ငါတို့ရဲ့ ရာဇဝင် ( Blog Day Seminar Special Post )
ဒီအချိန်လောက်ဆို MICT ရဲ့ Conference Hall မှာ ငါ့ သူငယ်ချင်း Blogger တွေ တူညီဝတ်စုံတွေနဲ့ ရောက်နေလောက်ရောပေါ့။ လူချင်းရင်းနှီးဖို့ ခက်ခဲတဲ့ Online က သူငယ်ချင်းတွေဟာ အခုလို တိုင်းသိပြည်သိ Seminar ကြီးတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြတော့မယ်။ သူတို့အားလုံးကြိုးပမ်းခဲ့ကြတာတွေ အရာထင်အောင်မြင်ပြီဆိုတဲ့ အသိနဲ့အတူ ငါ သူတို့နဲ့ အတူရှိနေခွင့်မရတာကိုလည်း သိပ်စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ ငါပြန်တွေးနေမိတယ်။ အဲဒီနေ့တွေတုန်းကလေ ....
“ ကိုနေဘုန်းလတ် - ခင်ဗျားဆဲချင်လည်းဆဲတော့ဗျာ ... ကျွန်တော် Conference Hall ကြီးကို Seminar အတွက် Booking လုပ်လိုက်ပြီ ”
ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ ငါ လုပ်လိုက်တဲ့အလုပ်အတွက် ကိုနေဘုန်းလတ်ကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်တယ်။ နာရီဝက်အတွင်းမှာ ကိုညီလင်းဆက်နဲ့ ကိုနေဘုန်းလတ်တို့ MICT ရောက်လာကြတယ်။ အခန်းတွေ လိုက်ကြည့်၊ ကုန်ကျစရိတ်တွက်နဲ့ ငါ လည်းရုံးမတက်ဖြစ်ဘူးလေ။ အဲဒီနေ့မှာပဲ ကိုညီလင်းဆက် က Sponsor တွေ စရှာပေးတယ်။ အဲဒီတုန်းက Seminar လုပ်ဖို့ ၂ လ တိတိလိုသေးတယ်။ ရက် ၆၀ ပေါ့။
အဲဒီအချိန်ကစပြီး ရန်ကုန်က Blogger တွေ လူစုပြီးအစည်းအဝေးလုပ်တာ၊ တာဝန်ခွဲပေးတာ၊ မန္တလေးက Blogger တွေကို ဖိတ်ကြားဖို့တွေ၊ Seminar အတွက်ပြင်ဆင်တာတွေနဲ့ မနားကြရတော့ဘူး။ အစည်းအဝေးဆိုတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ဘူးလေ။ ပြီးတော့ Logo ကိစ္စလို အများသဘောတောင်းရမယ့် အလုပ်တွေလည်း လုပ်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် စင်ပေါ်တက်မယ့် သူငယ်ချင်းတွေကလည်း ပြောရမယ့် စကားတွေကို စာစီရသေးတယ်။ သူတို့ အဲဒီလိုအလုပ်များနေတဲ့ အချိန်မှာပဲ ငါ က ဘာတာဝန်မှမခံဘဲ နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ငါ သွားမယ့်ညရောက်တော့ ကိုနေဘုန်းလတ်နဲ့ စကားပြောဖြစ်သေးတယ်။
“ မင်းမရှိရင် ငါတော့ တအားလျော့ပြီကွာ။ Seminar ကိစ္စ ငါ့တာဝန်ထားပါ။ မင်း စိတ်အေးအေးသာသွားတော့ ” လို့ သူပြောတယ်။ ငါစိတ်မကောင်းဖြစ်မိတယ်။ ငါက သိပ်အကူအညီပေးနိုင်တဲ့လူ မဟုတ်ပေမယ့် အချိန်ပေးနိုင်တဲ့လူတော့ ဟုတ်ခဲ့ဖူးပါတယ်။ ငါ ဒီရောက်တော့လည်း တတ်နိုင်သလောက် Seminar သတင်းတွေ နားထောင်နေခဲ့တယ်။ နိုင်ငံရေး လှုပ်လှုပ်ရှားရှားဖြစ်ပေမယ့် ရက်ပြောင်းလဲခြင်း မရှိဘဲ သတ္တိရှိရှိကျင်းပမယ့် ဒီပွဲကို ငါ မြင်ချင်လိုက်တာ ... ငါ ရှိနေချင်တာ ...
ငါမျက်စိထဲ မြင်ယောင်နေမိတယ်။ MICT ထဲမှာ MBS တံဆိပ်ပါတဲ့ အကျီတွေနဲ့ ငါ တို့ Blogger တွေ စည်ကားနေလောက်ပြီ။ ငါ့ကို Blogger တစ်ယောက်ဖြစ်လာအောင်၊ ဒီအသိုင်းအဝိုင်းထဲရောက်လာအောင် တွန်းပို့ခဲ့တဲ့ ကိုဘလာဂေါက် တစ်ယောက် ခုချိန်ဆို သူကိုယ်တိုင်စီစဉ်တဲ့ T-Shirt ဝတ်ပြီး သူများတွေကို လိုက်စနေမှာ ငါ အသေအချာသိတယ်။ ထာဝရနောက်ကျရေးသမား ကိုညီလင်းဆက်ကတော့ ကင်မရာတွေနဲ့ အလုပ်များနေလိမ့်မယ်ထင်တယ်။ သူ့ကင်မရာတွေနဲ့ ဒီနေ့ပွဲကို မှတ်တမ်းတင်မယ်လို့ ငါ ရှိတုန်းက ပြောဖူးတယ်လေ။ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုဖြိုး ... အခုချိန်မှာ အသေးစိတ်စီစဉ်ရမှာတွေကို စီစဉ်ရင်း ဟိုပြေးဒီပြေး ဖြစ်နေလိမ့်မယ်။ ကိုတက်စလာကတော့ သူ့ပင်ကိုယ်ဟန် မပွင့်တပွင့်ပြုံးရင်း Laptop နဲ့ Projector ဆက်ဖို့လုပ်နေမလားပဲ။ အစက သူက အဲဒါတွေ တာဝန်ယူမယ်တဲ့လေ။ Live Blog ကို အသက်သွင်းမယ့် ကိုကျော်ဇေယျလည်း အလုပ်များနေလောက်ရောပေါ့။ ငါ သူနဲ့ ရင်းနှီးခွင့် မရလိုက်ဘူး။ နောက်ပြီး ကိုမျက်လုံး၊ ကိုစစ်အိမ်၊ ကိုချစ်စမ်း ... ဘယ်သူမှ ခန့်ခန့်ကြီးထိုင်နေရမှာ မဟုတ်ဘဲ အလုပ်ရှုပ်နေကြမှာပါ။ ငါ မြင်ယောင်နေမိတယ်။ မိန်းကလေးထဲက မဘာညာနဲ့ မမီ၊ ပင့်ဂိုး၊ စိတ်ကူး ...တကယ်ပဲအားလုံးစုံနေကြပြီလား။ ငါ ကျင်လည်ခဲ့တဲ့နေရာမှာ ငါ ခင်တဲ့လူတွေက ငါ မြင်ချင်တဲ့ပွဲကို လုပ်ကြတော့မယ် ... ဒါပေမယ့် ငါက အဝေးမှာ ...
နောက်တစ်ခု သတိရမိတာက ဒုတိယအကြိမ်အစည်းအဝေးပြီးကတည်းက ငါတို့အကျင့်လုပ်ခဲ့တဲ့ ဒုတိယပိုင်း။ အစည်းဝေးပြီးတိုင်း တနေရာရာ ပြောင်းထိုင်ပြီး စားလိုက်သောက်လိုက်နဲ့။ ပိုပြီး ရင်းနှီးစေသလို သိပ်လည်း ပျော်စရာကောင်းတယ်။ မောလာသမျှတွေ ပျောက်စေခဲ့တယ်။ Blog Times ဆိုတဲ့ သတင်းစာလေးလဲ အဲဒီဒုတိယပိုင်းတွေကနေ မွေးဖွါးခဲ့တယ်လေ။ ဒီနေ့ရော ... ဒုတိယပိုင်းရှိသေးလား ... ရှိသင့်တာပေါ့။ သူတို့အားလုံး ပင်ပန်းလှပြီ။ မနက်ပိုင်းမှာ မောခဲ့တာတွေ၊ လွဲခဲ့တာတွေ စကြ၊နောက်ကြနဲ့ MBS ကြီးတည်မြဲဖို့ ခွက်တိုက်ဆုတောင်းမယ့် ဒီပွဲကိုလည်း ငါလွဲခဲ့ရပြန်ပြီ။
MBS အဖွဲ့ကြီးနှင့် Seminar ဖြစ်မြောက်အောင် အထူးကြိုးပမ်းကူညီပေးခဲ့ကြသော ရပ်ဝေး၊ ရပ်နီးမှ ဆရာသမား၊ သူငယ်ချင်း၊မိတ်ဆွေများအားလုံးကို အထူးပင်းလေးစားလျက် ကျေးဇူးတင်ပါကြောင်း။
19 comments:
မောင်ပွတ်ရယ်... ဒီပို့စ်ကို ဖတ်ပြီး ဘာပြောရမှန်း မသိဘူး.. ငါသိတယ် နင်ဘယ်လို ခံစားရမလဲဆိုတာ.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း ခု နင်ပြောသလို F5 နှိပ်ပြီး သူတို့နဲ့ တူတူ seminar တက်နေတယ်လေနော်.. တစ်နေ့နေ့တော့ ဒီဘလော့ခ်ဂါ မောင်နှမတွေနဲ့ ငါတို့ တူတူရှိနေနိုင်မှာပါနော်..
all the way.. =)
ခုနကပဲ အဲဒီကပြန်လာတာ သိုက်သိုက်ဝန်းဝန်းနဲ့ အင်မတန်ပျော်စရာ အားရစရာပါ။ မြန်မာဘလော့ကာ အသိုင်းအ၀ိုင်းလေးတစ်ခု ဒီလိုဖြစ်လာတာ အရမ်း ကြည်နူးမိပါတယ်ဗျာ။
မောင်ပွတ်ရေ ... အွန်လိုင်းပေါ်ကနေ ပါဝင်တဲ့အတွက် မင်းရှိနေတယ်လို့ပဲ ငါခံယူပြီးလုပ်ခဲ့တယ် ...။ ငါတကယ် ၀မ်းသာတယ် ... ငါတို့လူငယ်တွေချည်းပဲစုလုပ်ကြတဲ့ပွဲဟာ ခမ်းမအပြည့် စည်ကားခဲ့တာ ... နောက်ပြီး တက်ရောက်လာကြတဲ့ ပရိသတ်ကြီးရဲ့ အာရုံစူးစိုက်မှုတွေကို သေသေချာချာကိုရခဲ့တာ ... နောက် ... အခြေအနေအရပ်ရပ်ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့တာ ... အဖုအထစ်လေးတွေရှိခဲ့ပေမယ့် ... သိသိချင်းပဲ ပြန်ဖြည်ပေးနိုင်ခဲ့တာ ... နောက်ဆုံးက နိုင်ငံတကာက မင်းတို့လို ဘလော့ဂ်သူငယ်ချင်းတွေ အွန်လိုင်းပေါ်မှာရှိနေပြီး ပူးပေါင်းပါဝင်ကြတာ ... အားလုံးအတွက် တကယ့်ကိုဝမ်းသာတယ်ကွာ။ မင်းကို တစ်ခုမေးချင်တာက နောက်တစ်ခါလုပ်မယ့်ပွဲအတွက် ဒီ Conference Hall ထက်ကျယ်တဲ့ခမ်းမ ဘယ်မှာရှာရမလဲဆိုတာပါ ...။
မောင်ပွတ်ရေ ..
နောက်တစ်ခါတော့ မင်းလည်းပါမှာပေါ့ကွာ .. မင်းတောင် ဒီလောက် ခံစားနေရရင် ကိုရန်အောင်တို့ .. ဘယ်လိုနေမယ် မသိတော့ဘူး
ံhey Lovely Pooh yei
Anyhow, you always be with us naw.
ပွဲပီးလို့ နင်နဲ့ ဖုန်းပြောရတာလဲ အမောပြေသကွ နဘလပြောသလို နောက်တစ်ခါလုပ်မယ့်ပွဲအတွက် ဒီ Conference Hall ထက်ကျယ်တဲ့ခမ်းမကို စဉ်းစားပေးဦးနော်..နော်
ကိုမောင်ပွတ်တို့... အွန်လိုင်းကနေ တတပ်တအားပါဝင် ကြလို့ ကျွန်တော်တို့ ဆီမီနာ ကြီး ပိုမြိုင်တာပေါ့။ တကယ်ပါ ဒီလောက် ပျော်စရာ ကောင်းတဲ့ ပွဲမျိုးဗျာ ကျွန်တော် ဒီတစ်ခါပဲ ကြုံသေးတယ်ဗျာ။ တကယ့်ကို we blog, we unite ပဲ။
ညီညီညွှတ်ညွှတ် အားတက်သရော ဆောင်ရွက်ခဲ့ကြတဲ့ ဘလော့ဂါ မောင်နှမတွေကို လေးစား ကျေးဇူးတင်ပါတယ်။
အရမ်းကို ကြည်နူးစရာပါ။
ကိုပွတ်ရေ..
ဘာမှ ၀မ်းမနည်းပါနဲ့ဗျာ..
နောက်နောင် ဒီထက်ပိုပြီး ကြီးကျယ်ခန်းနားတဲ့ ပွဲတွေကို ကျွန်တော်တို့ တူတူ ပျော်ပျော်ကြီး ကျင်းပကြသေးတာပေါ့။
မယုံနိင်စရာကောင်းလောက်အောင် စည်ကားခဲ့တဲ့ ဒီစီမီနာကြီးမှာ အွန်လိုင်းကနေ အတူတကွပါဝင်ဆင်နွဲခဲ့တဲ့ အတွက်လည်း ပိုပြီးတော့အောင်မြင်ခဲ့ ပါတယ်ဗျာ။
ဟုတ်တယ်ဗျ.. ကိုပွတ်ရေ... နောက်တခေါက်ပွဲတွေအတွက် ဒီထက် ၂ ဆလောက်ကြီးတဲ့ ခန်းမမျိုးရှာထားဦးဗျနော်..
tzm
မောင်ပွတ်
နင့်ပိုစ့် ဖတ်ပြီး ငါတစ်ကယ် ခံစားရတယ်
နင် ဒီမှာ မရှိပေမယ့် ငါတို့ အားလုံးရဲ့ စိတ်ထဲမှာ နင့်ကို အမြဲ သတိရနေကြပါတယ်ဟာ.. ဒုတိယ အကြိမ် စီမီနာကိုလည်း တတ်နိုင်ရင် ပွတ်နဲ့အတူ ကျင်းပ ကြသေးတာပေါ့
ကိုပွတ်ရေ။ ကျွန်တော်တို့အားလုံး စိတ်တူကိုယ်တူ ကြိုးစားခဲ့တဲ့ ပွဲမှာ ဒေသတွေ ဝေးချင်ဝေးမယ်။ စိတ်တွေ မဝေးပါဘူးဗျာ။ ကိုပွတ်ပါတဲ့ Coff King က Meeting မှာ ကိုပွတ်ပြောခဲ့တဲ့ Seminar ကို လူစည်အောင် လုပ်ရမယ်လို့ ပြောခဲ့တာလည်း ကိုပွတ်ဆန္ဒပြည့်ပါတယ်။ လာကြတဲ့ ပရိသတ်လည်း အများကြီးပဲ။ ပြီးတော့ သူတို့က မနက် ၉ ၃၀ ကနေ ညနေ ပွဲပြီးတဲ့ အထိ လုံးဝမပြန်ပဲ စိတ်ဝင်တစား အားပေးသွားကြတာဗျ။ အရမ်းအောင်မြင်တဲ့ ပွဲတစ်ခုပါ။ ကိုပွတ်တို့လို အဝေးရောက် မြန်မာဘလော့ဂါတွေနဲ့ အတူ ကျွန်တော်တို့ အားလုံး ၀မ်းမြောက် ဂုဏ်ယူစရာ ပွဲတစ်ပွဲပါပဲခင်ဗျာ။
တွေ့ကြဦးမယ်လေ။ ခွက်တိုက် ဆုတောင်းကြမယ်။ သင်္ချာကျူရှင်တွေ လည်း တက်ကြဦးမယ်လေ။ အိုကေနော် ကိုပွတ်..
ပွတ်စ် အခုလို ဖတ်ရတာ စိတ်မကောင်းဘူး
တွေ့ဆုံခင်မင်ခွင့်မရလိုက်ပေမယ့် စိတ်ထဲမှာ တစ်ကယ့် သူငယ်ချင်းအရင်းကြီးတစ်ယောက်ရလိုက်သလို ခံစားလိုက်ရတယ်ဗျာ...ကျနော်လဲ သူငယ်ချင်းတွေ ကို တွေ့ချင်လို့ အမှီပြေးလာခဲ့တာဘဲ ဒါပေမယ့် ပွတ်စ်နဲ့ မတွေ့လိုက်ရတာကို စိတ်မကောင်းဖြစ်နေတာ ဒါပေမယ့် ပွဲပြီးလို့ ပွတ်စ်ဖုန်းဆက်လိုက်တော့ အမောကို ပြေသွားတာဘဲ..ဒါပေမယ့် ပွတ်စ်ရယ် မပြောတော့ဘူး လွမ်းတယ်.....လို့ဘဲ ပြောပါရစေတော့....
ဟေးပွတ်.. မနက်တည်းက ဒါကိုဖတ်နေတာ။ ဖတ်လိုက် မျက်ရည်က ကျလိုက်နဲ့ ......မဖြစ်ချေဘူး... ငါတော့ ကောမန့်ရေးရင်လည်း ငိုနေရင် ဒုက္ခဆိုပြီး အခုမှပဲ ကွန်မန့်ကိုရေးလိုက်တယ်ဟာ။ မနေ့က ပွဲလုပ်တော့မှ ငါတို့အားလုံး ဘယ်လောက် ရင်းနှီးကျလည်း ဆိုတာကို တစ်ကယ့် လက်ဆုတ်လက်ကိုင်နဲ့ သက်သေပြလိုက် လို့ရဘီ။း)
မနေ့ကလည်း ငါတို့အားလုံးမောင်ပွတ်အတွက် အင်္ကျီမှာ အမှတ်တရလက်မှတ်တွေထိုးပေးလိုက်တယ်။
You are ever with us no matter near or far!!!!
ဘာညာ
seminar ပြီးပြီးချင်း ဖုန်းဆက်လာတော့ ဆာလည်းဆာ၊ ပြာလည်းပြာ (ကိုယ့်ပစ္စည်းတွေက အများဆုံးမို့ လိုက်သိမ်းနေရတာနဲ့) မင်းဖုန်းဆက်တာကိုတောင် လောလောနဲ့ ပြောလိုက်ရတာပါ။ ပြီးတော့လည်း နေဘုန်းလတ်ကို လှမ်းပေးလိုက်သေးတော့-
အားလုံးစားပြီးသောက်ပြီး အိမ်ပြန်ရောက်မှ တစ်နေ့လုံး ကိစ္စကို ပြန်တွေးဖြစ်တယ်။ ဟုတ်တယ်- မထင်ခဲ့ဘူး။ အဲဒီလောက်ထိ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာသိတဲ့ လူတွေဟာ အတွေးတွေ၊ စိတ်ကူးတွေ၊ ပေါင်းစည်းမှုတွေ အဲဒီလောက်ထိ ဖြစ်လာလိမ့်မယ်လို့ တကယ့်ကို မထင်ခဲ့ဘူး။
ဒီပို့စ်လေး ဖတ်ဖြစ်တဲ့အခါ (တကယ်) စိတ်မကောင်း ဖြစ်မိတယ် မောင်ပွတ်-။ အိမ်ကို လာသွားတုန်းက နောက်ကြ၊ ပြောင်ကြသေးတဲ့ ဓာတ်ပုံတွေတောင် ပြန်ကြည့်မိလိုက်သေး-
ကိုယ် အစပြုခဲ့တဲ့ စုစည်းမှုတစ်ခု အောင်အောင်မြင်မြင် ဖြစ်နေတဲ့ အချိန်မှာ ကိုယ်တိုင် အနားမှာ ရှိမနေရတဲ့ ခံစားမှုတွေအတွက် ဘလော့ခ်ဂင်းညီအစ်ကို၊ မောင်နှမအားလုံး ထပ်တူ နားလည်ပေးနိုင်ခဲ့တယ်လို့ ပြောရင် မောင်ပွတ်- မင်းယုံမလား။ တီရှပ်- ရောက်တဲ့အခါသာ ကြည့်တော့။
ပြန်ဆုံကြပါဦးမယ်- မောင်ပွတ်-
ိကိုယ့်လူရင်းကြီး မောင်ပွတ်ရေ ၊ အခြေ အနေအကြောင်း
တွေကြောင့် ဒီပွဲမှာ မင်းမပါဝင်လိုက်ရတာ စိတ်မကောင်း မဖြစ်ပါနဲ့ ၊ ဘာဘဲဖြစ်ဖြစ် မင်းကိုငါတို့အနား အတူရှိ နေ တယ်လို့ ခံစားရပါတယ်။ မင်းပို့ကို ဖတ်ရတာ ငါတကယ် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ငါတို့ ကအလွမ်းဓါတ် ခံရှိတယ် နော်။ အခုဆို မင်းဖြစ်ချင်တဲ့ စည်းရုံးမှုကို မင်းတွေ့ ခဲ့ရ ပြီ။ တို့ မောင်နှမတွေ ဒီထက်ပိုတဲ့ အင်အားနဲ့ တို့ နိုင်ငံ အတွက် တတပ်တအားကူညီကြဦးမယ်နော်။ ငါလဲ မကြာခင် မင်းရှိ ရာ အရပ်ကို ရောက်လိမ့်ဦးမယ်။ အဲဒီအခါ ရန်ကုန်လို ပွဲမျိုး တို့ လုပ်လို့မရဘူးလို့ ဘယ်သူပြောနိုင်လဲ။
အားတင်းထား မောင်ပွတ်
မောင်ပွတ် မင့်အတွက်အင်္ကျီမှာ လက်မှတ်ထိုးတုန်းက မင့်အသံတွေကြားရတယ် မင့်မျက်နှာကို မြင်တယ် မင့်ကို တကယ်ကြီး သတိရပြီးကို ထိုးခဲ့ရပါတယ်..
(မပိုဘူး ဟေ့ရောင်.. လက်မှတ်ထိုးတုန်းက ဘီယာနှစ်ခွက်ပဲ သောက်ရသေးတာ.)
အဲ့ဒီနေ့တလျှောက်လုံး ငါတို့နားမှာ မင်းရှိနေခဲ့ပါတယ်..။
မောင်ပွတ်
ခင်ဗျားအတွက် အင်္ကျီမှာ လက်မှတ်ထိုးပေးခဲ့တယ်။
ဒါပေမယ့် စိတ်မကောင်းပါဘူး။
ခံစားချက်တွေက ပီပြင်တော့ စကားလုံးလေးတွေက အသက်ဝင်နေတယ်
ဖတ်ရတာအားရစရာပဲ.. ရန်ကုန်မှာမရှိတာနာတယ်ဗျား..
ကဲ.. MBS အတွက် သောက်လိုက်ကြရအောင်.. ဂလု...
Post a Comment