Sunday, August 10, 2008

သို့ ... မစ္စတာလီကွမ်ယူး

မင်္ဂလာပါ မစ္စတာလီကွမ်ယူးခင်ဗျား။ ပျော်ရွှင်ဂုဏ်ယူဖွယ်ရာကောင်းတဲ့ စင်ကာပူနိုင်ငံရဲ့ ၄၃ ကြိမ်မြောက် အမျိုးသားနေ့ အခါသမယပါဗျာ။


လူကြီးမင်း နေကောင်းပါရဲ့လား။ သြဂုတ်လ ဂ ရက်နေ့ညက ဘေဂျင်းမှာ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စင်ကာပူကိုယ်စားပြု တက်ရောက်ခဲ့ပြီး ၉ ရက်နေ့မှာ ကျရောက်မယ့် အမျိုးသားနေ့ပွဲအတွက် ညတွင်းချင်း လေယာဉ်စီးပြန်လာခဲ့တဲ့ လူကြီးမင်း ကျန်းမာဖို့ ကျွန်တော်ဆုတောင်းပါတယ်။ ဒီစာကတော့ ညက ကျွန်တော်ကိုယ်တိုင် ကြည့်ခဲ့ရတဲ့ စင်ကာပူအမျိုးသားနေ့ အခမ်းအနားအကြောင်းပါ။ ကောင်းမွန်ခမ်းနားလှတဲ့ အစီအမံ၊ ရင်သပ်ရှုမောဖွယ် အစီအစဉ်တွေ၊ တင်းကျပ်ပြည့်စုံတဲ့ လုံခြုံရေးတွေနဲ့ လူကြီးမင်းတို့ရဲ့ နေ့ထူးနေ့မြတ်ဟာ တကယ်ပဲတင့်တယ်လှပါတယ်။

အထောင်အသောင်းချီတဲ့ နိုင်ငံသား၊ နိုင်ငံခြားသားတွေ ကမ်းညွှတ်မတတ် လာရောက်ကြတဲ့ ဒီအခမ်းအနားထဲမှာ ကျွန်တော်ကလည်း အနီရောင်အစက်အပြောက်တစ်အခု အနေနဲ့ ဖိတ်ကြားခံရခြင်း မရှိပါဘဲ တက်ရောက်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းတစ်ခု၊ စည်းလုံးညီညွတ်မှု၊ နည်းပညာဖွံ့ဖြိုးမှု၊ ချမ်းသာကြွယ်ဝမှုတွေကို လှစ်ဟပြနိုင်တဲ့ အကောင်းဆုံးအခွင့်အလမ်းပဲမို့ စင်ကာပူဆိုတာ ဘာလဲသိရအောင် ကျွန်တော်လာခဲ့တာပါ။ မစ္စတာလီခင်ဗျား - ကျွန်တော် ပထမဆုံး သတိထားမိတာက ကျွန်တော့်လိုပဲ အခမ်းအနားကြည့်လာတဲ့ ပရိသတ်တွေကိုပါပဲ။ အနီရောင်ဆင်တူတွေ ဝတ်ဆင်ထားကြတဲ့ ပရိသတ်ထဲမှာ အလယ်တန်းကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ကလေးငယ်ကို ချီပိုးခေါ်လာတဲ့ မိခင်တွေ၊ မျက်နှာမှာ အလံပုံဆေးခြယ်ထားတဲ့ လူငယ်တွေ၊ အရင်နှစ်တွေက အကြောင်းတွေကို လက်ဆင့်ကမ်း ပြောပြနေတဲ့ အဖိုးအိုတွေ အစုံပါပါတယ်။ သူတို့တွေကို ကြည့်ရတာ အပျော်တမ်း မီးပန်းဖောက်တာ လာကြည့်ကြတာမဟုတ်ဘဲ နိုင်ငံတော် အခမ်းအနားကို ဖိတ်ကြားခံထားရတဲ့ ပုံစံမျိုးနဲ့ စည်းကမ်းသိမ်ဝပ်စွာ တက်ကြွလွန်းပါတယ်။ ဂုဏ်ယူနေကြပါတယ်။ အဲဒီလူအုပ်ကြီးတွေကို Marina Bay ရဲ့ ဝဲယာတစ်လျှောက်မှာ လူကြီးမင်း လှမ်းမြင်လိုက်ရဲ့ မဟုတ်လား။ ကျွန်တော်သေသေချာချာ ပြောနိုင်ခဲ့တာကတော့ မစ္စတာလီ - လူကြီးမင်းဟာ တိုင်းပြည်တိုးတက်ဖို့သာမက နိုင်ငံသားတွေရဲ့ ခံယူချက်တွေ၊ စိတ်ဓါတ်တွေကိုပါ ပြောင်းလဲမြှင့်တင်ပေးနိုင်ခဲ့ပြီ ဆိုတာပါပဲ။

ဒုတိယအချက် ကျွန်တော်သတိထားမိတာက လူကြီးမင်းတို့ရဲ့ လူငယ်တွေကို နေရာပေးမှုပါပဲ။ ဒီနှစ်အမျိုးသားနေ့ အခမ်းအနား Logo မှာကိုက ခေတ်လူငယ်တွေ စင်ကာပူကိုယ်စားပြု ကြယ် ၅ လုံးကို မြှောက်ကိုင်ထားတဲ့ ပုံမဟုတ်လား။ အဲဒီလူငယ်တွေက ခေတ်ဆန်တဲ့ အဝတ်အစားတွေ ဝတ်ထားတာကိုလည်း ကျွန်တော်သတိထားမိပါတယ်။ အခမ်းအနားဖွင့်ပွဲသီချင်းဆိုပြန်တော့လည်း Jazz ဂီတ နာမည်ကျော် ဆယ်ကျော်သက် Nathan Hartono ကို အခွင့်အရေးပေးခဲ့ပြန်တယ်။ အခမ်းအနား အောင်အောင်မြင်မြင် ပြီးဆုံးစေဖို့ တာဝန်ယူကြီးကြပ်နေတဲ့ လူတွေကိုတွေ့ရပြန်တော့လည်း လူငယ်တွေပဲနော်။ ဒါကြောင့် မစ္စတာလီက ဒီအခမ်းအနားအတွက် ပြောတဲ့မိန့်ခွန်းမှာ “စင်ကာပူရဲ့ နောက် ဆယ်စုနှစ်တစ်ခုအတွက် ကျွန်တော်ယုံကြည်မှု အပြည့်ရှိပါတယ်” လို့ပြောရဲတာဖြစ်မယ်လို့ ကျွန်တော်တွက်ဆမိတယ်။ အသက် ၃၅ နှစ်နဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လူကြီးမင်းအနေနဲ့ လူငယ်တွေကို ဘယ်လောက်မျှော်လင့်ထားမယ်ဆို ကျွန်တော်နားလည်ပါတယ်။

အမြောက်ကြီးတွေ ပစ်ဖောက်ပြီး အခမ်းအနားစတင်ချိန်မှာပဲ မိုးတွေက တဖွဲဖွဲစရွာလာတယ်။ ကျွန်တော်စိုးရိမ်မိသေးတယ်။ Marina Bay မှာရောက်နေတဲ့ ၂ သိန်းသော ပရိတ်သတ်တွေ ဒီမိုးကြောင့် လှည့်ပြန်ကုန်မှာရယ်၊ အခမ်းအနား အစီအစဉ်တွေ ပျက်ကုန်မှာရယ်ကိုပါ။ ခဏနေတော့ ကျွန်တော့် စိုးရိမ်စိတ်တွေ ပျောက်သွားတယ်။ အခမ်းအနားကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်စင်မြင့် (Floating Platform) ပေါ်ကို လေထီးသူရဲကောင်းတွေက မိုးစက်တွေကြားထဲကပဲ အမှားအယွင်းမရှိ ဆင်းလာကြလို့ပါ။ ဒီသူရဲကောင်းတွေကို လက်ခုပ်တီးကြိုဆိုနေတဲ့ လူကြီးမင်းကိုလည်း ကျွန်တော် တီဗွီဖန်သားပြင်မှာ မြင်လိုက်ရသေးတယ်။ အသက် ၈၀ ကျော် သက်ကြီးပိုင်း မစ္စတာလီအနေနဲ့ အမိုးအကာအောက်မှာ နေမလား၊ တပည့်တပန်းတွေကပဲ ထီးမိုးပေးနေမလားတွေးခဲ့မိပေမယ့် လူကြီးမင်းက အခြားသော အရပ်သားပရိသတ်တွေလိုပဲ ဈေးခပ်ပေါပေါ တခါသုံးအနီရောင် မိုးကာအကျီနဲ့ မိုးဒဏ်ကိုအံတုရင်း ထိုင်မြဲထိုင်နေခဲ့လို့ ကျွန်တော်တောင် အံ့သြမိသေးတယ်။ စင်ကာပူပြည်သူတွေနဲ့ အစိုးရအရာရှိတွေ တတန်းတစားတည်းရှိတာကို သက်သေပြလိုက်တာပေါ့လေ။ ကျွန်တော်လေးစားမိပါတယ် မစ္စတာလီခင်ဗျား။

အခမ်းအနားအစီအစဉ်အရ ဝန်ကြီးချုပ် လီရှန်လွန်း အခမ်းအနားထဲဝင်လာတော့ လူကြီးမင်းတို့ အားလုံး မတ်တပ်ရပ်ဂုဏ်ပြုကြပြန်တယ်။ ခန့်ညားတဲ့ အဖြူရောင် သက်တော်စောင့်ဆိုင်ကယ်တွေ ခြံရံပြီး ကားအဖြူကြီးပေါ်ကဆင်းလာတဲ့ သားဖြစ်သူ ဝန်ကြီးချုပ်ကို မတ်တပ်ရပ် ဂုဏ်ပြုရင်း လူကြီးမင်း ပြုံးနေတာ ကျွန်တော်သတိထားမိသလို လူကြီးမင်းရဲ့ အပြုံးကိုလည်း ကျွန်တော် သဘောပေါက်လိုက်မိပါတယ်။ ရှေ့မလှမ်းမကမ်းမှာက ရင်မှာပိုက်ပြီး မွေးလာရတဲ့ သားဝန်ကြီးချုပ်နဲ့ အရိုအသေပေးနေတဲ့ ပြည်သူတွေ၊ ခပ်ဝေးဝေးမှာ မြင်နေရတာက လူကြီးမင်းတို့ လွန်ခဲ့တဲ့ ၄၃ နှစ်က တံငါရွာဘဝကနေ တိုးတက်အောင်ကြိုးစားလာခဲ့တဲ့ မိုးမျှော်အဆောက်အအုံကြီးတွေ၊ နာမည်ကြီးဟော်တယ်တွေ၊ ကုမ္ပဏီရုံးချုပ်ကြီးတွေနဲ့ စင်ကာပူရဲ့ အသည်းနှလုံး Raffles Place - တနည်းအားဖြင့် သက်ရှိသားနဲ့ သက်မဲ့သားကို တပြိုင်တည်း အခမ်းအနားနဲ့ မြင်နေရတဲ့အချိန်၊ သက်မဲ့သားရဲ့ မွေးနေ့ကို သက်ရှိသားနဲ့ ကျင်းပနေတဲ့အချိန် - မစ္စတာလီ - လူကြီးမင်းရဲ့ အပြုံးတွေက ပီတိတွေ ပြည့်နေလွန်းပါတယ်ဗျာ။

မစ္စတာလီခင်ဗျား - လူကြီးမင်းတို့ရဲ့ အခမ်းအနားအစီအစဉ်တွေဟာလည်း ရင်သပ်ရှုမောစရာထက် စိတ်ဓာတ်တက်ကြွဖို့၊ တိုင်းပြည်ချစ်ဖို့၊ သာတူညီမျှရှိတာ သိသာစေဖို့၊ ဖွံ့ဖြိုးတဲ့နိုင်ငံဆိုတာ သိသာစေဖို့ ပိုမိုပြသနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်မိတယ်။ လူကြီးမင်း အများကြီးမျှော်လင့်ထားတဲ့ လူငယ်ကျောင်းသားတွေရဲ့ သရုပ်ဖေါ်မှုတွေ၊ အဓိကလူမျိုးစုကြီးတွေဖြစ်တဲ့ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယလူမျိုးတို့ရဲ့ ရိုးရာတင်ဆက်မှုတွေ၊ ပြည်တွင်းတပ်ဖွဲ့အသီးသီးရဲ့ ချီတက်အလေးပြုမှုတွေ၊ နည်းပညာဖွံ့ဖြိုးမှု စတန့်ပြကွက်တွေ၊ အံ့မခန်းအလင်းတွေနဲ့ မီးရှူးမီးပန်းတွေနဲ့ အခမ်းအနားကို လစ်ဟာမှုမရှိ အချိန်ကိုက်ကျင်းပနိုင်ခဲ့ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ Air Show လို့ခေါ်တဲ့ လေကြောင်းသရုပ်ပြမှုပါပဲ။ ကမ္ဘာ့အကောင်းဆုံးတိုက်လေယာဉ် စာရင်းဝင် F16 လေယာဉ် ၆ စင်းဟာ Marina Bay ကောင်းကင်ကို ထင်သလို ချယ်လှယ်ပြနိုင်ခဲ့ပါတယ်။ အရေးအကြောင်းဆို တိုင်းပြည်အတွက် စစ်ဦးကဘီလူးစီးတိုက်နိုင်သူတွေဆိုတာ ကျွန်တော်မြင်ခဲ့ရပါတယ်။


မစ္စတာလီခင်ဗျား - တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့ပဲ အုပ်ချုပ်ခဲ့တယ်ပြောပြော၊ စင်ကာပူလူမျိုးတွေဟာ နွားခြေရာခွက်ထဲက ဖားတွေလို့ပဲ ပြောပြော - စင်ကာပူနိုင်ငံနဲ့ စင်ကာပူနိုင်ငံသားတွေရဲ့ အဆင့်အတန်းဟာ မြင့်သထက် မြင့်လာနေတာကိုတော့ ငြင်းမရတော့ပါဘူး။ နိုင်ငံအသီးသီးက ပညာရှင်တွေကနေ အိမ်ဖော်တွေအထိ လာအခြေချနေထိုင်ပေမယ့် တိုင်းပြည်စည်းကမ်း ပျက်မသွားတာ၊ ရာဇဝတ်မှုတွေ များမလာတာ၊ တစ်ဦးချင်းဝင်ငွေတက်လာနေတာဟာ ပြည်တွင်းသယံဇာတ လုံးဝမရှိတဲ့ ကျွန်းနိုင်ငံကို အုပ်ချုပ်နေတဲ့ လူကြီးမင်းတို့ အစိုးရကြောင့်ဆိုတာ လက်ခံရမှာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်မှု၊ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနဲ့အညီ အုပ်ချုပ်မှု၊ ပြည်သူတွေ ရသင့်ရထိုက်တာတွေ ရရှိအောင် စီစဉ်ပေးနိုင်မှုတွေကြောင့်လည်း တိုင်းပြည်ရဲ့ နိုင်ငံရေးဟာ တည်ငြိမ်တယ်လို့ ပြောရမယ့် အနေအထားမှာ ရှိပါတယ်။ ဒီလိုနဲ့ပဲ မစ္စတာလီကွမ်ယူးရေ - ကျွန်တော့်အပြန်လမ်းမှာ မြန်မာတစ်ယောက်အနေနဲ့ တွေးစရာတွေ ပြည့်နေခဲ့ပါတယ်ဗျာ။

ယခု ၄၃ နှစ်မြောက် အမျိုးသားနေ့ (စင်ကာပူမွေးနေ့)မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တိုးတက်နေဖို့၊ လူကြီးမင်းလည်း ကျန်းမာစေဖို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။

(Aug 9 က စင်ကာပူအမျိုးသားနေ့ပွဲကြည့်ပြီး ပြန်အလာ ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ခုမှပဲ Publish လုပ်ဖြစ်တာပါ။)

6 comments:

Anonymous said...

မောင်ပွတ်... မျက်စိထဲမှာ မြင်သာအောင်ရေးတတ်ပ

little moon said...

ဒီပို့စ်လေးဖတ်ရတာ စိတ်ထဲမှာနှစ်ထောင်းအားရ ဖြစ်လိုက်တာ။ တစ်ဆက်ထဲမှာပဲ ကိုယ်တို့ ရွှေနိုင်ငံကြီး အတွက် အတွေးတွေဆက်လို့ အားငယ် ၀မ်းနည်း လာသလိုလို ... လီကွမ်းယုကို သူ့စာအုပ် ဖတ်ပြီးကတည်းက အရမ်းကို လေးစားခဲ့တာပါ။

Unknown said...

ကိုပွတ်ရေ

ကျွန်တော်လေးစားရတဲ့ Blogger တွေထဲမှာ ကိုပွတ်လဲ ပါ ပါတယ်ဗျာ။ တကယ်ပါ။ စင်္ကာပူမှာနေနေတဲ့ လူတစ်ယောက် အနေနဲ့ စင်္ကာပူရဲ့ နှိပ်ကွပ်မှု (နိုင်ငံရေးအရ) ကို ခံခဲ့ရတဲ့ မြန်မာ လူမျိုးတွေ ပေါ်ပေါက်နေတဲ့အချိန်မှာ ဖတ်မိလိုက်တဲ့ ပို့စ် တစ်ခုအတွက် ကျွန်တော် မနေနိုင်ဘဲ စကားရှည်မိတာကိုတော့ ခွင့်လွှတ်ပါ။
စင်္ကာပူဟာ နိုင်ငံခြားသားတွေနဲ့ပါတ်သက်ပြီး တရားမျှတမှုကို ဦးစားပေးတယ်လို့ ယုံကြည်ခဲ့မိပေမယ့် စင်္ကာပူရဲ့ တရား မျှတမှုမရှိဘဲ ဖိနှိပ်မှုတွေကို တွေ့မိတဲ့အချိန်မှာတော့ သူတို့ရဲ့ အောင်မြင်မှု တိုးတက်မှု ကြီးပွားမှုတွေဟာ အားကျစရာ တစ်ခုမှမကောင်းတော့ဘူးလို့ ခံစားလိုက်မိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အစိုးရတက်လာတဲ့အခါမှာ သူ့တို့ထက်အများကြီး သာမယ်လို့ (အန်တီစုကြောင့်) တွေးမိလိုက်တဲ့အချိန်မှာတော့ ဘယ်လို့မှ အထင်ကြီးစရာ မရှိ (တကယ်တော့ အထင်သေးမိပါတယ်) တဲ့ စင်္ကာပူအစိုးရကို ကောင်းပါတယ်လို့ ပြောမယ်ဆိုရင်တော့ အစ်ကိုရေ နိုင်ငံတစ်နိုင်ငံ ရဲ့ အောင်မြင်မှုဟာ သူ့နိုင်ငံမှာ ရှိတဲ့ လူသားတွေ အားလုံးရဲ့ ကျေနပ်မှု ကိုယ့်ကိုယ် ကိုယ် ယုံကြည်စိတ်ချမှု။ စိတ်ချမ်းသာမှုတွေနဲ့ တိုင်းတာမယ်ဆိုတဲ့ စံနှုန်းတွေ၊ လူထုပေါ်မှာ ရိုးသားမှု ရှိကိုရှိရမယ်ဆိုတဲ့ အရာတွေပေါ်မှာ မျက်ကွယ်ပြု သလိုများ ဖြစ်နေမလားလို့ဗျာ.............

little moon said...

ိကိုထက်အောင်ရေ ဒါကတော့ နိုင်ငံတိုင်းမှာရှိပါတယ်။ ဒို့ဆီမှာလဲ ရခိုင်ဖက်ကဒေသတွေနဲ့ နယ်စပ်တွေမှာ ကုလားတွေကို ဘယ်လိုနှိပ်ကွပ်ခဲ့တယ် အခုလည်း ဆောင်ရွက်ဆဲပဲဆိုတာ မမေ့စေချင်ဘူး။ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးကို ဦးစားပေးတာ ဓမ္မတာပဲလို့ ထင်မိပါတယ်။

SuN said...

မိုက်တယ် .. 5 Stars!!

ကိုပေါ said...

………“ဒုတိယအချက် ကျွန်တော်သတိထားမိတာက လူကြီးမင်းတို့ရဲ့ လူငယ်တွေကို နေရာပေးမှုပါပဲ။”…………

လီကွမ်းယူ ၀န်ကြီးချုပ်ဖြစ်တော့ အသက် ၃၅ နှစ်။
ဂိုချုပ်တောင် ၀န်ကြီးချုပ်ဖြစ်တော့ အသက် ၄၉ နှစ်။
လီရှန်လွန်း ၀န်ကြီးချုပ်ဖြစ်တော့ အသက် ၅၂ နှစ်။

နောက်ထပ် ၀န်ကြီးချုပ်ဖြစ်နိုင်မယ့် ဒုဝန်ကြီးချုပ်တွေရဲ့ အသက်ကလည်း ခြောက်ဆယ်နား ကပ်နေပြီ။

လူငယ်လေးတွေအတွက် နေရာက ဘယ်နားမှာပါလိမ့်…အိမ့်…အိမ့်……အိမ့်……..