Sunday, December 23, 2007

ကျားမာန်စွယ်

ရယ်မောနေတဲ့အသံတွေ၊ အချင်းချင်းတီးတိုး စကားပြောသံတွေအားလုံး ကျွန်တော့်ကြောင့် ပျောက်ကွယ်သွားပြီး ကြောက်လန့်အံ့သြသံတွေနဲ့အတူ ကင်မရာမီးတွေ တဖြက်ဖြက်လင်းလာတယ်။ ကျွန်တော့်ကြောင့်လို့တော့ သူတို့ သိပုံမပေါ်ပါဘူး။ သူတို့ ကြောက်သွားတာက ၆ မီတာအကွာက ကျုံးကြီးခြားထားတဲ့ ဘင်္ဂလားကျားဖြူကြီးသုံးကောင်က လူတွေဘက်ကို ခုန်ကူးမယ် တကဲကဲလုပ်နေလို့ပါ။ တစ်ကောင်က နောက်ခြေပေါ်အားပြုပြီး မတ်တပ်ရပ်ဖို့ ကြိုးစားနေတယ်။ တစ်ကောင်က ကူးလာလို့ရမယ့် လမ်းကြောင်းကို အသည်းအသန်ရှာနေတယ်။ တစ်ကောင်က လူတွေဘက်ကို မျက်ခြေပြတ်မခံ စောင့်ကြည့်နေတယ်။ လူတွေဘက်လို့ သူများတွေထင်ပေမယ့် အဲဒါကျွန်တော့်ကို ကြည့်နေတာဆိုတာ ကျွန်တော်ပဲသိတယ်။ ပါးစပ်တွေကလည်း တိရစ္ဆာန်ရုံတစ်ခုလုံး ကြားရအောင်ကို ဟိန်းဟောက်နေတယ်။ ခြင်္သေ့တွေကလည်း အားကျမခံဟိန်းဟောက်နေတာများ ကမ္ဘာပျက်နေသလား မှတ်ရတယ်။ တချက် တချက် ဆင်အော်သံတွေတောင် ကြားရတယ်။ ချက်ချင်းဆိုသလိုပဲ တာဝန်ရှိသူတွေရောက်လာပြီး ကျားတွေကို အစာကျွေးပြီး ထိန်းကြည့်တယ်။ သွေးတွေစိုနေတဲ့ အမဲသားတွေကို လှည့်တောင်မကြည့်ဘဲ လူတွေဘက်ကိုပဲ ကူးဖို့ကြိုးစားနေတုန်းပဲ။ တာဝန်ရှိသူတွေက မေ့ဆေးသေနတ်တွေတောင် ပြင်နေပြီဖြစ်လို့ ကျွန်တော် ဆက်မကြည့်တော့ဘဲ ခပ်လှမ်းလှမ်းကို ထွက်လာတော့မှ ကျားတွေလည်း မကျေမနပ်နဲ့ အဟင်းဟင်းအော်ပြီး နည်းနည်းငြိမ်သွားတယ်။ ကျွန်တော်လည်း ခပ်လှမ်းလှမ်းက အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထိုင်ပြီး ကျွန်တော့်ငယ်ဘဝကို ပြန်တွေးနေမိတယ်။ ကျွန်တော်နဲ့ ဒီကျားတွေ ဘယ်လို ပတ်သတ်နေခဲ့တယ်ဆိုတာကိုပေါ့။ အင်္ကျီရင်ဘတ်က ကြယ်သီးနှစ်လုံးဖြုတ်လိုက်ပြီး လေပူတွေကို မှုတ်ထည့်လိုက်တယ်။ ကျွန်တော့်လည်ပင်းမှာ ကျားသားရေကို ကျစ်ထားတဲ့ကြိုးနဲ့ ဆွဲထားတဲ့ လက်မရဲ့ လက်သည်းခွံလောက် ကျားမာန်စွယ်ကတော့ ချွေးတွေနဲ့ ရွဲစိုလို့နေပါတယ်။


ကျွန်တော့်ဖေဖေက ရှေးဟောင်းပစ္စည်းနဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကို ဈေးမရှောင်တမ်း ပေးဝယ်တဲ့ ဝါသနာရှိပါတယ်။ သူ့မှာ ဝါသနာတူ သူငယ်ချင်းသုံးယောက်လည်း ရှိသေးတယ်။ သူတို့လေးယောက်ပေါင်းပြီး ကျွန်တော်တို့အိမ်ရဲ့ မြေတိုက်ခန်းကို ပြခန်းကြီးသဖွယ် လုပ်ထားပြီး ရှေးဟောင်းရုပ်တုတွေ၊ စာအုပ်တွေ၊ ပေစာတွေသာမက တိရစ္ဆာန်မျိုးစုံရဲ့ သားရေ၊ ချို၊ အစွယ်တွေ စုံနေအောင် ရှိပါတယ်။ လိုရင်းပြောရရင်တော့ တစ်နေ့မှာ သူတို့ဟာ ကချင်ပြည်ကနေ ကျားမာန်စွယ်တစ်ခု ရလာပါတယ်။ ရိုးရိုးကျားအစွယ်တွေထက် ရှားပါးပြီး အစွမ်းထက်တဲ့ မာန်စွယ်ကို ကိုးတောင်ပြည့်တဲ့ ကျားထီးကြီးတွေမှာပဲ ရှိတတ်ပြီး ညာဘက်ခြမ်းမှာ ရှိပါတယ်။ တစ်ထောင်မှာ တစ်ကောင်သာရှိတဲ့ မာန်စွယ်ပါတဲ့ကျားကို အခြားကျန်တဲ့ကျားတွေက အလွန်ပဲမနာလိုဖြစ်ကြပြီး အုပ်ဖွဲ့တိုက်ခိုက်လေ့ရှိပါတယ်။ ဒါပေမယ့် မာန်စွယ်နဲ့ ကျားပဲအနိုင်ရလေ့ရှိပါတယ်။ အဲလိုထူးခြားတဲ့ မာန်စွယ်ကြီးပါတဲ့ ကျားခေါင်းကြီးတစ်ခုကို ဖေဖေ့တို့က ကြိုက်ဈေးပေးဝယ်လာခဲ့ပါတယ်။ နောက်ထပ် ထူးခြားတဲ့ အရည်အချင်းတွေကိုလည်း ရှေးစာတွေမှာဖတ်ပြီး လူနဲ့ ဘယ်လိုဆက်စပ်မယ်ဆိုတာ ရှာဖွေကြပါတယ်။ သူတို့ စာအုပ်ထဲမှာ တွေ့တာတွေ၊ ကချင်ပြည်က ဒူးဝါးတွေပြောတဲ့စကားတွေအရဆို ဒီအစွယ်ဟာ လူစစ်စစ်ကို လူကျားလို့ ခေါ်တဲ့ သမန်းကျားအဖြစ်တောင် ပုံပြောင်းနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့ ကလေးတွေ၊ တနည်းအားဖြင့် ကျားနဲ့အသက်တူတူလောက် ရှိတဲ့လူကိုပဲ လုပ်နိုင်တယ်ဆိုပါတယ်။ အဲဒီမှာပဲ အသက် ၄ နှစ်လောက်ပဲရှိသေးတဲ့ ကျွန်တော်ဟာ အစမ်းသပ်ခံဖြစ်လာပါတယ်။ ကျားမာန်စွယ်ကိုသွေးပြီး ကျားသည်းခြေနဲ့ ရောသောက်ခဲ့ရသလို ညတိုင်းလည်း ကျားမာန်စွယ်သွေးထားတာကို လိမ်းရပါတယ်။ ဘယ်လောက်တောင် သွေးခဲ့ကြသလဲဆိုရင် ဆင်စွယ်ထိပ်ဖူးလို မာကျောလှတဲ့ ငါးလက်မလောက် ကျားမာန်စွယ်ဟာ ကျွန်တော်အခုဆွဲထားတဲ့ လက်သည်းခွံလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီလို နေ့စဉ်နီးပါး လိမ်းလိုက်၊ သောက်လိုက်ကို ၁၆ နှစ်လောက်လုပ်လာတဲ့အကျိုးကြောင့် ကျွန်တော် သမန်းကျားတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မျက်ဆံတွေဟာ ကျားလိုပဲကျဉ်းလာပြီး မျက်လုံးတွေနီလာပါတယ်။ အသားအရေတွေ ကြမ်းသလိုလိုဖြစ်လာပြီး ကိုယ်နံ့ကလည်း နံတာမဟုတ်ပေမယ့် ပုံမှန်တော့ မဟုတ်တော့ပါဘူး။ နောက် လက်သည်းတွေဟာ သာမန်လက်သည်းညှပ်နဲ့ ညှပ်လို့မရဘဲ ကွမ်းညှပ်လိုဟာမျိုးနဲ့ ညှပ်ရပါတယ်။ အသားစိမ်းကြိုက်တာမျိုးတော့မရှိဘဲ အသီးအရွက်နဲ့ ငါးတော့ မစားပါဘူး။ အသံတွေဟာလည်း ခပ်အောအောဖြစ်နေပါတယ်။ ထူးခြားတာက ကျွန်တော်အားသိပ်ကောင်းတာနဲ့ ဒေါသထွက်လွယ်တာပါပဲ။ ခပ်ပုပုတုတ်တုတ် ကိုယ်ခန္ဓာနဲ့ ကျွန်တော်ရိုက်လိုက်ရင် တော်ရုံလူ ပစ်လဲကျသွားတတ်ပါတယ်။ စိတ်ဆိုးရင် ထိုးတာကြိတ်တာထက် မျက်နှာကို လက်သီးနဲ့ပုတ်ရတာကို ပိုသဘောကျပါတယ်။ ကျားတွေကို ရုပ်ရှင်တွေမှာမြင်ရင် သနားစရာအကောင်လေးတွေလို ခံစားရပြီး ငါလုပ်ရင်သေဦးမယ်ဆိုတာမျိုးတွေးမိလို့ တစ်ယောက်တည်း ရယ်နေဖြစ်သေးတယ်။ ကျွန်တော့်စရိုက်တွေကို လေ့လာနေတဲ့ ဖေဖေနဲ့ သူငယ်ချင်းတွေက အနားမှာ အမြဲရှိနေသလို ကျွန်တော့်အခန်းကိုလည်း ကင်မရာတွေ တပ်ထားပါတယ်။

ကျွန်တော့်အသက် ၂၀ ပြည့်တဲ့နေ့မှာတော့ ဖေဖေက ခပ်သေးသေးပဲကျန်တော့တဲ့ ကျားမာန်စွယ်ကို ကျားသားရေနဲ့ပဲကျစ်ပြီး လည်ပင်းမှာဆွဲပေးထားပါတယ်။ အဲဒါလေးဆွဲလိုက်မှပဲ ကျွန်တော့်စိတ်ထဲမှာ ဆုံးရှုံးထားတဲ့ တစုံတရာကို ပြန်ရလိုက်သလိုဖြစ်ပြီး ယုံကြည်မှုတွေ ရလာတယ်။ တချိန်ထဲမှာပဲ ရမ်းကားချင်သလိုလိုဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်ပြန်ချွတ်ထား ကြည့်သေးတယ်။ မရဘူး။ ဒါဝတ်ထားမှ နေသာသလိုဖြစ်ပြီး မရှိရင် ခေါင်းမရှိသလိုဖြစ်ဖြစ်နေလို့ ကျွန်တော်ကိုယ်တိုင်ပဲ လိုလိုချင်ချင် ဆွဲထားလိုက်တယ်။ ဒါပေမယ့် မရမ်းကားဖြစ်အောင်တော့ ထိမ်းသိမ်းနိုင်ပါတယ်။ တခါကတော့ အစအနောက်သန်တဲ့လူတွေနဲ့ ရန်ဖြစ်လို့ မျက်နှာကို ပုတ်လိုက်တာ ဦးခေါင်းခွံအက်သွားတယ်။ လာကိုက်တဲ့ ခွေးတစ်ကောင်ကို ပြန်ကန်လိုက်တာ ခြေထောက်က ခွေးဗိုက်ထဲ နစ်ဝင်ပြီး ထုတ်ချင်းပေါက်ကြီး စိုက်နေဘူးတယ်။ ခွေးဆိုလို့ ပြောရဦးမယ်။ ကျားမာန်စွယ်ဆွဲထားကာမှ ခွေးတွေက မလန့်ဘဲ လာလာကိုက်ချင်နေကြတယ်။ ကိုက်တိုင်းလဲ ကိုက်တဲ့ကောင် သေတာများတယ်။ တိရစ္ဆာန်ရုံသွားလို့ကတော့ တခြံလုံး ငရဲပွက်သလို ဟိန်းကြ၊ အော်ကြနဲ့လေ။ ဘာကြောင့် ကျားမာန်စွယ်ကို မကြောက်ဘဲ လိုချင်ကြ၊ သတ်ချင်ကြသလဲဆိုတာ ကျွန်တော်မတွေးတတ်ဘူး။

၂ နှစ်လောက်နေတော့ ဖေဖေဆုံးသွားတယ်။ မဆုံးခင်မှာ ဒီကျားမာန်စွယ်နဲ့ ပတ်သတ်ပြီး သုတေသနလုပ်ဖို့ ကျွန်တော့်ကိုမှာခဲ့တယ်။ ကျွန်တော်လည်း ဘွဲ့ယူပြီးတာနဲ့ ဒီကိစ္စကို ဆက်တိုက်လေ့လာခဲ့တယ်။ အာဖရိက၊ ဘင်္ဂလားဒေ့ရှ်သာမက အမေရိကန်က စာကြည့်တိုက်တွေဆီလည်း ရောက်ခဲ့တယ်။ သိလာတာတွေကတော့ အများကြီးပါ။ အများစုတူတာတွေထဲက တစ်ခုကတော့ ကျားမာန်စွယ်ကို ထိမ်းသိမ်းထားသူဟာ သူများသတ်လို့ သေကိုသေတယ်ဆိုတာပါပဲ။ တချို့က လူသတ်ခံရတယ်၊ တချို့က ကားတိုက်ခံရတယ်၊ တချို့ ပင့်ကူဖြစ်ဖြစ်ကိုက်ပြီး သေရတယ်။ စင်ကာပူကို ရောက်တဲ့အချိန်မှာ မိတ်ဆွေတစ်ယောက်က စာအုပ်တစ်အုပ် ပေးတယ်။ အဲဒီစာအုပ်က ကျားကျိန်စာဆိုတဲ့ စာအုပ်ပါ။ ခပ်ပါးပါးစာအုပ်လေးက ကျားတွေရဲ့ လျှို့ဝှက်ချက်တွေ အတော်များများဖေါ်ထုတ်ထားပါတယ်။ အဲဒီစာအုပ်မှာ ကျားမာန်စွယ်ကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိတယ်တဲ့။ ၂၀၀ ကိုဘယ်လောက်ကျော်နေပြီလဲ - ကျွန်တော်ရော ဒီလိုသေမလားဆိုတဲ့မေးခွန်းက သိပ်ကိုမေးလို့ကောင်းနေခဲ့ပါတယ်။ နောက်ဆုံးမှာ သူများသတ်လို့ မသေချင်တဲ့ ကျွန်တော်က ကျားမာန်စွယ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျားမာန်စွယ်ကို ကျားတွေကိုပဲ ပြန်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခု စင်ကာပူတိရစ္ဆာန်ရုံကို လာခဲ့တာဖြစ်ပါတယ်။


ကျွန်တော်စဉ်းစားနေရာက သတိပြန်ဝင်လာတော့ ညနေ ၅ နာရီခွဲနေပါပြီ။ ၆ နာရီပိတ်တဲ့ တိရစ္ဆာန်ရုံဆိုတော့ ကျွန်တော်မြန်မြန်ပြန်ပေးမှ ဖြစ်တော့မယ်။ လူတွေကလည်း ကျားတွေနားမှာ တိုးဝှေ့နေကြည်တုန်းပါပဲ။ ခက်တာက တိရစ္ဆာန်တွေဆီကို သစ်ရွက်ကလေးနဲ့တောင် ပစ်ပေါက်ခွင့်မပေးတာကို ကျွန်တော်က ဘယ်လိုပစ်ပေးမလဲဆိုတာပါပဲ။ ကျွန်တော်ရဲတွေကို ရှင်းပြလည်း သူတို့နားလည်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ရုတ်တရက်မိုးတွေမှောင်ကျပြီး မိုးစရွာတယ်။ ကျားကို ဝိုင်းကြည့်နေကြတဲ့ လူတွေလည်း အမိုးအောက်ထဲ ပြေးဝင်သွားကြတယ်။ ကျားနားမှာ လူရှင်းပြီ။ အခွင့်အရေးကို အသုံးချဖို့ ကျွန်တော်လည်ပင်းက ကျားသားရေကြိုးကို ဆွဲဖြတ်ပြီး ကျားခြံနားကပ်လာလိုက်တယ်။ ကျားတွေကတော့ ခုနလိုပဲ ဟိန်းဟောက်နေကြပြန်ပြီလေ။ ကျားတွေနားကို ဒီအစွယ်လေးရောက်ဖို့က သိပ်တော့မလွယ်ပါဘူး။ ခပ်သေးသေးလေးဖြစ်လို့ ပေါ့နေသလို လေကလည်း တိုက်နေပါတယ်။ ကျွန်တော်နည်းနည်း စဉ်းစားပြီး အားကုန်ပစ်ရင် ရောက်လောက်ပါတယ်လို့တွေးပြီး လက်ကိုမြှောက်လိုက်ပါတယ်။ ဘယ်အချိန်ကတည်းက ကျားသံကြောင့်ရောက်နေလဲမသိတဲ့ ရဲတစ်ယောက်က လက်ကို သေနတ်နဲ့ရိုက်ချလိုက်လို့ ကျွန်တော့် လက်ထဲက ကျားမာန်စွယ်လည်း ကျားနဲ့ ကျွန်တော့်ကို ခြားထားတဲ့ ကျုံးအစပ်ကိုကျသွားတယ်။ ဒေါသဖြစ်သွားတဲ့ ကျွန်တော်လည်း ရဲကိုလှည့်ထိုးမယ်အလုပ် ရဲက သေနတ်နဲ့ဦးအောင်ပစ်လိုက်ပါတယ်။ ကျွန်တော့် ညာဘက်ပုခုံး ပူထွက်သွားပြီး ကျွန်တော်လည်း ကျုံးထဲကို လည်ကျသွားတယ်။ ကျွန်တော်ကျသွားတဲ့ နေရာဘေးမှာ ကျားမာန်စွယ်ကို လှမ်းတွေ့တယ်။ တချိန်တည်းမှာပဲ ဒေါသသိပ်ထွက်နေတဲ့ ကျားဖြူကြီးသုံးကောင်ကလည်း ကျုံးကြီးထဲကို ခုန်ဆင်းလာပါတော့တယ်။ ကျွန်တော် ကျားမာန်စွယ်ကို ကောက်ယူပြီး “ ရော့ မင်းတို့ပစ္စည်း။ ပြန်ယူထားတော့ ” လို့အော်ပြီး ပစ်ပေးလိုက်မယ်အလုပ်မှာ လူစကား နားမလည်တဲ့ ကျားတွေက ကျွန်တော့်ကို တစ်ကောင်ပြီး တစ်ကောင် ... တစ်ကောင်ပြီး တစ်ကောင် …

(တိရစ္ဆာန်ရုံသွားလည်ပြီး အတွေးနယ်ချဲ့ရေးထားတာပါ)

7 comments:

မိုးလှိုင်ည said...

ကိုပွတ်ဝတ္ထုကောင်းလေးတစ်ပုဒ်ပဲဗျာ နည်းနည်းဆက်ပါဦး ၀တ္ထုတို ကောင်းကောင်းလေးတွေဆို ကျွန်တော်ကသဘောကျတယ် အစ်ကိုက အတည်အခန့်ရေးလည်း စကားပြေကကောင်းတယ်ဗျာ နောက်လည်းဆက်ရေ.းပါဦးဗျာ ခင်မင်လေးစားလျှက်

su wai said...

အကိုရေ … အတွေးနယ်ချဲ့ပြီး ရေးထားတဲ့ ၀တ္ထုလေးက စိတ်ဝင်စားဖို့ ကောင်းသလို ဖတ်လို့လဲ အရမ်းကောင်းပါတယ်။ အိုအေစစ်မှာ စာတွေ ဝေေ၀ဆာဆာနဲ့ ဖြစ်လာတာ ၀မ်းသာပါတယ်။ နောက်လဲ ပို့စ်အသစ်တွေ ဆက်ရေးပါဦးနော်…။ ဒီလို ၀တ္ထုတို ပုံစံမျိုးလေးတွေရောပေါ့…။ ဒါနဲ့ ကျားမာန်စွယ်က ကျားတွေဆီ ပြန်ရောက်သွားလားဟင် … သေနတ်လှမ်းပစ်တဲ့ ရဲကို တစ်ချက်လောက် ခုန်အုပ်သွားတာ မဟုတ်ဘူးနော် …

သော ကြာ သူ ရ said...

တကယ်ဆို ကောင်းမယ်။ :D
ဟီး မုန်ဟင်းခါးမစားရတာကြာပြီ။

နေဘုန်းလတ် said...

အဲဒီ့ကျားသုံးကောင်ကို အတူပါလာတဲ့ သူရဲကောင်းက အမြီးကနေကိုင်ပြီး ဆွဲရမ်းလွှင့်ပစ်လိုက်တဲ့အကြောင်းကို ဘာလို့ ထည့်မရေးတာလဲ မောင်ပွတ်ရ ... ။ ငါမှာတော့ ကျားသုံးကောင်ကို ဆွဲရမ်းလွှင့်ပစ်လိုက်ရလို့ လက်တွေတောင် ညောင်းနေတယ် ...။း-)

မောင်ပွတ် said...

ကျေးဇူးပါ ကိုမိုးလှိုင်ညနဲ့ မစုဝေရေ။ ကိုသောကြာရေ - မုန့်ဟင်းခါးစားချင်ရင် ပုံးလိုက်ကျွေးပါ့မယ်။ ကျားနဲ့တော့ မစနဲ့နော်။ သားကြောက်လို့။ ကိုနေဘုန်းလတ် - ဆက်ရန်လေး ရေးပေးပါ့မယ်။

tzm said...

ကိုပွတ်ရေ...
တော်တော်ကို ဖတ်လို့ ကောင်းတယ်ဗျို့.....
ဆက်ရန်ကို မျှော်နေတယ်ဗျို့.....

NLS said...

Very Good Writing Mg Put! Cheer!