Thursday, November 22, 2007

ဘာမထီတဲ့ ဇာနည်တွေ

ဗမာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူတွေဟာ ဆန္ဒပြပွဲတစ်ခုကို စင်ကာပူနိုင်ငံရဲ့ အထင်ကရ လူစည်ကားရာ လမ်းမကြီးဖြစ်တဲ့ Orchard လမ်းမကြီးမှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေရာနဲ့ ကိုက် ၆၀၀ အကွာမှာတော့ အာစီယံဒေသက ခေါင်းဆောင် ၉ ယောက်နဲ့ ဗမာပြည်က ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ အစည်းအဝေးလုပ်နေတဲ့ Shangri-La Hotel ကြီးရှိပါတယ်။ ဗမာပြည်အတွက် တကမ္ဘာလုံး ဆန္ဒပြနေတဲ့ အချိန်မှာ ဒီဆန္ဒပြပွဲဟာ အခြားနိုင်ငံတွေက ပွဲတွေလိုပဲ မထူးခြားသလိုဖြစ်နေပြီး ဗမာရေဒီယိုသတင်းတွေကလည်း ခပ်ဖွဖွပဲ ဖေါ်ပြသွားပါတယ်။ အခု Post လေးက အဲဒါကို မကျေနပ်လို့ ရေးတာဆိုရင် ပိုမှန်ပါတယ်။ ဘာလို့လဲဆိုတော့ မှန်တာမှားတာတွေ၊ ဒီမိုကရေစီတွေ၊ စစ်တပ်တွေ၊ NLD တွေ၊ စွမ်းအားရှင်တွေ ဘေးချိတ်လို့ ကိုယ်ယုံကြည်တာ၊ မှန်တယ်ထင်တာကို မလျှော့တဲ့ လုံ့လနဲ့ အကြောက်အလန့် ကင်းကင်း လုပ်ဆောင်သွားကြလို့ပဲဖြစ်ပါတယ်။ တကယ်တော့ စင်ကာပူဆိုတာ ကမ္ဘာကသိတာထက် လွတ်လပ်ခွင့်နည်းပါးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလိုပါ။

စင်ကာပူမှာ ရည်ရွယ်ချက်တစ်ခုအတွက် လူ ၅ ယောက်ထက်ပိုစုလို့မရပါဘူး။ ပိုစုမယ်ဆိုရင် ရဲစခန်း၊ Town Council (ဗမာလိုဆို မယက ခေါ်မယ်ထင်တယ်) စတာတွေကို အကြောင်းကြားပြီး ခွင့်ပြုချက်နဲ့ လုပ်ရပါတယ်။ စင်ကာပူအစိုးရဟာ အခြားဘယ်အစိုးရနဲ့မှ မတူအောင် သူ့ပြည်သူတွေ နိုင်ငံရေးလုပ်မှာကို ကြောက်ပါတယ်။ နိုင်ငံရေး အမြင်ရသွားမှာ၊ ရှင်းရှင်းပြောရရင် ဆန္ဒပြတာ၊ ဆန့်ကျင်တာ လုပ်တတ်သွားမှာကို သိပ်စိုးပါတယ်။ သန်းနဲ့ချီတဲ့ စင်ကာပူနိုင်ငံသားတွေကို ၄၂ နှစ်တိုင်တိုင် ထိမ်းလို့ရခဲ့ပေမယ့် ၃ သောင်းပဲ ရှိတဲ့ ဗမာနိုင်ငံဖွား (အချို့က နိုင်ငံသားခံပြီးမှ ဗမာပြည်အတွက် ပြန်လုပ်နေတာပါ) ဒီမိုကရေစီ ဘက်တော်သားတွေကိုတော့ တားလို့မရခဲ့ပါဘူး။ ပထမဆုံး စင်ကာပူက ဗမာသံရုံးရှေ့မှာ စင်ကာပူအတိုက်အခံအမတ်တွေ အားပေးမှုနဲ့ ဗမာတွေ ဆန္ဒပြခွင့်ရခဲ့ပါတယ်။ ရဲစခန်းခွင့်ပြုချက်ကိုလည်း အံ့သြဖွယ်ရခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် စင်ကာပူတွေ ဗမာတွေကို လိုက်လျောပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဗမာတွေဟာ Outdoor လုပ်ဆောင်မှုတွေကို ရှောင်ပြီး Indoor အနေနဲ့ ဘုန်းတော်ကြီးကျောင်း၊ Hotel စတာတွေမှာ ဆုတောင်းပွဲ၊ ဆန္ဒပြုပွဲစတဲ့ ငြိမ်းချမ်းတဲ့ လုပ်ဆောင်မှုတွေကိုပဲ ရက်ခြားလုပ်ဆောင်ခဲ့ပါတယ်။ အကျီအနီရဲရဲ ဒါမှမဟုတ် အဖြူစွတ်စွတ်တွေဝတ်ထားတဲ့ အသက်အရွယ်စုံ၊ အလွှာပေါင်းစုံကလူတွေဟာ တာဝန်တစ်ခုအနေနဲ့ ခံယူပြီး မပျက်မကွက် စုရုံးကြပါတယ်။ တကယ်တော့ ဒါတွေကို စင်ကာပူအစိုးရက ကြည်ကြည်ဖြူဖြူ ခွင့်ပြုတာမဟုတ်ဘဲ စည်းကိုမကျော်ရုံလေး၊ လက်မတင်လေးလွတ်နေလို့ ဖမ်းလို့လည်းမရ၊ တားလို့လည်းမရဖြစ်နေလို့သာ လက်ခံနေခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာ ဗမာ Blogger အချို့ဟာ နိုင်ငံရေးသွေးထိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စင်ကာပူရဲတွေရဲ့ ရှာဖွေခြင်း၊ ကွန်ပျူတာများအသိမ်းခံရခြင်း၊ ရဲစခန်းမှာ အစစ်ဆေးခံရခြင်း စတဲ့ ဗမာဆန်တဲ့ အပြုအမူတွေကို ခံကြရသေးတယ်လို့လည်း သိရပါတယ်။

ဒီလို Indoor ပွဲတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ပြီး စင်ကာပူရောက်ဗမာတွေဟာ အခြားသော ဒီမိုကရေစီအင်အားစုတွေနဲ့ ထပ်တူတက်ကြွပြီး ပေးဆပ်နေပါတယ်ဆိုတာကို သက်သေပြနေချိန်မှာပဲ OBP ဆိုတဲ့ အင်အားစုတစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဗမာဟေ့ လို့ ပြောလိုက်ရင် အရေးကြီးတဲ့ အခန်းတစ်ခုအနေနဲ့အမြဲ ပါဝင်ခွင့်ရခဲ့တဲ့ ဥဒေါင်း၊ ခွပ်ဒေါင်း၊ တိုက်ဒေါင်းတို့ရဲ့ အော်မြည်ကြွေးသံကို အစွဲပြုဖွဲ့စည်းထားတဲ့ အိုးဝေ၊ အမှောင်တွေကို အလင်းဆောင်လမ်းပြပေးမယ့် လမ်းပြကြယ် နဲ့ စက်တာဘာအရေးအခင်းမှာ အဓိကဆက်သွယ်ရေး စာမျက်နှာတွေရဲ့ ပိုင်ရှင် Blogger တွေ စတဲ့ အင်အားစုတွေ စုပေါင်းထားတဲ့ Overseas Burmese Patriots ဆိုတဲ့အဖွဲ့ဟာ အင်အားကြီးတယ်လို့ မဆိုနိုင်ပေမယ့် ကျောင်းသား၊ ကျောင်းသားဟောင်း၊ ပညာရှင်၊ အလုပ်သမား၊ လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမ အချိုးညီစွာ၊ စည်းလုံးညီညွတ်စွာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအဖွဲ့က ဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့စမယ့် အာစီယံထိပ်သီးအစည်းအဝေးအမီ ဗမာပြည်သူတွေရဲ့ ဆန္ဒဖေါ်ထုတ်ဖို့အတွက် ဗမာ့အရေးဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီပွဲကို စင်ကာပူအစိုးရရဲ့ ပါလီမန်အမတ် အမျိုးသမီးတစ်ယောက်ကလည်း ရဲရဲတောက်တဲ့ အနီရောင်ဝတ်စုံကို ဝတ်ပြီးတက်ရောက် မိန့်ခွန်းပြောကြားပေးသွားသလို ဗမာတွေစုပြီး လက်မှတ်ထိုးထားတဲ့ ဆန္ဒပြုလွှာ သုံးထောင်ကျော်ကို လက်ခံရယူပေးသွားပါတယ်။ ဗမာတွေစုလုပ်တဲ့ ပွဲကို အမတ်တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လာရောက်သွားတယ်ဆိုတာလည်း စင်ကာပူသတင်းစာတွေအတွက် ခေါင်းကြီးသတင်းတစ်ပုဒ် ဖြစ်စေခဲ့ပါသေးတယ်။ အဲဒီပွဲမှာ တက်ရောက်ပြောကြားပေးတဲ့ ကျောင်းသားဟောင်းတစ်ယောက်က “ဗမာတွေရဲ့ ဆန္ဒအမှန်နဲ့ တောင်းဆိုချက်တွေကို အာစီယံအစည်းအဝေး ခမ်းမထဲ ကျွန်တော်တို့ အရောက်ပို့ပါမယ်” လို့ ပြောတုန်းက ကျွန်တော်ထင်တာ သူတို့ဟာ သတင်းမီဒီယာတွေကတဆင့် ပို့ဆောင်လိမ့်မယ်ထင်ခဲ့မိပါတယ်။ တကယ်တော့ သူတို့ဟာ လိုအပ်ရင် နေရာမရွေး၊ အချိန်မရွေး၊ ကိုယ်ကျိုးစွန့်မယ့်လူတွေဆိုတာကို အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ဆန္ဒပြပွဲက ကောင်းကောင်းကြီး သက်သေပြသွားခဲ့ပါတယ်။

ကျွန်တော်တင်ပြခဲ့သလို ပုံမှန်အချိန်မှာတောင် နိုင်ငံရေးအတွက် တင်းကြပ်တဲ့ ဥပဒေတွေရှိတဲ့ စင်ကာပူမှာ အခုလို အာရှထိပ်သီးခေါင်းဆောင်ကြီး ၁၅ ယောက်နဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ရောက်ရှိနေချိန်မှာ ဘယ်လောက်တောင် တင်းကြပ်ထားသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အစည်းအဝေးကျင်းပရာ Shangri-La Hotel နဲ့ ကိုက် ၃၀၀ ပတ်ပတ်လည်ကို အထူးလုံခြုံရေး ဇုံသတ်မှတ်ထားပြီး ကားတွေ၊ လူတွေဖြတ်သန်းခွင့်ဟာလည်း အကန့်အသတ်နဲ့သာ ဖြစ်ပါတယ်။ ရဲအင်အား ၃၀၀၀ လုံခြုံရေးရှိပါသတဲ့။ ဟိုတယ်ဝန်ထမ်းနဲ့ တည်းခိုနေတဲ့လူတွေဟာလည်း စေ့စေ့စပ်စပ်ရှာဖွေခြင်း ခံရပြီး အဝင်အထွက်ကို ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရပါတယ်။ ဒီလိုအထူးဇုံကို ဦးတည်ပြီး ဆန္ဒပြတဲ့ ဗမာတွေရဲ့ ယုံကြည်မှုအတွက် အကြောက်အလန့်ကင်းမှု၊ အများအတွက် ကိုယ်ကျိုးစွန့်မှုတွေဟာ ဗမာပြည်တွင်းက အသက်စွန့်သွားသူတွေနဲ့ မတိမ်းမယိမ်းရှိမှာပါ။ ဒီနိုင်ငံမှာ အခြေအနေတစ်ခု ခိုင်ခိုင်မာမာရထားသူတွေ၊ လစာကောင်းနေသူတွေ၊ ကျောင်းသားတွေအနေနဲ့ ဘယ်လိုရင်းပြီး ဆန္ဒပြပွဲကို ပါဝင်ခဲ့ကြသလဲ။ အကျိုးဆက်ကို မသိလို့လား။ မဟုတ်ပါဘူး။ သူတို့အသိဆုံးဖြစ်မှာပါ။ လိုအပ်လွန်းလို့၊ အခွင့်အရေးအတွက် အချိန်ကောင်းဖြစ်နေလို့ ရင်းခဲ့ကြတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ ၂၀ ရက်နေ့ ဆန္ဒပြပွဲဟာ ကြိုတင်ကြံစည်ထားခြင်းမဟုတ်ဘဲ အာစီယံက ကုလအထူးကိုယ်စားလှယ်ကို ရှင်းလင်းပြောကြားခွင့်ပြုပြီးကာမှ ပြန်လည်ရုတ်သိမ်းခဲ့တာကို မကျေနပ်လို့ လုပ်ခဲ့တာဖြစ်ပါတယ်။ ဗမာတွေဟာ လူမျိုးကြီးတွေဖြစ်ပြီး အခြေအနေအရ သိမ်ငယ်နိမ့်ပါးချိန်ရောက်နေတာသာဖြစ်တယ်၊ စည်းကမ်းပြည့်ဝပြီး ကိုယ်လိုချင်တာကို အခြားလူကို မထိမခိုက်ရယူတတ်တယ်ဆိုတာကို ဒီဆန္ဒပြပွဲက မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။ ထိရောက်တဲ့ ပိုစတာတွေ၊ စာရွက်ပိုင်းလေးတွေကိုင်ထားတဲ့ ၃၅ ယောက်သော ဗမာတွေဟာ သွေးနီရောင်လွှမ်းနေတဲ့ အနီရောင်ဆင်တူ အကျီတွေနဲ့ တုန်လှုပ်မှုကင်းကင်း တိတ်တိတ်ဆိတ်ဆိတ် ဆန္ဒထုတ်ဖေါ်နေတာကို စင်ကာပူရဲ့ ၂၁ ရက်နေ့ထုတ် သတင်းစာတွေမှာ အာစီယံထိပ်သီး အစည်းအဝေးနဲ့ ဘေးချင်းယှဉ်ပြီး ဖေါ်ပြခဲ့ပါတယ်။ ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက် စင်ကာပူတစ်ယောက်က သူတို့တသက်မှာ ဒီလောက်များပြီး အန္တရာယ်များတဲ့ ဆန္ဒပြမှုမျိုးမမြင်ဘူးပါလို့ ပြောပါတယ်။ သူဟာ စင်ကာပူ လွတ်လပ်ရေးကြေငြာတဲ့ အချိန်ကတည်းက စင်ကာပူကျွန်းမှာနေခဲ့တာဖြစ်ပြီး အသက် ၆၀ ကျော်နေပါပြီ။ ဒါကြောင့် ဗမာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ကြေငြာခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ်ကို ဒေသတွင်းလုံခြုံရေးကို ထိမထိ ပြန်မေးရမလိုဖြစ်နေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ချုပ်ပြောရရင်တော့ ဒီဆန္ဒပြပွဲဟာ အခြားနိုင်ငံတွေ (ဥပမာ - အင်္ဂလန်၊ ထိုင်း) မှာလို ရဲခွင့်ပြုချက်၊ ရဲအစောင့်အရှောက်နဲ့ စိတ်လက်ရှင်းရှင်း ပြခဲ့ကြရတာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ ဥပဒေကို အနည်းနဲ့အများ ကျူးလွန်ရုံသာမက ကန့်သန့်နယ်မြေနဲ့ အနီးဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ထိုနည်းတူစွာ ဗမာ့အရေးကို အာစီယံစားပွဲပေါ် ထပ်တင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ပေးဆပ်၊ ဖြစ်ပေါ်စေခဲ့တဲ့ မိနစ် ၂၀ သာကြာတဲ့ ဆန္ဒပြပွဲကို သာမန်ဖြစ်စဉ်တစ်ခုအနေနဲ့ “စင်ကာပူမှာလည်း ဆန္ဒပြသွားကြပါတယ်” ဆိုသလောက်လေး ကြေငြာပေးသွားတဲ့ ရေဒီယိုတွေနဲ့ သတင်းဌါနတွေကို အထူးပင်အံ့သြမိသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်ခင်ဗျာ။

16 comments:

pandora said...

ကောင်းမွန် သင့်တော် တဲ့ သုံးသပ်ချက် တစ်ခုပါပဲ

ညီညီ(သံလွင်) said...

ဒီ သုံးသပ်ချက်ကို အပြည့်အ၀ ထောက်ခံပါတယ် မောင်ပွတ်.. :) တကယ့်ကို အနစ်နာခံရဲပြီး လုပ်ရဲသူတွေကိုလည်း လေးစားပါတယ်။

နိုင်းနိုင်းစနေ said...

မောင်ပွတ်ကွး)
ဖြောင်း.. ဖြောင်း.. ဖြောင်း

Anonymous said...

I am sorry for your dispointment about the media, I feel the same way as you do.

Respect to the people who risk anything to make a different, and the brave ones.
Thank You.

Mintasay said...

ခင်ဗျားပြောတာတွေအားလုံးသွေးထွက်အောင်မှန်တယ်ဗျာ

Moe Hlaing Nya said...

ကိုပွတ် စကာင်္ပူက ရဲရင့်မှုတွေကို ကျွန်တော်တို့ အမှန်တကယ်ဂုဏ်ယူမိပါတယ် ပြည်ပရောက် မြန်မာတွေ က ပြည်တွင်းမှာ အကျဉ်းခံနေရတဲ့ မြန်မာတွေအတွက် အားတစ်ခုပါ အာဆီယံ က သူခိုးဓားမြတွေနဲ့ ပေါင်းစားဖို့ကြံနေပြီ

Unknown said...

တကယ်လုပ်ခဲ့ရတဲ့သူတွေက ဒီပိုစ့်အတွက် မင်းကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။

Anonymous said...

စိတ်မကောင်းမဖြစ်ပါနဲ့ မောင်ပွတ်ရာ
တခါတရံမှာ သာမန်ဖြစ်စဉ်လေးတစ်ခုအနေနဲ့ ရိုးရိုးလေးတင်ပြသွားတာကနေပဲ မထင်မှတ်တဲ့ အတိုင်းအတာထိ သက်ရောက်သွားတာမျိုးလဲ မျှော်လင့်လို့ ရပါတယ်။ အမှန်တရားက ခေါင်းငုံ့နေခဲ့ရင်တောင် ခဏတာပါကွာ။
ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေးက တကယ်လုပ်ခဲ့တဲ့သူတွေအတွက်ရော တကယ်လုပ်နေတဲ့ ပြည်တွင်းက သူတွေအတွက်ပါ အားဆေးတခွက်ပါ။ စကာင်္ပူက ရဲရင့်မှုတွေကိုလဲ ငါတို့ အမှန်တကယ်ဂုဏ်ယူရင်း တွဲလက်ညီညီ ရှေ့သို့ ဆက်ချီကြတာပေါ့ကွာ

MMM

Anonymous said...

Singapore practices Capitalism. What do you expect? Don't forget that LKY and NayWin were buddies.. haha .. same clan!!

Anonymous said...

ကျမ ဒေါင်းလုပ်ဒ်တာ မရဘူး။ ကူညီပါဦး

Anonymous said...

ဒီပွဲနဲ့ပတ်သတ်တဲ့သတင်းတွေကိုရေးထားတဲ့ဘလော့ပိုစ်မျာကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးပွဲဆူအောင်လုပ်သင့်ပါတယ်--စင်ကာပူနဲ့တကွအာစီယံခေါင်းဆောင်တွေကိုအရှက်ခွဲဖို့ပါ

Anonymous said...

Thanks for this post,

now ASEAN leader are in trouble, because EU leaders do not sign most of the business contracts with ASEAN untill they(ASEAN) keep on saying BURMA's issue as an DOMESTIC.

FREE BURMA,
Daniel Martin .(www.freemyanmarvcd.com)

Anonymous said...

မောင်ပွတ်ရေ .. စိတ်မကောင်းမဖြစ်ပါနဲ့ ။ အဓိကက ဒီလုပ်ရပ်ဟာ မြန်မာပြည်သူတွေတွက် အားဆေးတစ်ခွက်ပဲ ။

ခင်မင်းဇော် said...

ဟုတ်တယ်
မီဒီယာတွေက ပြည်တွင်း သတင်းမှ သတင်းထင်နေတာ..
အမကိုယ်တိုင် မီဒီယာ ထဲကမို့ ပိုသိတယ်..
အပြင်က လူတွေလဲ အန္တရာယ်တွေ စွန့်လွှတ်မှုတွေ ရှိတယ် ဆိုတာကို သုံးသပ်တတ်ဖို့လိုသေးတယ်...

Anonymous said...

ဒီပို့စ်က တကယ်ကို ရေးသင့်တဲ့ပို့စ်ပါ။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ညီအကို အမ တွေကို တကယ်ပဲလေးစားပါတယ်။ စင်္ကာပူမှာ ဒီလို လှုပ်ရှားမှုမျိုးလုပ်ဖို့ မလွယ်ဘူးဆိုတာကို နားလည်နေတော့ သူတို့ရဲ့ သတ္တိနဲ့ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်ကို မလေးစားပဲ နေလို့ မရပါဘူး။
သတင်း မီဒီယာတွေမှာ သာမန်ဆန္ဒပြပွဲလေး တစ်ခုအနေနဲ့ထုတ်လွှင့်တယ်ဆိုတာကလည်း စင်္ကာပူနိုင်ငံအကြောင်း စင်္ကာပူအစိုးရ အုပ်ချုပ်ပုံအကြောင်းတွေကို သေသေချာချာ မသိလို့ဖြစ်မယ်ထင်ပါတယ်။ ဒါကို ဆရာပွတ်က အခုလို စင်္ကာပူနိုင်ငံရဲ့ ဥပဒေ ကန့်သတ်ချက်၊ မြန်မာအရေးလှုပ်ရှားမှုတွေ၊ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတချို့ပါထည့် ရေးထားတာဟာ ဒီပို့စ်ကို ဖတ်တဲ့သူတိုင်း ဒီဆန္ဒပြပွဲဟာ သာမန်ဆန္ဒ ထုတ်ဖော်ပွဲလို့ ထင်မှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ပါဝင်ခဲ့တဲ့ ညီအကို အမတွေရဲ့ သတ္တိနဲ့ စိတ်ဓာတ်တွေကိုလည်း သိမြင်လာကြမှာပါ။

ကိုပေါ said...

ဒီပို့စ် အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျိုး။ မီဒီယာနဲ့ ပတ်သက်လို့တော့ မောင်ပွတ်လိုဘဲ တထပ်တည်းခံစားရပါတယ်။