Showing posts with label အပျင်းပြေ. Show all posts
Showing posts with label အပျင်းပြေ. Show all posts

Thursday, September 25, 2008

ကားပြပွဲသို့ အလည်တစ်ခေါက်

မနှစ်က ကတည်းက သွားမယ်ဆိုပြီး မသွားဖြစ်လိုက်တဲ့ ကားပြပွဲကို ဒီနှစ်တော့ အပေါင်းအပါ ဓါတ်ပုံဆရာတွေနဲ့ လိုက်သွားဖြစ်တယ်။ ကျွန်တော့်အပျော်တမ်း ကင်မရာလေးနဲ့ ဒီပုံလေးတွေ ရိုက်လာဖြစ်ပါတယ်။ ပုံအကြီးမြင်ရဖို့ ဓါတ်ပုံလေးတွေပေါ်မှာ Click နှိပ်ကြည့်ပါ။








Sunday, September 14, 2008

၁၀ ရက်သာ လိုတော့လျှင် ...

ဟိုတလောက သွန်းသွန်းက သူ Tag ထားတယ်၊ ရေးပါဦးလို့ လာပြောတယ်။ ကျွန်တော်လည်း အဲဒီ Tag နဲ့ ဝေးနေတာကြာပြီမို့ ဒီတခါ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ရေးမယ်လို့ ပြန်ပြောမိတယ်။ အဲဒါနဲ့ ဘာအကြောင်း Tag ထားလဲ သွားဖတ်ကြည့်တော့ မလွယ်လှပါလား။ သေမှာကို ၁၀ ရက်ကြိုသိနေတဲ့လူတစ်ယောက် အနေနဲ့ အဲဒီ ၁၀ ရက်အတွင်း ဘာတွေ လုပ်နေမလဲဆိုပဲ။ သူကလည်း နမူနာရေးပြထားပါတယ်။ ဘုရားသွားမယ်၊ သွေးလှူမယ်ပေါ့။ ကျွန်တော်ဆိုရင်ရော ဆိုပြီးတွေးမိတယ်။ သေမှာကြိုသိနေရင်တော့ အဲလိုကြံစည်လို့ရတာ မှန်ပေမယ့် တကယ်တန်းကျတော့ ဘယ်ကြိုသိမလဲနော်။ သာမန်လူတစ်ယောက် အနေနဲ့ တကယ်ကြိုသိနေနိုင်တာဆိုလို့ တမျိုးပဲရှိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံမယ့်လူ၊ ဒါမှမဟုတ် အသေခံတော့မယ့်လူပေါ့။ ဒီတော့ ဒီစိတ်ကူးယဉ်ဇာတ်လမ်းမှာ ကျွန်တော်က လေယာဉ်မောင်းပြီး ရန်သူ့သင်္ဘောပေါ် အသေခံထိုးဆင်းရမယ့် လေသူရဲလုပ်မယ်ဗျာ။ ဒါမှသာလျှင် ကျွန်တော့် Mission ကို တွက်ကြည့်လို့ရမှာပေါ့။ ဒိုင်ယာရီဆန်ဆန်လေး စမ်းကြည့်မယ်။

ကဲ ... စမယ်ဗျာ ...


၁၀ ရက်အလို

မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်အကြောင်း ဒီနေ့မနက်စောစော အိမ်ကိုဖွင့်ပြောတယ်။ ရန်သူ့သင်္ဘောကြီးပေါ်ကို အသေခံထိုးဆင်းဖို့ ကျွန်တော့်လေယာဉ်တာဝန်ကျတယ်လို့။ မေမေက ချက်ချင်းကြီးပဲ ငိုချတယ်။ ဖေဖေကတော့ “တနေ့သေမယ့်တူတူ ဒီလိုသေခြင်းမျိုးက ကောင်းတယ်” လို့ပြောတယ်။ ကျွန်တော်ကတော့ ခွေးပုလေးပိုက်ပြီး အခန်းထဲဝင်လာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ခြူသစ်(ချစ်သူ) ဆီဖုံးဆက်တယ်။ ကျွန်တော်တို့ ခဏတွေ့ကြမလားပေါ့။ ပြောရင်ယုံမလားတော့ မသိ။ တရှုံ့ရှုံ့ငိုနေတဲ့ ခြူသစ်ကို ချော့ရင်းနဲ့ ကျွန်တော့်တစ်ရက်တာ ကုန်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း မျက်နှာမသာတဲ့ မေမေ့ကို နောက်နှစ်အာဇာနည်နေ့မှာ ကျွန်တော့ကို ဂုဏ်ပြုတဲ့ ပုံတူရုပ်ထုဖွင့်ပွဲလုပ်ကြလိမ့်မယ်လို့ လုပ်ကြံပြောနေမိတယ်။

၉ ရက်အလို

တပ်ထဲမှာ လေ့ကျင့်ဖို့နဲ့ အသေးစိတ် တိုင်ပင်စရာတွေအတွက် အခြေစိုက်စခန်းကို ထွက်လာခဲ့တယ်။ လက်ကျန်ရက်လေးအတွင်း ဘယ်သွားသွားလိုက်မယ်ဆိုတဲ့ ခြူသစ်ကတော့ ကားပေါ်မှာ ငိုရင်း ကျန်နေခဲ့တယ်။ ဗိုလ်ချုပ်က ကျွန်တော့်ကို စိတ်ဓါတ်ခိုင်မာဖို့၊ တည်တည်ငြိမ်ငြိမ်ရှိဖို့၊ တစ်ခုခုအပေါ်မှာပဲ အာရုံစိုက်ဖို့ တဖွဖွပြောနေလို့ သူနဲ့ မျက်မှန်တစ်လက်ကြေး စိန်ခေါ်ပွဲ ဘိလိယက် တစ်ပွဲထိုးခဲ့သေးတယ်။ ကျွန်တော်နိုင်ပါတယ်။ အဲဒီမျက်မှန်တပ်ပြီး သင်္ဘောပေါ် ထိုးဆင်းသွားမယ်လို့ ကတိပေးဖြစ်တယ်။

၈ ရက်အလို

ညကညဥ့်နက်သွားလို့ အိပ်ကောင်းနေတုန်း ဖေဖေလာနှိုးတယ်။ ဘုန်းကြီးကျောင်းကို သင်္ကန်းသွားကပ်ရအောင်တဲ့။ တရားနာရင်း ကျွန်တော်ဖူးခွင့်မရတော့တဲ့ ရွှေတိဂုံဘုရားကြီးကို လှမ်းမျှော်ကန်တော့မိတယ်။ ဘုန်းကြီးကျောင်းကအပြန် ခြူသစ်ကမေးတယ်။ ရှင်မကွဲဘုရားမှာ ဘယ်တော့မှ မကွဲဖို့ ဆုတောင်းတာ သတိရလားတဲ့။ ကျွန်တော်ပြန်ဖြေတယ်။ ဆုတောင်းပြည့်တယ်လို့။ ရှင်ကွဲမှ မကွဲဘဲလို့။ သူ ငိုပြန်တယ်။ နေ့လည်စာကို မေမေက ကျွန်တော်ကြိုက်တဲ့ ငါးဖယ်အုန်းနို့ဟင်း ချက်ကျွေးတယ်။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော်စားချင်တာ ကြာဇံချက်ဖြစ်နေခဲ့တယ်။ ညနေပိုင်း စခန်းကို ခဏသွားတယ်။ ဗိုလ်ချုပ်က ကျွန်တော့်ကို ၂ ရက်အလိုအထိ ရုံးကိုလာစရာမလိုဘူး၊ ၂ ရက်အလိုမှာလာပါ၊ အပြင်ထွက်ခွင့်မရတော့ဘူးလို့ ပြောတယ်။ ရက်ပိုတိုသွားတယ်လို့ ကျွန်တော်ခံစားရတယ်။ သူက ကျွန်တော့်အသက် အာမခံကြေးနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်ပြုဆုငွေတွေကို ဘယ်သူ့ဘဏ်စာရင်းထဲ လွှဲမလဲမေးတယ်။ ဖေဖေနဲ့တွဲဖွင့်ထားတဲ့ အကောင့်နံပတ် ချရေးပေးခဲ့တယ်။

၇ ရက်အလို

သေဖို့ တစ်ပတ်ပဲ လိုတော့တယ်ဆိုတဲ့ အသိက မနက်ကတည်းက ဖိစီးလာတယ်။ အစက သူရဲကောင်းလိုလို ခံစားရပေမယ့် ခုတော့ နည်းနည်းကြောင်ချင်သလိုလိုဖြစ်လာတယ်။ ခွေးပုလေးကို ပိုက်ပြီး မျက်ရည်ကျနေမိတယ်။ နေ့လည်ပိုင်းမှာ တစ်နာရီလောက် ကားမောင်းသွားရတဲ့ ကမ်းခြေမြို့ကလေးက အဘိုးအိမ်ကို ကျွန်တော်တို့မိသားစုလေး ထွက်လာခဲ့တယ်။ ည ၁၀ နာရီလောက်မှ ပြန်လာကြတော့ ဖေဖေက ကားတလှည့်မောင်းတယ်။ ကျွန်တော်က မေမေ့ရင်ထဲမှီပြီး အိပ်လာခဲ့တယ်။

၆ ရက်အလို

အပြင်ထွက်မယ်လို့ တွေးမိပေမယ့် ဖေဖေက အိမ်မှာနေဦးဆိုလို့ မနက်ဘက် အိမ်မှာနေပြီး ဖေဖေနဲ့ Chess ထိုးနေခဲ့တယ်။ ခြူသစ်လည်း ရှိတယ်။ ရေဒီယိုသတင်းတွေမှာ တိုက်ပွဲသတင်းတွေ ဆက်တိုက်ကြားနေရတယ်။ တခါတလေတော့လည်း ခုပဲ လေယာဉ်ပေါ်တက်လိုက်ချင်ပေမယ့် ဒီတခါတက်ရင် ပြန်မလာရတော့ဘူးဆိုတဲ့အသိက အတော်လေးနှိပ်စက်နေတယ်။ Chess ပွဲမှာ အကွက်တွေမှားရွှေ့နေခဲ့ပေမယ့် ဖေဖေက သက်သက်ညှာညှာ ကစားနေခဲ့တယ်။ နောက်ပြီး သူကပြောတယ်။ “ဟေ့ကောင် မင်းလေယာဉ် သင်္ဘောပေါ်တည့်တည့်မကျဘဲ ရေထဲကျသွားရင် ရန်သူက နောက်တစ်ခေါက် ပြန်ထိုးကြည့်ပါလို့ အခွင့်အရေးပေးမယ် မထင်နဲ့” တဲ့လေ။ ခပ်လှမ်းလှမ်းက ရှူဆေးရှူနေတဲ့ မေမေတောင် ပြုံးနေတယ်။ ညစာစားပြီး ခြူသစ်ပြန်သွားတော့ သူ့ကိုပေးမယ့် စာတစ်စောင် ရေးနေခဲ့တယ်။

၅ ရက်အလို

လူသားပီသစွာနဲ့ သေရမှာကြောက်လာတယ်။ အဲဒါကို ဖုံးကွယ်ဖို့ တတ်နိုင်သမျှ အပေါင်းအသင်းတွေ လှမ်းခေါ်ပြီး အိမ်မှာလူစု၊ ဟေးဟားနဲ့နေတယ်။ သူတို့ကိုလည်း အရေးကြီးတဲ့ တိုက်ပွဲရှိလို့ ငါနောက်ဆို တွေ့ဖို့ခဲယဉ်းမယ်၊ တကယ်လို့ ငါသေသွားရင် ဘယ်လိုလုပ်မလဲလို့ မေးကြည့်တော့ သူတို့အပြောင်အနောက်တွေကြားထဲ ကျွန်တော်လည်း ပျော်သလိုလိုရှိလာတယ်။ ငါသေပြီး သရဲဖြစ်မှ တစ်ယောက်ချင်း လိုက်ခြောက်ဦးမယ်လို့ တွေးနေမိတယ်။

၎ ရက်အလို

တိုက်ပွဲဝင်ဖို့က ၄ ရက်လိုသေးပေမယ့် ၂ ရက်အလိုမှာ မိသားစုနဲ့ တွေ့ခွင့်မရတော့တာမို့ ကျွန်တော်ပိုလွမ်းသလိုလို ဖြစ်လာတယ်။ မေမေနဲ့တွေ့ရင် ကျွန်တော်လည်း မျက်ရည်ကျကျနေလို့ အခန်းထဲမှာပဲအောင်းနေပြီး ခွေးပုကလေးနဲ့ ကစားနေခဲ့တယ်။ မေမေက ဘုရားရှိခိုးဦးဆိုလို့ ဘုရားခန်းမှာ တော်တော်ကြာသွားတယ်။ ရန်သူ့လေယာဉ်တင် သင်္ဘောကြီးကြောင့် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပြည်နယ်တွေ ကျဆုံးလာတယ်။

၃ ရက်အလို

အိပ်ယာနိုးတော့ ကျွန်တော့်အခန်းကို ရှင်းတယ်။ ဘယ်ပစ္စည်းက ဘယ်သူ့ပြန်ပေးရမယ်၊ ဒါက ဘယ်ကိုလှူမယ် စသည်ဖြင့်ပေါ့လေ။ ခြူသစ်ပေးထားတဲ အရုပ်တွေကိုတော့ ဘာလုပ်ရမှန်းမသိလို့ စင်လေးပေါ်မှာပဲ ထားခဲ့မယ်မှန်းတယ်။ မနက်ဖြန် စခန်းကိုသွားရင် အဲ့မှာဖတ်ဖို့ ဝတ္ထုစာအုပ်နည်းနည်းဖယ်ထားတယ်။ ညဘက်တော့ ဘယ်လိုမှ မနေနိုင်တော့ဘဲ မိဘတွေကို ဖက်ပြီး ငိုနေမိတယ်။ ဖေဖေကတော့ သူရဲကောင်းဆိုတဲ့ ပုံစံမျိုးပြောနေပေမယ့် အသံတွေက အက်ကွဲလွန်းနေတယ်။ မေမေကတော့ ရှိုက်သံတောင် သဲ့သဲ့ရယ်။ ခြူသစ်ကို ဟိုတနေ့ကရေးထားတဲ့စာလေး ပေးဖြစ်တယ်။ လွမ်းစရာပါပဲ။

၂ ရက်အလို

ဗိုလ်ချုပ်က နေ့လည်မှ ခေါ်ထားပေမယ့် ကျွန်တော် မနက် ၆ နာရီကတည်းက အိမ်ကထွက်လာတယ်။ မေမေက ကြိုလုပ်ပေးထားတဲ့ ဆီထမင်းနဲ့ ငါးခြောက်ဖုတ်လေး ထည့်ပေးလိုက်သေးတယ်။ စခန်းထဲရောက်ကတည်းက ကျွန်တော့်လွမ်းစိတ်တွေ လျော့ပါးသွားတယ်။ အားလုံးက တက်ကြွနေတယ်။ လေယာဉ်အတက်အဆင်းတွေ မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလာတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ကျွန်တော့်စွန့်စားမှုအတွက် ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ပေးအပ်ဖို့ လျှောက်ထားလွှာလာပြတယ်။ သူတင်ပြပေးမယ်ပြောရင်း ကျွန်တော့်ကို ပွေ့ဖက်ထားတယ်။ အဲဒီဆုတံဆိပ်ထက် သူပွေ့ထားတာကို ပိုလိုချင်မိတယ်။ အားအင်တွေနဲ့အတူ ယုံကြည်မှုတွေပြန်ရခဲ့တယ်။ အဲဒီညက အကျဉ်းချုန်းလုပ်တဲ့ ညစာစားပွဲမှာ ကော်ဇောနီတွေခင်းလို့လေ။

၁ ရက်အလို

မိသားစုနဲ့ ခြူသစ်ကို သိပ်သတိရနေမိတယ်။ အိမ်နဲ့ ဖုံးပေးပြောဖို့ ဗိုလ်ချုပ်ကို တောင်းပန်ကြည့်ပေမယ့် လုံခြုံရေးအရ ခွင့်မပြုခဲ့ဘူး။ သူတို့မှန်ပါတယ်။ ဒါနဲ့ မိဘတွေကိုကန်တော့တဲ့ စာတစ်စောင်ကို မျက်ရည်လည်ရွှဲနဲ့ ရေးပြီး ဗိုလ်ချုပ်ကိုပေးခဲ့တယ်။ နေ့လည်ပိုင်းမှာ အထူးအစည်းအဝေးခေါ်ပြီး ကျွန်တော်လုပ်ရမယ့် အလုပ်တွေ ရှင်းပြတယ်။ အဓိက အကျဆုံးက သင်္ဘောဆီမရောက်ခင် ကျွန်တော့်လေယာဉ် ပျက်မကျဖို့ပါပဲ။ ညနေပိုင်းမှာ ဗိုလ်ချုပ်က သူတို့ ဘာသာဝင်တွေ ထုံးစံအတိုင်း ကျွန်တော့်ကို ဝတ်ပြုဆုတောင်းစေတယ်။ နောက်ပြီး အလုပ်နဲ့ ဘာမှမပတ်သတ်တဲ့ သူ့ငယ်စဉ်ကအကြောင်းတွေ၊ ယောက္ခမဆိုးတာတွေကို ရည်ရွယ်ချက်ရှိရှိ ပြောပြနေခဲ့တယ်။ ကျွန်တော့်အခန်းပြန်မယ်လုပ်တော့ မင်းအတွက်၊ ငါ့အတွက် မမေ့နိုင်စရာညပါပဲလို့ နှုတ်ဆက်တယ်။

နောက်ဆုံးနေ့

လေယာဉ်ပေါ်တက်မယ့် လေသူရဲကို လေယာဉ်မောင်းဦးထုပ် လှမ်းပေးတဲ့အလုပ်က အကူအကြပ်ကလေးတွေ လုပ်တဲ့အလုပ်ဖြစ်ပေမယ့် ဒီနေ့တော့ ဗိုလ်ချုပ်ကိုယ်တိုင် ကျွန်တော့်ကို ဦးထုပ်လာကမ်းပေးတယ်။ ဦးထုပ်နဲ့အတူ သူ ကတိပေးထားတဲ့ မျက်မှန်လေးလည်းပါတယ်။ မျက်မှန်မတပ်ခင် ကောင်းကင်ကြီးနဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်ဝအောင်ကြည့်နေမိတယ်။ သာယာလွန်းနေသလိုပဲ။ ခပ်လှမ်းလှမ်းမှာ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သတိအနေအထားနဲ့ စောင့်ကြည့်နေကြတယ်။ မကြာခင်မှာ ကျွန်တော်မျက်မှန်တပ်မယ်၊ လေယာဉ်မောင်း ဦးထုပ်စောင်းမယ်၊ အားလုံးကို လှည့်အလေးပြုတဲ့အခါ အဲဒီလူတွေ အားလုံးကလည်း အလေးပြုလိမ့်မယ်။ လေယာဉ်စက်ဖွင့်ပြီး လက်မထောင်ပြရင် ဗိုလ်ချုပ်ကလည်း လက်မပြန်ထောင်ပြလိမ့်မယ်။ လေယာဉ်ရှေ့က တပ်ကြပ်ကြီးက လက်နှစ်ဘက်ယမ်းပြီး အလံပြတာနဲ့ ကျွန်တော့် လေယာဉ်ဘီးတွေက မပြန်လမ်းဆီ စလိမ့်ကြမယ်။ နောက်ထပ် ၈ မိနစ်နဲ့ ၁၆ စက္ကန့်အကြာမှာ ကျွန်တော်ဆိုတာကြီး ပျောက်သွားတော့မယ်။ ဒီစာကြောင်းလေးတွေ ကြိုရေးပြီး ကျွန်တော့် ဒိုင်ယာရီလေးကို လေယာဉ်မထွက်ခင် ဗိုလ်ချုပ်ကို ပေးထားခဲ့တယ်။ ကဲ ... မျက်မှန်တပ်တော့မယ်ဗျာ။

အားလုံးပဲ ကျေနပ်ကြပါစေလို့။

Tuesday, November 6, 2007

ပန်းဂေါ်ဖီ စားဖူးလား

မှတ်မိသေးတယ်။ အဲဒီနေ့က လိပ်နှစ်ကောင်နမ်းနေတာကို လက္ဘ်ရည်ဆိုင်က တီဗွီမှာ ပြတာငါကြည့်လိုက်ရတယ်။ တကယ်တော့ ငါက ဆပ်ပြာခွက်အဖုံးလေး ကွဲသွားလို့ အဖုံးချည်းပဲ သွားဝယ်တာ။ လူတစ်ယောက်ကပြောတယ်။ သိုးတွေက ထန်းသီးမုန့် သိပ်မကြိုက်ကြဘူးတဲ့။ ငါမြင်တာတော့ ဒီအဘိုးကြီး ဓါးသွေးနေတာ လေးရက်လောက် ရှိပြီ။ သိပ်တော့ မသေချာဘူး။ ဒါပေမယ့် ငါ အပ်ပေါက်ထိုးတိုင်း ဝင်တယ်။ ချစ်သူရဲ့ လင်းပတဲ့အပြုံးကို မြင်တိုင်း ငါရင်တွေ တဒိန်းဒိန်းနဲ့။ မကြာပါဘူး - နိုဝင်ဘာရောက်လာခဲ့ပြီလေ။ အစိမ်းရောင် အကျီတွေဝတ်တာ ရပ်လိုက်ပြီး လက်သည်းတွေ ခဏခဏညှပ်ဖြစ်နေလို့ ကိုယ့်ကိုကိုယ် ပြန်အံ့သြနေမိတယ်။ ခရမ်းချဉ်သီး မစားရတာတောင်ကြာပြီထင်တယ်။ ဒီနှစ်ယောက်ပြန်လာတော့ ငါ့က ကွန်ပျူတာပိတ်ပြီး ဖဲချပ်တွေကို မွှေနှောက်နေလိုက်တယ်။ ချိုင်းမွှေးတွေဟာ ဆံပင်တွေပဲဖြစ်ပြီး ခေါင်းပေါ်မှာ နေရာလွတ်မရလို့ ပြောင်းပြန်ဆင်းလာရတာဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သိနေပေမယ့် ထုတ်မပြောသေးတာပါလို့ ရပ်ကွက်ထဲမှာ ရေဆွဲတဲ့ ဦးလေးကြီးက ကိုရင်လေးတစ်ပါးကိုပြောတယ်။ ကော်ဇောအနီခင်းပြီး ကြိုဆိုတာ ခင်ဗျားတို့ခံဘူးလား။ မြေပြင်နဲ့ ခြေထောက်ထိတယ်တောင် မထင်ရဘူး။ စားလက်စ ထမင်းပန်းကန် ထဆေးပြီး ဆေးပေါ့လိပ်ကို ပြန်ဖွာနေလိုက်တယ်။ ငါကြည့်နေတဲ့ ငလျင်တိုင်းမြေပုံစာရွက်က ဒီအတိုင်းဆို မှန်နေပြီ။ မလောင်းရဲဘူး။ ဂေါက်သီး ခေါင်းကိုမှန်ရင် မကွဲဘူးတဲ့။ ဒါက ငါမကျွမ်းတဲ့ ခေါင်းစဉ်ပါ။ မငိုပါနဲ့ ချစ်သူရယ် - မျက်ရည်တွေ ပန်းပွင့်၊ မပွင့် ငါမဟောရဲပြန်ဘူး။ ဒီရက်ပိုင်း မှန်ကြည့်တိုင်း ငါအနောက်မှာ လူတစ်ယောက် ရပ်ရပ်နေတာတွေ့မိတယ်။ ဘာအကြွေးမှ မရှိတော့လည်း ပျင်းစရာကြီပေါ့လား။ ဒါကြောင့် ဘီယာကို ပိုက်နဲ့ မသောက်တာလေ။ လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီးကာမှ ဘောလုံးပွဲအဖြေမသိရသေးတာ သတိရပြီး ကြိုးကွင်းပြန်ဖြုတ်ပြီး လက္ဘ်ရည်ဆိုင်ထွက်လာခဲ့တယ်။ လိပ်နှစ်ကောင်အဲဒီမှာ နမ်းနေကြတယ်။ ခနနေတော့ လူယုတ်မာ နှစ်ယောက်ရောက်လာပြီး ငါနေတဲ့ ဘန်ဂလိုကြီးကို မ ပြီး နေရာရွှေ့လိုက်ပြန်တယ်။ စိတ်ကျန်းမာရေးအတွက် ဆိုလားပဲ။ ဆန်ပြုတ်ပူပူကို အေးသွားအောင် ငါအငွေ့တွေကို ရွေးဖမ်းပြီး အမှုက်ပုံးထဲ သွားထည့်လိုက်တယ်။ စာတန်းလေးက အတော်လှတယ်။ ရွာသာကြီး မြို့နယ်တဲ့။ မထသေးဘူး။ ငါအိပ်နေတုန်းပါပဲ။ လည်ပင်းမှာတော့ ကြိုးကွင်းကြီးနဲ့လေ။

Thursday, June 21, 2007

Globalization အစစ်

Globalization ဟုခေါ်သော ကမ္ဘာ့ရွာခေတ်ကြီးတွင် လူနှင့် တိရစ္ဆာန်တို့သည် ဘာသာစကားတစ်မျိုးတည်းသာ ပြောကြတော့၏။ လူစကားများကို တိရစ္ဆာန်များက နားလည်လာရုံသာမက ပြောပါပြောတတ်လာကြလေ၏။ နိုင်ငံများ ပိုင်းခြားထားခြင်းလည်း မရှိတော့ပေ။ အားလုံးပြောကြသော ဘာသာစကားမှာ ထုံးစံအတိုင်း ဗမာစကားပင် ဖြစ်လေ၏။ အောက်ဖေါ်ပြပါ အကြောင်းအရာမှာ ဤ Globalization ခေတ်အတွင်းမှ အလုပ်ခေါ် Interview တစ်ခုပင်ဖြစ်လေ၏။ နေရာကား တချိန်က ပြင်သစ်ဟု လူများသိခဲ့သော၊ ယခု ပျဉ်သစ်ကြီး ရပ်ကွက်အတွင်းတွင် ဖြစ်ပါတော့သတည်း။

“ လျှောက်ထားသူ အမှတ် ၃၉၈၄ ”

“ လာပါပြီခင်ဗျ ”

ဖားတစ်ကောင်က ပုရွက်ဆိတ် တစ်ကောင်ကို ကျောပေါ်တင်၍ ဝင်လာ၏။

“ ဟေ့ မင်းတို့က ဘာလို့နှစ်ယောက်ဝင်လာတာလဲ ”

“ အလုပ်လျှောက်တာက ကျွန်တော်ပါ။ ဒီ ပုရွက်ဆိတ်က ကျွန်တော်နဲ့ အလုပ်တွဲလုပ်မှာပါ။ သူ့ကို လခပေးစရာမလိုပါဘူး။ သူပါမှ ကျွန်တော် တာဝန်တွေ ထမ်းဆောင်နိုင်မှာပါ။ ”

“ တော်တော်ရှုပ်တာပဲ။ အေး … ထားပါတော့။ မင်းလျှောက်တဲ့ ရာထူးက မိုးလေဝသခန့်မှန်းသူနော် ”

“ ဟုတ်ပါတယ်။ ကျွန်တော်တို့က ဘီဘီစီ မှာ သုံးနှစ်လုပ်ဖူးပါတယ်။ လူတွေကို ခန့်ထားတာထက် ကျွန်တော်တို့ကို ခန့်ထားရင် လစာပေးရတာ သက်သာမယ်။ မိုးရွာမယ်၊ နေပူမယ်၊ လေတိုက်မယ်ကို တိတိကျကျ ခန့်မှန်းပေးနိုင်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ပုရွက်ဆိတ်ကြီးကတော့ မိုးရေချိန်ဘယ်လောက်တက်မယ်ဆိုတာကအစ ပြောနိုင်ပါတယ်။ သူတို့ ပုရွက်ဆိတ်မျိုးရိုးတွေဟာ ဒါတွေခန့်မှန်းပြီးပဲ နေအိမ်တွေ ပြောင်းရွေ့ရှင်သန်လာခဲ့ကြတာ လူကြီးမင်းလည်း အသိပါပဲ ”

ဖားကျောပေါ်မှ ပုရွက်ဆိတ်က လည်စည်းကို ဆွဲဆန့်ရင်း

“ ဟုတ်ကဲ့။ ကိုဖားကြီးပြောသလိုပါပဲ … ကျွန်တော်တို့ နှစ်ယောက်ပေါင်းရင် တိကျတဲ့ခန့်မှန်းချက်တွေ ရရှိမှာပါ။ လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ဖြစ်သွားတဲ့ ဆူနာမီရေဘေးကို ပထမဆုံးသတိထားမိတာလည်း ကိုဖားကြီးတို့ ဘိုးဘေးတွေပါ။ သူတို့အော်ပြောတာကို အဲဒီတုန်းက ခပ်ညံ့ညံ့လူတွေ နားမလည်လိုက်လို့ ပျက်စီးမှုတွေ ဖြစ်ရတာပါ။ ဒါ့အပြင် … ”

“ တော်ပါပြီ ကိုပုရွက်ဆိတ်ကြီးရယ်။ ပြန်နိုင်ပါပြီ။ အကြောင်းရှိရင် ပြန်အဆက်သွယ်ပါ့မယ်။ နောက်တစ်ယောက် … ”

ဖားနှင့် ပုရွက်ဆိတ် ထွက်သွားပြီး ကြီးမားသော ခွေးနက်ကြီးတစ်ကောင်ဝင်လာလေ၏။

“ ကဲ … နာမည်ပြော ”

“ အာနိုးဗန်ဒိန်းဒိုဗာဟိန်းပါ။ မျိုးရိုးက ဒိုဗာမင်။ ဂျာမနီရပ်ကွက်မှာ နေပါတယ်။ လျှောက်ထားတဲ့ ရာထူးက လုံခြုံရေးမှူးပါ ”

“ အင်း … နေရာနဲ့ အကောင်နဲ့တော့ လိုက်ပါတယ်။ မင်းကို နေစရာပေးရမှာလား ”

“ ပေးရင်ပိုအဆင်ပြေပါတယ်။ လုံခြုံရေးဆိုတာ .. ”

“ လေမရှည်ပါနဲ့တော့။ သိပါတယ်။ မင်းမိသားစု ကရော… ”

“ သူတို့ကတော့ ကျွန်တော်အလုပ်ရရင် လေယာဉ်နဲ့လိုက်လာမှာပါ။ ကျွန်တော်က တော်သလင်းလမရောက်ခင် လှမ်းခေါ်မယ်လို့ ပြောထားပါတယ် ”

“ ဟုတ်ပြီလေ။ ကဲ … သွားတော့။ နောက်တစ်ယောက် ..”

ဒိုဗာမင်ခွေးကြီးက နောက်ခြေနဲ့ နားရွက်ကိုလှမ်းကုတ်ရင်း ထွက်သွား၏။ ပျံလွှားတစ်ကောင် အရှိန်ပြင်းပြင်းပျံရင်း ဝင်လာပြန်၏။

“ ဝှီး .. ဖလူး ဖလူး ”

“ သောက်ပလုတ်တုတ် … ဖြေးဖြေးလုပ်ပါဟ။ မင်းက ဘာလာလျှောက်တာလဲ ”

“ ကျွန်တော်က စာပို့လုလင်လာလျှောက်တာပါ ”

“ ဘာကွ … ဒီလောက် တိုးတက်နေတဲ့ ခေတ်မှာ ငှက်နဲ့ စာပို့ရမတဲ့လား ”

“ မှန်ပါတယ်။ လူကြီးမင်း ရုံးထိုင်တဲ့ ပျဉ်သစ်ကြီးမှာ မီးမှန်ပေမယ့် ဒဂုံဘက်မှာ မီးပျက်နေတော့ လျှပ်စစ်သုံးစာပို့စနစ်က သိပ်မထွန်းကားသေးပါဘူး။ အဲဒီ Department ဘက်ကို လာလျှောက်တာပါ ”
“ အင်း … မဆိုးပါဘူး။ မင်းက မြင်တတ်သားပဲ။ မင်းအမြန်နှုန်းကရောကွာ … ”

“ ကျွန်တော် ဒဂုံနဲ့ နယူးယောက်ကို တိုကျိုမှာ ခဏနားပြီးသွားရင် ၁ နာရီကြာပါမယ်။ လောင်စာအနေနဲ့ ဘီအီး ၁ လုံးချသွားရပါမယ် ”

“ အော်… မြန်သားပဲ။ မင်းကတော့ ခန့်ထားဖို့ များပါတယ်။ ကဲကဲ ပြန်လိုက်ဦး။ ပြန်ဆက်သွယ်မယ်။ နောက်တစ်ယောက် … ”

ပျံလွှားက ဝင်လာသော အပေါက်မှပြန်မထွက်တော့ဘဲ ပြတင်းပေါက်မှပင် ပျံထွက်သွားလေ၏။ ထို့နောက် လဒကြီး တစ်ကောင်ဝင်လာပြန်၏။ Interviewer က မျက်နှာကိုရှုံ့မဲ့ရင်း …

“ မင်းကရော ဘာအတွက်လဲ ”

“ ကျွန်မက သန့်ရှင်းရေးအတွက်ပါ ”

“ လုပ်စမ်းပါဦး … ”

“ ကျွန်မတို့က ရာဇဝင်နဲ့ချီပြီး သန့်ရှင်းရေးလုပ်လာကြတာပါ။ ဘယ်လိုအညစ်အပတ်မျိုးကိုမဆို သန့်ရှင်းအောင် လုပ်နိုင်ပါတယ်။ လူသေအပုပ်အပွ တွေကိုတောင် … ”

“ ဝေါ့ .. တော်ပါတော့ဟာ။ ကဲကဲ သွားတော့ ”

ထိုစဉ် တံခါးစောင့် ယုန်တစ်ကောင်က လှမ်းအော်လိုက်၏။

“ M.D လာပါပြီ ”

“ ဟေ.. ဟုတ်လား။ အင်တာဗျူးတွေ ခဏနားမယ်။ ငါ သွားကြိုလိုက်ဦးမယ် ”

Interviewer လူကြီးက ပုဆိုးပြင်ဝတ်ပြီး ထထွက်သွားလေ၏။ အကောင်းစား ဟယ်လီကော်ပတာကြီးပေါ်မှ Company M.D ဆိုသူ စက်ရုပ်ကြီး တစ်ရုပ်ဆင်းလာလေတော့သတည်း။

Tuesday, April 24, 2007

ကျွန်တော် Tag ပါပြီ

၇ ရက်သားသမီးတွေ ပို့လိုက်တဲ့ လျှပ်ပို့စာတွေ ( Email ကိုဘာသာပြန်တယ်လို့ ကိုစိုးဇေယျ ပြောတာပဲ ) နဲ့ လေးစားရတဲ့ မနိုင်းနိုင်းတို့က ကျွန်တော့်ကို ဝိုင်း Tag လိုက်ကြပါတယ်။ ကိုညီညီပြောသလိုပဲ ပြဿနာရဲ့အစကတော့ ကိုတက်စလာပဲပေါ့။ သူစတာ ဒီဇာတ်လမ်းက။ ထားပါတော့။ ပြီးမှ ရောမမြို့သားတွေလို ကျိန်စာတိုက်မယ်။ အခုတော့ အောက်ပါ (၁၀) ချက် အသေမှတ်ပါ။

(၁) ရေသောက်တိုင်း လူရှေ့သူရှေ့မရှောင် တင်ပါးကို ကုတ်တတ်သည်။ ကြိုးစားဖျောက်သော်လည်း မအောင်မြင်သေးပါ။ ယားနာမရှိကြောင်း အိမ်တိုင်ရာရောက်စစ်ဆေးနိုင်ပါသည်။ (Token ယူရမည်) နိုင်ငံရပ်ခြားမှ စစ်ဆေးလိုလျှင် Web Cam ပို့ပေးပါ။ ကြည့်ရဲဖို့သာလိုပါသည်။

(၂) နှစ်လုံးထီ၊ ချဲ၊ ဂျင် မှအပ နှစ်သက်ရာ လောင်းကစားကို ကျား၊မ မရွေးယှဉ်ပြိုင်နိုင်ပါသည်။ ဖဲဆိုလျှင်တော့ မျက်ရည်ခိုင်သူများနှင့်သာ ရိုက်လိုပါသည်။ ရှမ်းကိုးမှီး နှင့် ရှိုးတွင် လက်ရဲဇာတ်ရဲနိုင်ပြီး အလျော်အစားပက်စက်ပါသည်။ ( GTI လက်ရွေးစင်ဖဲသမားဖြစ်ကြောင်း ကျောင်းအုပ်ကြီး ထောက်ခံချက်ရရှိပြီး)

(၃) ပါဏာတိပါတာ မပါလျှင် ဟာတာတိဟာတာဖြစ်ရပါသည်။ သတ်သတ်လွတ်စားရမည့်အစား အသီးအရွက်လွတ်ကို ရာသက်ပန်စားနိုင်ပါသည်။ (လောင်းမလား) မစားသောအသား နည်းနည်းတော့ရှိသည်။ သစ်သားနှင့် စစ်သား။ ရွံလို့ဗျာ။

(၄) အင်ဂျင်ဝိုင်ဝယ်လျှင် လက်ဆောင်ပါသော အင်္ကျီအစုတ်လေးများကို ရွှေကဲ့သို့ မြတ်နိုးပါသည်။ ရုံးချိန်ပြင်ပတွင် ကျွန်တော်အနှစ်သက်ဆုံး ဝတ်စုံမှာ အဆိုပါ T Shirt လေးများ (စုတ်လေကြိုက်လေ) နှင့် ဂွပြဲကိုပြန်ချုပ်ထားသော ဘောင်းဘီတိုများ ဖြစ်ပါသည်။

(၅) ကျွန်တော်သည် အင်္ဂလိပ်လို မကျွမ်းကျင်ပါ။ တော်တော်ညံ့ပါသည်။ သို့သော် ... အရက် ၅ ပက် သောက်ပြီးလျှင်သော်လည်းကောင်း၊ ဘီယာ ၆ ခွက် သောက်ပြီးလျှင်သော်လည်းကောင်း အင်္ဂလိပ်လိုစပြောပါသည်။ ပိုသောက်လေ ပိုကျွမ်းကျင်လာလေဖြစ်သည်။ ရေချိန်ကိုက်သွားသော် ဗမာလိုမပြောတတ်တော့ပေ။ နည်းနည်းတော့ထူးဆန်းသည်။ ဝိုင်းသိမ်းလျှင် ကျွန်တော် ဘာမှ မပြောတတ်တော့။ ကျွန်တော့်ကို ထမ်းပိုးခေါ်သော ကျေးဇူးရှင်သည် ကံကောင်းလျှင် ရှူရှူးရေမွှေး လက်ဆောင်ရတတ်သည်။ ခေါ်လိုလျှင် တန်းစီပါ။ အော်... ကြုံတုန်းပြောပြဦးမယ်။ ကျွန်တော်တို့ ဘီယာသောက်လို့ ခွက်တိုက်ဆုတောင်းစာလေး ... “ ဆော်ကြည်၊ အကြွေးကျေ၊ တော်တော်နဲ့မသေ၊ အလုပ်မလုပ်ဘဲ ချမ်းသာပါစေ ” ... လူကြီးမင်းတို့လည်း ခွက်မြှောက်လိုက်ကြပါစို့လားဗျာ။

(၆) ထူးခြားချက်ဟုတ် မဟုတ်တော့မသိပါ။ ပြောချင်လို့ပြောပါတယ်။ ကျွန်တော်အမုန်းဆုံး၊ ကြည့်မရဆုံး ဘောလုံးအသင်းတွေကို ပြောပြပါမယ်။ (၁)ထိုင်းလက်ရွေးစင် (၂) မန်ချက်စတာယူနိုက်တက် (၃) ဘရာဇီးလက်ရွေးစင် (၄) ကာကွယ်ရေး(ဗမာပြည်မှ) (၅)ဂျပန်လက်ရွေးစင်။ နံပတ်စဉ်လိုက် အမုန်းဒီဂရီမြင့်ခြင်းမဟုတ်ဘဲ အားလုံးကို သာတူညီမျှ တစိတ်တဝမ်းတည်း အူလှိုက်သည်းလှိုက် နှစ်နှစ်ကာကာ မုန်းတီးစက်ဆုတ် ရွံရှာ အမြင်ကပ်ပါကြောင်း။

(၇) ကျွန်တော်ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်လေးကိုများ သိချင်ကြဦးမလား။ ဟုတ်ကဲ့ ပြောပါ့မယ်။ ကျွန်တော် သန်သန်စွမ်းစွမ်း သွားလာနိုင်နေတုန်းမှာ အစစအရာရာပြည့်စုံတဲ့ လူငယ်ရိပ်သာ တစ်ခုကို ရှာတွေ့ပြီး အဲဒီမှာနေခွင့်ရချင်ပါတယ်။ လူငယ်ရိပ်သာဆိုတာ ဘိုးဘွားရိပ်သာ မရောက်ခင် အခမဲ့ပြုစုထားမယ့် ဂေဟာလေးပေါ့ဗျာ။ လူငယ်တွေအတွက် ဘိုးဘွားရိပ်သာလိုမျိုးပေါ့ဗျာ။ ဘိုးဘွားတွေကို ခေါင်းလျှော်ပေး၊ လက်သည်းညှပ်ပေး၊ ထမင်းခူးကျွေး၊ ဆေးတိုက်လုပ်ပေးသလို ... ကျွန်တော်နေချင်တဲ့ လူငယ်ရိပ်သာမှာလည်း ကျွန်တော်တို့ကို ခေါင်းလာလျှော်ပေးကြ၊ နှိပ်ပေးကြ၊ ကာရာအိုကေသွားဆိုလိုက်ကြ၊ ဘောလုံးပွဲလောင်းလိုက်ကြ၊ အချိန်မှန် အရက်တိုက်ပေးကြနဲ့ပေါ့လေ။ အဲဒီဂေဟာတစ်ခု ရှာတွေ့ဖို့နဲ့ နေခွင့်ရဖို့က Mr.Pooh ရဲ့ ရည်ရွယ်ချက်ပါ။ တွေ့ရင် အကြောင်းကြားရမလား။

(၈) ကျွန်တော့်မှာ ကျွန်တော့်ကို အလွန်အလိုလိုက်ပြီး အလွန်ချစ်ဖို့ကောင်းသော ခြူသစ် (ချစ်သူ) ရှိပါသည်။ တခါတလေ အပျင်းပြေရန်ဖြစ်လိုသော်လည်း သူကအေးလွန်းသဖြင့် ယနေ့အထိ ရန်မဖြစ်ဘူးသေးပါ။ နည်းလမ်းများ ညွှန်ပြကြပါ။ (ကိုဘလာဂေါက် ... ခင်ဗျား ကိုပဲ အားကိုးရမယ်ထင်တယ်)

(၉) ပုဇွန်တုန်ယန်းဟင်းချိုနှင့် ဘဲကင်စားနေခြင်းကို သက်မွန်မြင့်သည်လည်းကောင်း၊ သိကြားမင်းသည်လည်းကောင်း၊ Shall We Believe Post မှ Comment ရေးသူများသည်လည်းကောင်း၊ လေးဖြူမှအပ ကျန် IC အဆိုတော်များသည်လည်းကောင်း၊ မင်းလူဧ။် ကဗျာများသည်လည်းကောင်း၊ မီးပျက်ခြင်းသည်လည်းကောင်း၊ အီအီးပါချင်ခြင်းသည်လည်းကောင်း ကျွန်ုပ်ကို မဟန့်တားနိုင်ချေ။

(၁၀)နောက်ဆုံးတစ်ခုကတော့ ကျွန်တော်အီမ်မှာ မုန့်ဖိုးပြတ်ရင် ရွတ်တဲ့ဂါထာလေး ရေးပေးထားလိုက်တယ်။ ဘယ်သူ့မှ မပြောပါဘူး။ လူစုံလို့ ရှင်းပြလိုက်တာ။ သေချာ Print ထုတ်ထားပါ။

“ မာတံ အာရကေယံ မေ အဟောသိ နတ္ထိ ”

တိုတိုလေးပါ။ အလွတ်ရရင်ပိုကောင်းတာပေါ့။ ဘုရားဟောတော့ မဟုတ်ဘူးနော်။ ကဲ... အနက်လေးဖွင့်ပေးလိုက်ပါ့မယ်။

မာတံ = ချစ်လှစွာသော မိဘတို့ခင်ဗျား
အာရကေယံ = အာရကေလို့ ပွဲစားတွေခေါ်တဲ့ ပိုက်ဆံဆိုတဲ့အရာကို
မေ = သင်တို့ဧ။် ရင်ဝယ်ဖြစ်ငြား သားများ၊ သမီးများသည်
အဟောသိ = မသိတော့ပါ
နတ္ထိ = မရှိတော့ပါ။

ကဲ ... မစွမ်းရင် ကြိုက်သလို ဖက်နမ်းဗျာ။

ချစ်လို့၊ မုန်းလို့ Tag ထားသူများ ... ကျွန်တော်တော့ စိတ်ပါလက်ပါ အထုပ်ဖြည်ပြီးပါပြီ။ ကျေနပ်ကြပါ။ နောက်တစ်ခါ ထပ် Tag ရင် ရေးစရာ မရှိတော့လို့ လာTag သူများ ... အလှူသွားတိုင်း ဖိနပ်အခိုးခံရပါစေသား... Post အသစ်ရေးပြီးခါနီးမှ Shut Down ကျပါစေသား... အရက်သောက်တိုင်း မမူးပါစေနဲ့ဗျာ ...

Tuesday, April 17, 2007

သင်္ကြန်ရနံ့လေးများ - ၂

သင်္ကြန်ဆိုတဲ့ ပွဲတော်ကြီးကတော့ ပြီးသွားပြန်ပါပြီ။ သင်္ကြန်တွင်းတုန်းက Post အသစ်တင်ဖို့ရေးထားပေမယ့် မတင်ဖြစ်လိုက်ဘူး။ ပြည်ပရောက် ကျွန်တော့်သူငယ်ချင်းများအတွက် ရန်ကုန်သင်္ကြန်ရဲ့ Overview လေးရေးပေးလိုက်ပါတယ်။ အကြောင်းကြောင်းကြောင့် ဓါတ်ပုံတွေတော့ တင်မပေးနိုင်လိုက်ဘူးဗျာ။

၁၂ ရက်နေ့က ဈေးသင်္ကြန်ရောက်တယ်။ သွားတာကတော့ York လမ်းက ဓါတ်ပုံဆိုင်ကိုပါ။ လမ်းကြုံတာနဲ့ ဝင်သွားလိုက်တာ။ ဒီနှစ်နဲ့ပါဆိုရင် ဈေးသင်္ကြန်မစည်တာ ၂ နှစ်ရှိပြီလို့ဆိုရမယ်။ အရင်လို သီချင်းတွေဖွင့်ပြီး Shopping လာတဲ့ကောင်မလေးတွေကို ရေပက်တာထက် အရက်မူးပြီး ရန်ရှာဖို့ပဲ အာရုံစိုက်နေသလိုပါပဲ။ စိတ်ပျက်စရာတောင် ကောင်းလာတယ်။ ဒီနှစ်ပိုင်းတွေမှာ အားကောင်းလာတဲ့ Hip Hop ပုံစံ အဝတ်အစားဝတ်တာ အတော်နည်းနည်းပဲတွေ့ရပြီး Alter, Punk, Rock နဲ့ Country ပုံစံတွေကိုပဲ စွဲစွဲမြဲမြဲဝတ်လာကြတာ သတိထားမိသေးတယ်။ မိန်းကလေးတွေကတော့ ထုံးစံအတိုင်း အပြိုင်အဆိုင် တိုလာကြတယ်ထင်ပါရဲ့။ ဆံပင်တွေကတော့ မနှစ်ကလို ကျစ်ဆံမြီးသေးသေးလေးတွေအစား Hightlight ဖောက်ထားတဲ့ ဆံပင်အဖြောင့်၊အကောက်တွေပဲ အထားများနေကြတယ်။ ဘာပဲပြောပြော တံတားဟောင်းကြီးနားက Country House ဆိုင်နားမှာတော့ ရိုးရာမပျက် ရန်ပွဲများလည်း ခြိမ့်ခြိမ့်သဲသဲ ဖြစ်ပွါးခဲ့ပါသေးတယ်။

အကြိုနေ့ကတော့ အိမ်မှာ တချိန်လုံးဖဲရိုက်နေလို့ အပြင်မရောက်လိုက်ဘူး။ ညနေပိုင်းလည်း ဘီယာစတုဒီသာဆိုလို့ သူငယ်ချင်းအိမ်မှာ သွားအားပေးရသေးတယ်ဗျာ။ မကြိုက်ပေမယ့် အားနာနာနဲ့ ကုန်အောင်တော့ သောက်ပေးလိုက်ရတယ်။ :P အကျနေ့ညနေတော့ အင်းလျားဘက်ခဏရောက်တယ်။ လိုတာထက်ပိုစည်နေတဲ့ အင်းလျားကတော့ ရန်ကုန်ရဲ့အသည်းနှလုံးလိုပါပဲ။ ပြည်လမ်းမှာလည်း ထူးမဏ္ဍပ်ကပိတ်နေတော့ အဲဒီနားက တိုးလို့ကိုမရတော့ဘူးလေ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စည်းကားလွန်းတဲ့ ဆရာစံလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ် နဲ့ အင်းလျားမြိုင်ကြားထဲတွေမှာတော့ သရဲခြောက်မှာတောင်စိုးရတယ်ဗျာ။ ဘာကြောင့်လဲတော့မသိ။ လမ်းဟောင်းမှာတောင် မဏ္ဍပ်တွေ ခပ်ကြဲကြဲရယ်။ အရင် Scopion ကလူတွေ ကြီးစိုးခဲ့တဲ့ Fuji ရှေ့က မဏ္ဍပ်တွေမှာလဲ ခြောက်ကပ်လှပါတယ်။

အကြတ်နေ့မှာတော့ ကျွန်တော်အကျပ်ခံလိုက်ရတယ်ဗျာ။ ဖဲရိုက်တာ ရှိတာကုန်တဲ့အပြင် အကြွေးပါတင်ခဲ့တယ်။ အပြင်နဲ့တူဆိုလို့ ခြံစည်းရိုးအစပ်တောင် မရောက်လိုက်ဘူး။ အတက်နေ့ကတော့ တစ်နေကုန်အပြင်မှာ လျှောက်သွားတယ်။ အင်းလျားက အလကားရတဲ့ သူငယ်ချင်းမဏ္ဍပ်တွေပေါ် ခဏတက်လိုက်၊ ပြန်ဆင်းလိုက်၊ နောက်တစ်ခုတက်လိုက်နဲ့လေ။ ညနေပိုင်းတော့ စောစောထွက်လာပြီး ထူးထူးခြားခြားစည်ကားနေတဲ့ ဦးချစ်မောင်လမ်း ဘက်သွားတယ်။ အင်းလျားမှာက အုတ်ခဲမိုး၊ တုတ်မိုး၊ Chain မိုး တွေက စရွာနေပြီဗျ။ ဆက်နေရင် မလည်ရဘဲ ၅-၆ ရောက်သွားမှာစိုးလို့။ မိုးလည်းချုပ်ရော - Mr.Pooh လည်းမှောက်ရော။ :P

ဒီနှစ်တော့ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ မိုးနည်းနည်းရွာပြီး နေကတော့ လေးရက်လုံးမပူဘူး။ တော်တော်မိုက်တယ်။ ဒါတောင် အသားတွေမဲကုန်ကြတာပါပဲ။ ပိတောက်တွေကတော့ ဒီနေ့မှ လှိုင်လှိုင်ပွင့်တယ်။ သစ္စာအရှိလွန်သွားတယ် ထင်ပါရဲ့။ သင်္ကြန်ပြီးတာနဲ့ ရန်ကုန်ကတော့ ခြောက်ကပ်ညစ်ပတ်ပြီး ကျန်ခဲ့ပြန်ပြီပေါ့လေ။ သင်္ခါရပေါ့နော့်။

ဒီနေ့မနက် ရွှေတိဂုံဘုရားရောက်သေးတယ်။ မနက် ၅ နာရီလောက်တောင် ကားရပ်လို့မရတော့ဘူး။ ကောင်လေးတွေ၊ ကောင်မလေးတွေလည်း တွေ့တယ်။ မျက်နှာလေးတွေကတော့ မဲလို့လေ။ ဘာပဲပြောပြော လာဖြစ်တာကပဲ ကုသိုလ်ပေါ့။

Wednesday, April 11, 2007

နှစ်သစ်လက်ဆောင်

ဒါလေးတွေကတော့ Mr.Pooh ရဲ့ သင်္ကြန်လက်ဆောင်ပါ။
“ မြူမှောင်ဝေကင်း ” သီချင်းကို ခုချိန်မှာ နားမထောင်ချင်တဲ့သူများ ရှိဦးမလား ?

ကျွန်တော်တို့ခေတ်ရောက်မှ ပေါ်လာတဲ့သင်္ကြန်သီချင်းတွေထဲမှာတော့ ဒါအကောင်းဆုံးထင်ပါတယ်။ မျိုးကျော့မြိုင်ရဲ့ အမှတ်တရသင်္ကြန်ကို နားဆင်ပါ။


Myanmar Cupid ကတင်ဆက်ထားတဲ့ ယနေ့သင်္ကြန်ပါ။


Saturday, April 7, 2007

Installation !

ဟာသအဟောင်းလေးတစ်ပုဒ်ပါ။ မဖတ်ရသေးရင်တော့အသစ်ပေါ့လေ။ Scan ဖတ်ပြီးသားလေးရလို့ အဆင်သင့် တင်ပေးလိုက်ပါတယ်။

Friday, April 6, 2007

သင်္ကြန်ရနံ့လေးတွေ - ၁

ဒီအချိန်ဆို ကျွန်တော်တို့ရဲ့ ရန်ကုန်ရွှေမြို့တော်မှာ သင်္ကြန်ရနံ့လေးတွေ စရလာပါပြီ။ မနေ့ကစလို့ အင်းလျားလမ်းမှာ မဏ္ဍပ်တွေ စတင်ဆောက်လုပ်ကြပြီ ဖြစ်ပါတယ်။ ပုံမှန်ဆောက်လုပ်နေကြ မဏ္ဍပ်တွေဖြစ်တဲ့ Banna Club, Extreme, D-Tanggu, YGN စတဲ့ မဏ္ဍပ်များကတော့ နေရာယူပြီးလို့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ခန့်ခန့်ညားညား ဆိုက်ထူထားကြပါပြီ။ မဏ္ဍပ်နေရာများကို လေလံဆွဲရလို့ မနှစ်ကထက် ပိုမိုဈေးကြီးလာကြောင်းကိုလည်း သူငယ်ချင်း Organizer တစ်ယောက်က ပြောပါတယ်။ သစ်ဈေးကအစ ကြီးမြင့်လာတဲ့အချိန်မှာ မဏ္ဍပ်ဆောက်လုပ်ရေးသမားတွေကလည်း အင်းလျားလမ်း လမ်းမပေါ်မှာပဲ ခုံလေးလုံးလောက်ချပြီး ရုံးခန်းလေးတွေ လာဖွင့်ထားကြပါတယ်။ သူ့သစ်နဲ့သူ မဏ္ဍပ်ဆောက်ပေးမယ်၊ ရေသွယ်ပေးမယ်၊ ပြီးရင် ဖျက်ပြီးပြန်ယူပေးမယ်... စတဲ့ စရိတ်ငြိမ်းဝန်ဆောင်မှုတွေပေးပါတယ်တဲ့။ လက်သမားရှာရခက်တဲ့ သူငယ်ချင်းတွေအတွက်တော့ တကယ်အဆင်ပြေပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အင်းလျားနဲ့အပြိုင် ခန့်ညားတဲ့မဏ္ဍပ်ကြီးတွေနဲ့ စည်ကားခဲ့တဲ့ ဆရာစံလမ်းကတော့ နည်းနည်းလေးတိတ်ဆိတ်နေပါသေးတယ်။ တက္ကသိုလ်ရိပ်သာလမ်းဟောင်းမှာလည်း မဏ္ဍပ်ကြီးတွေ စတင်ဆောက်လုပ်နေပါပြီ။ ပြည်လမ်းက Htoo Company မဏ္ဍပ်ကတော့ တော်တော်စောစော ကတည်းက စတင်ဆောက်လုပ်နေပြီ ဖြစ်ပြီး Emperor တီးဝိုင်းနဲ့ တွဲဘက်ဖျော်ဖြေမှာပါ။ Air Bagan, Myanmar Shopping Mall စတဲ့ Htoo Company လက်အောက်ခံ Company Branch ၉၀ က ဝန်ထမ်းတွေ ရေပက်ကစားဖို့ ရှိပါတယ်။ Iron Cross ကတော့ တိရစ္ဆာန်ရုံအနီးက ကန်တော်ကြီးပတ်လမ်းမှာ Myanmar Beer နဲ့ နေရာယူပါလိမ့်မယ်။ မြန်မာနံပတ် ၁ ဂီတာကျော် ဆရာ ချစ်စမ်းမောင်ကတော့ “ သူများတွေပျော်တာကိုကြည့်ပြီး ဂီတာတီးလာရတာ နှစ်ပေါင်းမနည်းတော့ပါဘူးဗျာ။ ရေလည်းမပက်ရဘူး။ ကိုယ့်ကိုပက်မှာလည်း ကြောက်နေရတယ်။ Electric တွေနဲ့ဆိုတော့ ရေစိုရင် ဓါတ်လိုက်မှာစိုးလို့ပါ ” လို့ ဂျာနယ်တစ်စောင်ကို ပြောပါတယ်။ IC က L လွန်းဝါလို Real IC မဟုတ်တဲ့ အဆိုတော်တွေကိုလည်း သီဆိုဖျော်ဖြေဖို့ ထည့်သွင်းကြေငြာထားပါတယ်။ နာမည်ရထားသူတွေက တစ်နေ့ ၂ ကြိမ် ဆိုရမှာဖြစ်ပြီး Newbie တွေကတော့ ၃ ကြိမ်အထိ ဖြစ်နိုင်ပါတယ်လို့ လည်းသိရပါတယ်။ (ဆက်လက်ရှာဖွေ ဖေါ်ပြပေးပါဦးမယ်)

Thursday, March 22, 2007

၅၀၀၀ years ago ...

အစ်မတစ်ယောက် Forward လုပ်ပေးထားတဲ့ Email ထဲက ဟာသအဟောင်းလေးတစ်ခု သတိရလို့ တင်ပေးထားလိုက်ပါတယ်။

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ “ ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက “ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။

မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။

Friday, March 16, 2007

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။ လေယာဉ်ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာ စားနေလေဧ။်။ ကျန်လက်တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကို မလွတ်တန်းကိုင်ထားသေးသည်။ “သူ” ဆိုတာက ဇီဇူး ဟုချစ်စနိုးခေါ်ကြသော ကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။ ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တဆင့် ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။ မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြောင်း မမောမပန်း ထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ တခြားမဟုတ်။ တစ်ခုက ကျွန်တော့် Laptop အိတ်ထဲတွင် ကိုရီးယား ကင်း(မ်)ချီ တစ်ထုပ်ပါလာသည်။ အဲဒီက အရည်တွေကြောင့် Laptop ပျက်စီးသွားမှာစိုးရသည်။ ကျွန်တော်က ကင်း(မ်)ချီတွေ သယ်မလာချင်။ ကိပ်တောင်းလေဆိပ်ရောက်မှ ဘေယောင်ဂျွမ်းက ဆိုက်ကားကြီးနှင့် ရောက်လာပြီး UN အတွင်းရေးမှူးချုပ် ကိုရီးယားသားကြီး ဘန်ကီမွန်းကို ပေးရန် လူကြုံလာပေးသဖြင့် နီးရာအိတ်ထဲထည့်ပြီး သယ်လာခြင်းဖြစ်သည်။ ဘန်ကီမွန်းနှင့် သန်ဘက်ခါတွင် Liverpool တွင်ကျင်းပမည့် ၀င်းသူဇာဆိုင်ခွဲ(၈၃၇၂) ဖွင့်ပွဲတွင်တွေ့ရင်ပေးရမည်။ မတွေ့ပါက UN ရုံးချုပ်ရှိရာ တောင်ကြီးသို့ စာတိုက်ကပင် ပို့ရတော့မည်။ သူလိုလူအတွက်တော့ အချိန်သိပ်မပေးနိုင်တော့။ ဒါကပထမအပူဖြစ်သည်။

ဒုတိယအပူက တော့နည်းနည်းပိုဆိုးသည်။ ယခု ဇီဒန်းနှင့် ဒိန်းမတ်ကိုလာခြင်းမှာ မဲနှိုက်ပေးဖို့နှင့် လက်ဆောင်ပေးဖို့ဖြစ်သည်။ ရှင်းပြပါဦးမည်။ ယခုနှစ် World Football Club Champion Tournament Classic Cup 2007 ဗိုလ်လုပွဲတွင် မြန်မာပြည်မှ ပို့ဆောင်ရေးအသင်းနှင့် စပိန်မှ Real တို့ဆုံကြသည်။ နှစ်သင်းလုံးက အဖြူဝမ်းဆက်ဝတ်ကြသည်။ အစကတော့ Real က သူတို့အသင်းမှာ အသင်းသစ်၊ အသင်းငယ်ဖြစ်သဖြင့် သူတို့ပင် အရောင်ပြောင်းဝတ်မည်ဟုဆိုသည်။ အခုတော့တစ်မျိုး။ ဗိုလ်လုပွဲသို့နောက်တစ်ခေါက် ရောက်ရန်မသေချာသဖြင့် နှစ်တိုင်းနီးပါး ဗိုလ်စွဲနေသော မြန်မာကလပ်အသင်းက အရောင်ပြောင်းပေးပါရန် စပိန်ဘုရင် ကိုယ်တော်တိုင် Email ပို့လာသည်။ မြန်မာကလပ်က ပြောင်းပေးချင်သော်လည်း ပရိတ်သတ်ကို အဖြူရောင်ဂျာစီတွေ ရောင်းထားပြီးနှင့်ပြီ။ ထိုကိစ္စကို မဲနှိုက်ဖြေရှင်းရန် ကျွန်တော်နှင့်ဇီဇူးတို့ လာကြခြင်းဖြစ်သည်။ ပို့ဆောင်ရေးအသင်းနည်းပြ ဦးမောင်မောင်ဦး နှင့် Real နည်းပြလေး ကာပယ်လိုတို့မှာ ရောက်နှင့်နေလောက်ပြီ။ ဒါက မဲနှိုက်ဖို့။ လက်ဆောင်ပေးဖို့ကတော့ ဒိန်းမတ်ဘုရင်ဧ။် သားတော်ငယ် Dahl Houson အတွက် တကူးတကသယ်လာသော Shan Star Jeep တစ်စီးပင်ဖြစ်သည်။ ကျွန်တော်သယ်လာသော ကားမှာ ကားမြို့တော်ဟုခေါ်တွင်သော ဟားခါးမြို့တွင်ပင် ဈေးကွက်မတင်သေး။ ၂၀၀၈ မော်ဒယ်လ် ဖြစ်သည်။ Piston ၁၆ လုံးက W ပုံစံခုတ်သည်။ (W16 ဟုရေးထားသည်) အင်ဂျင်က ဂျက်အင်ဂျင်အသေးစားဖြစ်ပြီး ပလက်တီနမ်ဖြင့် သွန်းထားသည်။ လောင်စာမှာ လေဖြစ်ပြီး လေရှိသောမည့်သည့်နေရာတွင်မဆို တစ်နာရီ ၁၂၄၄ မိုင်အထိမောင်းနှင်နိုင်သည်။ လေမရနိုင်သော နေရာဖြစ်ပါက အနည်လုံးဝမပါသော ရေထည့်ပြီး တစ်နာရီ ၁၁၄၇မိုင်အထိမောင်းနိုင်သည်။ ၉ ချက်ထိုးဂီယာက ရွှေဖြင့်ပြီးသည်။ မီးကြီးတစ်ဖက် ၈ လုံးပါပြီး မီးစာမှာ စိန်ဖြစ်သည်။ တံခါးကတော့ Jeep ထုံးစံအတိုင်းဖြစ်သည်။ ကားစက်နှိုးခြင်း၊ Air Con ဖွင့်ခြင်း၊ မှန်အတင်အချလုပ်ခြင်း၊ ဂီယာပြောင်းခြင်း၊ နောက်မှန်ချိန်ခြင်း နှင့် Audio-Video Function များကို အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်သည်။ ကားမှာ သော့တံများမလိုဘဲ လက်ဗွေရာနှင့် ဖွင့်ရသည်။ ဘီးလဲလှယ်လိုလျှင် Remote Control ဖြင့်ခိုင်းစေနိုင်သော်လည်း Demo Version သာဖြစ်သည်။ 20 LD Changer ဖြင့် Speaker 88 လုံး၊ Woofer 23 လုံးတွဲဖက်ထားပြီး ၁၂ လက်မ Slim LCD TV ပါဝင်သည်။ ကားရပ်နားထားစဉ် Video ကြည့်လိုပါက အရှေ့ Bullet Proof လေကာမှန်ကြီးကို TV အဖြစ်ပြောင်းသုံးနိုင်သည်။ ဆေးရောင်မှာ မှုတ်ထားခြင်းမဟုတ်ဘဲ သံအရည်ကြိုစဉ်ကတည်းက အရောင်ထွက်အောင်စီမံပေးထားသည်။ အထူးသဖြင့် ၂၀၁၀ တွင်ထုတ်လုပ်မည့် ပျံတက်နိုင်သော Shan Star Jeep အစအဖြစ် အတောင်ပံများတပ်ဆင်ရန် နေရာများပါပြီးဖြစ်သည်။ ခြုံပြောရလျှင် ထော်လာဂျီပေါ် ထောင်ကားဆင့်ထားသလို ရုပ်ထွက်ကောင်းသည်။ ကာလပေါက်ဈေး ကျပ်သုံးသောင်း (US$ 12Millions) လောက်ရှိသည်။ တကယ်တော့ ကျွန်တော်သယ်ယူလာသောကားမှာ ထိုသို့ကောင်းမွန်ပြည့်စုံသောကားဧ။် နမူနာပုံစံ သံပတ်ပေးရသော ကားရုပ်လေးသာဖြစ်သည်။ ဘုရင့်သားတော်လေး ဆော့ကစားဖို့ဖြစ်သည်။ ဒါတွေက လာရင်းကိစ္စများဖြစ်သည်။

ကျွန်တော့်ဒုတိယအပူမှာ လေဆိပ်တွင်ကြုံတွေ့ရမည့် အခက်အခဲများဖြစ်သည်။ ဒိန်းမတ်သမ္မတနှင့် ပလာတီနီကိုတော့ အသေအချာမှာထားသည်။ လေဆိပ်တွင် ကော်ဇော်အနီခင်းမကြိုရန်နှင့် လုံခြုံရေးအပြည့်အ၀ ပေးထားရန်ဖြစ်သည်။ နောက်တစ်ခုက လေဆိပ်တွင် ချောတိုင်တက်ပွဲ နောက်ဆုံးနေ့ ကျင်းပရန်ရှိသည်ဟုလည်း သတင်းရထားပြန်သည်။ လူများလျှင် ကျွန်တော်မနေတတ်။ နိုင်ငံရပ်ခြားအရောက်နည်းလှသော ဇီဇူးကြောင့် အရှက်ရမှာကိုလည်း စိုးရိမ်နေရသည်။ သူကဟိတ်နှင့် ဟန်နှင့် မနေတတ်။ သူ့ကိုလှမ်းကြည့်လိုက်တော့ နှုတ်ခမ်းတွင်ပေနေသာ ထန်းလျက်ရည်များကို Neck Tie ဖြင့် အားရပါးရ သုတ်နေလေသည်။

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။

*ပုံနှိပ်ထုတ်ဝေခြင်းမပြုရ။

Friday, February 16, 2007

Let's lie your brain via eyes !

စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံလေးတွေတင်ပေးထားလိုက်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကို ရန်တိုက်ပေးလိုက်ရအောင်လား။ နောက်ပြီး မျက်စိ လျင်လျင်ထားရမယ့်ပုံလေးတွေလည်း ရှိပါတယ်။ ကဲ ... စလိုက်ရအောင်။ ပုံလေးတွေ သေးနေရင် Click လုပ်ပြီးကြည့်လိုက်နော်။



မတ်တပ်ရပ်နေတဲ့ ဒီစစ်သားကြီးသုံးယောက်မှာ ဘယ်သူက အရပ်အရှည်ဆုံးပါလဲ။ မြင်ရဲ့ သားနဲ့ မေးနေတယ် လို့ တော့မထင်နဲ့ နော်... စဉ်းစားပြီးဖြေကြည့်ပါဦး။
......................................................................
နောက်တစ်ပုံလောက် အကဲစမ်းကြရအောင် ...



အာဖရိက ကဆင်တစ်ကောင်ပါ။ ခြေထောက်ဘယ်နှစ်ချောင်း ရှိမှန်းမသိလို့  လူတွေကိုမပြရသေးဘူးတဲ့။ ရေတွက်ကြည့်ပါဦး။ လေးချောင်း တော့မကဘူး ထင်တယ်နော်။
......................................................................
ဒီတခါတော့ မျက်စိကို နည်းနည်းလောက်ဖြစ်ဖြစ် အလုပ်ပေးရအောင်။ မပြုံးကြေးနော် ... အိုကေလား

ပုံရဲ့ အလယ်ကို ခဏလေးစိုက်ကြည့်နေနော်။ ဘယ်လိုလဲ ... နည်းနည်းတော့ထူခြားပါတယ်နော့။ အောက်ကပုံကို ဆက်ကြည့်ရအောင်။


ဘိုလိုရေးထားတဲ့ ၀ါကျတစ်ကြောင်းပါ။ ဖတ်လို့ ရရဲ့ လား။ မရရင် ထိုင်ခုံကနေထပြီး ဖြေးဖြေးချင်း နောက်ဆုတ်ပြီးဖတ်ပါ။ ဝေးလေ ထင်ရှားလေပါပဲ။

အ၀ါရောင်အစက် ၃ စက်ရှိတယ်နော်။ အစက်တစ်စက်ကို စိုက်ကြည့်နေလိုက် ... ကျန်တဲ့ ၂ စက်ဘယ်ရောက်သွားလဲဟင် ...

အိုကေ ... ဒီတစ်ခါ Two D လို့ နာမည်ကျော်တဲ့ ပုံတစ်ပုံတည်းကို ၂ မျိုးမြင်ရတဲ့ ပုံလေးတွေနဲ့ ထိတွေ့ ကြည့်ရအောင်။ ဗမာပြည်က က နဲ့  ယ ဘယ်ဟာမှန်လဲ ဆိုတာထက်တော့ကြည့်ကောင်းပါတယ်။ လွယ်တာလေးက စလိုက်ရအောင်။

ပျံတတ်တဲ့အကောင်လေးနဲ့  အပြေးသန်တဲ့ကောင်လေး ပုံပါ။ မြင်သာပါတယ်။

အောက်ကပုံမှာ ဂရိလေးတစ်ယောက်ရဲ့ ခေါင်းကို ကုဗတုံးလေးထဲ ထည့်ထားတာတွေ့ မိလား။ နောက်ပြီး မြင်းလေးတွေရော ...


ရပြီနော်။ အောက်ကပုံလေးတွေကိုတော့ ကိုယ့်ဟာကိုယ် ကြိုးစားကြည့်ပါဦးနော်။








ဒီအောက်ကပုံလေးကတော့ နာမည်အကြီးဆုံးပုံလေးပါပဲ။ မိန်းမပျိုလေးကိုတော့ မြင်မှာပါ။ အဘွားကြီး ကိုရော ...



ဒါမျိုးလေးတွေရော ကြိုက်လား။ အများကြီးထပ်ရှိပါသေးတယ်။






ဒီပုံတွေရဲ့ မူရင်း Website ကိုသိချင်ရင် comment မှာ ပို့ ပေးရမယ့် E mail လေးသာရေးထားလိုက်။ တကယ်ပို့ ပေးပါ့မယ်။ Have Fun!