Showing posts with label သူများအကြောင်း. Show all posts
Showing posts with label သူများအကြောင်း. Show all posts

Wednesday, August 22, 2007

ကိုဝေ၏ ဒီလိုလေးဆိုအဆင်ပြေမလား ? Post သို့

ကိုဝေ၏ ဒီလိုလေးဆိုအဆင်ပြေမလား ? Post သို့

ကိုဝေ - ကျွန်တော် ခင်ဗျားဘလော့ဂ်ကို လာလည်ဖြစ်ရုံသာမက လူချင်းလည်း အပြင်မှာ ဆုံဖူးပါတယ်။ မှတ်မိလားတော့ မသိဘူး။ ထားပါတော့။ ဘလော့ဂ်ဆိုတာ ရေးချင်တဲ့လူက ရေးချင်တာရေးခွင့်ရှိပါတယ်။ အခု ကိုဝေက ဆွေးနွေးကြပါဦးဆိုလို့ ကျွန်တော့် အမြင်လေးပေါ့ဗျာ။ စာလုံးကြီးတွေ၊ အင်္ဂလိပ်စာလုံးတွေတော့ ဖေါဖေါသီသီ မသုံးတတ်ဘူးဗျာ။

ခင်ဗျားက စက်သုံးလောင်စာတွေ ဈေးတက်တာကို လက်ခံနိုင်တယ်ပေါ့။ လက်ခံတဲ့ အကြောင်းက နိုင်ငံတကာဈေးထက်နည်းနေသေးတာရယ်၊ အပြင်မှောင်ခိုဈေးထက်နည်းနေသေးတာရယ်ကြောင့်တဲ့။ ဟုတ်လား။ ကိုနေဘုန်းလတ်ပြောသလို လောင်စာကတော့ နိုင်ငံတကာကို ရင်ဘောင်မတန်းနိုင်သေးလို့ ဈေးမြှင့်တယ်ဆိုရင် တစ်ဦးချင်း လစဉ်ဝင်ငွေကရော - တိုးမပေးသင့်ဘူးလား။ ခင်ဗျား လစဉ်ရနေတဲ့ ငွေက ဒေါ်လာနဲ့ဆို ဘယ်နှစ်ဒေါ်လာရှိလဲဗျာ။ ခင်ဗျားက မှောင်ခိုနဲ့ အစိုးရတန်းညှိချင်တဲ့လူဆိုတော့ ဒေါ်လာကို ဘယ်ဈေးနဲ့တွက်မှာလဲတော့ မသိပါဘူး။ ၁၃၀၀ ကျော်နေတဲ့ လူတိုင်းလက်ခံတဲ့ဈေးလား၊ အစိုးရ သတ်မှတ်ထားတဲ့ တစ်ရာအောက်က ဈေးလား။ ကိုယ့်ဟာကို တွက်ဗျာ။ ဒီတော့ ခင်ဗျားမှာ ကားတစ်စီးသာရှိမယ်ဆိုရင် ခင်ဗျားရတဲ့ လခနဲ့ ဓါတ်ဆီဈေး အဆင်ပြေလား။ တွေးပေါ့ဗျာ။ စက်သုံးလောင်စာဆီကို လိုသလောက်ရောင်းနိုင်မှတော့ မှောင်ခိုတွေ ပျောက်သွားတာ မထူးဆန်းပါဘူး။ အခုက လိုသလောက်ပေးမှာ မဟုတ်ဘူးနော် - ဂါလံ ၆၀ ကို ပဲ ဈေးတက်ဝယ်ရမှာ။ ခင်ဗျားလွဲနေတာ ရှိသေးတယ်။ မှောင်ခိုဆိုတာ အပိုသုံးဖို့လိုတဲ့လူ၊ အရေးကြီးလို့ သုံးချင်တဲ့လူပဲ ဝယ်တာဗျ။ ဆယ်ယောက်မှာ ခုနှစ်ယောက်မဝယ်ဘူး။ ဆိုင်ဆီကတော့ မဖြစ်မနေဝယ်ရတာ။ ဆယ်ယောက်လုံး ဝယ်ရတယ်။ အပြင်ဈေးတက်တာက သိပ်ပြဿနာ မဟုတ်ပေမယ့် တရားဝင်ဆီဈေးတက်တာက သိပ်ဆိုးပါတယ်။ ဒါကို ခင်ဗျားတစ်ယောက်ပဲ လက်ခံနိုင်တယ်ဆိုလို့ ကျွန်တော် အပြေးလာဖတ်တာဗျ။ နောက်တစ်ခုက ဂါလံ ၆၀ ဆိုတာ တကယ်သုံးနေတဲ့ ကားတွေမှာ ဘယ်လိုမှ မပိုပါဘူးဗျာ။ ခင်ဗျား ရပ်ကွက်ထဲက လူတွေ၊ အမျိုးတွေ မေးကြည့်ပါဦး။ ဆီထုတ်စားနေတဲ့ ကားမဟုတ်ဘူးနော်။ တကယ်သုံးနေတဲ့ ကားကို ပြောတာ။ လိုင်းကားနဲ့ အိမ်ကား ခွဲမယ်ဆိုတာကရော - ဘာကိုပြောတာလဲ။ နံပတ် အနီနဲ့ အနက်ကို ပြောတာလား။ စဉ်းစားပါဦးဗျာ။ နံပတ်အနက်စီးတိုင်း သူဌေးလို့ လို့တော့ မထင်နဲ့နော်။ လူအခွင့်အရေးမရလို့ တိုက်နေကြရတဲ့အထဲ ကားအခွင့်အရေးပါ ထပ်တောင်းဆိုဦးမယ့်ပုံပဲ။

ကဲ - ဆွေးနွေးပါဦးဆိုတဲ့ အပိုင်းလေးဗျာ။ ခင်ဗျားကတော့ ဘာစီးပွါးရေးပညာရှင်လဲ မသိပါဘူး။ ကျွန်တော်ကတော့ စီးပွါးရေးသမားမဟုတ်သလို ပညာရှင်လည်း မဟုတ်ပေဘူး။ ဒါပေမယ့် ဆွေးနွေးပါဆိုလို့ ပြောခွင့်ရရင် ပြောချင်တယ် - ခင်ဗျားဖြေရှင်းမယ့်နည်းလမ်းတွေက အရမ်း အိပ်မက်ဆန်တယ်။ ဒီအစိုးရလက်ထက်မှာ ခင်ဗျား ဒီလိုပြောတာ သိပ်စိတ်ကူးယဉ်ဆန်တယ်ဗျာ။ ဒီတော့ ခင်ဗျားပြော
တာတွေဟာ ဖြေရှင်းမယ့် နည်းလမ်းတွေလို့ ကျွန်တော်လုံးဝမယုံကြည်ကြောင်းပါ။ ကျွန်တော့် ဘလော့ဂ်မှာတော့ Cbox နဲ့ Comment တွေ မရှိဘူးဗျ။ ဒီတော့ ခင်ဗျား ဒီ Post နဲ့ ပတ်သတ်ပြီး ပြောချင်တာတွေရှိရင် ကျွန်တော့်ကို Gtalk မှာ Add ပြီးသာ စောင့်နေဗျာ။ လိပ်စာက oa6.mrpooh@gmail.com ။ ပြောကြတာပေါ့။

Monday, July 16, 2007

နယ်ခြားမဲ့ Blogger များ ဖြစ်နိုင်ပါစေ

နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၏ နာရေးသတင်းကြောင့် တစ်စောင်မကျန်ရောင်းလိုက်ရသော မြန်မာဘာသာဖြင့်ထုတ်ဝေသည့် မြန်မာတိုင်း(မ်)သတင်းစာ တစ်စောင်ကို ကံကောင်းထောက်မစွာဖြင့် ကျွန်တော်ဝယ်နိုင်ခဲ့သည်။ နာရေးသတင်းအချပ်ပိုနှင့်အတူ စိတ်ဝင်စားဖွယ်သတင်းများစွာကို ဖတ်လိုက်ရသည်။ စာမျက်နှာတစ်ခု၏ ဘယ်ဘက်အောက်ထောင့်လေးတွင်တော့ ခပ်သေးသေးရေးထားသော ကျွန်တော် (ကျွန်တော်တို့)နှင့် ဆိုင်သော သတင်းတစ်ပုဒ် ပါလာသည်ကိုတွေ့မိသည်။

မန္တလေးမြို့တွင် မန္တလေး MCPA မှကြီးမှူးကျင်းပမည့် Blog အကြောင်းဟောပြောပွဲ Seminar သတင်းပင်ဖြစ်သည်။ “ Everything is bloggable ” ဆိုသည့် ခေါင်းစဉ်နှင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဟောပြောမည်ဟု ကြေငြာထားပြီး မည်သူကဟောပြောမည် ဆိုသည်ကိုတော့ ရေးသားထားခြင်းမပြုပေ။ တကယ်တော့ ထိုသတင်းသည် Blog လေးတစ်ခု ဖန်တီးရေးသားနေသော ကျွန်တော့်အတွက်တော့ ဝမ်းသာစရာ သတင်းကောင်းပင်ဖြစ်သည်။ ကြိုဆိုရမည်လည်းဖြစ်သည်။ သို့သော် ကျွန်တော့်စိတ်ထဲတွင် တစုံတခုလိုအပ်နေသလို ခံစားမိသည်။ ထို့အပြင် ကိုယ်နှင့်ဝေးသော၊ ကိုယ်မသွားနိုင်သော နေရာတခုလိုလည်း ထင်နေမိသည်။ အမျိုးတစ်ယောက်အလှူရှိသည်ကို သိသော်လည်း ကိုယ့်မဖိတ်သဖြင့် မသွားရသလို မဆီမဆိုင် ခံစားနေမိသည်။ တကယ်တော့ Open Seminar ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်သော၊ ပါဝင်မေးမြန်းနိုင်သောပွဲလေးပင် ဖြစ်ပေလိမ့်မည်။ ကျွန်တော့်ဘာသာ ကျွန်တော်ခံစားနေမိခြင်းပင် ဖြစ်ပါသည်။

တကယ်တော့ မန္တလေးနှင့် ရန်ကုန်သည် စင်ကာပူနှင့်ရန်ကုန်၊ မလေးရှားနှင့်ရန်ကုန်လောက်တော့ ဝေးဟန်မတူ။ ကျွန်တော်တစ်ဦးတည်း အမြင်အရ ရန်ကုန်နေ Blogger များနှင့် မန္တလေး အခြေစိုက် Blogger များ စိမ်းလွန်းသည်ဟု ထင်သည်။ မှားကောင်း မှားနိုင်သော်လည်း ရင်းနှီးသော ဆက်ဆံမှုများကို ကျွန်တော် Blog စရေးသော ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ မမြင်မိပါ။ ကျွန်တော် Blog လေးတစ်ခု စဖန်တီးဖြစ်တော့ အခြား Blog များလိုပင် သူငယ်ချင်း Blog Link များကို Side Bar တွင် အရှည်ကြီးရေးထားချင်မိသည်။ ထို့ကြောင့် ကျွန်တော် သွားလည်ဖြစ်သော Blog များတွင် Comment ရေးကာ ရင်းနှီးစေပြီး Link တင်ထားခွင့်တောင်းခဲ့ဖူးသည်။ ထိုအထဲတွင် မန္တလေးအခြေစိုက် နာမည်ကြီး Blogger များလည်း ထိပ်ဆုံးကပါဖူးသည်။ သူတို့ထဲက တစ်ယောက်ဆိုလျှင် ကျွန်တော်အလေးစားဆုံး Blogger များအနက်မှ တစ်ယောက်ဖြစ်သည်။ သို့သော် … တစုံတရာ ပြန်ကြားပေးခြင်း မရှိသလို ကျွန်တော့် အိုအေစစ်တွင်လည်း ၄င်းတို့ပြန်လည် ရောက်ရှိခဲ့ကြောင်း ခြေရာလက်ရာ မကျန်ခဲ့ပေ။ အင်္ဂလန်မှ၊ စင်ကာပူမှ၊ အမေရိကန်မှ Blogger များသာ အားပေးကူညီခဲ့ကြသည်။ ရန်ကုန်မှ သူငယ်ချင်းများကတော့ ပြောဖို့ကို မလိုပါ။ ထို့ကြောင့် ကျွန်တော့်တွင် မန္တလေးမှ Blogger မိတ်ဆွေမရှိသေးပေ။ တကယ်တော့ နယ်မြေပိုင်းခြားရန်ခက်သော Online Community တွင် ရန်ကုန်တွေ၊ မန္တလေးတွေ၊ စင်ကာပူတွေ ခွဲနေရန်မလိုဟု ကျွန်တော်လေးနက်စွာ ယုံကြည်သည်။ တစ်နေရာနှင့် တစ်နေရာကို ခွင့်တောင်းစရာမလို၊ လက်မှတ်မလိုဘဲ အချိန်မရွေးသွားရောက်လည်ပတ်နိုင်သော အခွင့်အရေးသည် အင်တာနက်သုံးသူတိုင်း၏ ထာဝရ မူပိုင် အခွင့်အရေးပင်ဖြစ်ပေသည်။

နောက်တစ်ခု သတိထားမိသည်မှာ အဆိုပါ မန္တလေးမှ Blogger သူငယ်ချင်းများသည် ရန်ကုန် သို့မဟုတ် မန္တလေးပြင်ပမှ Blogger များထံတွင် Comment ရေးခြင်း၊ Shout Box များမှ နှုတ်ဆက်ခြင်းများကို အလွန်နည်းပါးစွာပင် တွေ့ရတတ်ခြင်းဖြစ်သည်။ ကျွန်တော့်လို အညတရ Blog အသစ်လေးဆိုထားတော့ … နေ့စဉ် Hit ရာချီဝင်နေသော၊ နေ့စဉ်မိတ်ဆက်လိုသူများ ဝင်ထွက်နေသော Blog များတွင်ပင် မတွေ့ရသလောက်ဖြစ်နေသည်။ ထိုနည်းတူစွာ မန္တလေးပြင်ပမှ Blogger များကလည်း မန္တလေး Blogger များထံ ဝင်ထွက်ခြင်း မပြုကြဘူးဟု ထင်ရလောက်အောင်ပင် ကြဲပါးလှပေသည်။ ဘယ်သူစလို့ ဘယ်သူကမသွားကြလဲတော့ ကျွန်တော်လည်း မသိပေ။ ကျွန်တော် ဖြစ်စေချင်လှသည်မှာ Myanmar Blogger တွေ ဟူသော ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံသား မည်သည့် Blogger မဆို တညီတညွတ်တည်း သာတူညီမျှ ရှိနေစေချင်ခြင်းပင်ဖြစ်သည်။

ယခု မန္တလေးတွင် ကျင်းပမည့် Seminar အတွက် ကျွန်တော်တို့မှာ သတင်းအစအန မရကြသေးဟုထင်သည်။ မည်သည့်အဖွဲ့က ကြီးမှူးသည်ဆိုစေ … Blog အကြောင်းပြောဖို့အတွက်တော့ Blogger များရှိမှ၊ ပါမှဖြစ်ပေလိမ့်မည်။ ထိုပါဝင်စီစဉ်ကြသော သူငယ်ချင်းများမှ ကျွန်တော်တို့ကို တစုံတရာသောအတိုင်းအတာအထိ ညှိနှိုင်းခဲ့လျှင် ကျွန်တော်တို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကူညီတုံ့ပြန်ကြမည်မှာ သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့တွင်လည်း အပြင်လူများကို တင်ပြစရာကိစ္စများရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း Seminar တစ်ခုကို အနှေးနှင့်အမြန် ကျင်းပသွားရန် စီစဉ်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။ Blog Post များကို စုစည်းပုံနှိပ်မည့် စာအုပ်ကိစ္စ၊ MBA အသင်းဖွဲ့စည်းရေးကိစ္စ၊ Blog ရေးခြင်းအလေ့အထ ပြန့်ပွားရေး စသည့် ခေါင်းစဉ်များအတွက် Seminar တစ်ခုကို မဖြစ်မနေပြုလုပ်သွားရန်လည်း တိုင်ပင်ထားပြီးဖြစ်သည်။ စာအုပ်ကိစ္စနှင့် အသင်းကိစ္စကို ဆွေးနွေးခဲ့ကြသည်မှာ တရားဝင်အားဖြင့် လေးကြိမ်ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး အဓိကပါဝင်ကူညီနေသူများမှာ လိုအပ်လိုအပ်သလို နေ့ညမရွေး တွေ့ဆုံနေကြသည်မှာလည်း အကြိမ်ရေများလှပြီဖြစ်သည်။ တရားဝင်ဖိတ်ခေါ်ကျင်းပသော အစည်းအဝေးများတွင် ဦးဆောင်နေသူများမှ ရက်အတော်လိုကတည်းက မည်သည့် မြန်မာ Blogger မဆို တက်ရောက်ဆွေးနွေးပါရန်၊ မလာဖြစ်ပါကလည်း Email ဖြင့်ဖြစ်စေ၊ Forum မှတဆင့်ဖြစ်စေ ပါဝင်ဆွေးနွေးပါရန် ကြိုဆိုဖိတ်ခေါ်လေ့ရှိသည်။ တက်ရောက်လာသော မျက်နှာသစ်များကိုလည်း နေရာပေးဆွေးနွေးလေ့ရှိသည်မှာလည်း ကျွန်တော်ကိုယ်တွေ့ပင်ဖြစ်သည်။ အားလုံးအတွက်လုပ်သော အလုပ်ဖြစ်သဖြင့် အားလုံးကို ပါဝင်စေချင်ခြင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယနေ့တိုင် မန္တလေးမှ Blogger အများစုထံမှ တစုံတရာ ဆွေးနွေးပေးခြင်း၊ ကောင်းသည်ဆိုးသည် ဝေဖန်ခြင်း၊ အကြံပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများကို လက်ခံရရှိသည်ဟု မကြားမိသည်မှာ ကျွန်တော်တော့ စိတ်မကောင်းဖြစ်မိပါသည်။ (ကိုချမ်းမြစိုး မျက်နှာဖုံး ဒီဇိုင်းတွေကတော့ ကောင်းလွန်းလှသည်)

တမြေတည်းနေ တလမ်းတည်းလျှောက်နေသော ကျွန်တော်တို့အားလုံး စုစည်းစုစည်းလုပ်ကိုင်နိုင်လျှင် မျှော်လင့်ထားသော ပန်းတိုင်ကို ပိုမိုလျင်မြန်စွာ ရောက်နိုင်မည်ဟု ကျွန်တော်တော့ထင်နေမိသည်။ မည်သို့သော ကိစ္စကြီးငယ်များကြောင့် မည်သူကစ ခပ်ကင်းကင်းနေကြသည်ဖြစ်စေ ရည်ရွယ်ချက်တူသော အလုပ်များကို အတူတကွ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ပေးကြရန် ကျွန်တော်တော့ တိုက်တွန်းလိုသည်။ Myanmar Blog Book၊ သံလွင်အိပ်မက်၊ Bloggers' Forum စသော Blogger များ စည်ကားသည့် ရပ်ဝန်းများတွင် မန္တလေးမှ Blogger များကို ယခုထက် ပိုမိုပါဝင်စေချင်လှသည်။ ရန်ကုန်သော၊ မန္တလေးသော၊ ပြည်တွင်းသော၊ ပြည်ပသော စသည့် မလိုအပ်သော ခွဲခြားမှုများလည်း မကြာမီ ပျောက်ကင်းသွားပါစေဟု ကျွန်တော်ဆုတောင်းနေမိပါသည်။


(ဤ Post သည် အငြင်းအခုံများ၊ ဝေဖန်မှုများ၊ ကဲ့ရဲ့မှုများ ဆက်လျက်ဖြစ်ပေါ်လာနိုင်သည်ကို သိသော်လည်း ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြခြင်းသာဖြစ်ပြီး ဘယ်သူ့ကြောင့်ဟု ထောက်ပြပြောဆိုနေခြင်းမဟုတ်ကြောင်းပါ)

Tuesday, May 15, 2007

High School တက်နေသော တက္ကသိုလ်ကျောင်းသားများ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ဗမာပြည်က တက္ကသိုလ်ကျောင်းသားတွေဟာ ဟောင်းနွမ်းစပြုနေပြီဖြစ်တဲ့ ကျောင်းဆောင်အဟောင်းနဲ့ တက္ကသိုလ်ကြီးတွေအစား နိုင်ငံတော်က အသစ်ဆောက်လုပ်ပေးတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတွေမှာ တခမ်းတနား ရင်သပ်ရှုမောဖွယ် ကျောင်းတက်ခွင့်ရခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်အစား ဒဂုံမြို့သစ်မြောက်ပိုင်းက ဒဂုံတက္ကသိုလ်နဲ့ သန်လျင်က တာဝ အရှေ့ပိုင်းတက္ကသိုလ်၊ အင်းစိန် YIT နဲ့ GTI အစား သန်လျင်မြို့စွန် ထမလုံရပ်ကွက်က သန်လျင် GTC နဲ့ မှော်ဘီအလွန်က GTC ကျောင်းတွေ၊ လှိုင်ကွန်ပျူတာကောလိပ်အစား ရွှေပြည်သာမြို့နယ် လှော်ကားဥယျာဉ်အနီးက UCSY စတဲ့ ကျောင်းအသစ်တွေကို တက်ရောက်ခွင့်ရကြပါတယ်။ ကျောင်းအဝင် မုခ်ဦးတွေ၊ ပင်မအဆောင်တွေနဲ့တင် ဘယ်လိုအဆင့်အတန်းရှိတဲ့ ကျောင်းကြီးတွေဆိုတာ သိသာစေပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး အရင်အထက်တန်းကျောင်းတွေလိုပဲ Uniform ဆင်တူဝတ်စုံတွေကို တချို့သော တက္ကသိုလ်တွေမှာ ပြန်လည်ဝတ်ဆင်ခွင့်ရကြပြန်ပါတယ်။ စည်းလုံးညီညွတ်ခြင်းကိုပြတဲ့ ဒီ Uniform ဝတ်တဲ့ အလေ့အထကို အခြေခံပညာသင်ကြားတဲ့ အထက်တန်းကျောင်းသားလေးတွေ အဆင့်အထိပဲ ဝတ်လေ့ရှိပေမယ့် ကံကောင်းစွာနဲ့ အဆင့်မြင့်ပညာလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားကြီးတွေ၊ ဂုဏ်ထူးတန်းကျောင်းသားတွေ၊ Master တန်းကျောင်းသားကြီးတွေ ပါ အခုဆို အင်္ကျီအဖြူဆင်တူ၊ လုံချည် ထမီဆင်တူနဲ့ State ကျောင်းရဲ့ အနံ့အသက်တွေ ပြန်လည်ခံစားနေကြရပါပြီ။ စိတ်ထဲမှာ ငါတို့ဆယ်တန်းကျောင်းသားတွေလို့ ပြန်ထင်ခွင့်ရစေချင်လို့ လို့ထင်ပါတယ်။

Uniform နဲ့တင် State ကျောင်းလို့မထင်ချင်သူများအတွက် အခုဆို UCSY လို့ခေါ်တဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ပိုမိုတင်းကျပ်တဲ့စည်းကမ်းတွေနဲ့ State ကျောင်းတွေကို မလွမ်းလွမ်းအောင် လုပ်ထားပါတယ်လို့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေက နိုင်ငံခြားမီဒီယာတစ်ခုကို ဖြေထားတာကို ဖတ်လိုက်ရပါသေးတယ်။ အရင်က ကျောင်းတက်ချိန် ၉ နာရီဖြစ်ပေမယ့် အခု ၈ နာရီကိုပြောင်းလိုက်ပါတယ်တဲ့။ နည်းနည်းဝေးတဲ့နေရာက လာရတဲ့ကျောင်းသားတွေက မနက် ၆ နာရီကတည်းက အိမ်ကထွက်ရပါတယ်တဲ့။ ထွက်ပေါ့ဗျာ … ပညာရှာပမာ ခရီးသွားတဲ့။ ၈ နာရီ ၁၅ ဆိုတာနဲ့ ကျောင်းခြံဝန်းတံခါးကို ပိတ်လိုက်ပါတယ်။ ကိုယ်ပိုင်ကားတွေကို ကျောင်းပေါက်မှာ ရပ်ထားခဲ့ရပြီး လမ်းလျှောက်ဝင်ရပါတယ်တဲ့။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တံခါးဖွင့်ပေးမှာ မဟုတ်ဘူးလို့ ကိုယ်တိုင်ကြုံဘူးသူ ကျောင်းနောက်ကျ ကျောင်းသားတစ်ယောက်ကလည်း ပြောပါတယ်။ ကောင်းလိုက်တဲ့ စည်းကမ်းဗျာ။ တကယ့်ကို ကလေးတန်းတွေလိုပါပဲ။ တကယ်ဆို ခြံဝန်းရှေ့မှာ ထိုင်ထလုပ်ခိုင်းတာတို့၊ ၁၅ မိနစ်လက်မြှောက်နေတို့ စတဲ့ ဒဏ်လေးတွေနဲ့ဆို ကလေးကျောင်းလေးတွေနဲ့ ပိုတူမှာပါ။ အခုဟာက တံခါးဖွင့်မပေးဘူး ပြန်ဆိုတာက တက္ကသိုလ်ရုပ် နည်းနည်းပေါက်နေသေးတယ်လေ။ အဲ … ပိုကောင်းတာရှိသေးတယ်။ ထမင်းစားချိန်ကလွဲပြီး ကျန်တဲ့အချိန်မှာ Canteen (ကလေးတွေခေါ်သလို မုန့်ဈေးတန်းပေါ့လေ) မှာ ဘယ်ကျောင်းသား၊ ဘယ်ဆရာမှ မရှိရဘူးဆိုပဲ။ ဒါက လိုတယ်ဗျာ။ သိပ်ကောင်းတဲ့ ကန့်သတ်ချက်ပဲ။ မဟုတ်ရင် သူတို့ကိုယ်သူတို့ တက္ကသိုလ်ကျောင်းသားတွေ ထင်နေဦးမယ်။ ဒါမှ တကယ့် State ကျောင်းပုံစံစစ်စစ်ပါ။ တစ်ခုတော့ထူးတယ်။ ကျောင်းသားတွေလာမှာစိုးလို့ ဆရာမတွေက ကင်းစောင့်နေရတယ်ဆိုပဲ။ အားတောင်နာတယ်ဗျာ။ ကျွန်တော်တို့တွေ State ကျောင်းအဆင့် အခြေခံပညာအတန်းတွေကို လွမ်းမှန်းသိလို့ မတူတူအောင် ကူညီကြတာကိုလေ။

အဲဒီ UCSY မှာပဲ တခြားတက္ကသိုလ်တစ်ခုက မာစတာလာတက်တဲ့ ကျောင်းသားအဖွဲ့လည်းရှိပါသေးတယ်။ သူတို့အဖွဲ့ကတော့ မှန်အနက်ကားတွေနဲ့ ကျောင်းရောက်လာရင် အချိန်မရွေးဝင်ခွင့်ရကြပါတယ်တဲ့။ ဒါကိုဘာလို့ မကျေမနပ်ဖြစ်နေကြသလဲ မသိပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာလည်း ဒီလိုအခွင့်ထူးခံ ကျောင်းသားတွေရှိတာပါပဲ။ ဝမ်းလျှောနေတဲ့သူတို့၊ ခွေးကိုက်ခံရတဲ့သူတို့၊ အိမ်မှာ အသုဘဖြစ်တဲ့သူတို့ဆို နောက်ကျပြီးဝင့်ခွင့်ရဘူးကြပါတယ်လေ။ အခုလည်း ဒီလိုပဲပေါ့။ ဒီမှန်အနက်ကပ်ကားထဲမှာ ဘယ်လိုအားနည်းချက်ရှိတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားလေးတွေပါလာမှန်း ဘေးလူကဘယ်သိမလဲ။ သူတို့ဆို သနားစရာ။ တက္ကသိုလ်ကျောင်းသားစတိုင် နည်းနည်းရသွားတယ်။ ကျန်တဲ့ ကျောင်းသားတွေကမှ ကြီးကောင်ကြီးမားနဲ့ ကလေးဘဝ ပြန်ခံစားခွင့်ရကြတယ်လေ။ နောက်ဆို ကျောင်းလေ့ကျင်းခန်းစာအုပ်တွေ ဆရာဆီတင်ခိုင်း၊ ပြီးရင် စာအုပ်ရှေ့ဆုံးမှာ တော်၊သင့်၊ညံ့ စတဲ့ မှတ်ချက်လေးတွေပေး၊ လစဉ် Report Card ကို မိဘတွေကို လက်မှတ်ထိုးခိုင်း၊ အတန်းချိန်တွေထဲမှာ ကာယနဲ့ အိမ်တွင်းမှု တစ်ချိန်တိုး၊ ကျောင်းရောက်ရင် ကမ္ဘာမကြေဆို … ဒါဆိုပိုတောင် ကောင်းလာမယ်နော်။ စမ်းကြည့်သင့်တယ်ဗျ။ တစ်ခုတော့ရှိတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျောင်းသားတွေကို အသက်ကန့်သတ်ပေးရမယ်။ အသက် ၁၀ နှစ်အောက်ပဲ ကွန်ပျူတာတက္ကသိုလ်တက်ခွင့်ပေးလိုက်ဗျာ။ မဟုတ်ရင် တက္ကသိုလ်တွေမှာ အခြေခံပညာအရသာပြန်ခံစားနိုင်အောင် လုပ်ပေးနေတဲ့ စေတနာကို နားမလည်တဲ့သူတွေက အခုလိုပဲ ဝန်ကြီးဆီစာတင်မယ်၊ ဟိုလူတိုင်မယ်၊ ဒီလူတိုင်မယ်နဲ့ လုပ်ကြဦးမယ်လေ။ ချာတိတ်လေးတွေပဲထားလိုက်ဗျာ။ ရှုပ်တယ် !

Tuesday, April 10, 2007

သူတို့အစိုးရ

မနေ့က ကျွန်တော်နဲ့မေမေနဲ့ စကားများကြသေးတယ်။ ကျွန်တော်က နိုင်ငံတစ်ခုရဲ့ အစိုးရ (အဓိကကတော့ သမ္မတပေါ့လေ)က မကောင်းဘူးလို့၊ အဲဒါကြောင့် အဲဒီနိုင်ငံကလူတွေ ဆင်းရဲနေကြတယ်၊ ဒုက္ခရောက်နေကြတယ်လို့ နိုင်ငံတစ်ခုကိုဝေဖန်ပါတယ်။ အဲဒီတော့ မေမေက ကိုယ့်လက်ငါးချောင်းတောင်မညီတာ အမျိုးမျိုးဖြစ်နေတဲ့လူတွေကို အုပ်ချုပ်ရတာမလွယ်ကြောင်း၊ သူဆိုရင် မိသားစုလေးတစ်ခုကိုတောင် နိုင်နိုင်နင်းနင်းမအုပ်ချုပ်နိုင်သေးကြောင်း ပြန်ချေပပါတယ်။ စကားများတာက အဲဒီကစတာပေါ့ဗျာ။

ကျွန်တော်တို့ State ကျောင်းတွေနေတော့ စာသင်နှစ်တစ်နှစ်စရင် ဆရာမကခေါင်းဆောင်ပြီး အတန်းခေါင်းဆောင်ရွေးရပါတယ်။ ပထမဆုံး အသင်းလေးသင်းခေါင်းဆောင်တွေ ရွေးရတယ်။ ပြီးရင် သူတို့ထက်အဆင့်မြင့်တဲ့ အတန်းခေါင်းဆောင်ကို ထပ်ရွေးတယ်။ ကျောင်းသားတွေကိုလည်း ဘယ်သူက ကျန်စစ်သား၊ ဘယ်သူက အနော်ရထာဆိုပြီး အသင်းတွေထဲ ခွဲထည့်ရတယ်။ ဒါက လူ ၄၀ လောက်ရှိတဲ့ အတန်းတစ်တန်းရဲ့ ဖွဲ့စည်းပုံပေါ့ဗျာ။ ကျန်တာတွေထားပါတော့။ ကျွန်တော်ပြောချင်တာက အတန်းခေါင်းဆောင် အကြောင်းပါ။ သူများတွေထက် ထူးပြီးရွေးချယ်ခံထားရတဲ့အတွက် သူများထက်ပိုပြီး အလုပ်လုပ်ပေးရပါတယ်။ စာလည်းပိုကြိုးစားရတယ်။ သဘောကတော့ စံပြကျောင်းသားပေါ့ဗျာ။ အတန်းခေါင်းဆောင်ဟာ အတန်းထဲမှာ ဆရာ မရှိရင်လည်း နာမည်မှတ်တာတို့၊ သင်ခန်းစာ အသစ်တွေခေါ်ပေးတာတို့လုပ်ရပါတယ်။ အတန်းထိန်းတာပေါ့လေ။ ဒါတွေကို နိုင်နိုင်နင်းနင်းလုပ်နိုင်ဖို့ သူ့ကို အတန်းခေါင်းဆောင်ရာထူးနဲ့ အလေးစားခံရအောင် ခန့်ထားတာမဟုတ်လား။ ဒါတွေသူမလုပ်နိုင်တဲ့နေ့၊ လုပ်တာတွေမအောင်မြင်တဲ့နေ့၊ ကြောင်သူတော်ကြွက်သူခိုးလို့ ထင်လာတဲ့နေ့တော့ ဒီကောင်ပြုတ်ပြီပဲ။ ဆိုပါစို့ဗျာ။ သူကျောင်းမတက်လို့ ရိုးရိုးကျောင်းသားက ဝင်ပြီးအတန်းထိန်းတယ်၊ အဆင်မပြေဘူး၊ အတန်းက ဆူညံနေတယ်ဆိုပါစို့။ အဲဒီကျောင်းသားကို ဘယ်သူမှအပြစ်မပြောဘူးဗျ။ သူ့မှာ ဒီလို အရည်အချင်းတွေမရှိလို့ အစောကြီးကတည်းက ခေါင်းဆောင်မဖြစ်တာပေါ့။ သူ့နေရာမှာ တကယ့်အတန်းခေါင်းဆောင်ဆိုလို့ကတော့ ရုံးခန်းကိုမြန်းရမှာ သေချာတယ်။ ကျွန်တော်က Augustine လို့လူသိများတဲ့ ကမာရွတ် ၂ ကထွက်တာပါ။ ကျွန်တော်တို့ကျောင်းမှာတော့ ဒီလိုစနစ်မျိုးရှိတယ်။ အရည်အချင်းရှိပြီး အောင်မြင်အောင် ခေါင်းဆောင်နိုင်လို့ကတော့ လူကြားထဲ အချီးကျူးခံရပြီပဲ။ အဲ … ရမလားလို့စောင့်ကြည့်နေတာ မရလို့ကတော့ အသစ်တစ်ယောက်တင်မြှောက်ဖို့က ဘယ်ကျောင်းအုပ်မှ ဝန်မလေးဘူး။ ဒါက ကျောင်းတစ်ကျောင်းက အခန်းတစ်ခန်းအကြောင်းပါ။ နိုင်ငံကြီးတစ်နိုင်ငံ ဆိုရင်တော့ဗျာ … ဒီထက်တာဝန်တွေ အများကြီးပိုလာပြီပေါ့။

လက်ငါးချောင်းညီတာ၊ မညီတာထက် လုပ်နိုင်မယ်လို့ ယုံကြည်လို့ လုပ်နေတယ်၊ မအောင်မြင်ရင် တကယ်လုပ်နိုင်မယ့် နောက်တစ်ယောက်ကို ရှာသင့်ပြီဗျာ။ ကျွန်တော်ပြောတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာက ဧရိယာအားဖြင့်တော့ တော်တော်ကြီးတဲ့ နိုင်ငံတစ်ခုပါ။ လူဦးရေလည်း များတယ်ဆိုပါတော့။ ဒါတွေကြောင့် အုပ်ချုပ်ရေးယန္တာရားကြီး ကောင်းကောင်းမလည်ပတ်နိုင်တာဆိုရင်တော့ မဟုတ်သေးဘူးဗျ။ တိုင်းပြည်ကို တာဝန်ယူပြီး အဆင့်မှီလာအောင် လုပ်နိုင်တဲ့ Quality ရှိကြရဲ့လားဆိုတာကိုပဲ စဉ်းစားပေးရမယ်လို့ထင်ပါတယ်။ အဲဒီလိုပြောနေတတ်ရင် မင်းလာအုပ်ချုပ်ပါလားလို့တော့ မပြောနဲ့ဗျာ။ ကျွန်တော်က အဲဒီအရည်အချင်းတွေမရှိလို့ အတန်းခေါင်းဆောင်တောင် လုပ်ခဲ့ရတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်အတန်းခေါင်းဆောင်ဟာ အဆင့်ရှိတဲ့ ခေါင်းဆောင်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ကောင်းကောင်းအကဲဖြတ်တတ်ပါတယ်။ ဘောလုံးပွဲကြည့်သလိုပေါ့ဗျာ။ ကိုယ်တိုင်ကတော့ ပေ ၃၀ လောက်ရောက်အောင် မနည်းကန်ရပေမယ့် တခါတလေ လွဲချော်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကိုတော့ ကောင်းကောင်းဝေဖန်တတ်ကြတယ် မဟုတ်လား။ ဒီသဘောပါပဲ။ ဒီသဘောကို မေမေ့ကို တော်တော်လေးရှင်းပြပေးလိုက်ရတယ်။ ဘာရယ်တော့မဟုတ်ပေမယ့် အတန်းတစ်တန်း၊ ရပ်ကွက်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံကို တာဝန်ယူသူတွေဟာ သူများထက် ထူးခြားပြောင်မြောက်စွာနဲ့ အများအကျိုးလုပ်နိုင်တဲ့သူတွေ ဖြစ်သင့်တယ်လို့ ရှင်းပြပေးလိုက်တာပါ။ ခေါင်းဆောင်ကြီးတစ်ယောက်ပြောဖူးတာလေးကိုလည်း သတိရမိတယ်။ နိုင်ငံသားတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အစိုးရကိုပဲရကြတယ်တဲ့။ ဒါဆိုရင် အဲဒီနိုင်ငံက ပြည်သူတွေမှာလည်း အနည်းနဲ့အများတော့ တာဝန်ရှိလို့ အခုလို အောက်ကျနေတာဖြစ်မယ်လို့လည်း စဉ်းစားမိပါတယ်။

Friday, April 6, 2007

What they write !

သန်းနဲ့ချီပြီးရှိနေတဲ့ Blog တွေထဲမှာ မြန်မာ Blog လေးတွေလည်း အနည်းဆုံးတော့ သောင်းဂဏန်းလောက် ရောက်နေလောက်ပါပြီ။ တချို့ Blog တွေကတော့ မြန်မာ Blogger တွေအကြားမှာ စံနမူနာယူစရာ၊ နေ့စဉ်ဖတ်စရာ Blog တွေအဖြစ် နေရာရနေကြပြီဖြစ်ပါတယ်။ တကယ်လည်း ပြောင်ပြောင်မြောက်မြောက် ရေးနိုင်ကြသလို သူများကိုလည်း ဖေးဖေးမမကူညီတတ်ကြပါတယ်။ ဒီ Post လေးမှာတော့ အဲဒီလို မြန်မာ Blogger တွေရဲ့ Banner မှာ၊ ဒါမှမဟုတ် Nick နဲ့ Profile တွေမှာရေးထားတဲ့ Slogan လေးတွေကို နာမည်နဲ့ ယှဉ်တွဲဖေါ်ပြပေးလိုက်ပါတယ်။ ကျွန်တော် Blog စရေးကတည်းက နမူနာယူရတဲ့
ကိုမောင်လှ Blog ကပဲ စလိုက်ရအောင်လား ...

မောင်လှ = အစွဲအလမ်းကြီးတဲ့ မန္တလေးသား
နိုင်းနိုင်းစနေ = ငါဟာ ဟိုး........အဝေးက ကြယ်ကြွေလေး တစ်ပွင့်ရဲ့ မျက်ရည်တစ်စက်ပါ.......
သံလွင်အိပ်မက် = သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကိုကြားလိမ့်မယ်
မေဓါဝီ = တွေးမိတွေးရာ ... ရေးမိရေးရာ
သန့်စင်အောင် = Avoidance of Double Taxation!
မျိုးကျော်ထွန်း = Memories of Random Thoughts
Phoxin = First to go, Last to know
ကလိုစေးထူး = ဟိုး ... ရှေ့မှာ ပန်းတိုင်ရှိတယ်၊ လာ ... သွားကြစို့
သီဟကျော်ဇော = My Prospect
Emotional Corner = ခံစားမိသမျှ
အရူးလွယ်အိတ် = လေနှင့်အတွင် လွင့်နေသော၊ စည်းများအပြင်ရောက်နေသော၊ အတောင်ပံ မရှိသည့်ငှက်တစ်ကောင် (သို့မဟုတ်) အရူးတစ်ယောက်
ပန်းပွင့်လေး = My Diary
ကျော်မင်းထွန်း = ငါ့ကိုအိမ်ပြန်ဖို့ တောင်ပံတစ်စုံပဲပေးပါ
မီးသော်ကြီး(ရေသည်မမ) = ရေသည်မမရဲ့ စိတ္တဇအတွေး
ဘိုးစိန် = အင်တာနက်ရပ်ဝန်း သတင်း အနုပညာ သိပ္ပံ အစုံအလင်
ညီလင်းဆက် = Myanmar Blog, Nothing But My Unforgettable Memorials
Opera = ဆုံဆည်းရာမှ ကြိုဆိုပါတယ်
အာလူး = Cool links, funny texts and jokes

ဖတ်ရတာရင်းနှီးအောင် Nick တွေအရှေ့မှာ (ကို)၊ (မ)၊ စသည်ဖြင့်တွေ မထည့်ပေးလိုက်ပါဘူး။ မလေးစားလို့ မဟုတ်ဘူးနော်။ :P

Tuesday, April 3, 2007

ဘယ်သူဘယ်မှာလဲ ...

ကဲ... သင်္ကြန်ဆိုတာကြီးတော့ နီးလာပြန်ပြီဗျာ။ ဘယ်လောက်ပူပူ ရေပက်သွားမယ့်သူ၊ ရေပက်ခံမယ့်သူတွေကတော့ ပြင်ဆင်နေလောက်ကြပါပြီ။ ကျွန်တော့်သူငယ်ချင်းတစ်ချို့လည်း အင်းလျားမှာ မဏ္ဍပ်ထိုးဖို့နေရာလိုက်၊ Sponsor လိုက်နေကြလေရဲ့။ သင်္ကြန်နီးရင် လူတွေစုံစမ်းကြတာလေးတစ်ခုရှိသေးတယ်ဗျ။ ဘယ် Band က ဘယ်မှာတီးမလဲ ဆိုတာပါ။ ရှာဖွေပြီးဖေါ်ပြပေးလိုက်ပါတယ်။

လေးဖြူမပါတော့တဲ့ Iron Cross ကတော့ Myanmar Beer မဏ္ဍပ်မှာ အငဲ၊ မျိုးကြီး၊ Lလွန်းဝါ၊ တင်ဇာမော် စတဲ့ လက်ကျန် IC တွေနဲ့ကြဲပါလိမ့်မယ်။ Emperor ကတော့ Levis ဘိုးတော်ကြီး ဇော်ဝင်းထွဋ် ခေါင်းဆောင်ပြီး နာမည်ကျော် Htoo Int'l Company မဏ္ဍပ်မှာပါတဲ့။ ကိုဥက္ကာနဲ့ ကိုနိုင်ဇော်ရဲ့ Lazy Club ကတော့ တောင်ကြီးက ကမ္ဘောဇဘဏ်မဏ္ဍပ်မှာ ရှိပါလိမ့်မယ်။ သူတို့အဖွဲ့က ဒါပြီးရင် Singapore ရောက် ရွှေများရဲ့ “ စ ” သင်္ကြန်ကို Apr 28 အရောက်ခရီးဆက်ပါဦးမယ်။ ရောသမမွှေရဲ့ DJ.Jay ကတော့ YGN မဏ္ဍပ်မှာ လက်စွမ်းပြမှာပါလို့ သိရပါတယ်။

လောလောဆယ်တော့ ဒီလောက်ပဲစုံစမ်းသိရှိရပါသေးတယ်။ နီးကပ်လာရင်တော့ ဖောင်ပိတ်သတင်းလေး နည်းနည်းပါးပါးရှာဖွေပြီး တင်ပြပေးပါဦးမယ်။ ဘယ် Model တွေဘယ်မှာ၊ ဘယ်မဏ္ဍပ်ကတော့ Cocktail ကို Chivas နဲ့ဖျော်မှာ၊ ဘယ်မဏ္ဍပ်ကတော့ တုတ်တွေ၊ ဓါးတွေ ဆောင်ထားပြီ ... စသည်ဖြင့်ပေါ့လေ။

Saturday, March 31, 2007

ဖြစ်နိုင်ရင်ပေါ့လေ

မကျေနပ်တာလေးတစ်ခု ပြောချင်လို့ပါဗျာ။ သူငယ်ချင်းတစ်ယောက်ပေးလို့ ဒီ Link လေးကို သွားကြည့်ပါတယ်။ ကမ္ဘာ့အံ့ချီးဖွယ် (၇) ပါးကို အသစ်လုပ်မလို့ Vote တောင်းနေတဲ့ Site ပါ။ သူက ဇကာတင်နေရာ (၂၁)ခု ပေးထားပါတယ်။ တကယ့်ကို အံ့သြစရာကောင်းတဲ့ နေရာတွေ၊ ရုပ်တုကြီးတွေ ပါ ပါတယ်။ ဥပမာ - တရုတ်ပြည်က မဟာတံတိုင်း၊ မက္ကဆီကိုက Chichen Itza ပိရမစ်၊ ဘရာဇီး ကော်ဗိုဗာဒိုတောင်ပေါ်က ၃၈ မီတာမြင့်တဲ့ ယေရှုသခင် ရုပ်တု စသည်ဖြင့်ပေါ့ဗျာ။ ဒါမျိုးတွေကတော့ ထားပါတော့လေ။ ပါကို ပါရမှာတွေပါ။ ကျွန်တော်မကျေနပ်တာက USA ကို ပြင်သစ်က လက်ဆောင်ပေးထားတဲ့ လေဘာတီရုပ်တို့၊ ဆစ်ဒနီက Opera House တို့က ဘာလို့ ပါလာရတာတုန်း။ ဒါတွေက နည်းပညာတိုးတက်တဲ့ ခေတ်ရောက်မှ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေပါ။ ဘာလို့အံ့ချီးဖွယ်ဖြစ်ရမှာလဲဗျ။ အဆောက်အဦးကောင်းတာကို ရွေးမယ်ဆိုရင် ဒူဘိုင်းက မိုးမျှော်တိုက်တွေ ဘယ်သွားထားမလဲ။ ရုပ်တုလက်ရာမြောက်တာ ပေးချင်ရင် ဂျပန်က ကမာကူရ ရပ်တော်မူ ရုပ်ပွါးတော်ကြီးကိုလည်း ထည့်သင့်တာပေါ့ဗျာ။ မဟုတ်ဘူးလား။ အဲဒီနေရာတွေအစား ကျွန်တော်ကတော့ ရွှေတိဂုံဘုရား၊ ပုဂံနယ်မြေ၊ ကျိုက်ထီးရိုးဘုရားနဲ့ ရခိုင်မြောက်ဦးဒေသတွေကို စဉ်းစားပေးစေချင်တယ်ဗျာ။ နှိုင်းယှဉ်ကြည့်ဗျာ။ ဘယ်နေရာဒေသတွေက ရှေးဟောင်းကျပြီး အံ့သြစရာကောင်းသလဲ။

ကျွန်တော်က လေဘာတီရုပ်ရဲ့ ဗိသုကာကိုမသိလို့လည်းမဟုတ်ဘူး၊ Opera House ရဲ့ လက်ရာမြောက်မှုကို မခံစားနိုင်လို့လည်းမဟုတ်ပါဘူး။ ခေါင်းစဉ်နဲ့မကိုက်ညီလို့ ပြောတာပါ။ ရေးထားတော့ 7 Wonders တဲ့။ ကျိုက်ထီးရိုးဘုရားလောက်ပဲ လေဘာတီရုပ်က အံ့သြစရာကောင်းဦးမလား။ ခင်ဗျားတို့လည်းသိပြီးသားပါ။ ကျွန်တော့်စိတ်ထင်ပြောရရင်တော့ သူတို့နဲ့ချိတ်ဆက်ပြီး Global Tour လုပ်လို့ရတဲ့ နိုင်ငံကြီးတွေကိုတွေကိုပဲ ဦးစားပေးလိုက်တယ်ထင်တယ်ဗျ။ မြန်မာပြည်ကမဟုတ်တဲ့ တခြားဒေသကလူတွေလည်း မကျေမနပ်ဖြစ်လို့ Email တွေပို့ပြီးကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တော့ မပါလိုက်ရ မရှိလေအောင် ပို့ပြီးပါပြီ။ webmaster@n7w.com ကိုပါ။ ကဲ ... ခံစားချက်ချင်းတူရင်တော့ Mail လေးပို့ပြီး ပါဝင်လိုက်ပါဦးလားဗျာ။ ၀၇၊ ၀၇၊ ၀၇ ရက်နေ့မှာ ပေါ်တူဂီနီုင်ငံမှာ အပြီးသတ်ကြေငြာမယ်လို့သိရပါတယ်ခင်ဗျား ...


Saturday, March 10, 2007

Shall we believe ?

Japan CICC အဖွဲ့နဲ့ မြန်မာက MCF တို့ပူးပေါင်းဖွင့်လှစ်တဲ့ Webmaster Training Course 2nd Batch သင်တန်းဆင်းပွဲကို မတ်လ ၉ ရက်နေ့ညနေခင်းမှာ Myanmar Info-Tech, Room 205 မှာကျင်းပပါတယ်။ ထုံးစံအတိုင်း တိုတိုတုတ်တုတ် ကျင်းပတဲ့ ဒီသင်တန်းဆင်းပွဲမှာ MCF နဲ့ ACE Data System တို့ရဲ့ President ဆရာကြီးဦးသိန်းဦး ကအမှာစကားပြောပေးပါတယ်။ အရင် MCF ပွဲတွေမှာလည်း ဆရာကြီးက JITEC စာမေးပွဲနဲ့ MCPA စာမေးပွဲများအကြောင်းကို ထည့်သွင်းပြောကြား စည်းရုံးလေ့ရှိပါတယ်။ ဒီတစ်ခါပြောတဲ့အခါမှာတော့ နည်းနည်းပိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောလာတာကိုသတိထားမိပါတယ်။ ပြောတာကဒီလိုပါ။

ဒီ JITEC စာမေးပွဲအောင်ထားတဲ့သူတွေဟာ Japan နဲ့ အခြားအာရှနိုင်ငံတွေမှာ လွယ်လင့်တကူပဲ အလုပ်ရကြတယ်လို့ဆိုပါတယ်။ ဒါကတော့ဖြစ်နိုင်ပါတယ်။ ရောက်သွားတဲ့နောက်တော့ ကြိုးစားပြီးအလုပ်ရှာရင် ဖြစ်နိုင်ပါတယ်။ ရောက်ဖို့ကသာခက်တာပါ။ ဒီတော့သူဆက်ပြောပါတယ်။ “ နိုင်ငံခြားလွှတ်စရာပေါ်လာတိုင်း JITEC အောင်ပြီးသားတွေကို ဦးစားပေးပါတယ်။ အောင်ပြီးသားတွေ ကုန်မှသာလျှင် အပြင် Company ကလူတွေကိုစဉ်းစားပါတယ်။ အခုဆို မြန်မာပြည်မှာ JITEC အောင်ပြီးသားတွေ မရှိသလောက်ဖြစ်သွားပါပြီ။ တချို့ကလည်း သွားပြီးလို့ပြန်လာကြပါပြီ။ မသွားရသေးတဲ့လူ မရှိတော့ဘူးပေါ့လား“ လို့ ခပ်တည်တည်နဲ့ စင်အောက်မှာထိုင်နေတဲ့ MCF Director ဆရာမကြီး ဒေါ်မြင့်မြင့်သန်းကို လှမ်းမေးပါတယ်။ အဖြစ်မှန်ကို သိပုံရတဲ့ ဆရာမကြီးကတော့ တိတိကျကျ အဖြေပေးလိုက်ပုံမရပါဘူး။ တကယ်တော့ JITEC အောင်ထားပါရဲ့နဲ့ နိုင်ငံခြားကို စာသွားသင်ဖို့ မပြောနဲ့ နှစ်ရက်လောက်တက်ရတဲ့ Seminar လေးတွေတောင် သွားမတက်ရသေးတဲ့ ကျောင်းသားတွေ၊ IT သမားတွေ အများကြီး ရှိနေပါသေးတယ်။ ဝေးနေတဲ့လူတွေထားပါတော့ ... MCF ပတ်ဝန်းကျင်မှာ နေ့စဉ်ဝင်ထွက်နေပေမယ့် Neglect အလုပ်ခံထားရတဲ့ လူတွေလည်း ရှိနေပါသေးတယ်။
ဒီတော့ MCF ၀န်းကျင်မှာမနေဘဲ ACE ၀န်းကျင်မှာနေရင်များ ( အဲဒီနေ့က ဆရာကြီး ခဏခဏ ပြောသွားတဲ့ ) “အခွင့်အလမ်း” ဆိုတာပိုကောင်းမလား လို့စဉ်းစားစရာပါ။ ဆိုလိုတာက ACE မှာနေတော့ မြင်ပါများပြီး မှတ်မိမလားလို့ပါ။ ACE ကလည်း နိုင်ငံခြား ပညာတော်သင်တို့၊ OJT တို့ မကြာခဏ လွှတ်လေ့ရှိတဲ့ Company ကြီးဆိုတော့လေ။ ဆရာကြီးဦးသိန်းဦးက ပြောပါသေးတယ် ... “လုပ်ဖေါ်ကိုင်ဖက်တွေပြည်ပရောက်ကုန်ပြီ၊ ခင်ဗျားက နိုင်ငံတော်တော်ချစ်တာပဲ လို့ပြောကြတယ်။ မဟုတ်ပါဘူး၊ တခါမှ မစဉ်းစားဖူးဘူး။ ဒီမှာကိုယ်လုပ်ချင်တာလုပ်လို့ရတယ်၊ ကိုယ်သွားချင်တဲ့ဆီသွားလို့ရတယ်။ ဒါပါပဲ” တဲ့။

နောက်ပြီး မြန်မာပြည်မှာ ဘယ်သူဟာ Computer Technology မှာရှေးဦးကျတယ် ဆိုတာနဲ့ UCC ဖွဲ့တုန်းက ဘယ်သူတွေပါတယ် ဆိုတာကလည်း တော်တော်အရေးပါပုံ ရပါတယ်။ Maths Dr. Kyaw Thein လို့လူသိများတဲ့ MCF Vice President ဆရာကြီး ဒေါက်တာကျော်သိန်း က သူနိုင်ငံခြားမှာ Computer သင်နေပြီး တော်တော်ကြာမှ ဆရာကြီးဦးသိန်းဦးနဲ့ အခြားသုံးလေးယောက်လောက် လိုက်လာတယ်၊ နောက်ပြီးဒီလူတွေစုပြီး UCC ဖြစ်အောင်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဆရာကြီးဦးသိန်းဦးက UCC ဖွဲ့တုန်းက ဆရာမကြီးဒေါ်မြင့်မြင့်သန်းတို့ မပါဘူး၊ နောက်မှရောက်လာကြတယ် ဆိုပြီးပြောပြန်ရော။ ပြောတာတွေကတော့ အမှန်တွေပါ။ ဘာကြောင့် လူစုံရင်၊ ပွဲရှိရင် ဒါတွေပဲတိုင်းထွာနေကြတာလဲ ဆိုတာကိုသိချင်တာပါ။ ဆရာကြီးဦးသောင်းတင်ရဲ့ Speech တွေကိုလည်း အများကြီးနားထောင်ဖူးပါတယ်။ ဒီလိုမျိုးတွေ၊ သူဘာလုပ်ပေးခဲ့တယ် ဆိုတာတွေ၊ သူဘယ်အချိန်မှာ Computer စသုံးတယ်ဆိုတာတွေ၊ သူ့ရဲ့ KMD အကြောင်းတွေ ဘယ်တော့မှ မပါ ပါဘူး။ သူ့စကားတွေဟာ ပညာတတ်သိပ်ဆန်ပါတယ်။ မှတ်သားစရာ ကောင်းလေ့ရှိပါတယ်။ ကြုံရင် နားထောင်ပြီး နှိုင်းယှဉ်ကြည့်ကြပါစို့လား။