Monday, July 16, 2007

နယ်ခြားမဲ့ Blogger များ ဖြစ်နိုင်ပါစေ

နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၏ နာရေးသတင်းကြောင့် တစ်စောင်မကျန်ရောင်းလိုက်ရသော မြန်မာဘာသာဖြင့်ထုတ်ဝေသည့် မြန်မာတိုင်း(မ်)သတင်းစာ တစ်စောင်ကို ကံကောင်းထောက်မစွာဖြင့် ကျွန်တော်ဝယ်နိုင်ခဲ့သည်။ နာရေးသတင်းအချပ်ပိုနှင့်အတူ စိတ်ဝင်စားဖွယ်သတင်းများစွာကို ဖတ်လိုက်ရသည်။ စာမျက်နှာတစ်ခု၏ ဘယ်ဘက်အောက်ထောင့်လေးတွင်တော့ ခပ်သေးသေးရေးထားသော ကျွန်တော် (ကျွန်တော်တို့)နှင့် ဆိုင်သော သတင်းတစ်ပုဒ် ပါလာသည်ကိုတွေ့မိသည်။

မန္တလေးမြို့တွင် မန္တလေး MCPA မှကြီးမှူးကျင်းပမည့် Blog အကြောင်းဟောပြောပွဲ Seminar သတင်းပင်ဖြစ်သည်။ “ Everything is bloggable ” ဆိုသည့် ခေါင်းစဉ်နှင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဟောပြောမည်ဟု ကြေငြာထားပြီး မည်သူကဟောပြောမည် ဆိုသည်ကိုတော့ ရေးသားထားခြင်းမပြုပေ။ တကယ်တော့ ထိုသတင်းသည် Blog လေးတစ်ခု ဖန်တီးရေးသားနေသော ကျွန်တော့်အတွက်တော့ ဝမ်းသာစရာ သတင်းကောင်းပင်ဖြစ်သည်။ ကြိုဆိုရမည်လည်းဖြစ်သည်။ သို့သော် ကျွန်တော့်စိတ်ထဲတွင် တစုံတခုလိုအပ်နေသလို ခံစားမိသည်။ ထို့အပြင် ကိုယ်နှင့်ဝေးသော၊ ကိုယ်မသွားနိုင်သော နေရာတခုလိုလည်း ထင်နေမိသည်။ အမျိုးတစ်ယောက်အလှူရှိသည်ကို သိသော်လည်း ကိုယ့်မဖိတ်သဖြင့် မသွားရသလို မဆီမဆိုင် ခံစားနေမိသည်။ တကယ်တော့ Open Seminar ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်သော၊ ပါဝင်မေးမြန်းနိုင်သောပွဲလေးပင် ဖြစ်ပေလိမ့်မည်။ ကျွန်တော့်ဘာသာ ကျွန်တော်ခံစားနေမိခြင်းပင် ဖြစ်ပါသည်။

တကယ်တော့ မန္တလေးနှင့် ရန်ကုန်သည် စင်ကာပူနှင့်ရန်ကုန်၊ မလေးရှားနှင့်ရန်ကုန်လောက်တော့ ဝေးဟန်မတူ။ ကျွန်တော်တစ်ဦးတည်း အမြင်အရ ရန်ကုန်နေ Blogger များနှင့် မန္တလေး အခြေစိုက် Blogger များ စိမ်းလွန်းသည်ဟု ထင်သည်။ မှားကောင်း မှားနိုင်သော်လည်း ရင်းနှီးသော ဆက်ဆံမှုများကို ကျွန်တော် Blog စရေးသော ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ မမြင်မိပါ။ ကျွန်တော် Blog လေးတစ်ခု စဖန်တီးဖြစ်တော့ အခြား Blog များလိုပင် သူငယ်ချင်း Blog Link များကို Side Bar တွင် အရှည်ကြီးရေးထားချင်မိသည်။ ထို့ကြောင့် ကျွန်တော် သွားလည်ဖြစ်သော Blog များတွင် Comment ရေးကာ ရင်းနှီးစေပြီး Link တင်ထားခွင့်တောင်းခဲ့ဖူးသည်။ ထိုအထဲတွင် မန္တလေးအခြေစိုက် နာမည်ကြီး Blogger များလည်း ထိပ်ဆုံးကပါဖူးသည်။ သူတို့ထဲက တစ်ယောက်ဆိုလျှင် ကျွန်တော်အလေးစားဆုံး Blogger များအနက်မှ တစ်ယောက်ဖြစ်သည်။ သို့သော် … တစုံတရာ ပြန်ကြားပေးခြင်း မရှိသလို ကျွန်တော့် အိုအေစစ်တွင်လည်း ၄င်းတို့ပြန်လည် ရောက်ရှိခဲ့ကြောင်း ခြေရာလက်ရာ မကျန်ခဲ့ပေ။ အင်္ဂလန်မှ၊ စင်ကာပူမှ၊ အမေရိကန်မှ Blogger များသာ အားပေးကူညီခဲ့ကြသည်။ ရန်ကုန်မှ သူငယ်ချင်းများကတော့ ပြောဖို့ကို မလိုပါ။ ထို့ကြောင့် ကျွန်တော့်တွင် မန္တလေးမှ Blogger မိတ်ဆွေမရှိသေးပေ။ တကယ်တော့ နယ်မြေပိုင်းခြားရန်ခက်သော Online Community တွင် ရန်ကုန်တွေ၊ မန္တလေးတွေ၊ စင်ကာပူတွေ ခွဲနေရန်မလိုဟု ကျွန်တော်လေးနက်စွာ ယုံကြည်သည်။ တစ်နေရာနှင့် တစ်နေရာကို ခွင့်တောင်းစရာမလို၊ လက်မှတ်မလိုဘဲ အချိန်မရွေးသွားရောက်လည်ပတ်နိုင်သော အခွင့်အရေးသည် အင်တာနက်သုံးသူတိုင်း၏ ထာဝရ မူပိုင် အခွင့်အရေးပင်ဖြစ်ပေသည်။

နောက်တစ်ခု သတိထားမိသည်မှာ အဆိုပါ မန္တလေးမှ Blogger သူငယ်ချင်းများသည် ရန်ကုန် သို့မဟုတ် မန္တလေးပြင်ပမှ Blogger များထံတွင် Comment ရေးခြင်း၊ Shout Box များမှ နှုတ်ဆက်ခြင်းများကို အလွန်နည်းပါးစွာပင် တွေ့ရတတ်ခြင်းဖြစ်သည်။ ကျွန်တော့်လို အညတရ Blog အသစ်လေးဆိုထားတော့ … နေ့စဉ် Hit ရာချီဝင်နေသော၊ နေ့စဉ်မိတ်ဆက်လိုသူများ ဝင်ထွက်နေသော Blog များတွင်ပင် မတွေ့ရသလောက်ဖြစ်နေသည်။ ထိုနည်းတူစွာ မန္တလေးပြင်ပမှ Blogger များကလည်း မန္တလေး Blogger များထံ ဝင်ထွက်ခြင်း မပြုကြဘူးဟု ထင်ရလောက်အောင်ပင် ကြဲပါးလှပေသည်။ ဘယ်သူစလို့ ဘယ်သူကမသွားကြလဲတော့ ကျွန်တော်လည်း မသိပေ။ ကျွန်တော် ဖြစ်စေချင်လှသည်မှာ Myanmar Blogger တွေ ဟူသော ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံသား မည်သည့် Blogger မဆို တညီတညွတ်တည်း သာတူညီမျှ ရှိနေစေချင်ခြင်းပင်ဖြစ်သည်။

ယခု မန္တလေးတွင် ကျင်းပမည့် Seminar အတွက် ကျွန်တော်တို့မှာ သတင်းအစအန မရကြသေးဟုထင်သည်။ မည်သည့်အဖွဲ့က ကြီးမှူးသည်ဆိုစေ … Blog အကြောင်းပြောဖို့အတွက်တော့ Blogger များရှိမှ၊ ပါမှဖြစ်ပေလိမ့်မည်။ ထိုပါဝင်စီစဉ်ကြသော သူငယ်ချင်းများမှ ကျွန်တော်တို့ကို တစုံတရာသောအတိုင်းအတာအထိ ညှိနှိုင်းခဲ့လျှင် ကျွန်တော်တို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကူညီတုံ့ပြန်ကြမည်မှာ သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့တွင်လည်း အပြင်လူများကို တင်ပြစရာကိစ္စများရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း Seminar တစ်ခုကို အနှေးနှင့်အမြန် ကျင်းပသွားရန် စီစဉ်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။ Blog Post များကို စုစည်းပုံနှိပ်မည့် စာအုပ်ကိစ္စ၊ MBA အသင်းဖွဲ့စည်းရေးကိစ္စ၊ Blog ရေးခြင်းအလေ့အထ ပြန့်ပွားရေး စသည့် ခေါင်းစဉ်များအတွက် Seminar တစ်ခုကို မဖြစ်မနေပြုလုပ်သွားရန်လည်း တိုင်ပင်ထားပြီးဖြစ်သည်။ စာအုပ်ကိစ္စနှင့် အသင်းကိစ္စကို ဆွေးနွေးခဲ့ကြသည်မှာ တရားဝင်အားဖြင့် လေးကြိမ်ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး အဓိကပါဝင်ကူညီနေသူများမှာ လိုအပ်လိုအပ်သလို နေ့ညမရွေး တွေ့ဆုံနေကြသည်မှာလည်း အကြိမ်ရေများလှပြီဖြစ်သည်။ တရားဝင်ဖိတ်ခေါ်ကျင်းပသော အစည်းအဝေးများတွင် ဦးဆောင်နေသူများမှ ရက်အတော်လိုကတည်းက မည်သည့် မြန်မာ Blogger မဆို တက်ရောက်ဆွေးနွေးပါရန်၊ မလာဖြစ်ပါကလည်း Email ဖြင့်ဖြစ်စေ၊ Forum မှတဆင့်ဖြစ်စေ ပါဝင်ဆွေးနွေးပါရန် ကြိုဆိုဖိတ်ခေါ်လေ့ရှိသည်။ တက်ရောက်လာသော မျက်နှာသစ်များကိုလည်း နေရာပေးဆွေးနွေးလေ့ရှိသည်မှာလည်း ကျွန်တော်ကိုယ်တွေ့ပင်ဖြစ်သည်။ အားလုံးအတွက်လုပ်သော အလုပ်ဖြစ်သဖြင့် အားလုံးကို ပါဝင်စေချင်ခြင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယနေ့တိုင် မန္တလေးမှ Blogger အများစုထံမှ တစုံတရာ ဆွေးနွေးပေးခြင်း၊ ကောင်းသည်ဆိုးသည် ဝေဖန်ခြင်း၊ အကြံပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများကို လက်ခံရရှိသည်ဟု မကြားမိသည်မှာ ကျွန်တော်တော့ စိတ်မကောင်းဖြစ်မိပါသည်။ (ကိုချမ်းမြစိုး မျက်နှာဖုံး ဒီဇိုင်းတွေကတော့ ကောင်းလွန်းလှသည်)

တမြေတည်းနေ တလမ်းတည်းလျှောက်နေသော ကျွန်တော်တို့အားလုံး စုစည်းစုစည်းလုပ်ကိုင်နိုင်လျှင် မျှော်လင့်ထားသော ပန်းတိုင်ကို ပိုမိုလျင်မြန်စွာ ရောက်နိုင်မည်ဟု ကျွန်တော်တော့ထင်နေမိသည်။ မည်သို့သော ကိစ္စကြီးငယ်များကြောင့် မည်သူကစ ခပ်ကင်းကင်းနေကြသည်ဖြစ်စေ ရည်ရွယ်ချက်တူသော အလုပ်များကို အတူတကွ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ပေးကြရန် ကျွန်တော်တော့ တိုက်တွန်းလိုသည်။ Myanmar Blog Book၊ သံလွင်အိပ်မက်၊ Bloggers' Forum စသော Blogger များ စည်ကားသည့် ရပ်ဝန်းများတွင် မန္တလေးမှ Blogger များကို ယခုထက် ပိုမိုပါဝင်စေချင်လှသည်။ ရန်ကုန်သော၊ မန္တလေးသော၊ ပြည်တွင်းသော၊ ပြည်ပသော စသည့် မလိုအပ်သော ခွဲခြားမှုများလည်း မကြာမီ ပျောက်ကင်းသွားပါစေဟု ကျွန်တော်ဆုတောင်းနေမိပါသည်။


(ဤ Post သည် အငြင်းအခုံများ၊ ဝေဖန်မှုများ၊ ကဲ့ရဲ့မှုများ ဆက်လျက်ဖြစ်ပေါ်လာနိုင်သည်ကို သိသော်လည်း ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြခြင်းသာဖြစ်ပြီး ဘယ်သူ့ကြောင့်ဟု ထောက်ပြပြောဆိုနေခြင်းမဟုတ်ကြောင်းပါ)

19 comments:

Anonymous said...

ဟုတ်တယ် မောင်ပွတ်ရေ ငါလဲပြော ချင်နေတာ ကြာခဲ့ ပြီ။ တကယ်တော့ ငါတို့အားလုံး ဟာအင် တာနက် မှာ အခမဲ့ရတဲ့ ဆားဗစ်ကို တူတူ သုံးစွဲ နေသူတွေပါ။ ဘယ်သူတော် တယ်၊ ဘယ်သူပိုတတ်တယ် ၊ ဘယ်သူအရင်စတာ၊ ဘာမှအငြင်းပွားစရာ မရှိသလို အားလုံးစည်းမခြား လွတ်လပ် ပျော်ပါး နိုင်ကြပါတယ်။ အားလုံးကို လဲ ညီအစ်ကို မောင်နှမ တွေလို ငါတို့ သဘော ထားနိုင်ပါတယ်။ ဒါပေမယ့်ဘေးမှာ ဘောင်ချ ကိုယ့်ကွန်ကိုယ် ဖိသလို ကျဉ်းမြောင်းတဲ့ အမြင်တွေနဲ့ တို့ လောကကို အလှမဆင်ချင်ဘူး။ တလှေထဲစီး တခရီးထဲ သွား၊ ငါတို့ အားလုံး ညီဖို့ ကောင်းတယ်လို့ မြင်တယ်။ မင်းအမြင်ကို မြန်မြန်လေး ချပြလိုက်တာ သဘောကျတယ်။ လိပ်ခဲတည်းလဲ ဖြစ်နေတဲ့ တို့တတွေ တစ်ခုခုတော့ အပြောင်းအလဲ ဖြစ်လာမယ် လို့ မျှော်လင့်တယ်။ ကောင်းတာဘဲ ဖြစ်ဖြစ်၊ မကောင်းဘူးဘဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ မင်း ပို့ ကိုငါကြိုဆိုပါတယ်။ ငါပြောချင်တာတွေ အားလုံး မင်းရဲ့ ပို့ မှာ အကုန်ပါတယ်။ ရင်ထဲ ရှိနေတဲ့ အစိုင်အခဲ ကို တို့ တွေ တူတူ အန်ချလိုက်တာလို့ ဘဲ မြင်တယ်။ ဘာဖြစ်ဖြစ် မင်းနဲ့ငါ အတူတူ ဝေဖန်မှု့တွေ ကို ကြိုဆိုလိုက်ကြဦးစို့။
(တစ်ဦးချင်းဘယ်သူကိုမှ တိုက်ခိုက်လိုချင်း မဟုတ်ပါဘူး၊ အားလုံးကျွန်တော်တို့ အမြင်တွေကို ပြောတာပါ)

ဘာလာဂေါက်

ဘာညာ said...

ဟေးမွတ်ပေါင်.. ငါလည်းဒါကိုပြောချင်နေတာကြာဘီ။ တစ်ကယ်တန်း Everything is Bloggable ဆိုတာကလည်း ( ငါတို့ရဲ့ ) ပြောရရင် ငါတို့ အဖွဲ့အစည်းရဲ့ Logo တစ်ခုပါပဲ။ အခုလိုမျိုး ငါတို့မသိပဲယူသုံးလိုက်တာလည်း နည်းနည်းတော့ အောင့်သီးအောင့်သက်ဖြစ်သွားတယ်။း( ပြီးတော့ နင်ပြောသလိုပဲဟာ နည်းနည်းစိမ်းသလိုဖြစ်တဲ့ မန်းလေးကို လိပ်ခဲတည်းလည်း ဖြစ်နေတာကြာဘီ။ ဖြစ်နိုင်ရင် အားလုံးဝိုင်းပြီးတော့ စည်းစည်းလုံးလုံးဖြစ်ချင်တာပါ။ ဒါပါပဲ

ဒါနဲ့ စကားမစပ် ငါတို့တွေက ရန်ကုန်အဖွဲ့တို့ ရန်ကုန် ဘလောက်ဂါ association ဆိုပြီးတော့ ဘယ်တုန်းကမှ မပြောမိသလိုပဲနော်.. ဟတ်ဟတ်။း)

demo said...

Mr.Pooh,
it is a nice post, tho I am not a blogger, I can feel that kind of feeling when I am visiting mdy's bloggers blogs.
onya = bravo = well done or medium rare or rare.. (steak နဲ့ မှားကုန်ပြီ..) =D

နိုင်းနိုင်းစနေ said...

ပွတ်စ်.. မျိုထားသမျှ အလုံးတွေ ခုမှ ပွင့်ထွက်လာတယ်.. ဂွတ်ထ.. ဂွတ်ထ.. ဘလော့ဆိုတာ ပညာပြိုင်ရာနေရာလား.. စိတ်ပျော်ရာနေရာလား..
ဒီက အဘွားအတွက်ကတော့ အချိန်ဖြုန်းရာ နေရာပါ.. အီး..ဟီး...း(

CMS said...

ကိုပွတ်ရေ ကျွန်တော်ကတော့ ဘလော့တွေကို လာဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ဘာပြောရမှန်းမသိလို့ စီဘောက်မှာ မအော်သွားခဲ့မိဘူး။ အစ်ကိုပြောသလိုပါပဲ ရေခြားမြေခြားဖြစ်နေလဲ ကျွန်တော်တို့ဟာ မြန်မာဘလော်ဂါတွေပါပဲ။ အခုလို ပွင့်ပွင့်လင်းလင့် သိရတဲ့အတွက် အစ်ကို့ကိုလည်း လေးစားမိပါတယ်။ ကျွန်တော်ပြန်လာရင် ဘလော်ဂါအားလုံးနဲ့ ဆုံချင်နေတာ ကျွန်တော့်ရင်ထဲမှာ ရှိနေတဲ့ ဆန္ဒတစ်ခုပါ။ အခုတော့ အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်သေးဘူးဗျာ။ တစ်နေ့နေ့ပေါ့ :)

neoLwin said...

ကျွန်တော်က မန္တလေးက ဘလော့ဂါ တစ်ယောက်ပါ။ မန္တလေးဘလော့ဂါလို့ ကျွန်တော်သိတာကတော့ ကိုမောင်လှ တစ်ယောက်ပဲ ရှိပါတယ်။ အမှန်အတိုင်း ပြောရရင် ဘလော့ဂါတစ်ယောက် ဘယ်ကလဲဆိုတာ သိပ်တောင် သတိမထားမိပါဘူး။ ကျွန်တော်ကြိုက်တဲ့ ပို့စ်တွေ့ရင် ဖတ်လိုက်တာပါပဲ။

စကားနည်းတာကတော့ ကျွန်တော့ရဲ့ ပင်ကိုယ်အကျင့်ပါ။ ဒါကြောင့်လဲ shoutbox မှာ သိပ်မအော်ဖြစ်တာပါ။ လာလည်ပါတယ်.. ကလွဲပြီး မပြောတတ်တာလဲ ပါတယ်ဗျ။ အမှန်တော့ ကျွန်တော်လဲ အွန်လိုင်းမိတ်ဆွေတွေ ရချင်ပါတယ်။

မန္တလေး ဘလော့ဂါတွေ စကားနည်းတာလဲ (ရန်ကုန်၊ နိုင်ငံခြား ထက်စာရင်) အွန်လိုင်းနဲ့ စိမ်းသေးတာကြောင့်လဲ ပါမလားပဲ။ ပြီးတော့ ခုတစ်လော ဒီမှာ ကွန်နက်ရှင် နှေးတယ်ဗျ။

MELODYMAUNG said...

“မန္တလေး ဘလော့ဂါတွေ စကားနည်းတာ အွန်လိုင်းနဲ့ စိမ်းသေးတာ ပြီးတော့ ခုတစ်လော အဲဒီမှာ ကွန်နက်ရှင် နှေးတယ်တဲ့ ”
အဲဒါတော့ ရန်ကုန်ရောက် မန်းသမီး ဘလော့ ဂါက ထောက်ခံပါတယ်
ဒါပေသိ ကျမကမန်းလေးအကြောင်းတွေ သိချင်တိုင်းသွားလည်တတ်တာ
ပြီးတော့ စကားများတဲ့ မန်းသူပါ ကိုချမ်း၊ ကိုတိုး၊ ကိုမျိုးကျော်ထွန်း၊ ကိုဆန်းဦးနဲ့ ဝေဟင် ကလွဲရင် ကျန်တဲ့ မန်းဘလော့ဂါတွေ(နာမည်မတပ်တော့ ပါဘူး) ဘယ်သူဆီကမှ အရေးလုပ်မခံခဲ့ ရဘူးဆိုတော့ ၀မ်းနည်းဖူးပါတယ်။ မြလွှာ၊ ကြည်ပြာ၊ စိုးမိုးကြည်၊ နှစ်ကူးနဲ့ ပိုတေးတိုး တို့ကိုတော့ တချို့ ဘလော့ တွေမှာ တွေ့တိုင်း ရင်းနှီးမိသလို ခံစားရပေမဲ့ ကိုယ့် ဘလော့ ကို သူတို့ လာမလည်သေးရင်တောင်မှ တနေ့ နေ့ တော့ ဘလော့ ဂါသူငယ်ချင်းတွေ ဖြစ်ဖို့ မျှော်လင့် နေဆဲပါ။
မောင်ပွတ်ရဲ့ ဒီပို့စ်လေး တင်ဖြစ်တဲ့ ရည်ရွယ်ရင်းကလဲ နယ်မြေမခြားပဲ မြန်မာလို ဘလော့ ရေးတဲ့ ဘလော့ ဂါမောင်နှမတွေ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာပြီး သတိမထားမိတဲ့ အနေစိမ်းတဲ့ တံတိုင်းတခု ပြိုပျက်သွားစေချင်တာဖြစ်လို့ အားလုံး စိတ်ဝမ်းမကွဲပဲ မနေ့ကထက် ဒီနေ့ ပိုပြီး ရင်းနှီးခွင့် ရပါစေလို့ ပဲ ဆန္ဒပြုမိပါတယ်။
(နာမည် တွေထည့်ထားလို့ သဘောမကျရင် ခွင့် လွှတ်ကြပါလို့ )

s_potato said...

ဒီပို့စ်ကိုဖတ်ပြီး စိတ်မကောင်းဖြစ်ပြီး ၀မ်းနည်းသွားတာ အမှန်ပါ
ကိုယ်ကိုတိုင်တောင် စဉ်းစားသင့်ရက်နဲံ မတွေးဖြစ်ခဲ့တာကို အားမရဖြစ်မိတယ်
တခါတလေ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ အခြေအနေလေးတွေကိုတော့ နားလည်ပေးစေလိုပါတယ်
ဘာပဲဖြစ်ဖြစ် မြန်မာ အားလုံးကိုတော့ တူညီတဲ့ အားအင်တွေနဲ့ ရှေ့ဆက်စေချင်တာ၊(ကိုယ်ကိုတိုင်အပါအ၀င်ပေါ့ )
အမှန်ပါ

Khunmyahlaing said...

မြန်မာလူမျိုးတွေဟာ သတင်း နည်းပညာကို ပိတ်လှောင် ခံခဲ့ရလို့ နိုင်ငံတကာနဲ့ ယှဉ်ရင် communication မကျယ်ပြန့်ဘဲ ခေတ်နောက်ကျ ကျန်ခဲ့သလို ဖြစ်နေတာ လွန်ခဲ့တဲ့ နှစ်လေးဆယ် လောက် ကတည်းကပါ။ အခုလို မဖွင့်မဖြစ် တော့တဲ့ အချိန်ရောက်မှ ပြန်ပြီး ပွင့်ချင် သလိုလို ဖြစ်နေတဲ့ အခြေအနေမှာ ကိုယ့်ဟာ ကိုယ် လွတ်လပ်အောင် ထိုးဖောက်ယူရမှာဖြစ်ပါတယ်။ အဲလို ထိုးဖောက်မယူဘဲ ကိုယ့်ကိုယ်ကို အမှောင်ချ လှောင်ပိတ် ထားခဲ့ရင်တော့ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းသာ ကျဉ်းကျန်ခဲ့ပြီး သတင်း နောက်ကျမှု ကြောင့် နယ်ပယ် တော်တော်များများမှာ အလိမ်ခံရတာမျိုး၊ အသုံးချခံရတာမျိုးတွေ ခံစားရတတ်ပါတယ်။ လောကနီတိကလည်း မိတ္တဗလ = မိတ်ဆွေ ပေါများခြင်း သည် ခွန်အား တစ်မျိုးလို့ ပြဆို ထားပါတယ်။ မိတ်ဆွေစစ် ဖြစ်ဖို့တော့ လိုပါတယ်။ မိတ်ဆွေ အတုအစစ် ခွဲခြားနည်းကိုလည်း ဘုရားက ဟောထားပြီးသားမို့ ဘလော့ဂါများ မိတ္တဗလ ကြီးမား ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်

yadanar said...

မောင်ပွတ်ရေ....
အဲလိုမထင်ပါနဲ့။အစ်မ တို့ အတတ်နိုင်ဆုံး တော့လုပ်နေကြပါတယ်။ဘလော့ဂါ အားလုံးကိုလည်းဖိတ်မှာပါ။
အခုက အစ်မတို့ က အချိန်အခက်အခဲ၊ (Connection) အခက်အခဲတွေ
ကြောင့် အားလုံးဆီမရောက်သေးတာပါ။မန်း (Bloggers)တွေကိုလဲ
ပွဲတတ်ရုံ မဟုတ်ပဲ လာကူပေးဖို့ ဖိတ်ထားပါတယ်။
ဟောမဲ့လူကတော့ အစ်မပါ။MCPA & Service+ပေါင်းလုပ်တဲ့ပွဲပါ။
ပြီးတော့ Mandalay Internet Cafes ကလဲ အစ်မကို ဘလော့ ဟောပြောပွဲလေးတွေ
လုပ်ပေးဖို့ ဖိတ်ခေါထားတယ်။အစ်မ တစ်ယောက်တည်းမဟောပဲ
ဘလော့ဂါတွေ ဖိတ်ပြီး အတွေ့အကြုံလေးတွေ ဟောခိုင်းမယ်လို့
စိတ်ကူးထားတယ်။ဖိတ်လိုက်မယ်နော်။
ဟောပေးဖို့ အားခဲထားပါ။

kzy1980 said...

ကျနော် ပြောချင်နေတာကြာပါပြီ ဒါပေမယ့် ကိုယ့်အချင်းချင်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေသလို မျိုး ဖြစ်နေမှာ ဆိုးလို့မပြောတာပါ၊ တစ်ခါတစ်လေတော့လဲ ခံပြင်းတာလဲပါပါတယ် ကိုယ်က ဂရုတစိုက်နဲ့သူရေးထားတာကို ၀င်ဖတ်တယ်၊ ပြန်လှန်ဆွေးနွေးတယ် ဒါကိုအကြောင်းမပြန်ဘူးဆိုတာ တော်တော်လေးကို တဖက်သတ်ဆန်လွန်းပါတယ်၊ ကျနော် မန်းလေးကပါ ဘယ်သူရယ် ဘယ်ဝါရယ်လို့တော့ မဆိုလိုပါဘူး အားလုံးဟာ ဆားဗစ်တစ်ခုကို အတူတူသုံးစွဲနေကြပြီး တစ်ခုတည်းသောဘာသာစကားကိုအသုံးပြု
ရေးသားနေကြခြင်းပါ၊ ပြီးတော့ မြန်မာများပါ၊ ဒါကို ကိုယ့် အရပ်ဒေသစွဲနဲ့အချင်းချင်း မသင့်မတင့်ဖြစ်နေမယ်ဆိုရင်တော့ အများအမြင်မှာ ဆိုးဝါးလှပါတယ်၊ ပြီးတော့ ကျနော့်တို့တွေ ဒီဒေသစွဲ အမြင်စွဲတွေကို ဖျောက်ပြစ်သင့်ပါပြီ၊ စည်းစည်းလုံးလုံး လက်တွဲညီညီနဲ့လုပ်သွားမယ်ဆိုရင်တော့ အရာရာအောင်မြင်မယ်လိုယူဆပါတယ်

ဂျစ်တူး - gyit_tu said...

မောင်ပွတ်ရေ.. ရင်ထဲရှိတာ ခုလို အေး၂ဆေး၂တင်ပြတာ အားပေးတယ်ကွာ ။

မင်းပြောသလို သူများနဲ့မပေါင်းချင်တဲ့ဘလောဂါ့မျိုးတွေ မန္တလေးမှမက တခြားပြည်ပမှလည်း တို့ တွေ့ ဖူးတယ် ။ ဒါပေမယ့် ရတနာတို့ ၊ မောင်ချမ်းတို့ ၊ ကိုတိုးတို့ ၊ s-potato တို့လို ခင်မင်စရာတွေလည်း ရှိပါတယ် ။

တကယ်တော့ ဘလောဂ့်လုပ်တယ်ဆိုတာ ကိုယ်ပိုင်လွတ်လပ်မှုတမျိုးကြောင့် လုပ်ကြတာပေါ့ ။ ဒီတော့ မင်းအမြင်တွေကို သိပြီးနောက်ပိုင်း လာစုစည်းကြမယ့် တခြား (ဘယ်အရပ်ကဖြစ်ဖြစ်) ဘလောဂါ့တွေကို တို့တတွေ လက်ကမ်းကြိုဆိုကြတာပေါ့ ။ မလာကြတဲ့ဘလောဂါ့တွေကိုကျတော့လည်း သူတို့ ကိုယ်ပိုင်လွတ်လပ်ရွေးချယ်မှုအနေနဲ့ နားလည်ပေးလိုက်ကြတာပေါ့ကွာ ။

တို့တတွေက စည်းလုံးညီညွတ်မှုကို အလေးထားသလို ၊ လွတ်လပ်ခြင်းကိုလည်း မြတ်နိုးကြတယ်လေ.. ဟုတ်တယ်မို့လား ။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

ဒါက ဒီလိုရှိတယ် … ဟိုဟာက ဟိုလိုရှိတယ်မောင်ပွတ်ရဲ့။ အချို့ကျတော့လဲ ကိုယ့်ဖီးလ်လေးနဲ့ကိုယ် နေချင်ကြမှာပေါ့ …။ အချို့ဆိုလဲ ကိုယ့်လိုင်းနဲ့ကိုယ် ဂွင်မတည့်သေးလို့ လျှိုနေကြတာလဲရှိမှာပေါ့။ ဥပမာကွာ … တို့ ကိုတက်ကြီးဆို … အစည်းအဝေးပွဲသွားမခေါ်နဲ့ ဟင့်အင်းပဲ … ဟိုကိုတော့ မခေါ်လိုက်နဲ့ သွားမယ်ဆိုတာကြီးပဲ (ဘီယာဆိုင်ကိုပြောပါတယ်)။ နောက်ထပ်ဥပမာထပ်ပေးမယ်ကွာ … ဆိုက်ကားနင်းသင်တယ်ဆိုတဲ့ ငါတို့ရဲ့ဆရာကြီးဆိုလဲ … ဟိုနေရာမှာချိန်းလို့ကတော့ မရအရလိုက်ရှာပြီး အ၀ကိုသောက်လိုက်ဦးမယ်ဆိုသလိုမျိုးပေါ့။ အဲဒီ့တော့ ဘလော့ဂါတွေအားလုံးဆုံချင်ရင် သန်ရာသန်ရာလေးတွေကို အတိအကျစုံစမ်းပြီး အစီအစဉ်တွေကို အားလုံးအတွက် အဆင်ပြေအောင် မင်းစီစဉ်လိုက်ပေါ့ကွာ …း-) ။ ဒါဆိုရင်သေချာတယ် … မန္တလေးက ကိုမောင်လှကြီးတောင် သူ့ကလေးတွေချီပြီး ရန်ကုန်ကို အပြီးဆင်းလာလိမ့်မယ်။ အဟိ …။
ဒါက နောက်တာ … အတည်ကတော့ အာရုံလာမှဆက်ပြောတော့မယ် … တာ့တာ။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...

ဒီကိစ္စတွေအားလုံး ကျွန်တော်တို့ကြိုးစားနေကြတဲ့ www.myanmarbloggers.com ဆိုတဲ့ portal ကြီးပေါ်ပေါက်လာတဲ့အခါ အထိုက်အလျှောက်ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ www.yangonbloggers.com လို့လုပ်တာမဟုတ်တဲ့အတွက် wwww.mandalaybloggers.com ဆိုပြီးတော့ ထပ်ပေါ်လာမှာမဟုတ်ဘူးလို့လဲ ယူဆရပါတယ်။ ကျွန်တော်တို့က လွတ်လပ်မှုကိုမြတ်နိုးကြတဲ့ ဘလော့ဂါတွေအားလုံးကို စည်းတွေ၊ ဘောင်တွေထဲဝင်လာဖို့ ဆွဲသွင်းနေတာမဟုတ်ပါဘူး …။ အချုပ်အနှောင်ကင်းတဲ့၊ အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှုတွေနဲ့ပြည့်နေမယ့် ဒြပ့်မဲ့အ၀န်းအ၀ိုင်းလေးတစ်ခုထဲကို ဖိတ်ခေါ်နေတာပါ။ ဒါကို အားလုံးနားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီ့အ၀န်းအ၀ိုင်းလေးထဲမှာ အမိန့်တွေအစား အကြံပေးမှုတွေရှိပါမယ်။ ဥပဒေတွေတားမြစ်မှုတွေအစား နားချဖြောင်းဖျမှုတွေရှိလိမ့်မယ်။ စကားများငြင်းခုံမှုတွေအစား အပြုသဘောဆောင်တဲ့ဆွေးနွေးဆုံးဖြတ်မှုတွေရှိလိမ့်မယ်။ အဲဒီ့အ၀န်းအ၀ိုင်းလေးထဲမှာ ကျွန်တော်တို့တွေ ရှေ့နောက်တန်းစီပြီး လမ်းလျှောက်မယ့်အစား တစ်ယောက်လက်ကိုတစ်ယောက်တွဲ ဘေးခြင်းယှဉ်ပြီး လျှောက်ကြမယ်။ အဲဒီ့ အ၀န်းအ၀ိုင်းလေးထဲမှာ တစ်ယောက်ပေါ်တစ်ယောက်နင်းပြီးတက်ကြမယ့်အစား ကျွန်တော်တို့တွေ မလိုလားအပ်တဲ့ အလေးအပင်တွေကို ဖယ်ထုတ်ပစ်ပြီး ပေါ့ပေါ့ပါးပါး အတူတူပျံသန်းကြမယ်။ ဒီလောက်ပါပဲ …

Kay said...

မကျေလည်တာတွေ..ပွင့်ပွင့်လင်းလင်းနဲ့..ငြိမ်းငြိမ်းချမ်းချမ်း..ချပြကြတာ..
ဆွေးနွေးကြတာ..တကယ်ကြက်သရေ ရှိပါပေတယ်..

မောင်လှ said...

မောင်ပွတ်ရေ...

ကျတော့်ကို ရည်ညွှန်းပြောထားတာ ဆိုရင်တော့ တောင်းပန်ပါတယ်ဗျာ... ကျတော် သိသမျှ ဘလော့တွေကို သွားဖြစ်တယ်... cbox ထဲမှာ ရေးတာတောင်မှ error ပြပြီး ဘာမှ မပေါ်တဲ့အခါ... comment ထဲဝင်ရေးတော့လည်း error ပြရင်ပြ၊ မပြဘဲ တက်သွားပေမယ့်လည်း သတိရလို့ သွားကြည့်ရင် ကျတော်ရေးထားတာ မတွေ့ရတော့တဲ့ အခြေအနေ... နှေးကွေး လှတဲ့ အင်တာနက် ကော်နက်ရှင် အခြေအနေ... ရုံးမှာလည်း ခိုင်းသမျှ ပေါင်းစုံ လုပ်ပေးနေရတဲ့ အခြေအနေ... အဲဒီ အခြေအနေ ပေါင်းစုံကြောင့် ဘလော့တွေဆီကို ရောက်ပေမယ့်လည်း ဘာမှ မပြန်ဖြစ်ခဲ့ဘူး...

ပြီးခဲ့တဲ့ ၂-လကျော် ၃-လ တုန်းက ကျတော် ရန်ကုန်ရောက်တယ်... ကျတော့်မှာ ညဘက်အထိ ရုံးမှာ အလုပ်လုပ်ရတာရော၊ ရန်ကုန်မှာ မသွားတတ် မလာတတ်ဖြစ်တာရော ပြီးတော့ ဘီယာခွက်တွေကိုင်၊ ဖဲချပ်တွေကိုင်ပြီး စုရုံးကြတဲ့ စုစည်းကြတဲ့ ပုံတွေ အင်တာနက်ပေါ် တင်တာမြင်ခဲ့ဖူးလို့ ကျတော် တွေ့ဖို့မလာရဲခဲ့တာပါဗျာ... ကျတော် ညီလင်းဆက်နဲ့ တွေ့ဖြစ်တယ်... လက်ဖက်ရည်ဆိုင်မှာ တွေ့တယ်... ဘီယာဆိုင်မှာတွေ့တယ်... ကြေးအိုးဆိုင်မှာ တွေ့တယ်... ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်... အဲဒီဓာတ်ပုံတွေကို အင်တာနက်ပေါ်တော့ တင်တယ်... ဒါပေမယ့် လူတိုင်းမြင်ရအောင် မတင်ဘူး... လိုချင်တဲ့သူအတွက် download လုပ်လို့ရအောင်ပဲ တင်ပေးခဲ့တယ်...

ကျတော့ ဘလော့ကို အခု ရက်ပိုင်း ၁-ရက်ကို ပျမ်းမျှ ၃၀၀-ဝန်းကျင်လောက် လာကြည့်ကြတယ်... (လာ click လုပ်ကြတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့)... comment ပေးတဲ့လူ၊ Cbox မှာရေးတဲ့သူ လက်ချိုးရေလို့ရတယ်...

ကျတော့်ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရပါတယ်ဆိုတဲ့ သူအားလုံးကို တောင်းပန်ပါတယ် ခင်ဗျာ...

လေးစားစွာဖြင့်
မောင်လှ
မှတ်ချက် - အခုမှ comment ပြန်ဖွင့်ထားတာ မြင်လို့ ပြန်ရေးနိုင်တာပါ...

TKG said...

မန်းလေးဘက်ကလူတွေကတော့ ရန်ကုန်ကလူတွေက ဘာညာဆိုပြီး ထင်ခဲ့ဘူးပေါင်

TKG said...

ဒီပို့စ်တက်လာကတည်းက ရေးချင်ပြောချင်နေခဲ့တာ.. ဘာရည်ရွယ်ချက်နဲ့ ကွန်မန့်တွေ စီဘောက်စ်တွေဖြုတ်ထားခဲ့မှန်း မသိလို့ ပြောခွင့် မကြုံခဲ့ရပါ...
ခုများတော့ လချီစောင့်ခဲ့ရတဲ့ စကားလုံးတွေက အေးခဲကုန်ပြီ..

နေဘုန်းလတ် said...

ရန်ကုန်ကလူတွေကလဲ မန်းလေးကလူတွေ ဘာညာဘာညာလို့မထင်ပါဘူးဗျာ ... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာပြောပါ ... အေးခဲသွားလို့ဆိုပြီးသိမ်းမထားပါနဲ့ ... ကျွန်တော်တို့ရဲ့ရင်ထဲက ဆန္ဒအမှန်က တကယ့်ကိုဖြူစင်ပါတယ် ...။ MBS ဆိုတဲ့ အွန်လိုင်းစုစည်းမှုမှာ မြန်မာဘလော့ဂါတွေအားလုံးကို ပါဝင်စေချင်တဲ့သဘောပါဗျာ ...။