Sunday, September 7, 2008

ဒါပေမယ့် ...

ဆူညံနေတဲ့ Pasir Ris ကမ်းခြေကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့နားထဲမှာ အစ်ကို့ဖို့ဆုတောင်းသံတွေပဲ ကြားနေမိတယ်။ စက္ကန့် ၃၀ ဆိုတဲ့ ခဏအချိန်ပိုင်းအတွင်းက ကျွန်တော်တို့ဆုတောင်းတွေနဲ့ အစ်ကိုပြန်လွတ်လပ်လာရင် သိပ်ကောင်းမယ်လို့ တွေးနေမိတယ်။

ညက Blog Day အတွက် ဒီမှာရောက်နေတဲ့ သူငယ်ချင်း Blogger တွေစုဖြစ်တယ်။ မနှစ်က ဆီမနာမှာ အစ်ကိုနဲ့ လက်တွဲလုပ်ခဲ့တဲ့လူတွေ၊ သံလွင်အိပ်မက်က သူငယ်ချင်းတွေ၊ အခြားလူဟောင်း၊ လူသစ် Blogger တွေ ၃၀ နီးပါးလာကြတယ်လေ။ အဲဒီပွဲရဲ့ ဒုတိယအစီအစဉ်မှာ ကျွန်တော်တို့အားလုံး စက္ကန့် ၃၀ ငြိမ်သက်ပြီး အစ်ကို လွတ်မြောက်ဖို့အတွက် ဆုတွေတောင်းခဲ့ကြပါတယ်။ မနှစ်က ရန်ကုန်က ဒီလိုပွဲမျိုးမှာ ပထမဆုံးတက်ဟောပြောပြီး “လွတ်ကျခဲ့တဲ့မြို့တော်” ကို ရာချီတဲ့ ပရိသတ်အရှေ့မှာ Projector ထိုးရှင်းပြနေခဲ့တဲ့ အစ်ကို့ကို ကျွန်တော်အားလုံး သတိရနေခဲ့ပါတယ်။ ရန်ကုန်က သူငယ်ချင်း Blogger တွေအနေနဲ့လည်း ပွဲစဉ်ကြတဲ့အခါမှာလည်း အစ်ကိုရှိရင်ကောင်းမယ်လို့ တွေးနေခဲ့ကြမှာပဲ၊ မလုပ်ဖြစ်တဲ့အခါလည်း အကြံကောင်းတွေပေးတတ်တဲ့ အစ်ကိုရှိရင်ကောင်းမယ်လို့ တွေးနေကြဦးမှာပါပဲ။ အခုလည်း ဒီမှာဆုံဖြစ်ကြပြန်ပြီ။ ဘယ်လူတွေ ဘယ်လောက်စုံတယ်ပြောပြောပါ - Blogger တွေစုကြတဲ့အခါ အစ်ကိုရှိမနေသ၍တော့ စုံတယ်လို့ တယ်မထင်မိဘူးဗျာ။ နေရာတစ်နေရာလွတ်နေဆဲပေါ့လေ။

ပွဲကတော့ အားရစရာလည်း ကောင်းတယ်။ ပျော်စရာလည်းကောင်းပါတယ်။ ဒီနေ့လာတဲ့ Blogger တွေထဲက တချို့ဟာ ကျွန်တော်တို့ ဆီမနာအပြီးလောက်မှာမှ Blog ရေးဖြစ်ကြတာဖြစ်ပြီး တချို့ကတော့ အစောပိုင်းကတည်းက ရေးနေပေမယ့် MBS နဲ့ အထိအတွေ့နည်းကြပါတယ်။ ဟိုးအရင် MBS စကတည်းက စင်ကာပူအမာခံလို့ ကျွန်တော်တို့ သဘောထားခဲ့တဲ့ လူဟောင်း Blogger တွေလည်း လာကြပါတယ်။ ဆီမနာအတွက် ကြိုးပမ်းခဲ့ကြတဲ့ အုပ်စုလေးကို First Generation လို့ ပြောမယ်ဆို အခုပွဲကို လာကြတဲ့ Bloggerတွေ (Second Generation) ဟာလည်း သိပ်အားရစရာကောင်းပါတယ်။ ရေးအားကောင်းပြီး ခင်မင်ရင်နှီးလွယ်သူတွေပဲ ဖြစ်ပါတယ်။ အစ်ကိုမြင်ချင်တဲ့ နည်းပညာကြွယ်ဝပြီး စည်းလုံးတဲ့ Blogger Society အတွက်တော့ တအားပါပဲဗျာ။

ဒီနေ့ပွဲကို မနှစ်က အစ်ကိုတို့အားလုံး လက်မှတ်စုထိုးထားတဲ့ အကျီလေးကို ပထမဆုံးအကြိမ် ကျွန်တော်ဝတ်သွားဖြစ်တယ်။ တိတိကျကျပြောရင် လွန်ခဲ့တဲ့ တစ်နှစ်နဲ့ ၅ ရက်က အကျီပေါ့။ အဲဒီမှာ လက်မှတ်ထိုးပေးထားတဲ့ တချို့လူတွေက ကျွန်တော်နဲ့ အတူဒီပွဲကိုရောက်နေတယ်။ တချို့က ရန်ကုန်ကနေ သတင်းနားစွင့်နေလိမ့်မယ်။ အစ်ကိုတစ်ယောက်ကတော့ ... ။ မမီက အစ်ကိုဘာရေးပေးထားလဲမေးလို့ ကျွန်တော့်အကျီရင်ဘတ်က အစ်ကိုရေးပေးထားတာလေးပြဖြစ်တယ်။ “မောင်ပွတ်ရေ - အားလုံးအိုကေတယ်” ဆိုတာလေ။ ကျွန်တော်ကိုယ်တိုင် ပါဝင်ခွင့်မရခဲ့တဲ့ အဲဒီဆီမနာအတွက် အစ်ကိုပါးချင်တဲ့ သတင်းပေါ့လေ။ အခုကျွန်တော်ကိုယ်တိုင် ပါဝင်နိုင်ခဲ့တဲ့ ဒီပွဲအတွက် တစ်ခုခုပြောပါဆိုရင်တော့ “အားလုံးအိုကေတယ် - ဒါပေမယ့် မပြည့်စုံဘူးဗျာ” လို့ပဲပြောချင်မိတယ်။ အစ်ကိုဆီက “အားလုံးအိုကေတယ်” ဆိုတဲ့စကားကို နောက်တစ်ခေါက် အမြန်ဆုံးကြားရဖို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပါဗျာ...

6 comments:

Unknown said...

congratulation blogger day နေဘုန်းလတ်လွတ်မြောက်ပါစေ ညီညွှတ်တဲ့ မြန်မာဘလော့ community တစ်ခုမှာ နေဘုန်းလတ် လို လူမျိုးမရှိတာအတွက် တစ်ခုခုလိုနေသလိုဘဲ

MELODYMAUNG said...

ဘာပဲဖြစ်ဖြစ်ဒီသတင်းလေး သူကြားရရင်တော့ ၀မ်းသာကျေနပ်မယ်လို့ မျှော်လင့်ပါတယ်လေ

ညီညီ(သံလွင်) said...

ဟုတ်တယ်.. အားလုံးအိုကေတယ်.. ဒါပေမယ့် မပြည့်စုံဘူး။

A random thoughts of a Burmese man said...

ဒါပေမယ့်.......
ဒါပေမယ့်.......
ဒါပေမယ့်.......
ဒါပေမယ့်.......

My Native Land said...

ဟုတ်တယ်.....နေလုံးဖက်မရှိရင်......

Moe Hlaing Nya said...

အစ်ကို
ကျွန်တော် အစ်ကို့ဘလော့မရောက်တာ
တော်တော်ကြာသွားပြီ...
အခုရောက်တော့ ... ဒါပေမယ့်
ဆိုတဲ့ ပိုစ့်လေးကို ကျွန်တော်ကို ရင်ကိုစူးနစ်အောင်
ဆီးကြိုနေတယ်... ဘလော့ဒေး....တဲ့လား
လွတ်ကျသွားတဲ့မြို့တော်ကြီးရှိနေရင်
သူဘယ်လောက်ရင်ခုန်နေမလည်း...
နာကျင်ရပါတယ်အစ်ကို မနှစ်ကထက်
ကျွန်တော့် စိတ်ဓါတ်တွေ ပိုညှိုးနွမ်းသွားတယ်...
ကိုနေဘုန်းလတ် .... အတွက် ၀မ်းနည်းဆုတောင်း
ယုံပဲ တတ်နိုင်တဲ့ ကိုယ့်ကိုယ်ကို ယူကျုံးမရဖြစ်မိတယ် အစ်ကို.....