားကို ပြောတာ။ လိုင်းကားနဲ့ အိမ်ကား ခွဲမယ်ဆိုတာကရော - ဘာကိုပြောတာလဲ။ နံပတ် အနီနဲ့ အနက်ကို ပြောတာလား။ စဉ်းစားပါဦးဗျာ။ နံပတ်အနက်စီးတိုင်း သူဌေးလို့ လို့တော့ မထင်နဲ့နော်။ လူအခွင့်အရေးမရလို့ တိုက်နေကြရတဲ့အထဲ ကားအခွင့်အရေးပါ ထပ်တောင်းဆိုဦးမယ့်ပုံပဲ။

ကဲ - ဆွေးနွေးပါဦးဆိုတဲ့ အပိုင်းလေးဗျာ။ ခင်ဗျားကတော့ ဘာစီးပွါးရေးပညာရှင်လဲ မသိပါဘူး။ ကျွန်တော်ကတော့ စီးပွါးရေးသမားမဟုတ်သလို ပညာရှင်လည်း မဟုတ်ပေဘူး။ ဒါပေမယ့် ဆွေးနွေးပါဆိုလို့ ပြောခွင့်ရရင် ပြောချင်တယ် - ခင်ဗျားဖြေရှင်းမယ့်နည်းလမ်းတွေက အရမ်း အိပ်မက်ဆန်တယ်။ ဒီအစိုးရလက်ထက်မှာ ခင်ဗျား ဒီလိုပြောတာ သိပ်စိတ်ကူးယဉ်ဆန်တယ်ဗျာ။ ဒီတော့ ခင်ဗျားပြော
တာတွေဟာ ဖြေရှင်းမယ့် နည်းလမ်းတွေလို့ ကျွန်တော်လုံးဝမယုံကြည်ကြောင်းပါ။ ကျွန်တော့် ဘလော့ဂ်မှာတော့ Cbox နဲ့ Comment တွေ မရှိဘူးဗျ။ ဒီတော့ ခင်ဗျား ဒီ Post နဲ့ ပတ်သတ်ပြီး ပြောချင်တာတွေရှိရင် ကျွန်တော့်ကို Gtalk မှာ Add ပြီးသာ စောင့်နေဗျာ။ လိပ်စာက oa6.mrpooh@gmail.com ။ ပြောကြတာပေါ့။

Thursday, August 9, 2007

ငါတို့ရဲ့ ... တာရာ


တို့တတ်နိုင်တာ ဒါပဲရှိတော့တယ်။ သွားတဲ့သူက သွားနှင့်ပြီ။ အကြွေစောတဲ့ ကြယ်ပွင့်တွေ ပင်လယ်နဲ့ အပြည့်ရှိနေပါတယ်။ အဲဒီထဲကို အလင်းဆုံး တာရာတစ်စင်းလည်း ပူးပေါင်းသွားခဲ့ ပြန်ပြီ။ ဒါပေမယ့် ဒီတာရာမရှိရင် တို့ကောင်းကင်မှာ ဘယ်တော့မှ နက္ခတ်တွေ စုံတော့မှာ မဟုတ်ဘူး။ အစားလည်း မရနိုင်တော့ဘူး။ သူ့အလင်းတွေကို ရေတွက်ကြလို့ မပြီးခင်မှာပဲ အမှောင်တွေနဲ့ အစားထိုး ပေးလိုက်ပြန်တယ်။ သူ့သတင်းတွေ ကြားချင်နေတုန်းမှာပဲ တင်းတိမ်ပေးလိုက်ရပြန်တယ်။ အထိမ်းအမှတ်နဲ့ ထိုက်တန်လွန်းတဲ့ တာရာတစ်စင်းအတွက် ကောင်းခြင်းတွေပဲရအောင် တို့ဆုတောင်းကြမယ်။ သူ့အကူအညီတွေနဲ့ လှပခဲ့တဲ့ စကားလုံးတွေကို သူ့ကိုနှုတ်ဆက်ဖို့ပဲ သုံးကြရအောင်။ တို့ငိုတဲ့ စာသားတွေ၊ ကဗျာတွေ၊ လေပြေတွေကြောင့် သူငြိမ်းချမ်းစေသား။ တို့တတ်နိုင်တာ ဒါပဲရှိတော့တယ်။ တို့အားလုံး တစ်ခွန်းလောက်တော့ လွမ်းကြစို့ရဲ့။

အိုအေစစ်မှ အိုအေခြောက်

ကျွန်တော့် အိုအေစစ်လည်း မစိုပြေတော့ဘဲ ခမ်းခြောက်သွားလို့ အိုအေခြောက်လိုတောင် ဖြစ်နေလောက်ပြီ ထင်ပါတယ်။ သိကြတဲ့အတိုင်း ကျွန်တော်လည်း ပျော်ရာမနေရ၊ တော်ရာနေရ ဆိုသလို အသိုက်ပြောင်းလာလို့ ဒေသခံ ဘလော့ဂ်ဂါတွေနဲ့ စုံလိုက်၊ အလုပ်ကလေးပြေးလိုက်၊ အချိန်ရတာနဲ့ သူငယ်ချင်း စီဗုံးတွေလိုက်အော် လိုက်နဲ့ပဲ အချိန်ကုန်သွားတယ်။ ကိုယ့် Blog ကလည်း အတတ်ဆန်းပြီး ဒုက္ခိတလို လုပ်ထားတော့ သူများမပြောနဲ့ ကိုယ့်ဟာကိုယ်တောင် မရောက်ဖြစ်ဘူး။ ပို့အသစ်တင်ဖို့ကတော့ ခေါင်းစဉ်ကို ရှာမရဘူးဖြစ်နေတယ်။ ပျက်ကွက် တာတွေလည်း များလှပါပြီ။ တာရာမင်းဝေ သေတယ်၊ ဘာပို့စ်မှ မတင်နိုင်လိုက်ဘူး။ ရှစ်လေးလုံး - ဆေးစစ်ချက် အဖြေရမယ်ဆိုလို့ အလုပ်များနေလိုက်တာ ခေါင်းငုံ့ပြီးတောင် အလေးမပြုလိုက်ရဘူး။ ပို့စ်တင်ဖို့ကတော့ အတော်ဝေးသွားတယ်။ မောင်ပွတ် အချိုးပြောင်းသွားတာ မဟုတ်ပါဘူးဗျာ။ အချိန်လု နေရလို့ပါ။ ဘယ်သူနဲ့ လုနေရမှန်းတော့ မသိဘူး။ လုတော့ လုနေရတယ်။ ငိုပြရရင် ကွန်ပျူတာကလည်း မရှိသေးဘူးလေ။ အပေါင်းအသင်းတွေကို ရန်ကုန်က သယ်လာတဲ့ အစာခြောက်ကလေးတွေနဲ့ ဖားပြီး ကွန်ပြူတာလေး ခဏ ပေးသုံးပါဆိုပြီး သုံးနေရတဲ့ဘ၀ပါဗျာ။ တကယ်ဆို ရန်ပုံငွေ တောင့်တင်းလာပြီဖြစ်တဲ့ MBS က အဝေးရောက် Blogger ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ရန်ပုံငွေဆိုပြီး ကျွန်တော်တို့လို ကွန်ပြူတာမဲ့ သတ္တဝါလေးတွေ Blog အသက်ဆက်နိုင်ဖို့ Lenovo လေးတွေ ဝယ်ယူထောက်ပံ့သင့်တယ်လို့ အကြံပြူပါရစေ။ အသင်းဝင်ကြေးကိုလည်း အကြွေးမှတ်ထားသင့်ပါတယ်။ စတာပါ။ ( တကယ်ဆိုလည်း ရမှာမှ မဟုတ်တာ ) ဘာပဲပြောပြော ဝါသနာကို တားမရလို့ မကြာခင်မှာပဲ ပုံမှန်နီးပါး ပြန်ရေးတော့မှာဖြစ်သလို ဒုက္ခိတဖြစ်နေတဲ့ အိုအေခြောက်ကိုလည်း ပြင်ဆင်ပါတော့မယ်လို့ အကြောင်းကြားရင်း Post တစ်ခုဖြစ်အောင် ညှစ်ထုတ်လိုက်ပါတယ်ဗျာ။

Sunday, August 5, 2007

Sunday Seminar Meeting သို့

တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပုံဖေါ်ဖို့ ကြိုးစားနေတဲ့ MBS ဟာ အခုဆို လူတွေရှေ့ကို ချပြဖို့ နောက်ဆုံးအဆင့်အထိ ရောက်လို့လာခဲ့ပါပြီ။ မမြင်ရတဲ့ အခြေအနေတစ်ခုကနေ ဆက်နွယ်ပြီး ခင်မင်လာတဲ့ သူငယ်ချင်းတွေဟာ အခုလို ခမ်းနားတဲ့ Seminar ကြီးတွေ ဦးစီးကျင်းပတတ်ရုံသာမက နောက်ဆက်တွဲ MBS Portal နဲ့ Blog Book တွေကို တာဝန်ယူ ထုတ်လုပ်နိုင်တယ်ဆိုတာ Online Community နဲ့ နီးစပ်သူရော၊ ဝေးကွာ နေသူတွေပါ သိသာ၊ မြင်သာလာပါတော့မယ်။ ဒါကြောင့် ဒီ Seminar ကြီးဟာ ကျွန်တော်တို့ရဲ့ ပွဲဦးထွက်ဖြစ်သလို Blogger တွေရယ်လို့ အခိုင်အမာရပ်တည်နိုင်ဖို့ ပထမဆုံး ခြေလှမ်းလည်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ရန်ကုန်နဲ့ ရန်ကုန်ပြင်ပက သူငယ်ချင်းအားလုံး တက်ကြွပြီး အချိန်ပေးနိုင်တဲ့လူတွေကလည်း တတ်နိုင်တဲ့ဘက်က ကူညီနေတယ်လို့ သိရပါတယ်။ မနက်ဖြန်ကျင်းပမယ့် အစည်းအဝေးကတော့ Seminar ကိစ္စအတွက် နောက်ဆုံးကျင်းပမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တာဝန်ယူမယ့်လူတွေပဲ ဆက်လက်ကိုင်တွယ်သွားကြမယ်လို့ ကိုနေဘုန်းလတ်က ပြောပါတယ်။ ဒီလိုဆို မနက်ဖြန် အစည်းအဝေးက အချိန်ကို အကျိုးရှိစွာ အသုံးချပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေချရတော့မယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ ကျွန်တော်တို့ လုပ်ဖို့ ကျန်နေသေးတယ်လို့ ထင်တာလေးတွေ ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံရင်း ဒီ Post လေးတင်လိုက်ပါတယ်။

(၁) Logo & Slogan
ဒီကိစ္စကတော့ ဖိုရမ်မှာ ကျွန်တော်ပြောပြီးသားဖြစ်လို့ အထူးမပြောလိုပါဘူး။ တကယ်စီစဉ်ကြမယ့်လူတွေနဲ့ Logo တွေ ဆက်တိုက်ဆွဲတင်ကြမယ့် Online User တွေအကြား အဆင်ပြေတဲ့အချိန်အတိအကျ သိရရင် ဖြစ်ပါတယ်။

(၂) ဖိတ်စာ၊ Flyer၊ Booklet နှင့် Vinyl Designs များ
ဒီကိစ္စအတွက်ကတော့ Logo ပြတ်အောင် စောင့်နေလို့ မရပါဘူး။ လက်ရှိတစ်ခုကို အကြမ်းလက်ခံပြီး Frame ချထားမယ်၊ အတွင်းအပြင်စာတွေ စီထားကြမယ်၊ ကျင်းပမယ့် အစီအစဉ်ဇယားတွေ တခါတည်း ဖေါ်ပြဖို့လုပ်ထားကြမယ်ဆိုမှသာလျှင် မီကောင်းမီပါလိမ့်မယ်။ နောက်တစ်ခုက ဘာတွေ ဘယ်နှစ်ရွက်ဝေမလဲ၊ Vinyl Board ဘယ်နှစ်ခုထောင်ပြီး ဘယ်နှစ်ခု ချိတ်မလဲ .. ဒါတွေလည်း ဆုံးဖြတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ဒီထက်မှ အသေးစိတ်ရင် စာရွက်တွေက ဘယ်ဆိုက်ဒ်လဲ၊ Vinyl တွေကဘယ်ဆိုက်ဒ်လဲ၊ အခမ်းအနားနောက်ခံဘုတ်က စာက ဘာတွေရေးမှာလဲ … ဒါတွေက နောက်မှပြောကြမယ်လို့ ပြောလို့မရတော့ပါဘူး။ ဆုံးဖြတ်ဖို့ လူစုတာဖြစ်လို့ ဆုံးဖြတ်ပေးပါ။ ပြီးမှသာ တာဝန်ယူမယ့်လူက ဆက်လုပ်မှာဖြစ်ပြီး အခက်အခဲကို ပြန်တင်ပြပေးပါလိမ့်မယ်။ ဒီအတွက်တွေကို Design ကျွမ်းကျင်တဲ့ ကိုဖြိုး၊ ကိုချမ်းမြေ့၊ DTP ဆယ်နှစ်လုပ်ခဲ့တဲ့ ကိုစစ်အိမ်၊ ဂျာနယ်နဲ့ Publishing အတွေ့အကြုံများတဲ့ ကိုစိုးဇေယျတို့ ကူညီပေးကြပါလားဗျာ။ နောက်တစ်ခု အဲဒီအတွက် Sponsor နဲ့ Budget ကိုပါ တခါတည်း ချပေးလိုက်နိုင်ရင် ပိုကောင်းပါတယ်။

(၃) ဖိတ်ကြားရေးနှင့် နေရာချထားရေး
လာတာ မလာတာထက် လူကြီးလူကောင်းတွေ၊ Sponsor Companyတွေ၊ M.D တွေ၊ CEO တွေ၊ Marketing Manager တွေနဲ့ အဖွဲ့အစည်းဥက္ကဌတွေ၊ ကျောင်းအုပ်ကြီးတွေကို ဖိတ်ရပါလိမ့်မယ်။ သူတို့ကိုရော ဘယ်လိုဖိတ်စာမျိုးနဲ့ ဖိတ်မလဲ … အားလုံးအတူတူပဲလား။ နောက် .. ဘယ်သူကဖိတ်ပေးမလဲ။ ဒါလေးတွေညှိကြည့်ပါဦးနော်။ နောက်တစ်ခု ပွဲနေ့ရောက်ရင် ဘယ်သူက ခရီးဦးကြိုပြုမလဲ။ အရေးကြီးတာ တစ်ခုရှိပါသေးတယ်။ ဖိတ်ကြားလို့ တက်ရောက်လာတဲ့ ဧည့်သည်တွေအနားမှာ ကျွန်တော်တို့လူရင်း တစ်ယောက်၊ နှစ်ယောက်က ထိုင်နေပေးရမှာပါ။ ဒါကလည်း ထုံးစံပါပဲ။ Special Seat Sofa တွေမှာပါ။ ဒါမှသာ လူကြီးတွေ သိလိုတာကို ရှင်းပြနိုင်သလို၊ ရင်းနှီးမှုလည်းရပြီး ရှေ့ဆက်မယ့် အလုပ်တွေမှာ ပူးပေါင်းလို့ရမှာပါ။ ဒါကလည်း အရေးပါပါတယ်။ နားထောင်ရုံရုံသက်သက်လာတဲ့ ပရိသတ်ကိုလည်း နောက်လူလာရင် အဆင်ပြေအောင် ကိုယ်တွေက တခါတည်း နေရာချပေးရမှာ ဖြစ်ပါတယ်။ ဒီနံပတ်သုံးကို တာဝန်ယူမည့်လူတွေက ခမ်းမအတွင်း ခုံနေရာချထားရေးနဲ့ Stage ပြင်ဆင်ရေး၊ ခမ်းမအပြင်ဘက် Register Table နေရာချထားမှုကိုပါ ပူးတွဲဆောင်ရွက်ပေးသင့်ပါတယ်။ အစစအရာရာ အဆင်ပြေအောင်ဆိုပြီး ၅ နာရီကြာကျင်းပမယ့် အခမ်းအနားအတွက် ၁၀ နာရီစာ ငွေကုန်ခံယူထားပြီးပြီပဲ။ အားလုံးအဆင်ပြေလောက်ပါတယ်။

(၄) သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာနှင့် သတင်းထည့်သွင်းခြင်း
အစကတော့ ဒီကိစ္စကို ကိုစိုးဇေယျတတ်နိုင်သလောက် ကူညီပေးမယ်လို့ သဘောတူထားပါတယ်။ လက်ရှိအခြေအနေအရ သူကူညီဖို့ တတ်နိုင်သေးသလား။ တတ်နိုင်ရင်တော့ တအားပေါ့ဗျာ။ မလုပ်ခင်နှစ်ပတ်အလိုမှာ သတင်းထည့်မှာဖြစ်ပြီး တစ်ပတ်အလိုမှာ ဖိတ်စာတွေထည့်မယ်လို့ စဉ်းစားထားကြဖူးပါတယ်။ ဘယ်ဂျာနယ်တွေမှာ ထည့်မလဲ၊ ငွေကုန် ဘယ်လောက်ခံမလဲ၊ ဘယ်လိုရေးကြမလဲဆိုတာ သိပ်အရေးပါနေပါတယ်။ ဒီကိစ္စကို တခါတည်း ဆုံးဖြတ်ပေးသွားကြပါ။ အဲဒီကြော်ငြာအမီ Logo & Slogan ကပြီးဖို့ လိုအပ်နေတာကိုလည်း သတိပြုပါနော်။


(၅) Sponsor များနှင့် ၄င်းတို့ဧ။် အခွင့်အရေးများ
လက်ရှိမှာ သံလွင်အိပ်မက်အပါအ၀င် ထောက်ပံ့ပေးထားအတဲ့အဖွဲ့အစည်းက အနည်းဆုံး ၃ ခုလောက်ရှိနေတယ်လို့ သိရပါတယ်။ သူတို့ထဲမှာ ဘယ်သူက Main Sponsor လဲ၊ အားလုံးအတူတူပဲလား၊ နောက်ပြီး ထည့်ဝင်ငွေပေါ်မူတည်ပြီး သူတို့လုပ်ပိုင်ခွင့်က ဘယ်လိုပေးမလဲ၊ ခမ်းမအတွင်း ကြော်ငြာခွင့်တွေရှိသလို ခမ်းမအပြင်မှာ လက်ကမ်းစာစောင်ဝေတာမျိုးတွေလည်းရှိနေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ MBS က ပုံနှိပ်မယ့် စာရွက်စာတမ်းတွေနဲ့ တီရှပ်၊ အခမ်းအနား Signboard နဲ့ ဂျာနယ် ကြော်ငြာတွမှာရော ဘယ်လိုပါဝင်ကြမလဲ ဆိုတာ တိတိကျကျဆုံးဖြတ်ပေးပါလို့ တောင်းဆိုလိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာ Company တွေကလည်း ပြင်ဆင်ချိန်ရမှာပါ။

(၆) ရန်ကုန်ပြင်ပမှ Blogger များကို ဖိတ်ကြားခြင်းနှင့် ရန်ပုံငွေ အခြေအနေ
Blogger အားလုံးနဲ့သက်ဆိုင်တာဖြစ်လို့ အားလုံးပဲ လာရောက်နိုင်အောင် လိုအပ်ရင် လမ်းစရိတ်ကို သင့်တော်သလိုကျခံပြီး ရန်ကုန်ပြင်ပက သူငယ်ချင်းတွေကို ဖိတ်ကြားမယ်လို့လည်း သိရပါတယ်။ ဒီအစီအစဉ်ဟာ အလွန်ပဲလျော်ကန်သလို အားလုံးချစ်ကြည်မှုရစေမယ့် နည်းလမ်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဖြစ်ရမှာပါ။ ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားတဲ့ ရန်ပုံငွေတွေဟာ ဒီပွဲမှာပဲ အကုန်ဖြုန်းဖို့မဟုတ်ဘဲ နောက်လာမယ့် အစီအစဉ်တွေဖြစ်တဲ့ Portal ၊ စာအုပ်နဲ့ စာအုပ် Promotion ပွဲအတွက်လည်း Backup လုပ်ထားသင့်ပါတယ်။ ဒါကြောင့် အသေအချာချိန်ဆပြီးမှသာလျှင် ထုတ်ပြန်ကြေငြာပေးစေလိုပါတယ်ဗျာ။

(၇) တူညီဝတ်စုံများ
လက်ရှိမှာ တူညီဝတ်စုံကို တီရှပ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကုန်ကျစရိတ်အရ အဆင်ပြေနိုင်ပေမယ့် လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါ Respect မပေးမိသလိုများ ဖြစ်နေမလား စဉ်းစားမိပါတယ်။ တီရှပ်ဝတ်ရမှာ ဖြစ်လို့ ယောကျာ်းဆို ဘောင်းဘီ၊ ဘောင်းဘီတောင် စတိုင်ဘောင်းဘီမဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ မိန်းကလေးကလည်း ထမီဖြစ်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ ဒါက အဆင်ပြေမလားဆိုတာ စဉ်းစားပေးကြပါ။ နောက်တစ်ခုက ဘယ်သူတွေက ဒါကိုဝတ်ကြမလဲ။ Blogger အားလုံးလား၊ တာဝန်ရှိသူတွေပဲလား။ ၀ယ်ရမှာလား၊ အလကားလား။ ဟောပြောမယ့်လူတွေကလည်း အဲဒီ တီရှပ်တွေနဲ့ပဲလား။ လူကြီးတွေ အနားမှာ သွားထိုင်မယ့် လူရင်း Blogger တွေကရော တီရှပ်တွေနဲ့ပဲလား။ ဒါလေးတွေ ချိန်စေချင်ပါတယ်ဗျာ။ ခဏလောက်တော့ ဆွေးနွေးပြီး မြင်ယောင်ကြည့်ပေးပါ။

(၈) တာဝန်ခွဲဝေ ထမ်းဆောင်ခြင်း
ကျွန်တော်သတိရတာတွေ တင်ပြထားသလို ကျန်နေသေးတာတွေလည်း ရှိပါလိမ့်မယ်။ ဒါဆို အဲဒီတာဝန်တွေကို ဘယ်သူလုပ်မလဲ။ ဘယ်သူက ဘယ်အပိုင်းကို အပီအပြင်တာဝန်ယူပြီး ပြီးပြတ်အောင်လုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်။ စဉ်းစားမိသလောက်တော့ ဒီတာဝန်တွေရှိတယ်ဗျာ။
ပထမပိုင်းက ပွဲမတိုင်ခင်ပေါ့ဗျာ။

(က) ခမ်းမငှါးရမ်းခြင်း
(ခ) လိုအပ်သောစာရွက်စာတမ်းများကို စီစဉ်ခြင်း (Logo, Slogan, Flyer, Vinyl, Invitation Card, etc)
(ဂ) ဖိတ်ကြားခြင်း
(ဃ) (လုပ်ဖြစ်ပါက) တူညီဝတ်စုံများ စီစဉ်ခြင်း
(င) Sponsor များနှင့် အသေးစိတ် ညှိနှိုင်းခြင်း
(စ) ဟောပြောမည့် ခေါင်းစဉ်အလိုက် စာတမ်းများနှင့် Power Point များရေးသား အတည်ပြုခြင်း
(ဆ) အခမ်းအနား အစီအစဉ်နှင့် ဟောပြောမယ့်လူများ တိကျစွာ သတ်မှတ်ခြင်း

ပွဲမတိုင်ခင်တော့ ဒီလောက်ပဲ ထင်ပါတယ်။ ပွဲနေ့ကျရင်တော့ ဒါတွေရှိလာမယ်ဗျာ။

(က) Register Table တွင် နေရာယူခြင်း
(ခ) ဧည့်သည်နှင့် အထူးဧည့်သည်များကို ကြိုဆိုခြင်း (တံဆိပ်များ ရင်ဘတ်တွင် ကပ်ကြဦးမလားမသိ)
(ဂ) အခမ်းအနား အပြင်အဆင်နှင့် လျှပ်စစ်၊ Network ကိစ္စများတာဝန်ယူ ကြီးကြပ်ခြင်း
(ဃ) ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်း
(င) အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ခြင်း
(စ) ဟောပြောခြင်းနှင့် မေးခွန်းများ ဖြေကြားပေးခြင်း
(ဆ) (ထည့်သွင်းဖြစ်ပါက) Interview Section အတွက် အမေးအဖြေလုပ်ပေးခြင်း

ဒီလောက်တော့ တွေးမိတယ်ဗျာ။ ကျန်ဦးမှာပါ။ မောင်ပွတ်တို့တော့ ကိုယ်တိုင်ဝင်ပြီး နှမ်းမဖြူးရတာနဲ့ တကယ်လုပ်နေတဲ့လူတွေကို အာရုံလာနောက်သွားပြီ။ စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်တင်ပြထားတဲ့အထဲမှာ အပိုကြီးတွေလည်း ပါချင်ပါမယ်ဗျာ။ ဒါပေမယ့် သေချာတာက ဒီအစည်းအဝေးမှာမှ ဒါတွေ အတည်မပြုလိုက်ရင်၊ တာဝန်ခွဲမပေးလိုက်ရင် ခမ်းမကြီး တနေကုန်ငှါးထားလည်း ကသောင်းကနင်းဖြစ်ဖို့ များနေပါလိမ့်မယ်။ သူများပိုက်ဆံတွေ (Sponsor) လည်းပါလို့ အမှားအယွင်းမဖြစ်ဖို့၊ မလစ်ဟာဖို့ အရေးကြီးတယ်လို့ မြင်လို့ အခုလို ရှည်ရှည်လျားလျား တင်ပြပေးလိုက်တာပါ။ ရလဒ်တွေကို ဖိုရမ်မှာ စောင့်ဖတ်နေပါ့မယ်။ အထူးပဲ ကျေးဇူးတင်ပါတယ်။


P.S ဖိတ်ကြားရမယ့် ဧည့်သည်နဲ့ စာနယ်ဇင်းတွေကို စာရင်းလုပ်ဖို့ ကိုညီညီက ဖြည့်စွက်ပေးသွားပါတယ်။ ကျေးဇူးပါ။

Friday, August 3, 2007

သီချင်းဟောင်းတစ်ပုဒ်

ညက YouTube မှာ ဟိုရှာ ဒီရှာလုပ်ရင်း ဒီ Clip လေးတွေ့လို့ Share ပေးလိုက်ပါတယ်။ အခုတော့ ပျောက်ကွယ်နေပြီ ဖြစ်ပေမယ့် တချိန်ကတော့ ဒီသီချင်းလေးကြားရင် မျက်ရည်တောင် လည်ခဲ့ကြပါတယ်တဲ့။ တင်ပြီးသား မိတ်ဆွေတွေလည်း ရှိချင်ရှိမှာပါ။ ကျွန်တော်ကတော့ ခုမှ တွေ့လို့ပါ။


Blog Times လာမည် .. ကြာမည်

ကျွန်တော်များ Blog Times ရုံးစိုက်ရာ ဒူဘိုင်းမြို့တွင် ကမ္ဘာ့ပဒေသရာဇ်ဘုရင်များ အစည်းအဝေးကျင်းပရန် ရှိနေပါသည်။ အစည်းအဝေးသို့ ကမ္ဘာတလွှားမှ ဘုရင်မင်းမြတ်များ၊ ဘုရင်မကြီးများ၊ ဥပရာဇာအိမ်ရှေ့မင်းသားများ လာရောက်ကြမည်ဖြစ်ပြီး အစည်းအဝေးအတွက် သတင်းစာရှင်းလင်းပွဲကို Blog Times H.Q , Room #293 – 3987 တွင် ကျင်းပမည်ဖြစ်သဖြင့် အဆိုပါရက်များတွင် သတင်းစာအလုပ်များကို ရပ်နားပေးထားမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က ကြုံသလိုထုတ်ဝေနေသော Blog Times သတင်းစာသည် ကြေငြာထားခြင်းမရှိသောရက်ထက် အကန့်အသတ်မရှိ နောက်ကျမည်ဖြစ်ပြီး ထွက်ပြီဟု ပြောသောနေ့တွင် တိကျသေသပ်စွာ ထွက်လာဦးမည်ဖြစ်ပါသည်။ စာမျက်နှာတိုင်းကို အဖြူအမည်း 4 Colour ဖြင့်လည်းကောင်း၊ ဓါတ်ပုံများကို လေးထောင့် အနေအထားဖြင့်လည်းကောင်း၊ မြန်မာစာများကို စာလုံးအ၀ိုင်းများဖြင့်လည်းကောင်း ပြင်ဆင်ထုတ်ဝေမည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း အရင်ကထက် 0.3 % လျော့ပေးမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

Tuesday, July 31, 2007

တော်စမ်းကွာ

ငါက ထမင်းကျွေးနေတာ …
ပြန်ကိုက်ရအောင် မင်းက ခွေးလား …
ပင်လယ်ရေ မကုန်မှန်းသိတယ်
ဒါပေမယ့်
ငါခပ်နေတဲ့ ခွက်ကိုမှ လာလုတာကို…

ရှက်တတ်ရင် သေလို့ရတယ်
မင်းသမိုင်းနဲ့ တန်တာကိုပေးရင်
အဲဒီချောင်ထဲ ပိတ်သာနေ ..
မြောင်းလေးဖက်ပါ ဖောက်ပေးခဲ့မယ်

ရှုံးတော့မှ ပြန်စရအောင်
ငါတို့က အံစာခေါက်နေတာမဟုတ်ဘူး
မင်းတစ်ယောက်နဲ့ ထူးမလေးလို့
အရူးလေးဆိုပြီး ကြည့်နေတာ
တော်စမ်းကွာ …
မင်းအသားခါးလို့ ငါမစားတာ
တရားဟောမရရင်
မင်းတို့သဘော ငါလိုက်မယ် …
ရှုံးတဲ့ကောင် စာမရေးကြေး ….

Sunday, July 22, 2007

ချစ်သူ့ကဗျာ ...

လတ်တလော...

Friday, July 20, 2007

၁၅ ခုမြောက် မှတ်တိုင်

လူတိုင်းမှာ Personal Feeling လေးတွေရှိတတ်ပြီး တခါတလေတော့လည်း အဲဒါလေးတွေကို အမှတ်တရ ရေးထားချင်မိတယ်ဗျာ။ ဒီပို့စ်လေးကတော့ အများနဲ့ သိပ်မဆိုင်လှတဲ့ ကျွန်တော့် Personal စစ်စစ်ပါ။

အိမ်မှာ Offline ဖြစ်နေပေမယ့် Gtalk လေးတော့ ဖွင့်ထားမိတယ်။ ငယ်များ “ Hi ” လို့ လှမ်းခေါ်မလားလို့လေ။ သိပ်သတိရတာပဲ ငယ်ရယ် … ကို့ကို ၈ လလုံးလုံး ယုံယုံကြည်ကြည်နဲ့ အလိုလိုက်နားလည်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ (၂၀.၁၂.၀၆)

ဒီ ၉ လအတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ၊ အကောင်းအဆိုးအားလုံးဟာ ငယ့်အတွက်တော့ Sweet Memory ပါ။ နောက်လတွေ၊ နှစ်တွေ ဘယ်လောက်ကြာတဲ့အထိ ငယ်တို့ အတူရှိနေနိုင်ဦးမလဲ ? ငယ်ကတော့ ဖြစ်နိုင်ရင် အမြဲတမ်း ကို့ဘေးမှာ လက်တွဲပြီး ရှိနေချင်ပါတယ်။ (၂၀.၁.၀၇)

အခုလို ပျော်စရာကောင်းတဲ့ ကိုတို့ ၁၀ လပြည့်အထိမ်းအမှတ်နဲ့ Valentine Day အခါသမယမှာ နားလည်မှုတွေ၊ အနစ်နာခံမှုတွေနဲ့ အပြစ်ကင်းကင်းတည်ဆောက်ထားတဲ့ ကိုတို့ရဲ့ သန့်စင်တဲ့အချစ်စစ်တွေ နောင်နှစ်ပေါင်းရာထောင်ချီတည်တံ့ပါစေလို့ ဆုတောင်းသလို ကိုတို့ကိုချစ်တဲ့၊ သံယောဇဉ်ရှိတဲ့ မိသားစု၊ သူငယ်ချင်း အားလုံး ပျော်ရွှင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းကြပါစို့လား။ (၁၄.၂.၀၇)

ငယ်တို့ ချစ်သူဖြစ်တာ တစ်နှစ်ရှိသွားပြီနော်။ ငယ့်ဘဝတလျှောက်လုံး ကိုနဲ့ပဲ နေချင်ပါတယ်။ အခက်အခဲတွေ ရှိလာရင်လည်း တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းပြီး ရှေ့ဆက်ကြမယ်။ ငယ်တို့ လမ်းမခွဲကြေးနော်။ (၂၀.၄.၀၇)


ကို ငယ့်ကို သစ္စာရှိရှိနဲ့ ချစ်နေမယ်ဆိုတာကို ဒီအချိန်မှာ အသက်နဲ့ ထပ်တူ ကတိပေးပါတယ်။ ငယ်တစ်ယောက်တည်းအနားမှာ ထာဝရရှိနေပေးမှာပါ။ ပျော်ရွှင်စရာကောင်းတဲ့ ပထမဆုံးချစ်သူနှစ်ပတ်လည်နေ့ကို ကိုနဲ့အတူ ငယ်လေးပိုင်ဆိုင်နိုင်ပါစေလို့ ကိုဆုတောင်းတယ်။ (၂၀.၄.၀၇)

ကို့မှာအပြစ်ရှိရင်လည်း ငယ်ကခွင့်လွှတ်ပေးမယ်၊ ငယ့်မှာအပြစ်ရှိရင်လည်း ကိုကခွင့်လွှတ်ပေးနော်။ လတွေ၊ နှစ်တွေ ကြာလာတာနဲ့အမျှ ငယ်တို့အချစ်တွေ ပိုခိုင်မြဲလာအောင် သံယောဇဉ်တွေနဲ့ ထပ်တိုးချည်နှောင်သွားကြရအောင်နော်။(၂၀.၅.၀၇)

အနှိုင်းမဲ့ … ဟုတ်တယ်… ငယ်ကို့ကို ချစ်သလိုချစ်နိုင်မယ့်လူ တုယှဉ်နှိုင်းစရာမရှိနိုင်ပါဘူး။ ငယ်ဟာ ကို့အတွက်တော့ တကယ့်ကို အနှိုင်းမဲ့ပါပဲ။ ၁၅ လပြည့်ကနေ နောက်နှစ်ပေါင်းများစွာ ကိုတို့အတူရှိနေဦးမယ်ဆိုတာ သံသယမရှိလိုက်ပါနဲ့နော်။ အခုလိုပဲ ပျော်ရွှင်ငြိမ်းချမ်းတဲ့ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းသွားကြရအောင်လား ငယ်ရယ်။(၂၀.၇.၀၇)



Monday, July 16, 2007

နယ်ခြားမဲ့ Blogger များ ဖြစ်နိုင်ပါစေ

နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၏ နာရေးသတင်းကြောင့် တစ်စောင်မကျန်ရောင်းလိုက်ရသော မြန်မာဘာသာဖြင့်ထုတ်ဝေသည့် မြန်မာတိုင်း(မ်)သတင်းစာ တစ်စောင်ကို ကံကောင်းထောက်မစွာဖြင့် ကျွန်တော်ဝယ်နိုင်ခဲ့သည်။ နာရေးသတင်းအချပ်ပိုနှင့်အတူ စိတ်ဝင်စားဖွယ်သတင်းများစွာကို ဖတ်လိုက်ရသည်။ စာမျက်နှာတစ်ခု၏ ဘယ်ဘက်အောက်ထောင့်လေးတွင်တော့ ခပ်သေးသေးရေးထားသော ကျွန်တော် (ကျွန်တော်တို့)နှင့် ဆိုင်သော သတင်းတစ်ပုဒ် ပါလာသည်ကိုတွေ့မိသည်။

မန္တလေးမြို့တွင် မန္တလေး MCPA မှကြီးမှူးကျင်းပမည့် Blog အကြောင်းဟောပြောပွဲ Seminar သတင်းပင်ဖြစ်သည်။ “ Everything is bloggable ” ဆိုသည့် ခေါင်းစဉ်နှင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဟောပြောမည်ဟု ကြေငြာထားပြီး မည်သူကဟောပြောမည် ဆိုသည်ကိုတော့ ရေးသားထားခြင်းမပြုပေ။ တကယ်တော့ ထိုသတင်းသည် Blog လေးတစ်ခု ဖန်တီးရေးသားနေသော ကျွန်တော့်အတွက်တော့ ဝမ်းသာစရာ သတင်းကောင်းပင်ဖြစ်သည်။ ကြိုဆိုရမည်လည်းဖြစ်သည်။ သို့သော် ကျွန်တော့်စိတ်ထဲတွင် တစုံတခုလိုအပ်နေသလို ခံစားမိသည်။ ထို့အပြင် ကိုယ်နှင့်ဝေးသော၊ ကိုယ်မသွားနိုင်သော နေရာတခုလိုလည်း ထင်နေမိသည်။ အမျိုးတစ်ယောက်အလှူရှိသည်ကို သိသော်လည်း ကိုယ့်မဖိတ်သဖြင့် မသွားရသလို မဆီမဆိုင် ခံစားနေမိသည်။ တကယ်တော့ Open Seminar ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်သော၊ ပါဝင်မေးမြန်းနိုင်သောပွဲလေးပင် ဖြစ်ပေလိမ့်မည်။ ကျွန်တော့်ဘာသာ ကျွန်တော်ခံစားနေမိခြင်းပင် ဖြစ်ပါသည်။

တကယ်တော့ မန္တလေးနှင့် ရန်ကုန်သည် စင်ကာပူနှင့်ရန်ကုန်၊ မလေးရှားနှင့်ရန်ကုန်လောက်တော့ ဝေးဟန်မတူ။ ကျွန်တော်တစ်ဦးတည်း အမြင်အရ ရန်ကုန်နေ Blogger များနှင့် မန္တလေး အခြေစိုက် Blogger များ စိမ်းလွန်းသည်ဟု ထင်သည်။ မှားကောင်း မှားနိုင်သော်လည်း ရင်းနှီးသော ဆက်ဆံမှုများကို ကျွန်တော် Blog စရေးသော ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ မမြင်မိပါ။ ကျွန်တော် Blog လေးတစ်ခု စဖန်တီးဖြစ်တော့ အခြား Blog များလိုပင် သူငယ်ချင်း Blog Link များကို Side Bar တွင် အရှည်ကြီးရေးထားချင်မိသည်။ ထို့ကြောင့် ကျွန်တော် သွားလည်ဖြစ်သော Blog များတွင် Comment ရေးကာ ရင်းနှီးစေပြီး Link တင်ထားခွင့်တောင်းခဲ့ဖူးသည်။ ထိုအထဲတွင် မန္တလေးအခြေစိုက် နာမည်ကြီး Blogger များလည်း ထိပ်ဆုံးကပါဖူးသည်။ သူတို့ထဲက တစ်ယောက်ဆိုလျှင် ကျွန်တော်အလေးစားဆုံး Blogger များအနက်မှ တစ်ယောက်ဖြစ်သည်။ သို့သော် … တစုံတရာ ပြန်ကြားပေးခြင်း မရှိသလို ကျွန်တော့် အိုအေစစ်တွင်လည်း ၄င်းတို့ပြန်လည် ရောက်ရှိခဲ့ကြောင်း ခြေရာလက်ရာ မကျန်ခဲ့ပေ။ အင်္ဂလန်မှ၊ စင်ကာပူမှ၊ အမေရိကန်မှ Blogger များသာ အားပေးကူညီခဲ့ကြသည်။ ရန်ကုန်မှ သူငယ်ချင်းများကတော့ ပြောဖို့ကို မလိုပါ။ ထို့ကြောင့် ကျွန်တော့်တွင် မန္တလေးမှ Blogger မိတ်ဆွေမရှိသေးပေ။ တကယ်တော့ နယ်မြေပိုင်းခြားရန်ခက်သော Online Community တွင် ရန်ကုန်တွေ၊ မန္တလေးတွေ၊ စင်ကာပူတွေ ခွဲနေရန်မလိုဟု ကျွန်တော်လေးနက်စွာ ယုံကြည်သည်။ တစ်နေရာနှင့် တစ်နေရာကို ခွင့်တောင်းစရာမလို၊ လက်မှတ်မလိုဘဲ အချိန်မရွေးသွားရောက်လည်ပတ်နိုင်သော အခွင့်အရေးသည် အင်တာနက်သုံးသူတိုင်း၏ ထာဝရ မူပိုင် အခွင့်အရေးပင်ဖြစ်ပေသည်။

နောက်တစ်ခု သတိထားမိသည်မှာ အဆိုပါ မန္တလေးမှ Blogger သူငယ်ချင်းများသည် ရန်ကုန် သို့မဟုတ် မန္တလေးပြင်ပမှ Blogger များထံတွင် Comment ရေးခြင်း၊ Shout Box များမှ နှုတ်ဆက်ခြင်းများကို အလွန်နည်းပါးစွာပင် တွေ့ရတတ်ခြင်းဖြစ်သည်။ ကျွန်တော့်လို အညတရ Blog အသစ်လေးဆိုထားတော့ … နေ့စဉ် Hit ရာချီဝင်နေသော၊ နေ့စဉ်မိတ်ဆက်လိုသူများ ဝင်ထွက်နေသော Blog များတွင်ပင် မတွေ့ရသလောက်ဖြစ်နေသည်။ ထိုနည်းတူစွာ မန္တလေးပြင်ပမှ Blogger များကလည်း မန္တလေး Blogger များထံ ဝင်ထွက်ခြင်း မပြုကြဘူးဟု ထင်ရလောက်အောင်ပင် ကြဲပါးလှပေသည်။ ဘယ်သူစလို့ ဘယ်သူကမသွားကြလဲတော့ ကျွန်တော်လည်း မသိပေ။ ကျွန်တော် ဖြစ်စေချင်လှသည်မှာ Myanmar Blogger တွေ ဟူသော ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံသား မည်သည့် Blogger မဆို တညီတညွတ်တည်း သာတူညီမျှ ရှိနေစေချင်ခြင်းပင်ဖြစ်သည်။

ယခု မန္တလေးတွင် ကျင်းပမည့် Seminar အတွက် ကျွန်တော်တို့မှာ သတင်းအစအန မရကြသေးဟုထင်သည်။ မည်သည့်အဖွဲ့က ကြီးမှူးသည်ဆိုစေ … Blog အကြောင်းပြောဖို့အတွက်တော့ Blogger များရှိမှ၊ ပါမှဖြစ်ပေလိမ့်မည်။ ထိုပါဝင်စီစဉ်ကြသော သူငယ်ချင်းများမှ ကျွန်တော်တို့ကို တစုံတရာသောအတိုင်းအတာအထိ ညှိနှိုင်းခဲ့လျှင် ကျွန်တော်တို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကူညီတုံ့ပြန်ကြမည်မှာ သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့တွင်လည်း အပြင်လူများကို တင်ပြစရာကိစ္စများရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း Seminar တစ်ခုကို အနှေးနှင့်အမြန် ကျင်းပသွားရန် စီစဉ်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။ Blog Post များကို စုစည်းပုံနှိပ်မည့် စာအုပ်ကိစ္စ၊ MBA အသင်းဖွဲ့စည်းရေးကိစ္စ၊ Blog ရေးခြင်းအလေ့အထ ပြန့်ပွားရေး စသည့် ခေါင်းစဉ်များအတွက် Seminar တစ်ခုကို မဖြစ်မနေပြုလုပ်သွားရန်လည်း တိုင်ပင်ထားပြီးဖြစ်သည်။ စာအုပ်ကိစ္စနှင့် အသင်းကိစ္စကို ဆွေးနွေးခဲ့ကြသည်မှာ တရားဝင်အားဖြင့် လေးကြိမ်ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး အဓိကပါဝင်ကူညီနေသူများမှာ လိုအပ်လိုအပ်သလို နေ့ညမရွေး တွေ့ဆုံနေကြသည်မှာလည်း အကြိမ်ရေများလှပြီဖြစ်သည်။ တရားဝင်ဖိတ်ခေါ်ကျင်းပသော အစည်းအဝေးများတွင် ဦးဆောင်နေသူများမှ ရက်အတော်လိုကတည်းက မည်သည့် မြန်မာ Blogger မဆို တက်ရောက်ဆွေးနွေးပါရန်၊ မလာဖြစ်ပါကလည်း Email ဖြင့်ဖြစ်စေ၊ Forum မှတဆင့်ဖြစ်စေ ပါဝင်ဆွေးနွေးပါရန် ကြိုဆိုဖိတ်ခေါ်လေ့ရှိသည်။ တက်ရောက်လာသော မျက်နှာသစ်များကိုလည်း နေရာပေးဆွေးနွေးလေ့ရှိသည်မှာလည်း ကျွန်တော်ကိုယ်တွေ့ပင်ဖြစ်သည်။ အားလုံးအတွက်လုပ်သော အလုပ်ဖြစ်သဖြင့် အားလုံးကို ပါဝင်စေချင်ခြင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယနေ့တိုင် မန္တလေးမှ Blogger အများစုထံမှ တစုံတရာ ဆွေးနွေးပေးခြင်း၊ ကောင်းသည်ဆိုးသည် ဝေဖန်ခြင်း၊ အကြံပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများကို လက်ခံရရှိသည်ဟု မကြားမိသည်မှာ ကျွန်တော်တော့ စိတ်မကောင်းဖြစ်မိပါသည်။ (ကိုချမ်းမြစိုး မျက်နှာဖုံး ဒီဇိုင်းတွေကတော့ ကောင်းလွန်းလှသည်)

တမြေတည်းနေ တလမ်းတည်းလျှောက်နေသော ကျွန်တော်တို့အားလုံး စုစည်းစုစည်းလုပ်ကိုင်နိုင်လျှင် မျှော်လင့်ထားသော ပန်းတိုင်ကို ပိုမိုလျင်မြန်စွာ ရောက်နိုင်မည်ဟု ကျွန်တော်တော့ထင်နေမိသည်။ မည်သို့သော ကိစ္စကြီးငယ်များကြောင့် မည်သူကစ ခပ်ကင်းကင်းနေကြသည်ဖြစ်စေ ရည်ရွယ်ချက်တူသော အလုပ်များကို အတူတကွ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ပေးကြရန် ကျွန်တော်တော့ တိုက်တွန်းလိုသည်။ Myanmar Blog Book၊ သံလွင်အိပ်မက်၊ Bloggers' Forum စသော Blogger များ စည်ကားသည့် ရပ်ဝန်းများတွင် မန္တလေးမှ Blogger များကို ယခုထက် ပိုမိုပါဝင်စေချင်လှသည်။ ရန်ကုန်သော၊ မန္တလေးသော၊ ပြည်တွင်းသော၊ ပြည်ပသော စသည့် မလိုအပ်သော ခွဲခြားမှုများလည်း မကြာမီ ပျောက်ကင်းသွားပါစေဟု ကျွန်တော်ဆုတောင်းနေမိပါသည်။


(ဤ Post သည် အငြင်းအခုံများ၊ ဝေဖန်မှုများ၊ ကဲ့ရဲ့မှုများ ဆက်လျက်ဖြစ်ပေါ်လာနိုင်သည်ကို သိသော်လည်း ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြခြင်းသာဖြစ်ပြီး ဘယ်သူ့ကြောင့်ဟု ထောက်ပြပြောဆိုနေခြင်းမဟုတ်ကြောင်းပါ)

Saturday, July 14, 2007

Blog Times II လာပါပြီ

အများရင်တထိတ်ထိတ်နဲ့ ငါ့သတင်းတွေ၊ ငါ့ဓါတ်ပုံတွေ ပါမှပါပါ့မလားလို့ စိတ်ပူနေတဲ့ Blog Times သတင်းစာ အတွဲ ၂ ကို ယနေ့ဖြန့်ချီလိုက်ပါပြီ။ စိတ်ဝင်စားပွဲသတင်းတွေ၊ ဓါတ်ပုံတွေ၊ ကြော်ငြာတွေနဲ့ ဝေဝေဆာဆာပြင်ဆင်ထားတဲ့ Blog Times အတွဲ ၂ ကို ဒီကနေ လည်း ရယူဖတ်ရှုနိုင်ပါပြီ။ သတင်းမပါလိုက်ရသူများ စိတ်မကောင်း မဖြစ်ကြပါနှင့်။ နောက်အတွဲများမတွင် မပါလိုက်ရ မဖြစ်လေအောင် စာမျက်ခွက်ပိုများနဲ့ အားဖြည့်ထုတ်ဝေသွားဦးမှာပါ။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

Blog Times & Friends

Thursday, July 12, 2007

ဝါဆို (သို့) Comment များရဲ့မွေးနေ့


ဒီမိုရေ -

နင့်မွေးနေ့ကို သတိတရရှိကြတဲ့ သူငယ်ချင်းတွေထဲမှာ ငါက အယောက်တစ်သိန်းမြောက် သူငယ်ချင်းဖြစ်မယ် ထင်ရဲ့။ နင့်မွေးနေ့မှာ အခုလို Post တစ်ခု သတိတရရေးခွင့်ရတာကိုလည်း ဝမ်းသာပါတယ်။ OA6 ရဲ့ အမာခံဧည့်သည်ဖြစ်သလို ရင်းနှီးတဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ ဒီမိုရဲ့မွေးနေ့ဟာ ဟိုးအရင်မွေးနေ့တွေထက် ပိုမိုပျော်ရွှင်စရာ ကောင်းမယ်လို့ထင်ပါတယ်။ အပြင်က သူငယ်ချင်းတွေအပြင် ဒီနှစ်ထဲမှာ သိသိသာသာတိုးပွားလာတဲ့ Blogger သူငယ်ချင်းတွေကလည်း နင့်မွေးနေ့မှာ သတိတရနဲ့ လက်ဆောင် Post တွေ ပေးမယ်ဆိုတာ ငါသံသယမရှိပါဘူး။ Blog တွေစုံအောင် လည်ပတ်ပြီး Comment တွေချ၊ Cbox တွေကနေ နှုတ်ဆက်တတ်တဲ့ နင့်ကို အားလုံးက B-day Wish ပေးချင်ကြမှာပါ။ နင်ပျော်နေရဲ့လား … နင့်ရဲ့ 23rd B-day Party အကြောင်း ပြန်ပြောပြဦးနော်။

ငါ့အနေနဲ့ကတော့ အခု ၂၀၀၇ မွေးနေ့ကနေ နောက်ထပ်မွေးနေ့ပေါင်းများစွာကို ချစ်တဲ့မိသားစု၊ သူငယ်ချင်း၊ Blogger များနဲ့အတူ ထပ်မံဖြတ်သန်းဖို့ ဆုတောင်းတယ်။

Wednesday, July 11, 2007

Blog Times Issue 2 မှ ဖိတ်ခေါ် အပ်ပါသည်

စောင်ရေ သန်းချီရောင်းချနေရသော Blog Times သတင်းစာကို သင်၏ Mail Box ထဲအရောက် ပို့ဆောင်ပါတော့မည်။ မှာယူ လိုသူများ ဇူလိုင် ၁၄ ၂၀၀၇ မတိုင်မီ Comment တွင် Email လိပ်စာများ အကန့်အသတ်မရှိရေးနိုင်ပါတယ်။ Email ပို့ပေးမယ့် Service ကိုတော့ မနေ့တနေ့က နာမည်ထွက်လာသော Apple iphone မှ တာဝန်ယူ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မှတ်ချက်။ ။ Email လိပ်စာများသာ ရေးကြပါ။ ဓါတ်ပုံပေးခြင်း၊ မိတ်ဆက်စာရေးခြင်း၊ ရည်းစားစာပေးခြင်း၊ ကိုယ့်သတင်းပါရန် ဖားခြင်းများကို လက်ခံဆောင်ရွက်စဉ်းစားပေးမည် မဟုတ်ပါ။