Sunday, November 9, 2008

ကပ်နိုင်ရင် ကားတစ်စီးရမယ့် Subaru Impreza Challenge 2008

လုပ်ရမှာက လွယ်လွယ်လေးပါ။ ရပ်ထားတဲ့ အသစ်စက်စက် Subaru အမျိုးအစား ကားတစ်စီးကို လက်ဝါးကလေးနဲ့ ကပ်ထားရုံလေးပါ။ အကြာဆုံးကပ်နိုင်ရင် စင်ကာပူဒေါ်လာ ၈ သောင်းတန်တဲ့ Subaru ကားတစ်စီး အပိုင်ပေးပါမယ်တဲ့။ မယုံမရှိပါနဲ့။ ဒါနဲ့ဆို ဒီပြိုင်ပွဲကို စင်ကာပူမှာ ကျင်းပလာတာ ၇ ကြိမ်ပြည့်ပါပြီ။ တကယ်အကြာဆုံးကပ်နိုင်သူကို တကယ်ချီးမြှင့်လာတဲ့ Subaru ရဲ့ Promotion ပွဲတစ်မျိုးပါပဲ။

လွယ်တယ်ဆိုလို့ ငါတို့လည်းကပ်မယ်ဆိုပြီး ပလက်ကုလားထိုင်လေး၊ ဝတ္ထုစာအုပ်လေးနဲ့ စီးကရက်ဗူးလေးတွေ ယူလာပြီး ဇိမ်ကလေးနဲ့ ထိုင်ကပ်နေလို့တော့မရပါဘူး။ ပြိုင်ပွဲဝင်မယ့်လူတွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်မှုတွေ အရင်လုပ်ပါတယ်။ ပြီးတော့ အဆင့်ဆင့်ယှဉ်ပြိုင်ရပါသေးတယ်။ အဲဒီထဲကမှ လက်ရွေးစင် ၃၆၀ က ယှဉ်ပြိုင်ခွင့်ရပါတယ်။ ဒီနှစ်မှာတော့ ထူးခြားချက်အနေနဲ့ ဒေသတွင်းက Subaru ရုံးခွဲရှိတဲ့ နိုင်ငံတွေက ယှဉ်ပြိုင်နိုင်သူ လက်ရွေးစင် ၄၀ ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ မလေးရှား၊ ဟောင်ကောင်၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က အဆင့်ဆင့် ရွေးချယ်ပြီးသား လက်ရွေးစင် ၁၀ ယောက်စီနဲ့ လူ ၄၀၊ စင်ကာပူလူခံ ၃၆၀ ပေါင်း ၄၀၀ က မနေ့က နေ့လည်က စတင်ပြီး Nee Ang City ရင်ပြင်မှာ ယှဉ်ပြိုင်နေပါပြီ။ တကယ်လို့ စင်ကာပူပြင်ပက လူ ၄၀ ထဲကများ ဗိုလ်စွဲခဲ့ရင် ထပ်စောင်းဆုကြေးငွေ ဒေါ်လာ ၅ ထောင်ပေါင်းပေးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် စည်းကမ်းတွေကတော့ အတော်လေးများပါတယ်။ ပြိုင်ပွဲကို ဟမ်းဖုံး၊ စာအုပ်၊ MP3 Player၊ အစားအသောက်၊ တစ်ရှူးစတာတွေ ယူလာခွင့်မရှိပါဘူး။ ၆ နာရီယှဉ်ပြိုင်ပြီးပါမှ ၅ မိနစ်အနားရပါတယ်။ ၅ မိနစ်အတွင်း ပြိုင်ပွဲကပံ့ပိုးတဲ့ အစားအသောက်တွေ စားခွင့်ရှိသလို အိမ်သာသွားခွင့်၊ လှဲလျောင်းခွင့်တွေလည်း ရပါတယ်။ အနားယူတဲ့ ၅ မိနစ်အတွင်း မိသားစုဝင် တစ်ယောက်နဲ့သာ တွေ့ခွင့်ရှိပါတယ်။ ၅ မိနစ်ပြည့်တဲ့အချိန်မှာ ကိုယ်ကပ်နေတဲ့ကားရဲ့ သက်ဆိုင်ရာ လက်ဝါးအရာနေရာမှာ ပြန်ရောက်နေပြီးသား ဖြစ်ရမှာပါ။ ဒါတွေကတော့ အဓိက စည်းကမ်းကြီးတွေပါ။ တကယ်တော့ စည်းကမ်းချက်ပေါင်း ၃၀ ကျော်ရှိပါတယ်။

ဟုတ်ကဲ့ ... ငါဆို ဘယ်လောက်ကြာကြာကပ်နိုင်မလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်နေပါသေးလား။ မနှစ်က ပြိုင်ပွဲဝင်သူ ၃၈၇ ယောက်ထဲက ချန်ပီယံဖြစ်သွားတဲ့ အမျိုးသမီးငယ် Sandra Yeow က စုစုပေါင်း ၇၇ နာရီနဲ့ ၁၃ မိနစ် ( ၃ ရက်ကျော် ) လက်ဝါးနဲ့ ကားကပ်ထားနိုင်ပြီး စံချိန်ချိုးခဲ့ပါသတဲ့။ ဒီနေ့ Orchard ဘက်ရောက်တုန်း ပြိုင်ပွဲနဲ့တိုးနေလို့ အောက်ကဓါတ်ပုံလေးတွေ ရိုက်လာဖြစ်ပါတယ်။







ကဲ ... ပြိုင်ပွဲဝင်မယ်မှန်းရင် နောက်နှစ်အတွက် အခုကတည်းက ကြိုလေ့ကျင့်ထားကြပါစို့ဗျာ။

(စိတ်ဝင်စားစရာပြိုင်ပွဲအကြောင်းသတင်းပေးတဲ့ ကိုဇင်ကိုလတ်ကို ကျေးဇူးတင်ပါတယ်)

Sunday, November 2, 2008

လက်ရေးမူများ

ထင်ရှားကျော်ကြားသူတွေအကြောင်း လေ့လာကြတဲ့အခါ သူတို့ရဲ့ လက်ရေးပုံစံတွေကိုလည်း သတိတရ မှတ်တမ်းပြုထားလေ့ရှိပါတယ်။ တချို့တွေကလည်း လက်ရေးကိုကြည့်ပြီး စိတ်နေစိတ်ထားကို အကဲဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာ ရှာတွေ့မိတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ လက်ရေးမူလေးတွေ တင်ပြပေးလိုက်ပါတယ်။

အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ^^


ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ^^


နာဇီခေါင်းဆောင် ဟစ်တလာ^^


အမေရိကန် သမ္မတဟောင်း လင်ကွန်း^^


အမေရိကန် လက်ရှိသမ္မတ ဂျော့ဘုရှ်^^


သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း^^


ဝေလမင်းသမီး ဒိုင်ယာနာ^^

Friday, October 31, 2008

Hit တက်ချင်သလား ?

Blog Template ပြောင်းချင်တာနဲ့ အင်တာနက်ထဲ ဟိုချောင်ကြား ဒီချောင်ကြား လိုက်ရှာရင်း စိတ်ဝင်စားစရာ ကောင်းတဲ့ ဘလော့ဂ်ပို့စ်လေးတစ်ခု တွေ့မိပါတယ်။ ကိုယ့်ဘလော့ဂ်ကို လာလည်တဲ့ Hit တွေ တစ်ပတ်အတွင်း ၂ ဆ ဖြစ်စေမယ့် အခမဲ့ နည်းလမ်း ၆ ခုလို့ဆိုထားတဲ့ ပို့စ်လေးပါ။ မြန်မာဘလော့ဂ်တစ်ခုမှာလည်း ဖတ်ဖူးသလိုလိုတော့ ရှိပေမယ့် သိပ်မသေချာလို့ ဘိုလိုရေးထားတာလေးကို မြန်မာလိုပြန်တင်ပေးလိုက်ပါတယ်။ တကယ်တော့ ငွေကြေးတစုံတရာ မမျှော်လင့်ဘဲ ခံစားချက်သက်သက် ရေးနေတဲ့ ဘလော့ဂ်ဂါတွေ အတွက် Hit Counter မှာ မနေ့က နံပတ်နဲ့ ဒီနေ့နံပတ် ကွာဟချက်ကြီးလေ - စိတ်ချမ်းသာပြီး ပို့စ်ရေးဖို့ အားတက်ရလေဖြစ်တာမို့ အနည်းနဲ့ အများတော့ အသုံးကျမယ် ထင်ပါတယ်။ ဘလော့ဂ်တွေကနေ ငွေရှာမယ်လို့ စဉ်းစားနေသူတွေအတွက်လည်း Hit က အရေးပါတာမို့ အသုံးတည့်ကောင်းပါတယ်။ ဟုတ်မဟုတ်တော့ လက်တွေ့ လိုက်နာကြည့်ရင် သိနိုင်ပါတယ်။

(၁) Internet Search Engine များနှင့်ချိတ်ဆက်ထားပါ

ကမ္ဘာသုံး နာမည်ကျော် Search Engine တွေဖြစ်တဲ့ Google, Yahoo, MSN စတဲ့ Website တွေမှာ နေ့စဉ်လာရောက် အသုံးပြုတဲ့ User ပေါင်း သန်းချီရှိပါတယ်။ အဲဒီလူတွေထဲကများ Myanmar Blog ရယ်လို့ ရှာလိုက်ရင် ဒါမှမဟုတ် သက်ဆိုင်ရာ Keyword နဲ့ရှာလိုက်တဲ့အခါ ကိုယ့်ဘလော့ဂ်က First Page လို့ခေါ်တဲ့ ရှေ့ဆုံးစာမျက်နှာတွေမှာပါလာနိုင်ရင် သေချာပေါက် Hit တွေ တက်လာနိုင်ပါတယ်။ ဒီလို Search Engine တွေမှာ လွယ်လင့်တကူ ရှာတွေ့နိုင်ဖို့ ယေဘုယျအနေနဲ့ နည်းလမ်း ၂ မျိုးရှိပါတယ်။ ပထမနည်းလမ်းကတော့ Google ဒါမှမဟုတ် Yahoo တို့မှာ ကိုယ့်ဘလော့ဂ်ရဲ့ Sitemap လို့ခေါ်တဲ့ အချက်အလက်လေးတွေ ထည့်သွင်းပေးထားတာပါပဲ။ စိတ်ဝင်စားလို့ Google မှာ တင်ထားချင်ရင် ဒီနေရာ ကတဆင့်သွားနိုင်ပြီး Yahoo မှာတင်ချင်ရင်တော့ ဒီနေရာ ကတဆင့်သွားနိုင်ပါတယ်။ ဒုတိယနည်းကတော့ ကိုယ့်ဘလော့ဂ်ရဲ့ HTML Code ထဲမှာ Meta Tag လို့ ခေါ်တဲ့ အချက်အလက်လေးတွေ မြှုပ်ထားဖို့ပါပဲ။ လုပ်ပုံလုပ်နည်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ ဒီ ၂ ခုလုံးမှာ လိုသလို ထည့်သွင်းထားပြီဆိုရင် Search Engine တွေမှာ ၂ ရက်အတွင်း အလွယ်တကူ ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

(၂) ဘလော့ဂ်လမ်းညွှန် Website တွေမှာ Register လုပ်ထားပါ

ဘလော့ဂ်ပေါင်း သန်း ၁၀၀ ကျော်လောက်ရဲ့ Data တွေကို သိမ်းထားပြီး လမ်းညွှန်ပေးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး Blog Directory ကြီးတွေ ရှိပါတယ်။ သိချင်တာရှိတဲ့အခါ အဲဒီ Website ကြီးတွေက ထိထိရောက်ရောက် လမ်းညွှန်ပေးနိုင်သလို ကိုယ့်ဘလော့ဂ်ကိုလည်း လာလည်မယ့် ဧည့်သည်တွေရလာအောင် ဖော်ပြပေးတတ်ပါတယ်။ အဲဒီလို နာမည်ကြီး Blog Directory တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ တကယ်လို့ Register လုပ်တော့မယ်လို့ စဉ်းစားရင်တော့ အသုံးပြုနေကျ Email မဟုတ်တဲ့ အသစ်တစ်ခုဖွင့်ပြီးမှ Register လုပ်ပါလို့ အကြံပေးချင်ပါတယ်။ မဟုတ်ရင် Web Admin ပို့တဲ့ Email တွေနဲ့ပဲ Mail Box ထဲ ပြည့်နေပါလိမ့်မယ်။

(၃) Forum နှင့် Group များတွင် ဝင်ရောက်ဆွေးနွေးပါ

ကိုယ်က ကင်မရာတွေအကြောင်းရေးတဲ့ ဘလော့ဂ်ဂါဆိုပါစို့။ Google မှာ Camera Forum ဒါမှမဟုတ် Camera Group ဆိုတဲ့ Keyword မျိုးနဲ့ ရှာကြည့်ပါ။ သက်ဆိုင်တဲ့ Forum နာမည်တွေ၊ Group List တွေ အများကြီး တွေ့ရပါလိမ့်မယ်။ အဲဒီထဲက တချို့မှာ Register လုပ်ပြီး ဝင်ဆွေးနွေးပါ၊ ပို့စ်တွေတင်ပါ။ တင်တဲ့အခါမှာလည်း အောက်ခြေလေးမှာ Signature သဘောမျိုးနဲ့ နာမည်၊ ကိုယ့်ဘလော့ဂ် Link စတာလေးတွေ ထည့်ရေးထားဖို့ လိုပါတယ်။ ဥပမာ “ကိုအောင် (www.koaung-yangon.blogspot.com)” ဆိုတာမျိုးပါ။ ဒါပေမယ့် သိပ်ပြီး ကြော်ငြာမဆန်ဖို့တော့ လိုပါတယ်။

(၄) Social Bookmark များတွင် မှတ်သားထည့်သွင်းထားပါ

del.icio.us ဒါမှမဟုတ် digg ဆိုတာမျိုးလေးတွေကို တချို့သတင်းတွေ၊ Website နဲ့ ဘလော့ဂ်တွေရဲ့ အောက်ခြေတွေမှာ တွေ့တတ်တာ သတိထားမိမှာပါ။ အဲဒါတွေကတော့ Social Bookmark Website တွေပဲ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အင်တာနက် စာမျက်နှာတွေကို ကိုယ့်ကွန်ပျူတာရဲ့ Internet Browser တွေမှာ Bookmark နဲ့ မှတ်သားနိုင်သလို အထက်မှာ ဖော်ပြထားတဲ့ Website တွေမှာလည်း ဘယ်ကွန်ပျူတာကမဆို ကြည့်နိုင်အောင် Social Bookmark လုပ်နိုင်ပါတယ်။ အဲဒီလို Website တွေမှာ Account တစ်ခုဖွင့်ပြီး ကိုယ့်ဘလော့ဂ်ကို ကိုယ့်ဘာသာပြန်ပြီး Bookmark လုပ်ထားပါ။ Traffic တွေ သိသိသာသာ တက်လာပါလိမ့်မယ်။

(၅) ပို့စ်တွေကို Article Directory Website တွေမှာ တင်ပါ

ဒီနည်းလမ်းကတော့ အင်္ဂလိပ်လိုရေးတဲ့ ဘလော့ဂ်တွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် အဓိကက ကိုယ့်ဘလော့ဂ်လိပ်စာလေး အဲဒီ Article Website တွေမှာ ရှိနေဖို့ပါပဲ။ နာမည်ကြီးတွေ အဲဒီလို Website တွေကတော့ goarticles.com, ezinearticles.com, articlecity.com စတာတွေပါပဲ။ အဲဒီ Website တွေမှာ Register လုပ်ပြီး ပို့စ်လေးတွေသာ တင်လိုက်ပါ။ ကိုယ့်ဘလော့ဂ်ရဲ့ လိပ်စာလေးတွေ ထည့်ထားဖို့တော့ မမေ့နဲ့ပေါ့ဗျာ။ Hit တွေတိုးလာမယ်တဲ့။

(၆) အခြားဘလော့ဂ်တွေမှာ Comment ရေးပါ

ဒီနည်းကတော့ သိပ်မစိမ်းလှပါဘူး။ ဘလော့ဂ်စရေးတဲ့အခါ အခြားဘလော့ဂ်မှာ Comment ရေး၊ Cbox မှာအော်နဲ့ လိုက်မိတ်ဖွဲ့ရတာပါပဲ။ Comment ရေးတဲ့အခါ ကိုယ့်ဘလော့ဂ်လိပ်စာလေး ချန်ထားခဲ့နိုင်လို့ အဲဒီကနေတဆင့်လည်း Hit တွေ တက်လာနိုင်ပါတယ်။

ဘလော့ဂ်ဂါ Kranthi ရဲ့ ပို့စ်ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ သူ့ဆီမှာ Comment ချထားကြတဲ့အထဲမှာ သိသာတယ် ဆိုတဲ့လူလည်းပါတယ်။ မထူးပါဘူးဆိုတဲ့ လူတွေလည်းပါပါတယ်။ ဘာပဲဖြစ်ဖြစ် အကျိုးမယုတ်လို့ စမ်းကြည့်စေချင်ပါတယ်ဗျာ။

Sunday, October 26, 2008

အိပ်ရေးဝတဲ့သောကြာ


အိပ်ရေးဝတဲ့သောကြာ

ကြာလာတော့လည်း
စက္ကန့်တံတွေကိုတောင်
ကြောက်လာတယ် ...

သူတို့ကြောင့်ပဲ
၂၀၀၇ လည်းသေ ...
၂၀၀၈ ကလည်း သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းနဲ့
ဖရိုဖရဲနိုင်လှချည်ရဲ့

တနင်္လာရောက်တိုင်း
သောကြာကိုမျှော် ...
ညနေတစ်ခြမ်းပိုင်ဖို့များ
ငါးရက်လုံးကို ထပ်စတေးနဲ့
ဟောဒီကောင် ဆန်ကုန်မြေလေးရယ်ပါ ....

အာဏာနဲ့ငွေကြေး
မိန်းမလှတွေနဲ့ ဗော့ကာ
လေယာဉ်နဲ့ ပြိုင်ကားတွေအစား
ငါ့အား ...
အိပ်ရေးဝတဲ့ သောကြာတစ်ညသာ
ခဏခဏပေးစမ်းပါ ...။

ကဗျာလေးတွေ မတင်ဖြစ်တာကြာလို့ သံလွင်အိပ်မက်က ကဗျာလေးတစ်ပုဒ် တင်ထားလိုက်ပါတယ်။

Sunday, October 19, 2008

Thursday, October 16, 2008

သခင်မျိုးဟေ့ ...

သခင်မျိုးဟေ့ ... တို့ဗမာ

(ပုံများကို ပြတ်သားစွာမြင်နိုင်ရန် Click လုပ်ပါ)









Wednesday, October 1, 2008

အနာဂတ်လှိုင်းထဲက အိုအေစစ်များ

“အနာဂတ်လှိုင်း၏ ဆုံမှတ်များ” လို့ နာမည်ပေးထားတဲ့ ဘလော့ဂ်စာအုပ်လေးရဲ့ Softcopy (PDF Version) ကို စက်တင်ဘာလထဲမှာ ဖြန့်ဝေခဲ့ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ သတိရစရာအချိန်တွေ၊ ပျော်စရာကောင်းခဲ့တာတွေ၊ ပင်ပန်းခဲ့တာတွေ အများကြီးပါ။ နာမည်ပေးတာ၊ မျက်နှာဖုံးဒီဇိုင်းရွေးတာကအစ ကလောင်နာမည်ပြောင်းတာတွေ၊ စာမူရွေးတာတွေအထိ လူအင်အားသုံး အချိန်ကုန်ခံခဲ့ကြရတာတွေ မှတ်မိနေတုန်းပါပဲ။ အကြောင်းအမျိုးမျိုးနဲ့ စာအုပ်ဖြစ်မလာနိုင်သေးခင်မှာ အခုလို Ebook ဖြစ်လာအောင်၊ စာဖတ်သူတွေဆီ ပို့နိုင်အောင် အားစိုက်အချိန်ပေးခဲ့တဲ့ ကိုစိုးဇေယျနဲ့ သူငယ်ချင်းတစုကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ စာအုပ်ကလေးကို ဒီနေရာမှာ Download ရယူနိုင်ပါတယ်။

ဒီစာအုပ်အတွက် စာမူတွေရွေးဖို့ အဲဒီအချိန်ကရှိတဲ့ ဘလော့ဂ်တွေကို ဝေစုခွဲပြီး တင်ထားသမျှ ပို့စ်တွေကို တခုမကျန် ဖတ်ကြရပါတယ်။ ကျွန်တော်က မဂျစ်တူးဘလော့ဂ်နဲ့ အခြား ၄ ခု အပါအဝင် ၅ ခုဖတ်ပေးရပါတယ်။
ကျွန်တော့်ဘလော့ဂ်ကိုတော့ ကိုညီညီသံလွင်က ဖတ်ပေးပြီး ကဗျာ ၁ ပုဒ်အပါအဝင် ပို့စ် ၅ ခုကို ရွေးပေးပါတယ်။ စာအုပ်အတွက် အပြီးသတ်ရွေးကြတဲ့အခါ အဲဒီကဗျာလေးနဲ့ အခြား ၂ ပုဒ် အရွေးခံရပါတယ်။ အရွေးခံခဲ့ရတဲ့ “အဖြေ” နာမည်ရကဗျာနဲ့ ပို့စ်လေးတွေကို အောက်မှာ အမှတ်တရ ပြန်ဖေါ်ပြထားပေးလိုက်ပါတယ်။

အဖြေ

ရှုံးမယ်မှန်းသိရက်နဲ့
ခေါင်းမာမာနဲ့ပဲ
ကစားကွက်တွေကို
စရွေှ့ခဲ့တဲ့ငါ …

“ အရှင်မ ” ကို မျက်နှာလုပ်ဖို့
ငါ့နယ်ရုပ်တွေကို
အဝါရောင်ပန်းတွေဖြစ်အောင်ပြုစား
သူ့အစားကိုခံစေခဲ့တဲ့ငါ …

မတရားလည်းနေပါစေ
ငါ့ရထားတွေ
မြင်းနဲ့ သူရဲကောင်း
အားလုံးခေါင်းချ
သူလုပ်သမျှ ခံစေခဲ့တဲ့ငါ ..

ဒေဝတာလို ခန့်ညားပုံမျိုးနဲ့
မာနကိုတံခွန်လွှင့်ထားသူရေ …
နန်းကျဘုရင် ငါကတော့
ဘုန်းနိမ့်ခဲ့တဲ့ အတ္တတွေနဲ့
ရှုံးနိမ့်သမျှရင်မှာပိုက်ပြီး
မင်းအနားရောက်လာခဲ့တော့
အော်… နန်းရင်ပြင်မှာ
ငါ့နှလုံးသွေးတွေ
မြင်လို့တောင်မကောင်းဘူး။
Mr.Pooh


လေဆိပ်ရောက်ဖို့ ၁၅ မိနစ်

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။ လေယာဉ်ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာ စားနေလေဧ။်။ ကျန်လက်တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကို မလွတ်တန်းကိုင်ထားသေးသည်။ “သူ” ဆိုတာက ဇီဇူး ဟုချစ်စနိုးခေါ်ကြသော ကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။ ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တဆင့် ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။ မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြောင်း မမောမပန်း ထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ ... (ဆက်ဖတ်ရန်)

အိပ်မက်ထဲမှာ

“ ဘာပြောတယ်လော်ရာ ! ”

“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”

“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”

“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တတ်ရဦးမယ်”

“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ” (ဆက်ဖတ်ရန်)


(အဲဒီပို့စ်လေး ၂ ခုကို ဘယ်သူ့လက်ချက်မှန်းမသိ Forward Mail အဖြစ် ပို့နေကြတာကို တွေ့မိပါသေးတယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင် ရေးထားတာတွေပါ)

Saturday, September 27, 2008

F1 လှိုင်းလုံးထဲက ကျွန်တော်

ခုတလော စင်္ကာပူကျွန်းကို ရိုက်ခတ်နေတဲ့ ပြင်းထန်တဲ့ လှိုင်းလုံးကြီးကတော့ ဒီနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနေတဲ့ ဖော်မြူလာဝမ်းခေါ် ကမ္ဘာ့အကြီးကျယ်ဆုံး၊ တန်ဖိုးအများဆုံး၊ လူစိတ်အဝင်စားဆုံး ပြိုင်ကားမောင်းပြိုင်ပွဲ သတင်းလှိုင်းလုံးကြီးပဲ ဖြစ်ပါတယ်။ ဘယ်သူတွေပြိုင်မယ်၊ ဘယ်ကားတွေ၊ ဘယ်အသင်းတွေပါမယ်၊ လမ်ကြောင်းတွေကဘယ်လို၊ ကုန်ကျငွေဘယ်လောက်၊ နောက်ဆုံးသတင်းနဲ့ ရလဒ်တွေ စတဲ့အကြောင်းအရာတွေပဲ သတင်းစာနဲ့ တီဗွီတွေမှာ လွှမ်းမိုးနေပါတယ်။ ကားတွေ ဘယ်သူအရင်ပန်းဝင်လဲ ပြိုင်မောင်းကြတယ်ဆိုတာကလွဲရင် ဘာမှဗဟုသုတမရှိတဲ့ ကျွန်တော်လည်း သူတို့နဲ့ ရောယောင်ပြီး ဟိုဟာသွားကြည့်၊ ဒီဟာသွားနားထောင်နဲ့ နည်းနည်းတောင် စိတ်ဝင်စားလာမိတယ်။ အောက်ကပုံလေးတွေကတော့ F1 ကားတွေကို မြို့ထဲက လူစည်ရာနေရာမှာ ပြထားတုန်း ရိုက်ထားတာတွေပါ။ ကျွန်တော့်မျက်နှာနဲ့ဆို စီးပွားရေးအတွက် အသုံးပြုနေကြမှာစိုးလို့ မမီကို အကူအညီတောင်းပြီး ဦးထုပ်လေးတွေ ဆောင်းထားလိုက်ရပါကြောင်း ...






အကူအညီပေးတဲ့ မမီ ကို အထူးကျေးဇူးတင်ပါကြောင်း

Thursday, September 25, 2008

ကားပြပွဲသို့ အလည်တစ်ခေါက်

မနှစ်က ကတည်းက သွားမယ်ဆိုပြီး မသွားဖြစ်လိုက်တဲ့ ကားပြပွဲကို ဒီနှစ်တော့ အပေါင်းအပါ ဓါတ်ပုံဆရာတွေနဲ့ လိုက်သွားဖြစ်တယ်။ ကျွန်တော့်အပျော်တမ်း ကင်မရာလေးနဲ့ ဒီပုံလေးတွေ ရိုက်လာဖြစ်ပါတယ်။ ပုံအကြီးမြင်ရဖို့ ဓါတ်ပုံလေးတွေပေါ်မှာ Click နှိပ်ကြည့်ပါ။








Saturday, September 20, 2008

အချမ်းသာဆုံး မင်းမျိုးမင်းနွယ်များ

ပြီးခဲ့တဲ့ အပတ်က သတင်းစာထဲမှာ ကမ္ဘာ့အချမ်းသာဆုံး သက်ရှိထင်ရှား ဘုရင်မင်းမြတ်တွေနဲ့ မင်းမျိုးမင်းနွယ်တွေကို စာရင်းပြုစုထားတာလေးတွေ့မိလို့ ဘာသာပြန် ဖေါ်ပြပေးလိုက်ပါတယ်။

၂၀၀၇ ခုနှစ်က အမေရိကန်ဒေါ်လာ ၅ ဘီလျံချမ်းသာပြီး အဆင့် (၅) နေရာမှာရှိတဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်က ဒီနှစ်မှာတော့ အဆင့် (၁) နေရာကို အမေရိကန်ဒေါ်လာ ၃၅ ဘီလျံချမ်းသာတဲ့ဘုရင်အဖြစ်နဲ့ သိမ်းပိုက်လိုက်နိုင်ပါတယ်။ သက်တော် (၈၀) ရှိပြီဖြစ်ပြီး နန်းသက် (၆၂)နှစ်နဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်မင်းမြတ်ဟာ မြို့တော်ဘန်ကောက်က ၃၄၉၃ ဧကကျယ်ဝန်းတဲ့ ခြံကြီးတွေအပါအဝင် မြေယာတွေ အများအပြားကိုလည်း ပိုင်ဆိုင်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ သမ္မတ စော်ဘွားကြီး ရှိတ်ခါလီဖာက ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၃ ဘီလျံနဲ့ ဒုတိယနေရာကလိုက်ပါတယ်။ အဘူဒါဘီမြို့ရဲ့ သုံးမကုန်တဲ့ ရေနံတွေက ဒီစော်ဘွားကြီးကို မနှစ်ကထက် ၂ ဘီလျံ ပိုမိုကြွယ်ဝလာစေခဲ့ပါတယ်။ တတိယနေရာမှာတော့ ကမ္ဘာ့ရေနံတင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ သက်တော် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မင်းမြတ် အဗ္ဗဒူလာ ရှိပါတယ်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၁ ဘီလျံရှိပါတယ်။

မနှစ်က အချမ်းသာဆုံး မင်းမျိုးမင်းနွယ်တွေထဲ နံပတ် ၁ အဖြစ်နဲ့ “ထီးဆောင်းမင်းတို့ရဲ့ ဘုရင်မင်းမြတ်” ဘွဲ့ခံ ဘရူနိုင်းဘုရင်မင်းမြတ် ဆူလတန်ဟာဂျီကတော့ ဒီနှစ်မှာ နံပတ် ၄ အဖြစ်ကျဆင်းသွားပါတယ်။ သက်တော် ၆၂ နှစ်ရှိတဲ့ ဘုရင်ကြီးဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကြွယ်ဝပါတယ်။ နံပတ် ၅ နေရာမှာတော့ အခြား ယူအေအီးစော်ဘွားတစ်ဦးဖြစ်တဲ့ ဒူဘိုင်းစော်ဘွားကြီး ရှိတ်မိုဟာမက်က ချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံနဲ့ ရှိနေပါတယ်။ နံပတ် ၅ နေရာက စော်ဘွားကြီး ရှိတ်မိုဟာမက်နဲ့ နံပတ် ၆ နေရာက လင်ချင်စတိန်းမင်းသား ဟန်စ်အဒမ်(၂)ရဲ့ ပိုင်ဆိုင်မှုကတော့ အတော်လေး ကွာဟပါတယ်။ မင်းသားဟန်စ်အဒမ်(၂) ဟာ အမေရိကန်ဒေါ်လာ ၅ ဘီလျံပဲကြွယ်ဝပြီး ဥရောပမင်းမျိုးတွေထဲမှာတော့ အချမ်းသာဆုံးပါပဲ။ ကာတာစော်ဘွားကြီး ရှိတ်ဟာမဒ် က အမေရိကန်ဒေါ်လာ ၂ ဘီလျံနဲ့ နံပတ် ၇ ၊ သက်တော် ၄၆ နှစ်သာရှိသေးတဲ့ မော်ရိုကိုဘုရင်မင်းမြတ် မိုဟာမက်(၆) က ၁.၅ ဘီလျံနဲ့ နံပတ် ၈ မှာရှိနေပါတယ်။

နံပတ် ၉ ကတော့ မိုနာကိုမင်းသား အဲလ်ဘတ်(၂) ဖြစ်ပါတယ်။ မင်းသားရဲ့ တောင်ဥရောပတလွှားပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံရှိပါတယ်။ နံပတ် ၁၀ ကတော့ အိုမန်စော်ဘွားကြီး ဆူလတန်ကာဗူးစ်ဖြစ်ပြီး ၁.၁ ဘီလျံကြွယ်ဝပါတယ်။ နာမည်ကြီး ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်(၂) ကတော့ နံပတ် ၁၂ မှာ ဒေါ်လာ သန်း ၆၅၀ ချမ်းသာတယ်လို့ ဆိုပါတယ်။ အခြားလူသိများတဲ့ ထီးဆောင်းမင်းတွေဖြစ်တဲ့ စပိန်ဘုရင်မင်းမြတ်နဲ့ ဂျပန်ဧကရာဇ်တို့ကတော့ ထိပ်တန်း ၁၅ ယောက်စာရင်းထဲ မပါခဲ့ပါဘူး။ ဒီစာရင်းဇယားတွေကို နာမည်ကျော် Forbes မဂ္ဂဇင်းက ဒုတိယနှစ်အဖြစ် ထုတ်ပြန်ပေးတာဖြစ်ပြီး ပထမနှစ်ဖြစ်တဲ့ ၂၀၀၇ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ဘရူနိုင်းဘုရင်မင်းမြတ် ဆူလတန် ( ၂၂ ဘီလျံ )
(၂) ယူအေအီးသမ္မတ အဘူဒါဘီ စော်ဘွားကြီး ရှိတ်ခါလီဖာ ( ၂၁ ဘီလျံ )
(၃) ဆော်ဒီဘုရင်မင်းမြတ် အဗ္ဗဒူလာ ( ၁၉ ဘီလျံ )
(၄) ဒူဘိုင်းစော်ဘွားကြီး ရှိတ်မိုဟာမက် ( ၁၆ ဘီလျံ )
(၅) ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ( ၅ ဘီလျံ )
(၆) လင်ချင်စတိန်းမင်းသား ဟန်စ်အဒမ်(၂) ( ၄.၅ ဘီလျံ )
(၇) မော်ရိုကိုဘုရင်မင်းမြတ် မိုဟာမက်(၆) ( ၂ ဘီလျံ )
(၈) မိုနာကိုမင်းသား အဲလ်ဘတ်(၂) ( ၁.၂ ဘီလျံ )
(၉) ကာတာစော်ဘွားကြီး ရှိတ်ဟာမဒ် ( ၁ ဘီလျံ )
(၁၀) အဂါခန်း မင်းသားကြီး ကရင်မ်အယ်လ်ဟူစိန်နီ ( ၁ ဘီလျံ )

Sunday, September 14, 2008

၁၀ ရက်သာ လိုတော့လျှင် ...

ဟိုတလောက သွန်းသွန်းက သူ Tag ထားတယ်၊ ရေးပါဦးလို့ လာပြောတယ်။ ကျွန်တော်လည်း အဲဒီ Tag နဲ့ ဝေးနေတာကြာပြီမို့ ဒီတခါ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ရေးမယ်လို့ ပြန်ပြောမိတယ်။ အဲဒါနဲ့ ဘာအကြောင်း Tag ထားလဲ သွားဖတ်ကြည့်တော့ မလွယ်လှပါလား။ သေမှာကို ၁၀ ရက်ကြိုသိနေတဲ့လူတစ်ယောက် အနေနဲ့ အဲဒီ ၁၀ ရက်အတွင်း ဘာတွေ လုပ်နေမလဲဆိုပဲ။ သူကလည်း နမူနာရေးပြထားပါတယ်။ ဘုရားသွားမယ်၊ သွေးလှူမယ်ပေါ့။ ကျွန်တော်ဆိုရင်ရော ဆိုပြီးတွေးမိတယ်။ သေမှာကြိုသိနေရင်တော့ အဲလိုကြံစည်လို့ရတာ မှန်ပေမယ့် တကယ်တန်းကျတော့ ဘယ်ကြိုသိမလဲနော်။ သာမန်လူတစ်ယောက် အနေနဲ့ တကယ်ကြိုသိနေနိုင်တာဆိုလို့ တမျိုးပဲရှိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံမယ့်လူ၊ ဒါမှမဟုတ် အသေခံတော့မယ့်လူပေါ့။ ဒီတော့ ဒီစိတ်ကူးယဉ်ဇာတ်လမ်းမှာ ကျွန်တော်က လေယာဉ်မောင်းပြီး ရန်သူ့သင်္ဘောပေါ် အသေခံထိုးဆင်းရမယ့် လေသူရဲလုပ်မယ်ဗျာ။ ဒါမှသာလျှင် ကျွန်တော့် Mission ကို တွက်ကြည့်လို့ရမှာပေါ့။ ဒိုင်ယာရီဆန်ဆန်လေး စမ်းကြည့်မယ်။

ကဲ ... စမယ်ဗျာ ...


၁၀ ရက်အလို

မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်အကြောင်း ဒီနေ့မနက်စောစော အိမ်ကိုဖွင့်ပြောတယ်။ ရန်သူ့သင်္ဘောကြီးပေါ်ကို အသေခံထိုးဆင်းဖို့ ကျွန်တော့်လေယာဉ်တာဝန်ကျတယ်လို့။ မေမေက ချက်ချင်းကြီးပဲ ငိုချတယ်။ ဖေဖေကတော့ “တနေ့သေမယ့်တူတူ ဒီလိုသေခြင်းမျိုးက ကောင်းတယ်” လို့ပြောတယ်။ ကျွန်တော်ကတော့ ခွေးပုလေးပိုက်ပြီး အခန်းထဲဝင်လာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ခြူသစ်(ချစ်သူ) ဆီဖုံးဆက်တယ်။ ကျွန်တော်တို့ ခဏတွေ့ကြမလားပေါ့။ ပြောရင်ယုံမလားတော့ မသိ။ တရှုံ့ရှုံ့ငိုနေတဲ့ ခြူသစ်ကို ချော့ရင်းနဲ့ ကျွန်တော့်တစ်ရက်တာ ကုန်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း မျက်နှာမသာတဲ့ မေမေ့ကို နောက်နှစ်အာဇာနည်နေ့မှာ ကျွန်တော့ကို ဂုဏ်ပြုတဲ့ ပုံတူရုပ်ထုဖွင့်ပွဲလုပ်ကြလိမ့်မယ်လို့ လုပ်ကြံပြောနေမိတယ်။

၉ ရက်အလို

တပ်ထဲမှာ လေ့ကျင့်ဖို့နဲ့ အသေးစိတ် တိုင်ပင်စရာတွေအတွက် အခြေစိုက်စခန်းကို ထွက်လာခဲ့တယ်။ လက်ကျန်ရက်လေးအတွင်း ဘယ်သွားသွားလိုက်မယ်ဆိုတဲ့ ခြူသစ်ကတော့ ကားပေါ်မှာ ငိုရင်း ကျန်နေခဲ့တယ်။ ဗိုလ်ချုပ်က ကျွန်တော့်ကို စိတ်ဓါတ်ခိုင်မာဖို့၊ တည်တည်ငြိမ်ငြိမ်ရှိဖို့၊ တစ်ခုခုအပေါ်မှာပဲ အာရုံစိုက်ဖို့ တဖွဖွပြောနေလို့ သူနဲ့ မျက်မှန်တစ်လက်ကြေး စိန်ခေါ်ပွဲ ဘိလိယက် တစ်ပွဲထိုးခဲ့သေးတယ်။ ကျွန်တော်နိုင်ပါတယ်။ အဲဒီမျက်မှန်တပ်ပြီး သင်္ဘောပေါ် ထိုးဆင်းသွားမယ်လို့ ကတိပေးဖြစ်တယ်။

၈ ရက်အလို

ညကညဥ့်နက်သွားလို့ အိပ်ကောင်းနေတုန်း ဖေဖေလာနှိုးတယ်။ ဘုန်းကြီးကျောင်းကို သင်္ကန်းသွားကပ်ရအောင်တဲ့။ တရားနာရင်း ကျွန်တော်ဖူးခွင့်မရတော့တဲ့ ရွှေတိဂုံဘုရားကြီးကို လှမ်းမျှော်ကန်တော့မိတယ်။ ဘုန်းကြီးကျောင်းကအပြန် ခြူသစ်ကမေးတယ်။ ရှင်မကွဲဘုရားမှာ ဘယ်တော့မှ မကွဲဖို့ ဆုတောင်းတာ သတိရလားတဲ့။ ကျွန်တော်ပြန်ဖြေတယ်။ ဆုတောင်းပြည့်တယ်လို့။ ရှင်ကွဲမှ မကွဲဘဲလို့။ သူ ငိုပြန်တယ်။ နေ့လည်စာကို မေမေက ကျွန်တော်ကြိုက်တဲ့ ငါးဖယ်အုန်းနို့ဟင်း ချက်ကျွေးတယ်။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော်စားချင်တာ ကြာဇံချက်ဖြစ်နေခဲ့တယ်။ ညနေပိုင်း စခန်းကို ခဏသွားတယ်။ ဗိုလ်ချုပ်က ကျွန်တော့်ကို ၂ ရက်အလိုအထိ ရုံးကိုလာစရာမလိုဘူး၊ ၂ ရက်အလိုမှာလာပါ၊ အပြင်ထွက်ခွင့်မရတော့ဘူးလို့ ပြောတယ်။ ရက်ပိုတိုသွားတယ်လို့ ကျွန်တော်ခံစားရတယ်။ သူက ကျွန်တော့်အသက် အာမခံကြေးနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်ပြုဆုငွေတွေကို ဘယ်သူ့ဘဏ်စာရင်းထဲ လွှဲမလဲမေးတယ်။ ဖေဖေနဲ့တွဲဖွင့်ထားတဲ့ အကောင့်နံပတ် ချရေးပေးခဲ့တယ်။

၇ ရက်အလို

သေဖို့ တစ်ပတ်ပဲ လိုတော့တယ်ဆိုတဲ့ အသိက မနက်ကတည်းက ဖိစီးလာတယ်။ အစက သူရဲကောင်းလိုလို ခံစားရပေမယ့် ခုတော့ နည်းနည်းကြောင်ချင်သလိုလိုဖြစ်လာတယ်။ ခွေးပုလေးကို ပိုက်ပြီး မျက်ရည်ကျနေမိတယ်။ နေ့လည်ပိုင်းမှာ တစ်နာရီလောက် ကားမောင်းသွားရတဲ့ ကမ်းခြေမြို့ကလေးက အဘိုးအိမ်ကို ကျွန်တော်တို့မိသားစုလေး ထွက်လာခဲ့တယ်။ ည ၁၀ နာရီလောက်မှ ပြန်လာကြတော့ ဖေဖေက ကားတလှည့်မောင်းတယ်။ ကျွန်တော်က မေမေ့ရင်ထဲမှီပြီး အိပ်လာခဲ့တယ်။

၆ ရက်အလို

အပြင်ထွက်မယ်လို့ တွေးမိပေမယ့် ဖေဖေက အိမ်မှာနေဦးဆိုလို့ မနက်ဘက် အိမ်မှာနေပြီး ဖေဖေနဲ့ Chess ထိုးနေခဲ့တယ်။ ခြူသစ်လည်း ရှိတယ်။ ရေဒီယိုသတင်းတွေမှာ တိုက်ပွဲသတင်းတွေ ဆက်တိုက်ကြားနေရတယ်။ တခါတလေတော့လည်း ခုပဲ လေယာဉ်ပေါ်တက်လိုက်ချင်ပေမယ့် ဒီတခါတက်ရင် ပြန်မလာရတော့ဘူးဆိုတဲ့အသိက အတော်လေးနှိပ်စက်နေတယ်။ Chess ပွဲမှာ အကွက်တွေမှားရွှေ့နေခဲ့ပေမယ့် ဖေဖေက သက်သက်ညှာညှာ ကစားနေခဲ့တယ်။ နောက်ပြီး သူကပြောတယ်။ “ဟေ့ကောင် မင်းလေယာဉ် သင်္ဘောပေါ်တည့်တည့်မကျဘဲ ရေထဲကျသွားရင် ရန်သူက နောက်တစ်ခေါက် ပြန်ထိုးကြည့်ပါလို့ အခွင့်အရေးပေးမယ် မထင်နဲ့” တဲ့လေ။ ခပ်လှမ်းလှမ်းက ရှူဆေးရှူနေတဲ့ မေမေတောင် ပြုံးနေတယ်။ ညစာစားပြီး ခြူသစ်ပြန်သွားတော့ သူ့ကိုပေးမယ့် စာတစ်စောင် ရေးနေခဲ့တယ်။

၅ ရက်အလို

လူသားပီသစွာနဲ့ သေရမှာကြောက်လာတယ်။ အဲဒါကို ဖုံးကွယ်ဖို့ တတ်နိုင်သမျှ အပေါင်းအသင်းတွေ လှမ်းခေါ်ပြီး အိမ်မှာလူစု၊ ဟေးဟားနဲ့နေတယ်။ သူတို့ကိုလည်း အရေးကြီးတဲ့ တိုက်ပွဲရှိလို့ ငါနောက်ဆို တွေ့ဖို့ခဲယဉ်းမယ်၊ တကယ်လို့ ငါသေသွားရင် ဘယ်လိုလုပ်မလဲလို့ မေးကြည့်တော့ သူတို့အပြောင်အနောက်တွေကြားထဲ ကျွန်တော်လည်း ပျော်သလိုလိုရှိလာတယ်။ ငါသေပြီး သရဲဖြစ်မှ တစ်ယောက်ချင်း လိုက်ခြောက်ဦးမယ်လို့ တွေးနေမိတယ်။

၎ ရက်အလို

တိုက်ပွဲဝင်ဖို့က ၄ ရက်လိုသေးပေမယ့် ၂ ရက်အလိုမှာ မိသားစုနဲ့ တွေ့ခွင့်မရတော့တာမို့ ကျွန်တော်ပိုလွမ်းသလိုလို ဖြစ်လာတယ်။ မေမေနဲ့တွေ့ရင် ကျွန်တော်လည်း မျက်ရည်ကျကျနေလို့ အခန်းထဲမှာပဲအောင်းနေပြီး ခွေးပုကလေးနဲ့ ကစားနေခဲ့တယ်။ မေမေက ဘုရားရှိခိုးဦးဆိုလို့ ဘုရားခန်းမှာ တော်တော်ကြာသွားတယ်။ ရန်သူ့လေယာဉ်တင် သင်္ဘောကြီးကြောင့် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပြည်နယ်တွေ ကျဆုံးလာတယ်။

၃ ရက်အလို

အိပ်ယာနိုးတော့ ကျွန်တော့်အခန်းကို ရှင်းတယ်။ ဘယ်ပစ္စည်းက ဘယ်သူ့ပြန်ပေးရမယ်၊ ဒါက ဘယ်ကိုလှူမယ် စသည်ဖြင့်ပေါ့လေ။ ခြူသစ်ပေးထားတဲ အရုပ်တွေကိုတော့ ဘာလုပ်ရမှန်းမသိလို့ စင်လေးပေါ်မှာပဲ ထားခဲ့မယ်မှန်းတယ်။ မနက်ဖြန် စခန်းကိုသွားရင် အဲ့မှာဖတ်ဖို့ ဝတ္ထုစာအုပ်နည်းနည်းဖယ်ထားတယ်။ ညဘက်တော့ ဘယ်လိုမှ မနေနိုင်တော့ဘဲ မိဘတွေကို ဖက်ပြီး ငိုနေမိတယ်။ ဖေဖေကတော့ သူရဲကောင်းဆိုတဲ့ ပုံစံမျိုးပြောနေပေမယ့် အသံတွေက အက်ကွဲလွန်းနေတယ်။ မေမေကတော့ ရှိုက်သံတောင် သဲ့သဲ့ရယ်။ ခြူသစ်ကို ဟိုတနေ့ကရေးထားတဲ့စာလေး ပေးဖြစ်တယ်။ လွမ်းစရာပါပဲ။

၂ ရက်အလို

ဗိုလ်ချုပ်က နေ့လည်မှ ခေါ်ထားပေမယ့် ကျွန်တော် မနက် ၆ နာရီကတည်းက အိမ်ကထွက်လာတယ်။ မေမေက ကြိုလုပ်ပေးထားတဲ့ ဆီထမင်းနဲ့ ငါးခြောက်ဖုတ်လေး ထည့်ပေးလိုက်သေးတယ်။ စခန်းထဲရောက်ကတည်းက ကျွန်တော့်လွမ်းစိတ်တွေ လျော့ပါးသွားတယ်။ အားလုံးက တက်ကြွနေတယ်။ လေယာဉ်အတက်အဆင်းတွေ မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလာတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ကျွန်တော့်စွန့်စားမှုအတွက် ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ပေးအပ်ဖို့ လျှောက်ထားလွှာလာပြတယ်။ သူတင်ပြပေးမယ်ပြောရင်း ကျွန်တော့်ကို ပွေ့ဖက်ထားတယ်။ အဲဒီဆုတံဆိပ်ထက် သူပွေ့ထားတာကို ပိုလိုချင်မိတယ်။ အားအင်တွေနဲ့အတူ ယုံကြည်မှုတွေပြန်ရခဲ့တယ်။ အဲဒီညက အကျဉ်းချုန်းလုပ်တဲ့ ညစာစားပွဲမှာ ကော်ဇောနီတွေခင်းလို့လေ။

၁ ရက်အလို

မိသားစုနဲ့ ခြူသစ်ကို သိပ်သတိရနေမိတယ်။ အိမ်နဲ့ ဖုံးပေးပြောဖို့ ဗိုလ်ချုပ်ကို တောင်းပန်ကြည့်ပေမယ့် လုံခြုံရေးအရ ခွင့်မပြုခဲ့ဘူး။ သူတို့မှန်ပါတယ်။ ဒါနဲ့ မိဘတွေကိုကန်တော့တဲ့ စာတစ်စောင်ကို မျက်ရည်လည်ရွှဲနဲ့ ရေးပြီး ဗိုလ်ချုပ်ကိုပေးခဲ့တယ်။ နေ့လည်ပိုင်းမှာ အထူးအစည်းအဝေးခေါ်ပြီး ကျွန်တော်လုပ်ရမယ့် အလုပ်တွေ ရှင်းပြတယ်။ အဓိက အကျဆုံးက သင်္ဘောဆီမရောက်ခင် ကျွန်တော့်လေယာဉ် ပျက်မကျဖို့ပါပဲ။ ညနေပိုင်းမှာ ဗိုလ်ချုပ်က သူတို့ ဘာသာဝင်တွေ ထုံးစံအတိုင်း ကျွန်တော့်ကို ဝတ်ပြုဆုတောင်းစေတယ်။ နောက်ပြီး အလုပ်နဲ့ ဘာမှမပတ်သတ်တဲ့ သူ့ငယ်စဉ်ကအကြောင်းတွေ၊ ယောက္ခမဆိုးတာတွေကို ရည်ရွယ်ချက်ရှိရှိ ပြောပြနေခဲ့တယ်။ ကျွန်တော့်အခန်းပြန်မယ်လုပ်တော့ မင်းအတွက်၊ ငါ့အတွက် မမေ့နိုင်စရာညပါပဲလို့ နှုတ်ဆက်တယ်။

နောက်ဆုံးနေ့

လေယာဉ်ပေါ်တက်မယ့် လေသူရဲကို လေယာဉ်မောင်းဦးထုပ် လှမ်းပေးတဲ့အလုပ်က အကူအကြပ်ကလေးတွေ လုပ်တဲ့အလုပ်ဖြစ်ပေမယ့် ဒီနေ့တော့ ဗိုလ်ချုပ်ကိုယ်တိုင် ကျွန်တော့်ကို ဦးထုပ်လာကမ်းပေးတယ်။ ဦးထုပ်နဲ့အတူ သူ ကတိပေးထားတဲ့ မျက်မှန်လေးလည်းပါတယ်။ မျက်မှန်မတပ်ခင် ကောင်းကင်ကြီးနဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်ဝအောင်ကြည့်နေမိတယ်။ သာယာလွန်းနေသလိုပဲ။ ခပ်လှမ်းလှမ်းမှာ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သတိအနေအထားနဲ့ စောင့်ကြည့်နေကြတယ်။ မကြာခင်မှာ ကျွန်တော်မျက်မှန်တပ်မယ်၊ လေယာဉ်မောင်း ဦးထုပ်စောင်းမယ်၊ အားလုံးကို လှည့်အလေးပြုတဲ့အခါ အဲဒီလူတွေ အားလုံးကလည်း အလေးပြုလိမ့်မယ်။ လေယာဉ်စက်ဖွင့်ပြီး လက်မထောင်ပြရင် ဗိုလ်ချုပ်ကလည်း လက်မပြန်ထောင်ပြလိမ့်မယ်။ လေယာဉ်ရှေ့က တပ်ကြပ်ကြီးက လက်နှစ်ဘက်ယမ်းပြီး အလံပြတာနဲ့ ကျွန်တော့် လေယာဉ်ဘီးတွေက မပြန်လမ်းဆီ စလိမ့်ကြမယ်။ နောက်ထပ် ၈ မိနစ်နဲ့ ၁၆ စက္ကန့်အကြာမှာ ကျွန်တော်ဆိုတာကြီး ပျောက်သွားတော့မယ်။ ဒီစာကြောင်းလေးတွေ ကြိုရေးပြီး ကျွန်တော့် ဒိုင်ယာရီလေးကို လေယာဉ်မထွက်ခင် ဗိုလ်ချုပ်ကို ပေးထားခဲ့တယ်။ ကဲ ... မျက်မှန်တပ်တော့မယ်ဗျာ။

အားလုံးပဲ ကျေနပ်ကြပါစေလို့။

Sunday, September 7, 2008

ဒါပေမယ့် ...

ဆူညံနေတဲ့ Pasir Ris ကမ်းခြေကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့နားထဲမှာ အစ်ကို့ဖို့ဆုတောင်းသံတွေပဲ ကြားနေမိတယ်။ စက္ကန့် ၃၀ ဆိုတဲ့ ခဏအချိန်ပိုင်းအတွင်းက ကျွန်တော်တို့ဆုတောင်းတွေနဲ့ အစ်ကိုပြန်လွတ်လပ်လာရင် သိပ်ကောင်းမယ်လို့ တွေးနေမိတယ်။

ညက Blog Day အတွက် ဒီမှာရောက်နေတဲ့ သူငယ်ချင်း Blogger တွေစုဖြစ်တယ်။ မနှစ်က ဆီမနာမှာ အစ်ကိုနဲ့ လက်တွဲလုပ်ခဲ့တဲ့လူတွေ၊ သံလွင်အိပ်မက်က သူငယ်ချင်းတွေ၊ အခြားလူဟောင်း၊ လူသစ် Blogger တွေ ၃၀ နီးပါးလာကြတယ်လေ။ အဲဒီပွဲရဲ့ ဒုတိယအစီအစဉ်မှာ ကျွန်တော်တို့အားလုံး စက္ကန့် ၃၀ ငြိမ်သက်ပြီး အစ်ကို လွတ်မြောက်ဖို့အတွက် ဆုတွေတောင်းခဲ့ကြပါတယ်။ မနှစ်က ရန်ကုန်က ဒီလိုပွဲမျိုးမှာ ပထမဆုံးတက်ဟောပြောပြီး “လွတ်ကျခဲ့တဲ့မြို့တော်” ကို ရာချီတဲ့ ပရိသတ်အရှေ့မှာ Projector ထိုးရှင်းပြနေခဲ့တဲ့ အစ်ကို့ကို ကျွန်တော်အားလုံး သတိရနေခဲ့ပါတယ်။ ရန်ကုန်က သူငယ်ချင်း Blogger တွေအနေနဲ့လည်း ပွဲစဉ်ကြတဲ့အခါမှာလည်း အစ်ကိုရှိရင်ကောင်းမယ်လို့ တွေးနေခဲ့ကြမှာပဲ၊ မလုပ်ဖြစ်တဲ့အခါလည်း အကြံကောင်းတွေပေးတတ်တဲ့ အစ်ကိုရှိရင်ကောင်းမယ်လို့ တွေးနေကြဦးမှာပါပဲ။ အခုလည်း ဒီမှာဆုံဖြစ်ကြပြန်ပြီ။ ဘယ်လူတွေ ဘယ်လောက်စုံတယ်ပြောပြောပါ - Blogger တွေစုကြတဲ့အခါ အစ်ကိုရှိမနေသ၍တော့ စုံတယ်လို့ တယ်မထင်မိဘူးဗျာ။ နေရာတစ်နေရာလွတ်နေဆဲပေါ့လေ။

ပွဲကတော့ အားရစရာလည်း ကောင်းတယ်။ ပျော်စရာလည်းကောင်းပါတယ်။ ဒီနေ့လာတဲ့ Blogger တွေထဲက တချို့ဟာ ကျွန်တော်တို့ ဆီမနာအပြီးလောက်မှာမှ Blog ရေးဖြစ်ကြတာဖြစ်ပြီး တချို့ကတော့ အစောပိုင်းကတည်းက ရေးနေပေမယ့် MBS နဲ့ အထိအတွေ့နည်းကြပါတယ်။ ဟိုးအရင် MBS စကတည်းက စင်ကာပူအမာခံလို့ ကျွန်တော်တို့ သဘောထားခဲ့တဲ့ လူဟောင်း Blogger တွေလည်း လာကြပါတယ်။ ဆီမနာအတွက် ကြိုးပမ်းခဲ့ကြတဲ့ အုပ်စုလေးကို First Generation လို့ ပြောမယ်ဆို အခုပွဲကို လာကြတဲ့ Bloggerတွေ (Second Generation) ဟာလည်း သိပ်အားရစရာကောင်းပါတယ်။ ရေးအားကောင်းပြီး ခင်မင်ရင်နှီးလွယ်သူတွေပဲ ဖြစ်ပါတယ်။ အစ်ကိုမြင်ချင်တဲ့ နည်းပညာကြွယ်ဝပြီး စည်းလုံးတဲ့ Blogger Society အတွက်တော့ တအားပါပဲဗျာ။

ဒီနေ့ပွဲကို မနှစ်က အစ်ကိုတို့အားလုံး လက်မှတ်စုထိုးထားတဲ့ အကျီလေးကို ပထမဆုံးအကြိမ် ကျွန်တော်ဝတ်သွားဖြစ်တယ်။ တိတိကျကျပြောရင် လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ၅ ရက်က အကျီပေါ့။ အဲဒီမှာ လက်မှတ်ထိုးပေးထားတဲ့ တချို့လူတွေက ကျွန်တော်နဲ့ အတူဒီပွဲကိုရောက်နေတယ်။ တချို့က ရန်ကုန်ကနေ သတင်းနားစွင့်နေလိမ့်မယ်။ အစ်ကိုတစ်ယောက်ကတော့ ... ။ မမီက အစ်ကိုဘာရေးပေးထားလဲမေးလို့ ကျွန်တော့်အကျီရင်ဘတ်က အစ်ကိုရေးပေးထားတာလေးပြဖြစ်တယ်။ “မောင်ပွတ်ရေ - အားလုံးအိုကေတယ်” ဆိုတာလေ။ ကျွန်တော်ကိုယ်တိုင် ပါဝင်ခွင့်မရခဲ့တဲ့ အဲဒီဆီမနာအတွက် အစ်ကိုပါးချင်တဲ့ သတင်းပေါ့လေ။ အခုကျွန်တော်ကိုယ်တိုင် ပါဝင်နိုင်ခဲ့တဲ့ ဒီပွဲအတွက် တစ်ခုခုပြောပါဆိုရင်တော့ “အားလုံးအိုကေတယ် - ဒါပေမယ့် မပြည့်စုံဘူးဗျာ” လို့ပဲပြောချင်မိတယ်။ အစ်ကိုဆီက “အားလုံးအိုကေတယ်” ဆိုတဲ့စကားကို နောက်တစ်ခေါက် အမြန်ဆုံးကြားရဖို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပါဗျာ...

Monday, September 1, 2008

အော် ... Blog Day ရောက်ခဲ့ပြန်ပြီ

မနှစ်က ဒီလို စက်တင်ဘာလ ၁ ရက်နေ့မှာ ဘလော့ဂ်နေ့ အထိမ်းအမှတ်အနေနဲ့ ခမ်းနားအောင်မြင်တဲ့ ဆီမနာကြီးတစ်ခုကို ရန်ကုန်မြို့မှာ ကျင်းပနိုင်ခဲ့ကြတယ်။ လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အစီအမံတွေကြောင့် ဆီမနာတက်လာတဲ့ ပရိသတ်တွေသာမက ကမ္ဘာအဝှမ်းက ပြန့်ကျဲနေတဲ့ ဘလော့ဂ်ဂါတွေလည်း တချိန်တည်း ပါဝင်နိုင်ခဲ့ကြတယ်။ စင်ပေါ်မှာ တစ်ယောက်ပြီး တစ်ယောက်ဟောပြောပေးနေချိန်မှာပဲ ခမ်းမထဲမလာနိုင်တဲ့လူတွေက Live Blog Cbox ကနေ သီချင်းတွေဆိုကြ၊ အားပေးကြနဲ့ သိပ်ပျော်စရာကောင်းခဲ့ဖူးတယ်။ ဒီနှစ်လည်း ဆီမနာလုပ်ဖြစ်ဦးမယ်ဆိုလို့ ဝမ်းသာနေခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ပြည်တွင်းက သူငယ်ချင်းတွေက အကောင်းဆုံး ကြိုးစားပေးခဲ့ကြပြီးပြီဖြစ်လို့ အကောင်အထည်ပေါ်မလာတဲ့ အခါမှာလည်း အပြစ်တင်စရာမရှိပါဘူး။ စိတ်ထဲမှာတော့ တစ်ခုခု လစ်ဟာနေသလိုလို၊ ပိုင်ဆိုင်မှုတစ်ခု ဆုံးရှုံးသွားသလိုတော့ ခံစားရပါတယ်။ ဖြေသာစရာတစ်ခုကတော့ မန္တလေးဘက်မှာ ပွဲတစ်ခုလုပ်ဖြစ်သွားတာပါပဲ။ လာမယ့်အပတ်ထဲမှာလည်း စင်ကာပူရောက် မြန်မာဘလော့ဂ်ဂါတွေ တွေ့ဆုံကြမယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာဘလော့ဂ်ဂါအများစု အခြေစိုက်ရာ ရန်ကုန်မှာ မလုပ်ဖြစ်တဲ့အတွက် မပြည့်စုံသလိုတော့ ခံစားရပါတယ်။ မနှစ်က ဆီမနာအတွက် “ငါတို့ရဲ့ ရာဇဝင်” ဆိုတဲ့နာမည်နဲ့ ကျွန်တော် Special Post တစ်ခုတင်ဖြစ်ပါတယ်။ ချစ်ခင်ရင်းနှီးတဲ့ ဘလော့ဂ်ဂါတွေက ကွန်းမန့်တွေ အတော်များများရေးပေးကြပါတယ်။ အဲဒီအထဲက ကိုနေဘုန်းလတ်ရေးပေးတဲ့ ကွန်းမန့်လေးက

မောင်ပွတ်ရေ ... အွန်လိုင်းပေါ်ကနေ ပါဝင်တဲ့အတွက် မင်းရှိနေတယ်လို့ပဲ ငါခံယူပြီးလုပ်ခဲ့တယ် ...။ ငါတကယ် ၀မ်းသာတယ် ... ငါတို့လူငယ်တွေချည်းပဲစုလုပ်ကြတဲ့ပွဲဟာ ခမ်းမအပြည့် စည်ကားခဲ့တာ ... နောက်ပြီး တက်ရောက်လာကြတဲ့ ပရိသတ်ကြီးရဲ့ အာရုံစူးစိုက်မှုတွေကို သေသေချာချာကိုရခဲ့တာ ... နောက် ... အခြေအနေအရပ်ရပ်ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့တာ ... အဖုအထစ်လေးတွေရှိခဲ့ပေမယ့် ... သိသိချင်းပဲ ပြန်ဖြည်ပေးနိုင်ခဲ့တာ ... နောက်ဆုံးက နိုင်ငံတကာက မင်းတို့လို ဘလော့ဂ်သူငယ်ချင်းတွေ အွန်လိုင်းပေါ်မှာရှိနေပြီး ပူးပေါင်းပါဝင်ကြတာ ... အားလုံးအတွက် တကယ့်ကိုဝမ်းသာတယ်ကွာ။ မင်းကို တစ်ခုမေးချင်တာက နောက်တစ်ခါလုပ်မယ့်ပွဲအတွက် ဒီ Conference Hall ထက်ကျယ်တဲ့ခမ်းမ ဘယ်မှာရှာရမလဲဆိုတာပါ ...” တဲ့လေ။

၂ နှစ်သက်တမ်းထဲကို ရောက်လာနေပြီဖြစ်တဲ့ MBS အောင်မြင်စွာ အဓွန့်ရှည်ဖို့ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။

Sunday, August 10, 2008

သို့ ... မစ္စတာလီကွမ်ယူး

မင်္ဂလာပါ မစ္စတာလီကွမ်ယူးခင်ဗျား။ ပျော်ရွှင်ဂုဏ်ယူဖွယ်ရာကောင်းတဲ့ စင်ကာပူနိုင်ငံရဲ့ ၄၃ ကြိမ်မြောက် အမျိုးသားနေ့ အခါသမယပါဗျာ။


လူကြီးမင်း နေကောင်းပါရဲ့လား။ သြဂုတ်လ ဂ ရက်နေ့ညက ဘေဂျင်းမှာ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စင်ကာပူကိုယ်စားပြု တက်ရောက်ခဲ့ပြီး ၉ ရက်နေ့မှာ ကျရောက်မယ့် အမျိုးသားနေ့ပွဲအတွက် ညတွင်းချင်း လေယာဉ်စီးပြန်လာခဲ့တဲ့ လူကြီးမင်း ကျန်းမာဖို့ ကျွန်တော်ဆုတောင်းပါတယ်။ ဒီစာကတော့ ညက ကျွန်တော်ကိုယ်တိုင် ကြည့်ခဲ့ရတဲ့ စင်ကာပူအမျိုးသားနေ့ အခမ်းအနားအကြောင်းပါ။ ကောင်းမွန်ခမ်းနားလှတဲ့ အစီအမံ၊ ရင်သပ်ရှုမောဖွယ် အစီအစဉ်တွေ၊ တင်းကျပ်ပြည့်စုံတဲ့ လုံခြုံရေးတွေနဲ့ လူကြီးမင်းတို့ရဲ့ နေ့ထူးနေ့မြတ်ဟာ တကယ်ပဲတင့်တယ်လှပါတယ်။

အထောင်အသောင်းချီတဲ့ နိုင်ငံသား၊ နိုင်ငံခြားသားတွေ ကမ်းညွှတ်မတတ် လာရောက်ကြတဲ့ ဒီအခမ်းအနားထဲမှာ ကျွန်တော်ကလည်း အနီရောင်အစက်အပြောက်တစ်အခု အနေနဲ့ ဖိတ်ကြားခံရခြင်း မရှိပါဘဲ တက်ရောက်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းတစ်ခု၊ စည်းလုံးညီညွတ်မှု၊ နည်းပညာဖွံ့ဖြိုးမှု၊ ချမ်းသာကြွယ်ဝမှုတွေကို လှစ်ဟပြနိုင်တဲ့ အကောင်းဆုံးအခွင့်အလမ်းပဲမို့ စင်ကာပူဆိုတာ ဘာလဲသိရအောင် ကျွန်တော်လာခဲ့တာပါ။ မစ္စတာလီခင်ဗျား - ကျွန်တော် ပထမဆုံး သတိထားမိတာက ကျွန်တော့်လိုပဲ အခမ်းအနားကြည့်လာတဲ့ ပရိသတ်တွေကိုပါပဲ။ အနီရောင်ဆင်တူတွေ ဝတ်ဆင်ထားကြတဲ့ ပရိသတ်ထဲမှာ အလယ်တန်းကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ကလေးငယ်ကို ချီပိုးခေါ်လာတဲ့ မိခင်တွေ၊ မျက်နှာမှာ အလံပုံဆေးခြယ်ထားတဲ့ လူငယ်တွေ၊ အရင်နှစ်တွေက အကြောင်းတွေကို လက်ဆင့်ကမ်း ပြောပြနေတဲ့ အဖိုးအိုတွေ အစုံပါပါတယ်။ သူတို့တွေကို ကြည့်ရတာ အပျော်တမ်း မီးပန်းဖောက်တာ လာကြည့်ကြတာမဟုတ်ဘဲ နိုင်ငံတော် အခမ်းအနားကို ဖိတ်ကြားခံထားရတဲ့ ပုံစံမျိုးနဲ့ စည်းကမ်းသိမ်ဝပ်စွာ တက်ကြွလွန်းပါတယ်။ ဂုဏ်ယူနေကြပါတယ်။ အဲဒီလူအုပ်ကြီးတွေကို Marina Bay ရဲ့ ဝဲယာတစ်လျှောက်မှာ လူကြီးမင်း လှမ်းမြင်လိုက်ရဲ့ မဟုတ်လား။ ကျွန်တော်သေသေချာချာ ပြောနိုင်ခဲ့တာကတော့ မစ္စတာလီ - လူကြီးမင်းဟာ တိုင်းပြည်တိုးတက်ဖို့သာမက နိုင်ငံသားတွေရဲ့ ခံယူချက်တွေ၊ စိတ်ဓါတ်တွေကိုပါ ပြောင်းလဲမြှင့်တင်ပေးနိုင်ခဲ့ပြီ ဆိုတာပါပဲ။

ဒုတိယအချက် ကျွန်တော်သတိထားမိတာက လူကြီးမင်းတို့ရဲ့ လူငယ်တွေကို နေရာပေးမှုပါပဲ။ ဒီနှစ်အမျိုးသားနေ့ အခမ်းအနား Logo မှာကိုက ခေတ်လူငယ်တွေ စင်ကာပူကိုယ်စားပြု ကြယ် ၅ လုံးကို မြှောက်ကိုင်ထားတဲ့ ပုံမဟုတ်လား။ အဲဒီလူငယ်တွေက ခေတ်ဆန်တဲ့ အဝတ်အစားတွေ ဝတ်ထားတာကိုလည်း ကျွန်တော်သတိထားမိပါတယ်။ အခမ်းအနားဖွင့်ပွဲသီချင်းဆိုပြန်တော့လည်း Jazz ဂီတ နာမည်ကျော် ဆယ်ကျော်သက် Nathan Hartono ကို အခွင့်အရေးပေးခဲ့ပြန်တယ်။ အခမ်းအနား အောင်အောင်မြင်မြင် ပြီးဆုံးစေဖို့ တာဝန်ယူကြီးကြပ်နေတဲ့ လူတွေကိုတွေ့ရပြန်တော့လည်း လူငယ်တွေပဲနော်။ ဒါကြောင့် မစ္စတာလီက ဒီအခမ်းအနားအတွက် ပြောတဲ့မိန့်ခွန်းမှာ “စင်ကာပူရဲ့ နောက် ဆယ်စုနှစ်တစ်ခုအတွက် ကျွန်တော်ယုံကြည်မှု အပြည့်ရှိပါတယ်” လို့ပြောရဲတာဖြစ်မယ်လို့ ကျွန်တော်တွက်ဆမိတယ်။ အသက် ၃၅ နှစ်နဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လူကြီးမင်းအနေနဲ့ လူငယ်တွေကို ဘယ်လောက်မျှော်လင့်ထားမယ်ဆို ကျွန်တော်နားလည်ပါတယ်။

အမြောက်ကြီးတွေ ပစ်ဖောက်ပြီး အခမ်းအနားစတင်ချိန်မှာပဲ မိုးတွေက တဖွဲဖွဲစရွာလာတယ်။ ကျွန်တော်စိုးရိမ်မိသေးတယ်။ Marina Bay မှာရောက်နေတဲ့ ၂ သိန်းသော ပရိတ်သတ်တွေ ဒီမိုးကြောင့် လှည့်ပြန်ကုန်မှာရယ်၊ အခမ်းအနား အစီအစဉ်တွေ ပျက်ကုန်မှာရယ်ကိုပါ။ ခဏနေတော့ ကျွန်တော့် စိုးရိမ်စိတ်တွေ ပျောက်သွားတယ်။ အခမ်းအနားကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်စင်မြင့် (Floating Platform) ပေါ်ကို လေထီးသူရဲကောင်းတွေက မိုးစက်တွေကြားထဲကပဲ အမှားအယွင်းမရှိ ဆင်းလာကြလို့ပါ။ ဒီသူရဲကောင်းတွေကို လက်ခုပ်တီးကြိုဆိုနေတဲ့ လူကြီးမင်းကိုလည်း ကျွန်တော် တီဗွီဖန်သားပြင်မှာ မြင်လိုက်ရသေးတယ်။ အသက် ၈၀ ကျော် သက်ကြီးပိုင်း မစ္စတာလီအနေနဲ့ အမိုးအကာအောက်မှာ နေမလား၊ တပည့်တပန်းတွေကပဲ ထီးမိုးပေးနေမလားတွေးခဲ့မိပေမယ့် လူကြီးမင်းက အခြားသော အရပ်သားပရိသတ်တွေလိုပဲ ဈေးခပ်ပေါပေါ တခါသုံးအနီရောင် မိုးကာအကျီနဲ့ မိုးဒဏ်ကိုအံတုရင်း ထိုင်မြဲထိုင်နေခဲ့လို့ ကျွန်တော်တောင် အံ့သြမိသေးတယ်။ စင်ကာပူပြည်သူတွေနဲ့ အစိုးရအရာရှိတွေ တတန်းတစားတည်းရှိတာကို သက်သေပြလိုက်တာပေါ့လေ။ ကျွန်တော်လေးစားမိပါတယ် မစ္စတာလီခင်ဗျား။

အခမ်းအနားအစီအစဉ်အရ ဝန်ကြီးချုပ် လီရှန်လွန်း အခမ်းအနားထဲဝင်လာတော့ လူကြီးမင်းတို့ အားလုံး မတ်တပ်ရပ်ဂုဏ်ပြုကြပြန်တယ်။ ခန့်ညားတဲ့ အဖြူရောင် သက်တော်စောင့်ဆိုင်ကယ်တွေ ခြံရံပြီး ကားအဖြူကြီးပေါ်ကဆင်းလာတဲ့ သားဖြစ်သူ ဝန်ကြီးချုပ်ကို မတ်တပ်ရပ် ဂုဏ်ပြုရင်း လူကြီးမင်း ပြုံးနေတာ ကျွန်တော်သတိထားမိသလို လူကြီးမင်းရဲ့ အပြုံးကိုလည်း ကျွန်တော် သဘောပေါက်လိုက်မိပါတယ်။ ရှေ့မလှမ်းမကမ်းမှာက ရင်မှာပိုက်ပြီး မွေးလာရတဲ့ သားဝန်ကြီးချုပ်နဲ့ အရိုအသေပေးနေတဲ့ ပြည်သူတွေ၊ ခပ်ဝေးဝေးမှာ မြင်နေရတာက လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၄၃ နှစ်က တံငါရွာဘဝကနေ တိုးတက်အောင်ကြိုးစားလာခဲ့တဲ့ မိုးမျှော်အဆောက်အအုံကြီးတွေ၊ နာမည်ကြီးဟော်တယ်တွေ၊ ကုမ္ပဏီရုံးချုပ်ကြီးတွေနဲ့ စင်ကာပူရဲ့ အသည်းနှလုံး Raffles Place - တနည်းအားဖြင့် သက်ရှိသားနဲ့ သက်မဲ့သားကို တပြိုင်တည်း အခမ်းအနားနဲ့ မြင်နေရတဲ့အချိန်၊ သက်မဲ့သားရဲ့ မွေးနေ့ကို သက်ရှိသားနဲ့ ကျင်းပနေတဲ့အချိန် - မစ္စတာလီ - လူကြီးမင်းရဲ့ အပြုံးတွေက ပီတိတွေ ပြည့်နေလွန်းပါတယ်ဗျာ။

မစ္စတာလီခင်ဗျား - လူကြီးမင်းတို့ရဲ့ အခမ်းအနားအစီအစဉ်တွေဟာလည်း ရင်သပ်ရှုမောစရာထက် စိတ်ဓာတ်တက်ကြွဖို့၊ တိုင်းပြည်ချစ်ဖို့၊ သာတူညီမျှရှိတာ သိသာစေဖို့၊ ဖွံ့ဖြိုးတဲ့နိုင်ငံဆိုတာ သိသာစေဖို့ ပိုမိုပြသနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်မိတယ်။ လူကြီးမင်း အများကြီးမျှော်လင့်ထားတဲ့ လူငယ်ကျောင်းသားတွေရဲ့ သရုပ်ဖေါ်မှုတွေ၊ အဓိကလူမျိုးစုကြီးတွေဖြစ်တဲ့ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယလူမျိုးတို့ရဲ့ ရိုးရာတင်ဆက်မှုတွေ၊ ပြည်တွင်းတပ်ဖွဲ့အသီးသီးရဲ့ ချီတက်အလေးပြုမှုတွေ၊ နည်းပညာဖွံ့ဖြိုးမှု စတန့်ပြကွက်တွေ၊ အံ့မခန်းအလင်းတွေနဲ့ မီးရှူးမီးပန်းတွေနဲ့ အခမ်းအနားကို လစ်ဟာမှုမရှိ အချိန်ကိုက်ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ Air Show လို့ခေါ်တဲ့ လေကြောင်းသရုပ်ပြမှုပါပဲ။ ကမ္ဘာ့အကောင်းဆုံးတိုက်လေယာဉ် စာရင်းဝင် F16 လေယာဉ် ၆ စင်းဟာ Marina Bay ကောင်းကင်ကို ထင်သလို ချယ်လှယ်ပြနိုင်ခဲ့ပါတယ်။ အရေးအကြောင်းဆို တိုင်းပြည်အတွက် စစ်ဦးကဘီလူးစီးတိုက်နိုင်သူတွေဆိုတာ ကျွန်တော်မြင်ခဲ့ရပါတယ်။


မစ္စတာလီခင်ဗျား - တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့ပဲ အုပ်ချုပ်ခဲ့တယ်ပြောပြော၊ စင်ကာပူလူမျိုးတွေဟာ နွားခြေရာခွက်ထဲက ဖားတွေလို့ပဲ ပြောပြော - စင်ကာပူနိုင်ငံနဲ့ စင်ကာပူနိုင်ငံသားတွေရဲ့ အဆင့်အတန်းဟာ မြင့်သထက် မြင့်လာနေတာကိုတော့ ငြင်းမရတော့ပါဘူး။ နိုင်ငံအသီးသီးက ပညာရှင်တွေကနေ အိမ်ဖော်တွေအထိ လာအခြေချနေထိုင်ပေမယ့် တိုင်းပြည်စည်းကမ်း ပျက်မသွားတာ၊ ရာဇဝတ်မှုတွေ များမလာတာ၊ တစ်ဦးချင်းဝင်ငွေတက်လာနေတာဟာ ပြည်တွင်းသယံဇာတ လုံးဝမရှိတဲ့ ကျွန်းနိုင်ငံကို အုပ်ချုပ်နေတဲ့ လူကြီးမင်းတို့ အစိုးရကြောင့်ဆိုတာ လက်ခံရမှာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်မှု၊ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနဲ့အညီ အုပ်ချုပ်မှု၊ ပြည်သူတွေ ရသင့်ရထိုက်တာတွေ ရရှိအောင် စီစဉ်ပေးနိုင်မှုတွေကြောင့်လည်း တိုင်းပြည်ရဲ့ နိုင်ငံရေးဟာ တည်ငြိမ်တယ်လို့ ပြောရမယ့် အနေအထားမှာ ရှိပါတယ်။ ဒီလိုနဲ့ပဲ မစ္စတာလီကွမ်ယူးရေ - ကျွန်တော့်အပြန်လမ်းမှာ မြန်မာတစ်ယောက်အနေနဲ့ တွေးစရာတွေ ပြည့်နေခဲ့ပါတယ်ဗျာ။

ယခု ၄၃ နှစ်မြောက် အမျိုးသားနေ့ (စင်ကာပူမွေးနေ့)မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တိုးတက်နေဖို့၊ လူကြီးမင်းလည်း ကျန်းမာစေဖို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။

(Aug 9 က စင်ကာပူအမျိုးသားနေ့ပွဲကြည့်ပြီး ပြန်အလာ ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ခုမှပဲ Publish လုပ်ဖြစ်တာပါ။)

Monday, July 21, 2008

သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) သို့မဟုတ် Thanlwin.com ရဲ့ နောက်ထပ်ခြေတစ်လှမ်း

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၁) ကိုထုတ်ဝေခဲ့အပြီးမှာ ယခုတဖန် ထူးခြားကောင်းမွန်သော အဆင်အပြင်များဖြင့် သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) ကို ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ထပ်မံဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။

သံလွင်အိပ်မက် အတွဲ(၂)၊ အမှတ်(၂)၏ မျက်နှာဖုံးဒီဇိုင်း

ဒီတခေါက်မှာ ထူးခြားချက် အချို့ရှိနေပြီး ပထမဆုံး ထူးခြားချက်ကတော့ သံလွင်အိပ်မက်နဲ့အတူ မူရင်း website ဖြစ်တဲ့ www.thanlwin.com ကိုပါ CMS တစ်ခုအသုံးပြုပြီး Portal ဆန်ဆန်အဆင့်မြှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဖိုရမ်နဲ့ စိတ်ဝင်စားဖွယ် ဘလော့ဂ်များကိုလည်း တွဲဘက်တင်ဆက်ထားပါတယ်။ သံလွင်အိပ်မက်ကတော့ thanlwin.com ရဲ့ Product တစ်ခုအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်။ Issue တစ်ခုနဲ့တစ်ခုအကြားမှာရတဲ့ သုံးလဆိုတဲ့အချိန်အတွင်းမှာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ Open Source နည်းပညာပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အယ်ဒီတာ ကိုညီညီ(သံလွင်)ရဲ့ အချိန်ပေးကြိုးပမ်းမှုကြောင့် ဆိုရင်လည်း မမှားပါဘူး။ အခု သံလွင် အတွဲ (၂) အမှတ် (၂) မှာ စာဖတ်သူတွေအနေဲ့ ဝေဖန်အားပေးနိုင်တဲ့ comment တွေ၊ အမှတ်ပေးနိုင်တဲ့ rating လို features လေးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ သံလွင်ရဲ့ အမာခံစာရေးသူတွေ အင်အားတောင့်တင်းစွာနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ သံလွင်အိပ်မက်ဝိုင်းတော်သားတွေဖြစ်တဲ့ နေဘုန်းလတ်၊ သံလွင်မောင်၊ ညီညီ(သံလွင်)၊ ကိုငယ်(မန္တလေး)၊ စကားပန်း၊ အေးချမ်း(သံလွင်)၊ လက်တွဲဖော် ဘလော့ဂ်ဂါများဖြစ်တဲ့ ဘုန်းဘုန်းးဦးကောဝိဒ၊ နိုင်းနိုင်းစနေ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ ဂျစ်တူး၊ မွန်းသက်ပန်၊ အိမ့်ချမ်းမြေ့၊ ကိုဖြိုး၊ အောင်ပိုင်စိုး၊ ဆုဝေ၊ ညိမ်းညို၊ နငယ်၊ အမာခံကလောင်ရှင်တွေဖြစ်တဲ့ ခရေဖြူ၊
ညီသစ်၊ ကိုလေး(ဆေး-၁)၊ နန်းသက်ထား၊ ဇေသန်း၊ ခန့်ငြိမ်းသစ်၊ သံလွင်အိပ်မက်ရဲ့ကလောင်သစ်များအဖြစ် မယ်ကိုး၊ ဒီဝိုင်း၊ ကမ္ဘာစိုးမင်း စသူတို့ရဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ အက်ဆေးများကို အားပါးတရဖတ်ရှုရမှာဖြစ်ပါတယ်။ ဓါတ်ပုံဆရာတွေဖြစ်တဲ့ ဇင်ကိုလတ်မြင့်ထွန်းလင်းကိုနေလင်းစိုးဇေယျထွန်းနဲ့ နေဘုန်းလတ်တို့ရဲ့ လက်ရာ ဓါတ်ပုံများကိုလည်း ခံစားနိုင်ပါတယ်။ ဒါ့အပြင် ထည့်သွင်းနေကြဖြစ်တဲ့ ကာတွန်း၊ အင်တာဗျူး၊ ပေးစာ၊ ဗေဒင်တို့ကိုလည်း ရိုးရာမပျက် ဖတ်ရှုရဦးမှာဖြစ်တဲ့အတွက် သံလွင်အိပ်မက် (www.thanlwin.com) ကို အလည်တစ်ခေါက်တော့ လာရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Saturday, June 28, 2008

၂၈ ရက်နေ့မှာ ၂၈ နှစ် ပြည့်ခဲ့တဲ့ မြို့တော်သို့

မနေ့ကလည်း ၂၄ နာရီရှိခဲ့တယ်။ ဒီနေ့လည်း ၂၄ နာရီပါပဲ။ မနက်ဖြန်လည်း ၂၄ နာရီပဲ ရှိဦးမှာပါ။ ဒါပေမယ့် ဒီနေ့ဆိုတဲ့ ဇွန်လ ၂၈ ရက်နေ့ရဲ့ ၂၄ နာရီမှာတော့ လက်ရှိအခြေအနေတွေကို ခဏမေ့လို့ အစ်ကို့ကို ကျွန်တော် ပျော်နေစေချင်တယ်ဗျာ။ အစ်ကို့မိသားစု၊ ကျွန်တော်နဲ့တကွ သူငယ်ချင်းတွေ၊ အစ်ကို့ စာဖတ်ပရိသတ်တွေရဲ့ “ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ” ဆိုတဲ့ ဆုတောင်းကြောင့် အစ်ကို တကယ်ပဲ ပျော်ရွှင်နေပါစေလို့ ကျွန်တော် ထပ်ဆုတောင်းပါတယ်။

ကိုနေဘုန်းလတ်ရေ -
စိတ်ဓါတ်ကြံ့ခိုင်တဲ့ အစ်ကိုကတော့ တသက်မှာတခါပဲရတဲ့ “၂၈” ရက်နေ့မှာ “၂၈” နှစ်ပြည့်တဲ့ မွေးနေ့ကို “မွေးနေ့ဆိုတာ နေ့တွေထဲက တစ်နေ့ပဲ” ဆိုပြီး ဖြတ်ရိုးဖြတ်စဉ်ပဲ ဖြတ်သန်းသွားဖို့ ကြိုးစားနေဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့၊ အထူးသဖြင့် ဘလော့ဂ်ဂါတွေကတော့ မွေးနေ့တစ်ခုကို သာမန်နေ့တစ်နေ့လို့ ဘယ်တုန်းကမှ မတွေးခဲ့ကြဘဲ မွေးနေ့ရှင်ရဲ့ ဘလော့ဂ်မှာ နှုတ်ဆက်ကြ၊ ပို့စ်တင်ပေးကြ၊ ဂျီတော့ကနေ စကြနောက်ကြ၊ ဖုံးဆက်ကြနဲ့ နေခဲ့ကြတာ အစ်ကိုလည်း သတိရနေမှာပါ။ ဒီနှစ်တော့ မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲကို ကျွန်တော်တို့ ကျင်းပကြရတော့မယ်။ အစ်ကို့မွေးနေ့ဟာ တိတ်တဆိတ်နဲ့ပဲ စည်ကားနေတော့မယ်။ အစ်ကို့မွေးနေ့ကို သတိရလို့ “လွတ်ကျခဲ့တဲ့ မြို့တော်” ကိုရောက်လာသူတိုင်းဟာ မွေးနေ့အတွက် ပို့စ်အသစ်မရှိတဲ့ အစ်ကို့ဘလော့ဂ်အတွက် စိတ်ကောင်းကြမှာ မဟုတ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ်ကို နောက်ဆုံးတင်ထားပေးခဲ့တဲ့ ပို့စ်ကလည်း ကျွန်တော့်မွေးနေ့အတွက် ဖြစ်နေတော့ အစ်ကို့ဘလော့ဂ်ကို ရောက်တိုင်း ကျွန်တော် သတိတရနဲ့ စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။

ကိုနေဘုန်းလတ်ရေ -
မနက်ဖြန်ဆို အစ်ကို့ကို ဖမ်းဆီးထားတာ ၅ လပြည့်ပြီ။ နှစ်တစ်နှစ်ရဲ့ သုံးပုံတစ်ပုံကျော်ကို အဓိပ္ပါယ်နည်းပါးစွာနဲ့ အစ်ကိုဖြတ်သန်းခဲ့ပြီးပြီပေါ့။ လူခန္ဓာကြီးက မလွတ်မြောက်နိုင်သေးပေမယ့် အစ်ကို့စိတ်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေကတော့ အရင်လိုပဲ ရင့်ရင့်ကျက်ကျက်နဲ့ လွတ်လပ်နေတုန်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ အစ်ကို မကြာခဏပြောတဲ့ “မောင်ပွတ် မင်းသိလား၊ ငါတို့တွေ အများကြီး လုပ်ကြရဦးမယ်” ဆိုတဲ့ စကားလေး အမြဲကြားယောင်နေမိတယ်။ တိုင်းပြည်တိုးတက်ဖို့၊ လူငယ်တွေ ပညာဥာဏ်ရှိဖို့၊ နည်းပညာတွေ အဆင့်မီဖို့ အမြဲတမ်း ထောက်ပြအကြံပေးနေတဲ့ ကိုနေဘုန်းလတ် - အစ်ကို့ဘက်မှာ အမှန်တရားတွေရှိနေပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။

ကိုနေဘုန်းလတ်ရေ -
အစ်ကို ကျွန်တော့်မွေးနေ့တုန်းက ရေးပေးခဲ့တဲ့ စာသားလေးတွေ သတိရမိတယ်။

အချို့သောရက်တွေမှာ သိပ်မသိသာပေမယ့် ... မိမိတို့ရဲ့ ဘ၀မှာ အမှတ်ရစရာလေးတွေ ဖြစ်ခဲ့တဲ့ ... အလေးအနက်ထား မှတ်သားထားခဲ့တဲ့ အထိမ်းအမှတ်နေ့လေးတွေနဲ့ တိုက်ဆိုင်လာတဲ့အခါ ... ကျွန်တော်တို့ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတစိတ်ဟာ ... တစ်ဆစ်ဆစ် နာကျင်လာတဲ့ အထိအောင်ကို ဖြစ်လာတတ်တာ ကိုယ်တိုင်ခံစားဖူးတဲ့ အတွက် ကျွန်တော် နားလည်ပါတယ် ...။
မောင်ပွတ်လဲ ... အဲဒီ့လိုပဲခံစားနေလိမ့်မယ်လို့ ကျွန်တော် မှန်းလို့ရပါတယ် ...။
အဲဒီ့လိုအခါမျိုးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကိုယ့်အနားမှာ ရှိမနေဘူး ဆိုတဲ့အတွေးတွေကို ဘေးချထားပြီး ... ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်နဲ့ ယုံကြည်ချက်တူတဲ့သူတွေ ဟာ တစ်နယ်စီခြားနေပေမယ့် စိတ်ချင်းနီးနေကြတယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ စိတ်ဓါတ်တွေကို ထိမ်းကြောင်း ရှေ့ဆက်ကြရပါတယ် ... ဆိုတာလေ။

ကျွန်တော့်ကို ဆုံးမသလိုပဲ အစ်ကိုလည်း တစိမ်းတရံတွေ၊ မချစ်မနှစ်သက်တွေကြားထဲကနေ အစ်ကို့ကို သံယောဇဉ်ရှိတဲ့လူတွေ၊ ချစ်ခင်လေးစားသူတွေအကြောင်းတွေးရင်း စိတ်ဓါတ်တွေကို ထိမ်းကြောင်းနိုင်နေဆဲလို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်ပမှာ အလုပ်အကိုင်ကောင်းတွေ ရှိပေမယ့် မြန်မာပြည်မှာပဲ နေမယ်ဆိုတဲ့ အစ်ကို၊ နိုင်ငံတကာ အစားအစာတွေ ဘယ်လောက်စားစား “အမေ့လက်ရာ မမီဘူးကွ” လို့ အမြဲပြောနေတတ်တဲ့ အစ်ကို၊ ရောက်ရာနေရာမှာ တိုင်းပြည်နဲ့ လူငယ်တွေအတွက်ပဲ အမြဲချိန်ထိုး စဉ်းစားပေးနေတတ်တဲ့ အစ်ကို - တန်ဖိုးကြီးတဲ့ အချိန်တွေကို ရှိမနေသင့်တဲ့နေရာမှာပဲ အကြောင်းပြချက်မရှိ ဖြတ်သန်းနေရတာကို တွေးမိတိုင်း ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။

ကိုနေဘုန်းလတ်ရေ -
မွေးနေ့ဆိုရင် ပျော်စရာကောင်းတာတွေ ရေးကြ၊ စကြ၊နောက်ကြ နေခဲ့ကြပေမယ့် အစ်ကို့မွေးနေ့မှာတော့ ပျော်စရာကောင်းတာတွေ တွေးမိတိုင်း စိတ်မကောင်းဖြစ်ရလို့ ကျွန်တော့်စာက အလွမ်းသီချင်းလို၊ ငိုချင်းတစ်ပုဒ်လို ဖြစ်နေရင်တော့ ခွင့်လွှတ်ပါ။ မနှစ်က ဘလော့ဂ်ဂါအစည်းအဝေးမှာ ကိတ်မုန့်လှီးပြီး cream တွေနဲ့ လိုက်တို့ကြတာ၊ အစ်ကို့မွေးနေ့မှာ ထမင်းလက်စုံစားကြတာတွေ မနေ့တစ်နေ့ကလို သတိရနေတုန်းပါပဲဗျာ။ ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကြားထဲမှာ လေးစားစရာ Icon တစ်ခုအနေနဲ့ အစ်ကို့ကို အားလုံးက သတိရနေကြတုန်း၊ အစ်ကို့စာတွေကို မျှော်လင့်နေကြတုန်း၊ လွတ်မြောက်လာဖို့ ဆုတောင်းနေကြတုန်းပါပဲ။ လောလောဆယ်မှာ အုပ်ထိန်းသူမဲ့နေတဲ့ လွတ်ကျထားတဲ့ မြို့တော်ကြီး ပြန်လည်စည်ကားလာတဲ့ နေ့ကြရင် ကျွန်တော်တို့တွေအားလုံး စည်းစည်းလုံးလုံးနဲ့ အရင်လို ပျော်ပျော်ပါးပါး ဆုံကြဦးမယ်ဗျာ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးတမ်း စနောက်ကြဦးမယ်၊ လိုတဲ့အကူအညီတွေ ပေးကြဦးမယ်၊ တိုင်းပြည်အတွက်၊ ဘလော့ဂ်ဂါတွေအတွက် အလုပ်လုပ်ကြဦးမယ်လေဗျာ။

ကိုနေဘုန်းလတ်ရေ -
အစ်ကို့မွေးနေ့မှာ ဘယ်လိုခါးသီးတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကျင်လည်နေရစေကာမူ ပျော်ရွှင်ငြိမ်းချမ်းတဲ့ မွေးနေ့အချိန်ပိုင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့၊ လူရောစိတ်ပါ ကျန်းမာဖို့၊ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ ကျွန်တော် အလေးအနက်ဆုတောင်း လိုက်ပါတယ်ဗျာ။

သတိရလျက်
ခင်တဲ့ညီငယ်
မောင်ပွတ်

(မနှစ်က ကိုနေဘုန်းလတ် မွေးနေ့အတွက် ရေးပေးခဲ့တဲ့ ပို့စ်လေးဖတ်ချင်ရင် ဒီမှာ ဖတ်ပါ)

Monday, May 19, 2008

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့်မသွားဖို့ ... (အပိုင်း ၂)

အပိုင်း (၁) မှာ ဖော်ပြခဲ့တဲ့ သံလျင် ၁၈ ကုန်းမှာ အိမ်ခြေ ၁၇၆ အိမ်အတွက် တာလပတ်တွေဝယ်ပေးမယ့် ပရောဂျက်အတွက် ငွေ ခြောက်သိန်းကို ဗုဒ္ဓဟူးနေ့က လွှဲပေးခဲ့ပါတယ် ။ ပထမက ငွေ ဆယ်သိန်းလွှဲဖို့ စီစဉ်ခဲ့ပေမယ့် ၊ ဟိုဘက်မှာ သူတို့ဘာသာ အလှူရှင်တွေလည်း ရှိနေတဲ့အတွက် ၊ နောက် ပိုက်ဆံလိုတယ်လို့ မြန်မာပြည်ရှိ တခြားသူငယ်ချင်းများကလည်း လှမ်းပြောတဲ့အတွက် ၊ ကျန်ငွေတွေကို တခြားနေရာတွေဆီ ပို့ဖို့ ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။

မဂျစ်တူးကိုညီညီ(သံလွင်) နဲ့ ကျွန်တော်တို့ ဘလောဂ့်များမှ စုစုပေါင်း လက်ခံရရှိငွေစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကိုနေလင်း+မတင်မိုးအေး - USD 100
ကိုသက်ခိုင်+မအိဇာ - USD 100
ကိုမိုးဇော်အောင်+Aree - USD 100
ကိုဝေဖြိုး - SGD 100
မချောပြည့်ဝင်း - SGD 100
မချောနုလှိုင် - SGD 100
စေတနာရှင်တစ်စု - SGD 100
Hoo Kheng Kay + Irene - SGD 40
TZA - SGD 150
ကိုကျော်ဝင်း - SGD 50
KHL - SGD 100

၂၀၀၈ခုနှစ် မေလ ၁၃ ရက် ည ၁၁နာရီ အထိ စုစုပေါင်းကောက်ခံရရှိငွေ - USD 300 နှင့် SGD 740

မြန်မာပြည်ဘက်က အလှူရှင်အဖွဲ့ သွားရောက်လှူဒါန်းတုန်းက မှတ်တမ်းတင် ဓာတ်ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ် ။





ကျွန်တော်တို့ဘက်က ငွေလွှဲပေးလိုက်တဲ့ ဘောက်ချာကိုတော့ ဒီအောက်ကပုံမှာကြည့်ပါ ။




ကျန်ငွေ (SGD 428) ကို နောက် ပရောဂျက်အတွက် ခေတ္တခဏ ထိန်းသိမ်းထားပါတယ် ။

ကျွန်တော်တို့ရဲ့ ပရောဂျက် အမှတ်(၁) အောင်မြင်ဖို့ ယုံကြည်စိတ်ချစွာ ၀ိုင်းဝန်းပံ့ပိုးပေးကြတဲ့ အလှူရှင်တွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း ပရောဂျက် အမှတ်(၂) အတွက် အလှူငွေ စကောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

Sunday, May 11, 2008

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့်မသွားဖို့

ခုတလော မြန်မာပြည်က မုန်တိုင်းဒုက္ခသည်တွေ ၊ မုန်တိုင်းကြောင့် သေကြေပျက်စီးရတာတွေ ဖတ်ပြီး စိတ်ထဲမှာ မကောင်းဘူး။ ကိုယ်တတ်နိုင်သလောက်လေး လုပ်ပေးဖို့ ကြိုးစားချင်ပါတယ်။ စာဖတ်သူတို့လည်း အဲလိုခံစားရမယ်လို့ ယုံကြည်ပါတယ်။ သူငယ်ချင်း အသိမိတ်ဆွေတွေထဲက မြန်မာပြည်ပြန်ပြီး ကူညီမယ့်သူရှိတိုင်း ၊ အလှူငွေဝိုင်းကောက်ပေးတာလောက်ပဲ ခုတော့ တတ်နိုင်သေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လဲ သိပ်အားမရဘူး။ ဒါပေမယ့်လည်း ကိုယ်တတ်နိုင်သလောက်လေး လုပ်တယ်ဆိုပြီး စိတ်ဖြေမိတယ်။

ပြည်ပရောက်မြန်မာတွေက ကိုယ့်နီးစပ်ရာနဲ့ကိုယ်စီ မြန်မာပြည်အတွက် အလှူငွေတွေကို အင်တိုက်အားတိုက် ကောက်ခံနေတာတွေ ၊ တချို့ ဆိုရင် မြန်မာပြည်ကိုဆင်းပြီး ပြန်ကူညီဖို့ စိုင်းပြင်းနေတာတွေ မြင်ရတော့ အားရ၀မ်းသာဖြစ်မိတယ်။ ဘယ်သူပဲ အလှူငွေတွေကောက်ကောက် အဓိကက မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီ ရောက်ဖို့ပါပဲ။ ဒါကြောင့် ကောက်ခံရသမျှ အလှူငွေတွေကို နီးစပ်ရာမှန်သမျှကို ဖြန့်လှူဖြစ်တယ်။

နောက် စဉ်းစားမိတာ ... ကျွန်တော်တို့က ဘယ်အဖွဲ့ အစည်းကမှလည်း မဟုတ်တော့ အလှူငွေတွေကို ကောက်ပြီး လက်ထဲမှာ ကိုင်မထားချင်ဘူး။ ဒီတော့ မြန်မာပြည်ဘက်က လိုအပ်တဲ့အရာတွေအကြောင်း လှမ်းသတင်းပို့တဲ့အခါ ၊ အမြန် ၂-၃ရက်လောက် timeline ချပြီး ပိုက်ဆံကောက် လွှဲတာမျိုး လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ပရောဂျက် (၁)

ခုလက်ရှိတော့ သူငယ်ချင်းတစ်ယောက်က သံလျင် ၁၈ ကုန်းမှာ အိမ်ခြေ ၁၇၆ အိမ်အတွက် တာလပတ်တွေဝယ်ပေးဖို့ ငွေမလောက်ဘူး ဖြစ်နေတယ်လို့ လှမ်းပြောလာတယ်။ တစ်အိမ်ကို ၄၅၀၀ ကျပ်ကျမယ်ဆိုတော့ စုစုပေါင်း ၇သိန်း ၉သောင်းကျော် ကျမယ်။ ဟိုဘက်ကလူတွေ လှူနိုင်တဲ့ပိုက်ဆံနဲ့ မလုံလောက်လို့ ၊ တတ်နိုင်သေးရင် ၀ိုင်းကူဖို့ ပြောလာတယ်။

အဲဒီဘက်ကအိမ်အများစုဟာ ဓနိမိုး ထရံကာတွေဖြစ်တဲ့အတွက် ၊ မုန်တိုင်းဝင်ပြီး အမိုးတွေအကုန် လန်ထွက်ကုန်တယ်။ မိုးတွင်းရာသီလည်း ရောက်တော့မယ်ဆိုတော့ အဲဒီမှာနေထိုင်သူတွေ အထူးသဖြင့် ကိုယ်ဝန်ရှိမိခင်များနဲ့ ကလေးတွေအတွက် အရမ်းစိတ်ပူမိလို့ ခုလို အမြန် တာလပတ်တွေ ၀ယ်ပေးဖို့ စီစဉ်တယ်လို့လည်း သူငယ်ချင်းက ပြောပါတယ်။

အခုချိန်ကစပြီး အဲဒီ ပရောဂျက်အတွက် လာမယ့်အင်္ဂါ နေ့ (၁၃ရက် မေလ) ည ၁၁ နာရီထိ အလှူခံပါမယ်။ ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်ကို ပိုက်ဆံလွှဲပေးပါမယ်။

လွှဲပေးလိုက်တဲ့ ဘောက်ချာကိုတော့ ဒီဘက်ကနေ ပြနိုင်ပါတယ် ။ ဒါပေမယ့် ဆက်သွယ်ရေးခက်ခဲတာကြောင့် ၊ သံလျင်ကနေ သူငယ်ချင်းအဖွဲ့ က ရန်ကုန်ကို အမြဲမတက်နိုင်တာကြောင့် ၊ နောက်ပြီး မြန်မာပြည်က ဘောက်ချာကို ဒီပို့ဖို့ စကန်ဆွဲတာ ဘာညာတွေလုပ်ဖို့လည်း အဆင်မပြေတာကြောင့် ၊ ဟိုဘက်က ၀ယ်တဲ့ဘောက်ချာကိုတော့ ပြနိုင်မှာ မဟုတ်တာကို နားလည်ပေးစေလိုပါတယ်။

ခုလို အရာရာ ပြိုလဲကျနေချိန်မှာ တဦးစီရဲ့ လုပ်ရပ်တွေအပေါ် ယုံကြည်မှုကို လက်ကိုင်ဆွဲပြီး ၀ိုင်းကူလှူဒါန်းမယ်ဆိုရင်တော့ ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်။

အီးမေးလ်နဲ့ (gyittu78@gmail.com) ကို ဆက်သွယ်နိုင်သလို ၊ ညီညီ (သံလွင်) - ၉၄၈၉ ၂၉၅၉ နှင့် မောင်ပွတ်- ၉၁၈၇၁၈၄၀ ကိုလည်း ဖုန်းနဲ့ ဆက်သွယ်နိုင်ပါတယ် ။

------------------------------------------------------------------------------
ယခုအချိန်အထိ ကောက်ခံရရှိသော အလှူငွေစာရင်း ဖြစ်ပါတယ်..

ကိုနေလင်း+မတင်မိုးအေး - USD 100
ကိုသက်ခိုင်+မအိဇာ - USD 100
ကိုမိုးဇော်အောင်+Iree - USD 100
ကိုဝေဖြိုး - SGD 100
မချောပြည့်ဝင်း - SGD 100
မချောနုလှိုင် - SGD 100
စေတနာရှင်တစ်စု - SGD 100
Hoo Kheng Kay + Irene - SGD 40
TZA - SGD 150
ကိုကျော်ဝင်း - SGD 50

၂၀၀၈ခုနှစ် မေလ ၁၃ ရက်
ည ၁၁နာရီ အထိ စုစုပေါင်းကောက်ခံရရှိငွေ - USD 300 နှင့် SGD 640

Friday, May 9, 2008

မျှော်တိုင်းဝေးတဲ့ ရွှေပြည်တော်

နှစ်ပေါင်းများစွာ သဘာဝဘေးန္တရယ်ဆိုးများနှင့် ဝေးကွာနေခဲ့သော ဗမာပြည်တွင် ယခုတော့ စိုးရိမ်စရာကောင်းသော မုန်တိုင်းဘေးဆိုးကြီး ဝင်ရောက်ဖျက်ဆီးမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းအနှံ့ ညက်ညက်ကြေပျက်စီးခဲ့ရလေပြီ။ အစိုးရတရားဝင် ထုတ်ဖေါ်ပြောကြားချက်များတွင် လူ ၂ သောင်း ၃ ထောင်ကျော်ပျက်စီးခဲ့ပြီး သောင်းပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟုဆိုပါသည်။ ထို့ထက်လည်း ပိုနိုင်သည်ဟု အကဲခတ်များ၊ ကျွမ်းကျင်သူများ၊ ပြည်ပမီဒီယာများကဆိုပါသည်။ ကုလသမဂ္ဂမှ ပြောကြားချက်တွင်တော့ မုန်တိုင်းဒဏ်ခံစားရသူ တစ်သန်းခွဲရှိမည် ဟုဆိုပြန်သည်။

တိုက်ခတ်သွားသော မုန်တိုင်းကတော့ တားဆီးမရနိုင်တော့ပေ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများသာ လုပ်ရန်ရှိတော့သည်။ အပျက်အစီးများသည်ဟု ဆိုသည်နှင့် စေတနာရှင်နိုင်ငံများက ကူညီရန် ဒေါ်လာသန်းချီကမ်းလှမ်းကြသည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂလို ဓနအင်အားတောင့်တင်းသော အဖွဲ့အစည်းများကလည်း စာနာစွာ ကူညီမည်ဟု နာရီမဆိုင်းကြေငြာပေးကြသည်။ အိမ်နီးချင်းနိုင်ငံများက လိုအပ်သော ဆေးဝါးများ၊ ကယ်ဆယ်ရေးပစ္စည်းများ စတင်စေလွှတ်ကြသည်။ လူသေအလောင်းများ နေရာအနှံ့ပြန့်ကျဲနေသော၊ တိရစ္ဆာန်အသေကောင်များ ပုပ်ပွနေသော၊ သစ်ဝါးအိမ်များက အမှိုက်ပုံလို စုပုံသွားသော၊ သစ်ပင်ကြီးငယ်များ အလဲလဲအပြိုပြိုဖြစ်နေသော ဗမာပြည်က မြို့များ မကြာချက်ချင်း ပုံမှန်အခြေအနေ ပြန်ရောက်လာတော့မည်ဟု ကျွန်တော်ယုံကြည်ခဲ့မိပါသည်။ ဒေါ်လာသန်းချီကူညီကြသော လှူဒါန်းမှုများ၊ ပြည်ပရောက် ဗမာပြည်သားများ၏ ချွေးနဲစာများ စုဆောင်းလှူဒါန်းမှုများ၊ သံဃာများ၏ ပညာသင် ထောက်ပံ့ကြေးကို တဆင့်ပြန်လည်လှူဒါန်းမှုများကို ဖတ်ရသောအခါ မျက်ရည်ဝဲလောက်အောင်ပင် ခံစားရပါသည်။ အားလုံးလည်း အေးအေးဆေးဆေး သင့်သင့်မြတ်မြတ် ပြီးဆုံးသွားတော့မည်ဟု ကျွန်တော်ထပ်မံယုံကြည်မိပြန်ပါသည်။

ခုတော့ ကျွန်တော့်ယုံကြည်မှုများသည် အိပ်မက်သဖွယ် ပျောက်ပြယ်တော့မည်လားဟု တွေးစရာများ ဆက်တိုက်ကြားလာရပြန်သည်။ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ၄င်းတို့၏ ပံ့ပိုးမှုကို ရပ်ဆိုင်းလိုက်သည်။ ပြင်သစ်နိုင်ငံက လှူချင်ပါသော်လည်း ဒုက္ခသည်တွေဆီ ရောက်ပ့ါမလားဟု ပူပင်မိသည်ဟု ဆိုသည်။ ဗမာပြည်က ဒုက္ခသည်တွေမှာတော့ ဘာမှပြန်လည်တည်ဆောက်ခြင်း မလုပ်ရသေး။ အလောင်းကောက်၍ မဆုံးသေး။ ပျောက်ဆုံးသူ ရှာဖွေမတွေ့သေး။ ရေသန့်ဗူးပင် အလုံအလောက်မဝေရသေး။ အကြောင်းရင်းစစ်လိုက်တော့ တရားခံက နေပြည်တော် အခြေစိုက် အစိုးရပင်ဖြစ်သည်။

အစိုးရက ကူညီမှုများကို ကြိုဆိုသော်လည်း ငွေနှင့်ပစ္စည်းသာ အလှူခံမည်၊ လူမဝင်ရဟု ကျပ်တည်းစွာတားမြစ်သည်။ လေယာဉ်နှင့်အတူပါလာသော ဝန်ထမ်းများ လေဆိပ်ကို ကျော်မထွက်ရ။ အမေရိကန်မှ အကူအညီပေးမည့် သင်္ဘောကြီးများက ခွင့်ပြုမိန့်ကို ပင်လယ်ဝမှ လည်တမော့မောစောင့်နေရသည်။ အစိုးရက ၄င်းတို့တွင် အတွေ့အကြုံအပြည့်ရှိသည်၊ ငွေနှင့်ပစ္စည်းသာလိုသည်ဟု ကြေငြာသည်။ ထိုအစိုးရတွင် အတွေ့အကြုံက နေရာတိုင်းတွင် ရှိပုံရသည်။ ဆန္ဒခံယူပွဲဆိုတော့လည်း လာစရာမလို၊ အတွေ့အကြုံရှိသည်ဟုဆိုသည်။ ယခုကယ်ဆယ်ရေးတွင်လည်း အတွေ့အကြုံရှိသည်ဟုဆိုပြန်သည်။ သူတို့အတွေ့အကြုံကို အသုံးချပုံက ကြောက်ဖို့တော့ကောင်းသည်။ ၇ ဇူလိုင်မှ အတွေ့အကြုံ၊ ၈၈၈၈ မှ အတွေ့အကြုံများကို အသုံးချပြီး စက်တင်ဘာအရေးအခင်းကို ကိုင်တွယ်ပုံကတော့ သပ်ရပ်လှသည်။ အတွေ့အကြုံများသော အစိုးရကြောင့်ပင် ယခုတော့ အကူအညီများ လက်လွှတ်ရတော့မလိုဖြစ်နေပေပြီ။

တပ်မတော်အစိုးရဟု သူတို့ကိုယ်သူတို့ခေါ်နေသော စစ်ယူနီဖောင်းဝတ် အာဏာသိမ်းအစိုးရသည် အကြောက်လွန်နေသည်လား၊ ရှက်နေသည်လားတော့ မပြောတတ်။ နိုင်ငံ၏ လက်ရှိအခြေအနေသည် ပြည်ပအကူအညီ လုပ်အားပေးများကို ဝင်ခွင့်ပေးရန် အသင့်မဖြစ်သေးပါဟု ဆိုသည်။ ပြည်ဝင်ခွင့်ဗီဇာမပေးရန် တင်းကျပ်စွာ တားမြစ်သည်ဟု သတင်းများက ဖေါ်ပြကြသည်။ ဆိုးဆိုးရွားရွား စုတ်ပြတ်နေသည်ကို သိ၍ ကူညီမည့်လူများကို ဘာတွေများ ခင်းကျင်းပြသချင်သေးသဖြင့် အသင့်ဖြစ်အောင် စောင့်ခိုင်းသည်တော့မသိ။ WFP က ၄င်းတို့၏ ထောက်ပံ့ပစ္စည်းများကို လက်ဝါးကြီးအုပ် သိမ်းပိုက်မှုကို စိတ်ပျက်သဖြင့် ကူညီမှုကို ခတ္တရပ်ဆိုင်းလိုက်ရပါသည်တဲ့။ လူ ၉ သောင်းခွဲအတွက် တန် ၄၀ ရှိ စားနပ်ရိက္ခာများက ကုလအထူးလေယာဉ်ထဲမှာပင် စတည်းချနေရသည်။ ပြည်တွင်းက လည်တမော့မော့နှင့် မျှော်လင့်နေကြရသော ဒုက္ခသည်များ ဘယ်လောက်စိတ်ပျက် လက်ပျက်ဖြစ်သွားမည်ကို ကျွန်တော် မတွေးရဲလောက်အောင်ဖြစ်ရသည်။ ပင်လယ်ဝရောက်နေသော အမေရိကန် လေယာဉ်တင်သင်္ဘောများကိုလည်း သံသယရှိပုံရသည်။ ဗမာပြည် မုန်တိုင်းဘေးကို ခုတုံးလုပ်ကာ အမေရိကန်ဝါဒဖြန့်သွားမည်၊ စစ်ရေးအသုံးချသွားမည်ကို စိုးရိမ်မကင်းဖြစ်နေမည်မှာ သေချာလှသည်။ တကယ်တော့ ခုတုံးလုပ်နေသူက တာဝန်ရှိသူများပင် ဖြစ်လိမ့်မည်။ “ပြည်သူတွေ ဒုက္ခရောက်တော့ တပ်မတော်အစိုးရကပဲ ကူညီကယ်တင်ရတာ တွေ့တယ်ပေါ့လား။ တပ်မတော်သာ အမိ၊အဖ။ ခင်ဗျားတို့ ထောက်ခံမဲထည့်ကြပါ” ဆိုသည့် အချိုးမျိုးဖြစ်လိမ့်မည်။ ပြည်ပတပ်ဖွဲ့တစ်ခုခုက အစားအစာများ ဝေငှခဲ့လျှင်၊ နေထိုင်စရာ တဲကြီးများဆောက်လုပ်ပေးလျှင် ၄င်းတို့ကို ကြည်ညိုသွားမည်ကို အထူးစိုးရိမ်လှသည်။ ထိုအစွန်းရောက်ဒဏ်ကို လက်တွေ့ခံစားနေရသည်ကတော့ ပြည်တွင်းက ဒုက္ခသည်များပင်ဖြစ်သည်။ မုန်တိုင်းပြီးသွားသည်က ၇ ရက်ပြည့်တော့မည်။ အပျက်အစီးများက မုန်တိုင်းကျထားစဉ်ကနှင့် မကွာလှသေး။ လူသေဆုံးမှုက မရပ်သေး။ ဝမ်းရောဂါ၊ ကူးစက်ရောဂါများအတွက် ကြိုတင်အစီအစဉ်များ မချမှတ်ရသေး။ သို့တိုင်အောင် ဆန္ဒခံယူပွဲကို မြို့နယ်အနည်းအကျဉ်းမှလွဲ၍ ရက်အပြောင်းအလဲမရှိ ကျင်းပဦးမည်။ မုန်တိုင်းဒဏ်မခံရသော ဒေသများအနေနှင့် ဝမ်းနည်းပေးရန်မလို၊ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြ၊ ငါတို့ဥပဒေကို မြန်မြန်အတည်ပြုပေးကြဟု ဆိုလိုဟန်တူသည်။ ၄င်းတို့အတွေ့အကြုံကား ဝါးရင်းတုတ်၊ စစ်ခွေးတိုက်၊ G3 များနှင့်သာ အကျွမ်းဝင်ပုံရသည်။

ယဉ်ကျေးသော ဗမာလူမျိုးများအနေနှင့် အကူအညီပေးလာသူကို ရန်သူပင် ဖြစ်လင့်ကစား ကျေးဇူးတင်ကြောင်းပြ၍ ပြေပြေလည်လည် ဆက်ဆံသင့်သည်ဟု ကျွန်တော်ထင်သည်။ ခုတော့ ပြောင်းပြန်ဇောက်ထိုး။ ကူညီချင်သူကို မလာကြနဲ့ဟုတားသည်။ ကူညီနေသူကို မချေမငံလုပ်၍ ကူညီမှုကို ရပ်လိုက်ရသည်။ ဒုက္ခသည်ကူညီမည့် အရေးကို ကုလသမဂ္ဂအခွင့်အာဏာသုံးပြီး အတင်းဝင်ကူညီသင့်သည်ဟု အကြံပြုရသည့် အဆင့်ကို ရောက်နေသည်။ ကူညီမည့်လူက ပြန်တောင်းပန်နေရသည်။ အစိုးရလုပ်ပုံက အတင်းဝင်လာပါက ပစ်သတ်မည့်သဘောရှိသည်။ သင်္ကန်းဝတ်ပြီး ပရိတ်ရွတ်နေသော သံဃာများကိုပင် ခေါင်းရိုက်ခွဲ၊ သေနတ်နှင့်ပစ်နေသူများက နိုင်ငံခြားသားလောက်ကတော့ နှစ်ခါစဉ်းစားနေမည်မထင်။ ပြည်ပမှ ငွေလွှဲပြီး လှူဒါန်းနေသူများကို မေးတော့လည်း တိုးတိုးတိတ်တိတ် လှူဒါန်းရသည်တဲ့။ ငွေကို ဘယ်သူ့ဆီပို့သည်၊ ဘယ်လိုလှူသည်ကို တတ်နိုင်သလောက် လျှို့ဝှက်ရသည်တဲ့။ အံ့သြစရာကောင်းလှပေသည်။

တချိန်က ကျွန်တော်တို့ မျှော်လင့်ခဲ့သော ၂၄ နာရီမီးလင်းသည့် ရန်ကုန်တိုင်း၊ ချောမွေ့သော လမ်းမများနှင့် ရန်ကုန်မြို့တော်၊ သစ်ပင်များနှင့် စိမ်းစိုလှသည့် ဗမာပြည်တို့သည် ဝေးကွာသွားပြန်ချေပြီ။ အခြားပြိုင်ဘက်နိုင်ငံများ ရှေ့ဆက်နေချိန်၊ ကမ္ဘာနှင့်ဝင်ဆံ့အောင် အမျိုးမျိုးကြိုးစားနေချိန်တွင် ဗမာပြည်က တန့်နေရုံသာမက နောက်ပင် ပြန်ဆုတ်နေသည်ဟု ကျွန်တော်ထင်သည်။ တာဝန်ရှိသူဟု သုံးနှုန်းနေသူများအနေနှင့် တာဝန်ကို ကျေပွန်အောင် လုပ်သင့်ပြီဖြစ်သည်။ ပြည်သူကို ရင်ဝယ်သားလို သဘောထားသည်ဆိုပါက လက်ရှိကြုံတွေ့နေသော အခက်အခဲများအတွက် နိုင်ငံတကာနှင့်ဝိုင်းဝန်း ဖြေရှင်းသင့်ပြီဖြစ်သည်။ ကိုယ်တိုင်လည်း မပြီးမြောက်နိုင်၊ ကူညီသူကိုလည်း လက်မခံလုပ်နေသည်မှာ မိုက်မဲလှသည်။ ဤပုံအတိုင်းဆိုလျှင် ကျွန်တော်တို့ ရွှေပြည်တော်မှာ မျှော်တိုင်းဝေးနေဦးမည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ခံပြည်သူများကို ကိုယ်ချင်းစာနာလျက် ...

Thursday, May 8, 2008

ကျေးဇူးတင်ရှိပါကြောင်း

ဗမာပြည်တွင် တိုက်ခတ်သွားသည့် Nargis မုန်တိုင်းကြောင့် ဒုက္ခရောက်ကြရသော ပြည်သူများ၊ ပျက်စီးဆုံးရှုံးမှုများအတွက် အကူအညီပေးရန် အလှူငွေများ ကောက်ခံလျက်ရှိရာ မေလ ၁၀ ရက်နေ့အထိ မြန်မာအိုအေစစ်ကို ဆက်သွယ်လှူဒါန်းကြသော စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၄င်းအလှူငွေများကို ဗမာပြည်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမည့် အဖွဲ့သို့ ပေးပို့လှူဒါန်းပြီး ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။

(၁) Alex နှင့် မမေဇော် (စင်ကာပူဒေါ်လာ ၁၀၀)
(၂) မဂျမ်းဂျမ်း (စင်ကာပူဒေါ်လာ ၅၀)
(၃) Choa Chu Keng Group (စင်ကာပူဒေါ်လာ ၅၀)
(၄) မလမင်း (စင်ကာပူဒေါ်လာ ၁၀)
(၅) ကိုကျော်လင်း (စင်ကာပူဒေါ်လာ ၂၀)
(၆) ဒေါက်တာ ချောစုဝင်း (စင်ကာပူဒေါ်လာ ၅၀)
(၇) ဒေါက်တာ ချောစုဝင်း၏ မိသားစု (စင်ကာပူဒေါ်လာ ၂၀၀)
(၈) ဒေါက်တာ ချောစုဝင်း၏ ရုံး (စင်ကာပူဒေါ်လာ ၁၀၀)
(၉) ကိုကျော်သူရိန် (စင်ကာပူဒေါ်လာ ၅၀)
(၁၀) ကိုခိုင်သိန်းစိုး (စင်ကာပူဒေါ်လာ ၃၀)
(၁၁) Micheal (စင်ကာပူဒေါ်လာ ၁၀)
(၁၂) မမေလွင် (စင်ကာပူဒေါ်လာ ၁၀)
(၁၃) ကိုဥာဏ်လင်း (စင်ကာပူဒေါ်လာ ၆၀)
(၁၄) Hoo Kheng Kay + Irene
(စင်ကာပူဒေါ်လာ ၄၀)*
(၁၅) ကိုဝေဖြိုး
(စင်ကာပူဒေါ်လာ ၁၀၀)*
(၁၆) ကိုဥာဏ်လင်းမှ ထပ်မံလှူဒါန်းငွေ (စင်ကာပူဒေါ်လာ ၅၀)

( * သန်လျင် Project အတွက် လှူဒါန်းသည်)

အလှူငွေများ ထပ်မံလက်ခံရရှိထားသေးရာ တဆင့်ပြန်လည်လှူဒါန်းပြီးသည်နှင့် အထက်ပါစာရင်းတွင် ဆက်လက်ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။ လှူဒါန်းလိုသူများ အနေနှင့် ဖုံးနံပတ် (+65) 918 718 40 သို့လည်းကောင်း၊ oa6.mrpooh@gmail.com သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သဘာဝဘေးအန္တရယ်ကြောင့် အမှန်တကယ် ဒုက္ခရောက်နေကြရသော ဗမာပြည်သူများအတွက် တတ်စွမ်းသရွေ့ ကူညီလှူဒါန်းမှုများကို အထူးပင် လှိုက်လှဲကျေးဇူးတင်ရှိပါသည်။


Saturday, April 26, 2008

မဲပေးကြပြီ

ကျွန်တော် ဒီနေ့ စင်ကာပူက မြန်မာသံရုံးမှာ အခြေခံဥပဒေကို ထောက်ခံလား၊ ကန့်ကွက်လားဆိုတာ မဲသွားပေးပါတယ်။ စင်ကာပူရောက် မြန်မာတွေထဲက သံရုံးနဲ့ အဆက်အဆံရှိဖူးသူတွေနဲ့ အခြားဖိတ်ကြားခံ ပုဂ္ဂိုလ်တွေဆီကို မဲပေးဖို့ ဖိတ်စာတွေပို့နေပြီဆိုတော့ ကျွန်တော်ဖိတ်စာမရနိုင်တာ သေချာသွားပါတယ်။ ကျွန်တော့် လိပ်စာသူတို့မှာ မရှိသလို သူတို့ဆီလည်း ကျွန်တော် တစ်ခါမှ မသွားဖူးပါဘူး။ သံရုံးရဲ့ Official Website က ကြေငြာချက်မှာလည်း “မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မြန်မာနိုင်ငံသားများ” လို့ ထည့်ရေးထားတော့ ကျွန်တော်က ပေးပိုင်ခွင့်ရှိ မရှိ ဘယ်လိုမှ မသိနိုင်ဘူးဖြစ်နေခဲ့ပါတယ်။ ကျွန်တော်သိရသလောက် သာ့သနာ့ဝန်ထမ်းနဲ့ စိတ်ဝေဒနာသည်တွေကလွဲရင် အသက်ပြည့်သူ၊ မြန်မာနိုင်ငံသားတိုင်း မဲပေးခွင့်ရှိပါသတဲ့။ ကျွန်တော်က သာသနာ့ဝန်ထမ်းတော့ မဟုတ်တာသေချာတယ်။ စိတ်ဝေဒနာသည်လားတော့ မသေချာဘူးလေ။ ဒါနဲ့ ဒီနေ့ အဖေါ်ကောင်းတုန်း သံရုံးကို Passport မိတ္တူလေးနဲ့ စင်ကာပူအစိုးရပေးထားတဲ့ နေထိုင်ခွင့်လက်မှတ်လေးယူ၊ အခွန်ဆောင်မှ မဲပေးရမယ်ဆို ဆောင်လို့ရအောင် ငွေသားလေး နည်းနည်းယူပြီး လိုက်ချသွားပါတယ်။ သံရုံးဂိတ်ဝက ဝန်ထမ်းတွေက အတတ်နိုင်ဆုံး ပြေပြေလည်လည်နဲ့ ဖိတ်စာပါသူတွေ၊ မပါသူတွေကို ရှင်းပြစီစဉ်နေတာ တွေ့တော့ နည်းနည်းတော့ စိတ်အေးသွားပါတယ်။ ကျွန်တော်နဲ့ အတူသွားတဲ့ သူငယ်ချင်းက သံရုံးဝန်ထမ်းတစ်ယောက်နဲ့ သိလို့ ကျွန်တော်လည်း သူနဲ့အတူ အချိန်သိပ်မစောင့်ရဘဲ Passport မိတ္တူလေးပြ ဝင်ခွင့်ရလိုက်ပါတယ်။ အထဲမဝင်ခင်မှာတော့ နာမည်နဲ့ Passport နံပတ်လေးကို စာရွက်ပိုင်းလေး တစ်ခုမှာ ဖြည့်ပေးရပါတယ်။ သူတို့က အဲဒီက နာမည်ကို အထဲက ဖိတ်စာ list မှာသွားရှာပြီး ရှိရင် ဝင်၊ မရှိရင် Passport တောင်းကြည့်၊ ၂၉ ရက်နေ့ပြန်ချိန်း စသည်ဖြင့် လုပ်ပေးနေတာတွေ့ပါတယ်။ ပေးခွင့်မရှိဘူးလို့ ငြင်းလွှတ်လိုက်တဲ့ လူတော့မတွေ့ခဲ့မိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် စင်ကာပူက ဒီမနက်ထုတ် Today သတင်းစာမှာ မနေ့က တချို့ဗမာတွေ မဲမပေးလိုက်ရဘူးလို့ ဓါတ်ပုံ အကိုးအကားနဲ့တကွ ဖေါ်ပြထားပါသေးတယ်။ ဒါကြောင့် ဒီနေ့မှပဲ ပြောင်းလဲသွားတာလားလို့ တွေးမိပါသေးတယ်။

အထဲရောက်သွားတော့ မဲစာရွက်၊ စာအိတ်တစ်လုံးနဲ့ လက်မှတ်ထိုးရမယ့် စာရွက်တစ်ရွက်ပေးပါတယ်။ လက်မှတ်ထိုးပြီး အဲဒီစာရွက်ကိုတော့ ပြန်ပေးခဲ့ရပါတယ်။ မဲပေးတဲ့စနစ်ကတော့ တကယ်ပဲ လျှို့ဝှက်ပုံရပါတယ်။ အမှန်ခြစ်ဆို ထောက်ခံမဲ၊ ကြက်ခြေခတ်ဆိုရင်တော့ ကန့်ကွက်မဲလို့ သတ်မှတ်ပါတယ်လို့ ရေးထားပါတယ်။ ကိုယ့်ဆန္ဒအတိုင်းခြစ်၊ စာအိတ်ထဲထည့်၊ ကော်နဲ့ပိတ်ပြီး မဲရုံမှုးနားက မဲပုံးတွေထဲမှာ ထည့်ထားခဲ့ရုံပါပဲ။ ထည့်ပြီးပြန်ပေါ့။ ဒါပါပဲ။ ကျွန်တော်ကတော့ အများမြင်ရအောင် မဲစာရွက်ကို ဓါတ်ပုံကလေး ခိုးရိုက်လာသေးတယ်။


ဒီတော့ စင်ကာပူရောက်နေတဲ့ မြန်မာတွေ အနေနဲ့ မနက်ဖြန် ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ Passport မိတ္တူလေးတွေ ကိုယ်စီယူပြီး ထောက်ခံသည်၊ ကန့်ကွက်သည်ကို မပျက်မကွက် မဲသွားပေးကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဗမာတွေစုံတဲ့ City Hall နားမှာလည်း ကားစီစဉ်ပေးမယ်လို့ SMS တွေရထားပါသေးတယ်။ မဲပေးခွင့်ကတော့ ၂၉ ရက်နေ့ အထိပါ။ အစိုးရက ဟိုလိုလုပ်မှာ၊ ဒီလိုလုပ်မှာ၊ ကန့်ကွက်ရင် င့ါဖမ်းမလား၊ ထောက်ခံမှ စိတ်ချရမယ်ထင်တယ် စတဲ့ ကိုယ် ဖန်တီးစီစဉ်လို့မရတာတွေ ပြောနေမယ့်အစား ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ မဲတစ်ပြားရဲ့ တန်ဖိုးကို အပြည့်အဝ အဖိုးတန်သွားအောင် မဲပေးသင့်ပါတယ်။ ထောက်ခံပါလို့လည်း မပြောပါဘူး၊ ကန့်ကွက်ပါလို့လည်း လုံးဝမတိုက်တွန်းပါဘူး။ နှစ်သက်ရာကိုလုပ်ပါ။ ဒါပေမယ့် အခုဟာက ဘာကို ကန့်ကွက်၊ ထောက်ခံရမှာလဲ၊ အခြေခံဥပဒေဆိုတာဘယ်လောက် အရေးကြီးလဲ၊ ဘာတွေပါသလဲ ဆိုတာကိုတော့ အသေးစိတ်မဟုတ်တောင် နည်းနည်းတော့ အရင်လေ့လာစေချင်ပါတယ်။ လေ့လာလို့ ကြိုက်ရင် ထောက်ခံ၊ မကြိုက်ရင် ငြင်းမယ်ပေါ့။ အစိုးရဆီက ရခဲတဲ့ တရားဝင် ဆန္ဒဖေါ်ထုတ်ခွင့်ကလေးကို အကျိုးရှိစွာ အသုံးချကြပါစို့ ...

Saturday, April 19, 2008

Coffee King တစ်နှစ်ပြည့်

ကိုယ်နဲ့ မမြင်ဘူးတဲ့လူ၊ စကားမပြောဘူးတဲ့လူတွေနဲ့ အပြင်မှာ တွေ့ရ၊ ဆုံရ၊ အထူးသဖြင့် တစ်ခုခု အတွက် တိုင်ပင်ကြရတာ အတော်လေး ခက်ခဲတတ်ပါတယ်။ တွေ့ဆုံကြတဲ့ အခါမှာလည်း အစည်းအဝေးခန်း သတ်သတ်မှတ်မှတ် တစ်ခုမှာဆို ကိစ္စမရှိပေမယ့် မရောက်ဘူးတဲ့ နေရာတစ်နေရာမှာဆို ပိုပြီး ကသိကအောက် ဖြစ်တတ်ပါတယ်။ အဲဒီလို မမြင်ဘူးတဲ့ လူတွေနဲ့ မတိုင်ပင်ဘူးတဲ့ ကိစ္စတစ်ခုအတွက် လွန်ခဲ့တဲ့ တစ်နှစ် ( နှစ်ဆန်း ၂ ရက်နေ့ ) က အစည်းအဝေးတစ်ခုကို ကျွန်တော် သွားခဲ့ဖူးပါတယ်။

“ငါတို့လည်း လာမယ်၊ မင်းလည်းသွားလိုက်ပါ” ဆိုတဲ့ Email ကို ကိုဘလာဂေါက်နဲ့ မဘာညာဆီက ကျွန်တော်ရတဲ့ အချိန်မှာတော့ အဲဒီအစည်းအဝေးစဖို့ ၁ နာရီသာသာပဲ လိုပါတော့တယ်။ စာထဲမှာပါတဲ့ ဆက်သွယ်ရန် ဆိုတဲ့ ဖုံးနံပတ်တွေထဲက တစ်ခုကိုဆက်မေးတော့ အစည်းအဝေးလုပ်ဖြစ်ပါတယ်၊ သူတို့လည်း အစည်းအဝေးလုပ်မယ့် ဆိုင်နားမှာ ရောက်နေပါပြီလို့ ပြောပါတယ်။ ကျွန်တော်နဲ့ အခြားသူငယ်ချင်းတစ်ယောက် Coffee King ဆိုတဲ့ ဗိုလ်အောင်ကျော်လမ်းက ကော်ဖီဆိုင်ကို ရောက်တော့ စားပွဲဝိုင်း သုံးဝိုင်းလောက်မှာ လူရှိနေပြီး ကျန်တဲ့ဝိုင်းတွေက အလွတ်တွေပါ။ ဆိုင်ကလည်း အတော်လေး အေးဆေးတာ တွေ့ရပါတယ်။ တစ်ဝိုင်းမှာတော့ ခုံ၂ လုံးလောက်ဆက်ထားပြီး လူငယ်တစ်စု ထိုင်နေတာ သတိထားမိပါတယ်။ ဒါပေမယ့် ဆွေးနွေးကြမယ့် လူတွေက သူတို့ဟုတ်မဟုတ် ကျွန်တော်လည်း မသိတာနဲ့ အခြားစားပွဲအလွတ်မှာထိုင်ပြီး အသီးဖျော်ရည်တစ်ခွက်သောက်နေလိုက်ပါတယ်။ အတော်ကြာလို့ အအေးကုန်သွားပေမယ့် မထူးတာနဲ့ ခုနဖုံးဆက်တဲ့ နံပတ်ကို ထပ်ဆက်လိုက်တော့မှ စားပွဲနှစ်လုံးဆက်ထားတဲ့ ဝိုင်းက ကတုံးဆံပင်ပေါက်နဲ့ (ကိုနေဘုန်းလတ်လို့ နောက်မှသိရတဲ့)လူက ဖုံးကိုင်ပြီး ကျွန်တော်တို့ ဒီဘက်မှာလို့ သူ့ထုံးစံအတိုင်း ဖေါ်ရွေသံနဲ့ ပြန်ဖြေပါတယ်။ ဒီလိုနဲ့ ကျွန်တော်သူတို့ဝိုင်းကို သွားထိုင်လိုက်ပါတယ်။

“ကျွန်တော့်ကို ကိုဘလာဂေါက်တို့ စာပို့ထားလို့ပါ၊ စာအုပ်ကိစ္စ အစည်းအဝေးဆိုလို့ပါ” ဆိုတော့ စာအုပ်နဲ့ ဘောပင်ကိုင်ပြီး ဟိုရေးဒီရေး လုပ်နေတဲ့ (ကိုစိုးဇေယျပေါ့) လူက ကျွန်တော့်ကို ဘယ်ဘလော့ဂ်ကလဲ၊ နာမည်ဘယ်သူလဲမေးတော့ ကျွန်တော် Myanmar OA6 က Mr.Pooh ပါလို့ဖြေပါတယ်။ သူတို့ အချင်းချင်းကြည့်ပြီး တခါမှ မကြားဘူးဖူးဆိုတဲ့ အရိပ်အကဲတွေ သန်းသွားတယ်။ ကျွန်တော်လည်း နည်းနည်းကွန့်ပြီး “ကျွန်တော်မနိုင်းနိုင်းနဲ့တော့ အွန်လိုင်းမှာ နည်းနည်းသိတယ်” ဆိုတော့ သူတို့တွေ ကျွန်တော့်ကို ဘလော့ဂ်ဂါဖြစ်မှန်းတော့ လက်ခံလိုက်ပုံရပါတယ်။ ဟုတ်တယ်လေ - အဲဒီတုန်းက ကျွန်တော့် ဘလော့ဂ်က လာလည်တဲ့လူက တစ်နေ့ ၅ ယောက်လောက်ပဲ ရှိတဲ့ဆီမှာ သုံးယောက်က မနိုင်းရယ်၊ ကိုဂေါက်ရယ်၊ မဘာညာရယ်လေ။ ကျန်တဲ့ နှစ်ယောက်က ခြူသစ်နဲ့ ကျွန်တော်ကိုယ်တိုင်ထင်တယ်။ ဆိုတော့ သူတို့ ကျွန်တော့်ကို မသိတာ မထူးဆန်းသလို တကယ်တော့ ကျွန်တော်လည်း သူတို့နာမည်တွေ မကြားဖူးဘူးဗျ။ နောက်တော့ ကိုစိုးဇေယျက စာအုပ်ထဲ ရေးထားတဲ့ နာမည်တွေဖတ်ပြီး မိတ်ဆက်ပေးတယ်။ ကိုနေဘုန်းလတ်၊ ကိုညီညီသံလွင် (အဲဒီနေ့တုန်းက ဇနီးလောင်း မပိုးနဲ့အတူပေါ့)၊ ကိုဇင်ကိုလတ်၊ ကိုမျက်လုံးတို့နဲ့လေ။

ကိုစိုးဇေယျကပဲ ဘလော့ဂ်တွေ အနေအထား၊ စာအုပ်အကြောင်း၊ စာမူရွေးဖို့၊ ရံပုံငွေ၊ ရည်ရွယ်ချက် စတာတွေ ပြန်ရှင်းပြပါတယ်။ ရယ်စရာကောင်းတာက ကျွန်တော့်ကို ပြောပြနေရင်း ၅ မိနစ်လောက်ကြာတော့ ကိုဘလာဂေါက်နဲ့ မဘာညာတို့ ဝင်လာလို့ မိတ်ဆက်ရင်း သူအစက ပြန်ရှင်းပြရပါတယ်။ ထပ်ရှင်းပြလို့ ၅ မိနစ်လောက်နေတော့ ကိုညီလင်းဆက် (သူ့သူငယ်ချင်းလား၊ ဘာလည်းမသိတဲ့ ကောင်မလေးတစ်ယောက် ပါသေးတယ်ထင်တယ်) ရောက်လာလို့ သူ့ခမျာ အစကနေ ဒါဘယ်သူ၊ ဘယ်ဘလော့ဂ်ကပါ စသည်ဖြင့် ထပ်မိတ်ဆက်ပေး၊ စာအုပ်အကြောင်းပြန်ရှင်းပြရနဲ့ အစည်အဝေးက ရှေ့မရောက်တော့ဘူးလေ။ ကိုတက်စလာ ရောက်လာတဲ့ အခါမှာတော့ “ခင်ဗျားတို့ ဘာသာမိတ်ဆက်ကြတော့ဗျာ၊ မောပြီ” ဆိုပြီးတော့ကို ပြောယူရတော့တယ်လေ။

အောင်မြင်ပါတယ်ဗျာ။ အစည်းအဝေးတစ်ခုအနေနဲ့ရော၊ သူငယ်ချင်းတွေ စုံတွေ့ကြတဲ့ အနေအထားအရရော အဲဒီနေ့ တွေ့ဆုံပွဲလေးဟာ သိပ်ကို အကျိုးရှိခဲ့ပါတယ်။ အဲဒီနောက် အစည်းအဝေးတွေ အကြိမ်ကြိမ်၊ တွေ့ဆုံပွဲတွေ အကြိမ်ကြိမ်နဲ့ ဘလော့ဂ်ဂါတွေ စည်းလုံးခဲ့ကြတာ ထစ်ခနဲဆို လက်ညှိးထိုးပြစရာ Seminar တစ်ခုကျင်းပနိုင်ခဲ့ပြီး စာအုပ်ကလည်း အချောသတ်ဖို့ အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ အဲဒီအစည်းအဝေးနေ့က ပြန်ခါနီးတော့ အချင်းချင်း ဘလော့ဂ်လိပ်စာတွေဖလှယ်၊ email တွေတောင်းနဲ့ ... အဲဒီလူတွေဟာ ခုချိန်ထိ ပြောမနာ၊ ဆိုမနာ တစည်းတလုံးတည်း ရှိနေကြတုန်းပါပဲ။ အဲဒီတုန်းကတော့ အကြံဥာဏ်တွေ တရစပ်ပေးရင်း ရယ်စရာတွေကို သဘောကျကျရယ်နေခဲ့တဲ့ ကိုနေဘုန်းလတ်တစ်ယောက် အစည်းအဝေး တစ်နှစ်ပြည့်တဲ့အချိန်၊ သူနဲ့ ကျွန်တော် စခင်တာ တစ်နှစ်ပြည့်တဲ့ အချိန်မှာမှာ သံတိုင်တွေကြားထဲ အကြောင်းပြချက်မဲ့ ရောက်နေလိမ့်မယ်လို့ ကျွန်တော် စိုးစဉ်းမျှ ထင်မထားခဲ့ပါဘူးဗျာ။ သူ စင်ကာပူလာလည်တော့ ကျွန်တော်တို့ အဲဒီအစည်းအဝေးလေး အကြောင်း ပြန်ပြောဖြစ်ကြသေးတယ်။ သူလည်း အားလုံးကို မှတ်မိနေတုန်းပဲဗျ။ အခုလည်း ရောက်နေရာ နေရာကနေ ဒီနေ့ကို သူသတိရနေဦးမယ်လို့ ကျွန်တော်ယုံပါတယ်။

ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကို စတင်တွေ့ဆုံပေးခဲ့တဲ့ ဒီအစည်းအဝေးလေး တစ်နှစ်ပြည့် အမှတ်တရ ဒီပို့စ်ကို ရေးပါတယ်။ ကျွန်တော့်ကို ဘလော့ဂ်လောကထဲ လက်တွဲခေါ်ခဲ့တဲ့ ကိုဂေါက်၊ မနိုင်း၊ မဘာညာ၊ နောက်ပြီး ကိုနေဘုန်းလတ်နဲ့ သံလွင်ဝိုင်းတော်သားတွေကို အထူးပဲ သတိရရင်း ...

Thursday, April 17, 2008

ပိုင်ရှင်မဲ့ အိပ်မက်နံပတ် (၁၂)

ဟေ့
အုတ်နံရံ သုံးဖက်ကြားကလူ ...

ပိတောက်တွေ တခုပ်တယပွင့်ချိန်မှာ
ပန်းချီဆရာတွေ သရုပ်ဖေါ်သလို
သံတိုင်ကို လက်နဲ့ဆုပ်လို့
ထမင်းထုပ်ကိုင်လာတဲ့လူကို
မျှော်နေလေသလား ...

ဒါမှမဟုတ်
ခံနိုင်အားကောင်းတဲ့ ခင်ဗျား ...
နံရံတွေကြားမှာ
တကယ်ပဲ ရေကစားနေခဲ့လေသလား ...

အို ...
အိပ်မက်တွေ အရောင်စုံလည်း
ပြောမကုန်ပါဘူးဗျာ ...

“နေကောင်းသလား” ဒီသတင်း ခင်ဗျားမပါးဘူး ...
“အဆင်ပြေကြလား” ဒီအတွေး ခင်ဗျားမမေးဘူး ...
အိပ်မက်ကိုမှ မျှားတဲ့လူ ...
၁၁ ခါမက်ခဲ့တဲ့ အိပ်မက် ...
သံလွင်ကမ်းစပ်မှာ
“၁၂ ခါမြောက်မက်ဦးမလား” တဲ့လေ ...

ခင်ဗျားလိုပါပဲဗျာ ...
သူများတွေ သင်္ကြန်ရေနဲ့ အညစ်ဆေးတုန်း
ကျုပ်တို့ကလည်း
နောက်ကျခဲ့တဲ့ အပြစ်အတွက်
နှစ်သစ်မှာတော့ အလျော်ပြန်ပေးချင်တယ်လေ ...

ရော့ ...
ဟောဒီမှာ ၁၂ ခုမြောက်အိပ်မက်
သံလွင်ကမ်းစပ်မှာ မတ်မတ်ရပ်လို့
ကျုပ်တို့ရေးတယ်၊ အားလုံးရေးတယ် ...
ခင်ဗျားမေးခွန်းအတွက် အဖြေပေးတယ် ...
အပြင်နဲ့အထဲ၊ လက်တွေ့နဲ့ အိပ်မက်
ဘာတွေများ ကွာနေသေးလို့လဲ ...
ခင်ဗျားအိပ်မက် = ကျုပ်တို့အိပ်မက်
ခင်ဗျားမြို့တော် = ကျုပ်တို့မြို့တော်
ခင်ဗျားဆုတောင်း = ကျုပ်တို့ဆုတောင်းပေါ့ ...

ခင်ဗျားအေးမြစေဖို့
ကျုပ်တို့ဆိုတဲ့ သစ္စာ ...
သင်္ကြန်ရေနဲ့ပြိုင်လို့ နိုင်ခဲ့ပါပြီ ...
နွေလေနွေးထက် အေးခဲ့ပါပြီ ...
သူရိန်မင်းထက် လင်းခဲ့ပါပြီ ...
ထာဝရမိတ်ဆွေတွေအကြား
ခင်ဗျားပြန်လာချိန်ကျမှ
အိပ်မက်တွေထပ်ချခင်းလို့
သံလွင်မြစ်တစ်စင်း
ဖန်ဆင်းကြဦးစို့လေ ....

(www.thanlwin.com)

Saturday, April 5, 2008

ပြန်စာ

ကျွန်တော့် အိုအေစစ် ဘလော့ဂ်လည်း အသက်ငင်နေတာ ကြာပါပြီ။ ရေးတလှည့် ပျောက်တလှည့်နဲ့ လာဖတ်တဲ့လူတောင် ခပ်ကြဲကြဲပဲရှိတော့တယ် ထင်ပါတယ်။ ရေးချိန်မရတာ၊ တခါတလေတော့လည်း ရေးစရာမရှိတာနဲ့ပဲ ကျွန်တော်ပျော်တဲ့ ဘလော့ဂ်ဂါဘဝနဲ့ ခပ်ကင်းကင်းတောင် ဖြစ်နေသလိုပါပဲ။ ခုတော့လည်း ရေးစရာလေး တစ်ခုပေါ်လာလို့ ရေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကျွန်တော့်နာမည်ပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဧရာဝတီ website မှာ ဗမာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးထားတာ တွေ့ပါတယ်။ သူရေးထားက ဘလော့ဂ်ဂါတွေနဲ့ အင်တာနက် သုံးစွဲသူတွေကို Cyber အတိုက်အခံတွေအဖြစ် ထောက်ပြထားပြီး အစိုးရအနေနဲ့ သတင်းစီးဆင်းမှုကို တားဆီးပုံနဲ့ တားဆီးလို့ မရနိုင်သေးတာတွေ ယှဉ်ပြီးရေးထားတာပါ။ နောက်ပြီး ကိုနေဘုန်းလတ် အဖမ်းခံရတဲ့ကိစ္စနဲ့ ကျွန်တော့်ရဲ့ Blogger တို့ရဲ့ ၂၀၀၇ ပို့စ်က စာသားတချို့ကို လိုသလို ဖြတ်တောက်ဖေါ်ပြထားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီပို့စ်ရေးသားတဲ့အချိန်တုန်းက ကျွန်တော့်တို့ဟာ Blogger မှန်သမျှ စည်းလုံးကြဖို့၊ ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင် ရှိကြဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန်ဖြစ်ပါတယ်။ ၂၀၀၇ မှာ ဘလော့ဂ်ဂါတွေဟာ အရေအတွက်အားဖြင့် တိုးပွါးလာရုံသာမကာ စည်းလုံးမှုနဲ့ စုပေါင်းဆောင်ရွက်မှုတွေမှာလည်း အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါလေးတွေကို သတိတရနဲ့ ကျွန်တော်က အဲဒီပို့စ်ကိုတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘလော့ဂ်ဂါတွေ အဲဒီလို စည်းလုံးကြတာ၊ ချစ်ခင်ကြတာကို ကျွန်တော့်အနေနဲ့ သိပ်သဘောကျပြီး အဲဒီလို စည်းလုံးအောင်လုပ်ပေးတဲ့ လူတွေကိုလည်း သိပ်ကျေးဇူးတင်လို့ပါ။ ဘလော့ဂ်ဂါတွေ ခေတ်ကောင်းတဲ့ တချိန်လုံး ကျွန်တော်က ပြည်ပရောက်နေလို့ ကျွန်တော်က လေစိုက်တဲ့ လေသမားပေါ့။ ကျွန်တော့်ပို့စ်ရဲ့ အောက်ဆုံးအပိုဒ် နိဂုံးလေးမှာ ကျွန်တော်က

တကယ်တော့ Blog တွေဟာ ရနံ့စုံတဲ့ ပန်းခင်းတစ်ခုနဲ့တူပါတယ်။ အားလုံးကို စာဖတ်သူတွေ ကြိုက်ချင်မှတော့ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာလည်း သူ့ကြိုးစားမှုနဲ့ ကိုယ်ပိုင်အသွေးအရောင် ရှိပါတယ်။ သူ့စာဖတ်ချင်တဲ့လူက သူ့ Blog ကိုသွားရပါမယ်။ မကြိုက်ရင် မသွားရုံသာမက ဝေဖန်လို့လည်း ရပါတယ်။ နိုင်ငံရေးစကားနဲ့ဆို ဒီမိုကရေစီ ဆန်ပါတယ်။ လွတ်လပ်စွာ ရေးသားပါ။ ဝေဖန်ပါ။ ဒါကြောင့်လည်း Blog တွေကို လူတွေ တစိုက်မတ်မတ် ဖတ်လာ၊ ရေးလာကြတာပါ။ ကျွန်တော်ကတော့ ၂၀၀၇ မှာ လှပခဲ့တဲ့ Blog ပန်းခင်းကြီးဟာ နောက်နောင်နှစ်များမှာလည်း ဒါထက်မလျော့တဲ့ စည်းလုံးမှုတွေနဲ့ လှပနေဦးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဗျာ။

လို့ ရေးထားပါတယ်။ ကျွန်တော်တို့ ကျင်လည်နေတဲ့ ဘလော့ဂ်လောကကို ပန်းခင်းတစ်ခု၊ လွတ်လပ်ပွင့်လင်းမှုကို ဒီမိုကရေစီဝါဒနဲ့ နှိုင်းယှဉ်ရေးထားတာပါ။ ဒါပါပဲ။ အဲဒါကို လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး ဖေါ်ပြလိုက်တော့ ဒီပို့စ်က နိုင်ငံရေးလိုလို၊ အစိုးရကို စိန်ခေါ်သလိုလို ဒါမှမဟုတ် အခြားအဓိပ္ပါယ်တစ်ခုကို ရောက်နေတယ်လို့ ကျွန်တော်တော့ မြင်မိတယ်။ တကယ်တော့ ဘလော့ဂ်ဂါတွေဟာ အရောင်အသွေး အစုံရှိပါတယ်။ သူတို့စိတ်ကြိုက် နိုင်ငံရေး၊ ကဗျာ၊ အချစ်၊ ဗဟုသုတ၊ သတင်း၊ အမေ၊ ဘာသာပြန် အစုံရှိပါတယ်။ ဘာအကြောင်းဖတ်ချင်သလဲ။ ဘလော့ဂ်ထဲမှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကို စုပေါင်းလုပ်ကြတဲ့အခါ သူဘာရေးသလဲဆိုတာထက် သူဘာလုပ်ပေးနိုင်သလဲနဲ့ပဲ တိုင်းတာကြပါတယ်။ သူတို့ကိုယ်ပိုင် အရောင်တွေထားခဲ့ကြပြီး စည်းလုံးညီညွတ်စွာ စုပေါင်းကြပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ Seminar ကိုပဲ ပြန်ကြည့်ပါ။ အခုဖြစ်နေတာက ဘလော့ဂ်ဂါဆို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးမှ မရေးထားရင် ဘလော့ဂ်မဟုတ်သလို၊ မျိုးချစ်စိတ်မရှိသလို ထင်နေကြတာပါပဲ။ အမှန်က အဲဒီလို မဟုတ်ဘူးဗျ။ နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်ပါတယ်၊ လူတိုင်းသိထားရမယ်၊ ဒါပေမယ့် ရေးချင်မှရေးမယ်၊ လုပ်ချင်မှလည်း လုပ်မယ်၊ ဒါက သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးပြန်ဖြစ်သွားပါတယ်။ ဘလော့ဂ်ရေးသူတွေမှာ နိုင်ငံရေးအပြင် ရေးစရာ၊ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အစိုးရကို ထောက်ခံမှ၊ ဝေဖန်မှ နိုင်ငံရေးမဟုတ်ဘဲ ပရဟိတအလုပ်တွေ၊ တတ်နိုင်သလောက်ကူညီတာတွေလည်း တိုင်းပြည်ကို အကျိုးပြုမှာပါ။ တခါတလေတော့လည်း လိုရာဆွဲတာတွေက သိပ်မကောင်းဘူးဗျ။ စိတ်ပျက်မိတယ်။