Monday, September 1, 2008

အော် ... Blog Day ရောက်ခဲ့ပြန်ပြီ

မနှစ်က ဒီလို စက်တင်ဘာလ ၁ ရက်နေ့မှာ ဘလော့ဂ်နေ့ အထိမ်းအမှတ်အနေနဲ့ ခမ်းနားအောင်မြင်တဲ့ ဆီမနာကြီးတစ်ခုကို ရန်ကုန်မြို့မှာ ကျင်းပနိုင်ခဲ့ကြတယ်။ လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အစီအမံတွေကြောင့် ဆီမနာတက်လာတဲ့ ပရိသတ်တွေသာမက ကမ္ဘာအဝှမ်းက ပြန့်ကျဲနေတဲ့ ဘလော့ဂ်ဂါတွေလည်း တချိန်တည်း ပါဝင်နိုင်ခဲ့ကြတယ်။ စင်ပေါ်မှာ တစ်ယောက်ပြီး တစ်ယောက်ဟောပြောပေးနေချိန်မှာပဲ ခမ်းမထဲမလာနိုင်တဲ့လူတွေက Live Blog Cbox ကနေ သီချင်းတွေဆိုကြ၊ အားပေးကြနဲ့ သိပ်ပျော်စရာကောင်းခဲ့ဖူးတယ်။ ဒီနှစ်လည်း ဆီမနာလုပ်ဖြစ်ဦးမယ်ဆိုလို့ ဝမ်းသာနေခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ပြည်တွင်းက သူငယ်ချင်းတွေက အကောင်းဆုံး ကြိုးစားပေးခဲ့ကြပြီးပြီဖြစ်လို့ အကောင်အထည်ပေါ်မလာတဲ့ အခါမှာလည်း အပြစ်တင်စရာမရှိပါဘူး။ စိတ်ထဲမှာတော့ တစ်ခုခု လစ်ဟာနေသလိုလို၊ ပိုင်ဆိုင်မှုတစ်ခု ဆုံးရှုံးသွားသလိုတော့ ခံစားရပါတယ်။ ဖြေသာစရာတစ်ခုကတော့ မန္တလေးဘက်မှာ ပွဲတစ်ခုလုပ်ဖြစ်သွားတာပါပဲ။ လာမယ့်အပတ်ထဲမှာလည်း စင်ကာပူရောက် မြန်မာဘလော့ဂ်ဂါတွေ တွေ့ဆုံကြမယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာဘလော့ဂ်ဂါအများစု အခြေစိုက်ရာ ရန်ကုန်မှာ မလုပ်ဖြစ်တဲ့အတွက် မပြည့်စုံသလိုတော့ ခံစားရပါတယ်။ မနှစ်က ဆီမနာအတွက် “ငါတို့ရဲ့ ရာဇဝင်” ဆိုတဲ့နာမည်နဲ့ ကျွန်တော် Special Post တစ်ခုတင်ဖြစ်ပါတယ်။ ချစ်ခင်ရင်းနှီးတဲ့ ဘလော့ဂ်ဂါတွေက ကွန်းမန့်တွေ အတော်များများရေးပေးကြပါတယ်။ အဲဒီအထဲက ကိုနေဘုန်းလတ်ရေးပေးတဲ့ ကွန်းမန့်လေးက

မောင်ပွတ်ရေ ... အွန်လိုင်းပေါ်ကနေ ပါဝင်တဲ့အတွက် မင်းရှိနေတယ်လို့ပဲ ငါခံယူပြီးလုပ်ခဲ့တယ် ...။ ငါတကယ် ၀မ်းသာတယ် ... ငါတို့လူငယ်တွေချည်းပဲစုလုပ်ကြတဲ့ပွဲဟာ ခမ်းမအပြည့် စည်ကားခဲ့တာ ... နောက်ပြီး တက်ရောက်လာကြတဲ့ ပရိသတ်ကြီးရဲ့ အာရုံစူးစိုက်မှုတွေကို သေသေချာချာကိုရခဲ့တာ ... နောက် ... အခြေအနေအရပ်ရပ်ကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့တာ ... အဖုအထစ်လေးတွေရှိခဲ့ပေမယ့် ... သိသိချင်းပဲ ပြန်ဖြည်ပေးနိုင်ခဲ့တာ ... နောက်ဆုံးက နိုင်ငံတကာက မင်းတို့လို ဘလော့ဂ်သူငယ်ချင်းတွေ အွန်လိုင်းပေါ်မှာရှိနေပြီး ပူးပေါင်းပါဝင်ကြတာ ... အားလုံးအတွက် တကယ့်ကိုဝမ်းသာတယ်ကွာ။ မင်းကို တစ်ခုမေးချင်တာက နောက်တစ်ခါလုပ်မယ့်ပွဲအတွက် ဒီ Conference Hall ထက်ကျယ်တဲ့ခမ်းမ ဘယ်မှာရှာရမလဲဆိုတာပါ ...” တဲ့လေ။

၂ နှစ်သက်တမ်းထဲကို ရောက်လာနေပြီဖြစ်တဲ့ MBS အောင်မြင်စွာ အဓွန့်ရှည်ဖို့ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။

1 comment:

ZawZaw said...

မောင်ပွတ်ရေ

အလှမ်းဝေးနေပေမယ့် အချိန်ရောက်တိုင်း မင်းကို သတိရ နေပါတယ်။ တူတူ လက်တွဲမလုပ်ခဲ့ရတဲ့ ပထမ ဆင်မီနာ၊ အောင်မြင်ခဲ့တယ်။ အခု ဒုတိယ ဆင်မီနာ မဖြစ်ခဲ့လဲ မင်းတို့ ငါတို့စိတ်ထဲမှာ ယုံကြည်ချက်တူတူ ရှိနေတဲ့ အတွက် ၀မ်းသာတယ်။
ငါတို့ တနေ့တော့ အောင်မြင်ပါလိမ့်မယ်