Saturday, April 19, 2008

Coffee King တစ်နှစ်ပြည့်

ကိုယ်နဲ့ မမြင်ဘူးတဲ့လူ၊ စကားမပြောဘူးတဲ့လူတွေနဲ့ အပြင်မှာ တွေ့ရ၊ ဆုံရ၊ အထူးသဖြင့် တစ်ခုခု အတွက် တိုင်ပင်ကြရတာ အတော်လေး ခက်ခဲတတ်ပါတယ်။ တွေ့ဆုံကြတဲ့ အခါမှာလည်း အစည်းအဝေးခန်း သတ်သတ်မှတ်မှတ် တစ်ခုမှာဆို ကိစ္စမရှိပေမယ့် မရောက်ဘူးတဲ့ နေရာတစ်နေရာမှာဆို ပိုပြီး ကသိကအောက် ဖြစ်တတ်ပါတယ်။ အဲဒီလို မမြင်ဘူးတဲ့ လူတွေနဲ့ မတိုင်ပင်ဘူးတဲ့ ကိစ္စတစ်ခုအတွက် လွန်ခဲ့တဲ့ တစ်နှစ် ( နှစ်ဆန်း ၂ ရက်နေ့ ) က အစည်းအဝေးတစ်ခုကို ကျွန်တော် သွားခဲ့ဖူးပါတယ်။

“ငါတို့လည်း လာမယ်၊ မင်းလည်းသွားလိုက်ပါ” ဆိုတဲ့ Email ကို ကိုဘလာဂေါက်နဲ့ မဘာညာဆီက ကျွန်တော်ရတဲ့ အချိန်မှာတော့ အဲဒီအစည်းအဝေးစဖို့ ၁ နာရီသာသာပဲ လိုပါတော့တယ်။ စာထဲမှာပါတဲ့ ဆက်သွယ်ရန် ဆိုတဲ့ ဖုံးနံပတ်တွေထဲက တစ်ခုကိုဆက်မေးတော့ အစည်းအဝေးလုပ်ဖြစ်ပါတယ်၊ သူတို့လည်း အစည်းအဝေးလုပ်မယ့် ဆိုင်နားမှာ ရောက်နေပါပြီလို့ ပြောပါတယ်။ ကျွန်တော်နဲ့ အခြားသူငယ်ချင်းတစ်ယောက် Coffee King ဆိုတဲ့ ဗိုလ်အောင်ကျော်လမ်းက ကော်ဖီဆိုင်ကို ရောက်တော့ စားပွဲဝိုင်း သုံးဝိုင်းလောက်မှာ လူရှိနေပြီး ကျန်တဲ့ဝိုင်းတွေက အလွတ်တွေပါ။ ဆိုင်ကလည်း အတော်လေး အေးဆေးတာ တွေ့ရပါတယ်။ တစ်ဝိုင်းမှာတော့ ခုံ၂ လုံးလောက်ဆက်ထားပြီး လူငယ်တစ်စု ထိုင်နေတာ သတိထားမိပါတယ်။ ဒါပေမယ့် ဆွေးနွေးကြမယ့် လူတွေက သူတို့ဟုတ်မဟုတ် ကျွန်တော်လည်း မသိတာနဲ့ အခြားစားပွဲအလွတ်မှာထိုင်ပြီး အသီးဖျော်ရည်တစ်ခွက်သောက်နေလိုက်ပါတယ်။ အတော်ကြာလို့ အအေးကုန်သွားပေမယ့် မထူးတာနဲ့ ခုနဖုံးဆက်တဲ့ နံပတ်ကို ထပ်ဆက်လိုက်တော့မှ စားပွဲနှစ်လုံးဆက်ထားတဲ့ ဝိုင်းက ကတုံးဆံပင်ပေါက်နဲ့ (ကိုနေဘုန်းလတ်လို့ နောက်မှသိရတဲ့)လူက ဖုံးကိုင်ပြီး ကျွန်တော်တို့ ဒီဘက်မှာလို့ သူ့ထုံးစံအတိုင်း ဖေါ်ရွေသံနဲ့ ပြန်ဖြေပါတယ်။ ဒီလိုနဲ့ ကျွန်တော်သူတို့ဝိုင်းကို သွားထိုင်လိုက်ပါတယ်။

“ကျွန်တော့်ကို ကိုဘလာဂေါက်တို့ စာပို့ထားလို့ပါ၊ စာအုပ်ကိစ္စ အစည်းအဝေးဆိုလို့ပါ” ဆိုတော့ စာအုပ်နဲ့ ဘောပင်ကိုင်ပြီး ဟိုရေးဒီရေး လုပ်နေတဲ့ (ကိုစိုးဇေယျပေါ့) လူက ကျွန်တော့်ကို ဘယ်ဘလော့ဂ်ကလဲ၊ နာမည်ဘယ်သူလဲမေးတော့ ကျွန်တော် Myanmar OA6 က Mr.Pooh ပါလို့ဖြေပါတယ်။ သူတို့ အချင်းချင်းကြည့်ပြီး တခါမှ မကြားဘူးဖူးဆိုတဲ့ အရိပ်အကဲတွေ သန်းသွားတယ်။ ကျွန်တော်လည်း နည်းနည်းကွန့်ပြီး “ကျွန်တော်မနိုင်းနိုင်းနဲ့တော့ အွန်လိုင်းမှာ နည်းနည်းသိတယ်” ဆိုတော့ သူတို့တွေ ကျွန်တော့်ကို ဘလော့ဂ်ဂါဖြစ်မှန်းတော့ လက်ခံလိုက်ပုံရပါတယ်။ ဟုတ်တယ်လေ - အဲဒီတုန်းက ကျွန်တော့် ဘလော့ဂ်က လာလည်တဲ့လူက တစ်နေ့ ၅ ယောက်လောက်ပဲ ရှိတဲ့ဆီမှာ သုံးယောက်က မနိုင်းရယ်၊ ကိုဂေါက်ရယ်၊ မဘာညာရယ်လေ။ ကျန်တဲ့ နှစ်ယောက်က ခြူသစ်နဲ့ ကျွန်တော်ကိုယ်တိုင်ထင်တယ်။ ဆိုတော့ သူတို့ ကျွန်တော့်ကို မသိတာ မထူးဆန်းသလို တကယ်တော့ ကျွန်တော်လည်း သူတို့နာမည်တွေ မကြားဖူးဘူးဗျ။ နောက်တော့ ကိုစိုးဇေယျက စာအုပ်ထဲ ရေးထားတဲ့ နာမည်တွေဖတ်ပြီး မိတ်ဆက်ပေးတယ်။ ကိုနေဘုန်းလတ်၊ ကိုညီညီသံလွင် (အဲဒီနေ့တုန်းက ဇနီးလောင်း မပိုးနဲ့အတူပေါ့)၊ ကိုဇင်ကိုလတ်၊ ကိုမျက်လုံးတို့နဲ့လေ။

ကိုစိုးဇေယျကပဲ ဘလော့ဂ်တွေ အနေအထား၊ စာအုပ်အကြောင်း၊ စာမူရွေးဖို့၊ ရံပုံငွေ၊ ရည်ရွယ်ချက် စတာတွေ ပြန်ရှင်းပြပါတယ်။ ရယ်စရာကောင်းတာက ကျွန်တော့်ကို ပြောပြနေရင်း ၅ မိနစ်လောက်ကြာတော့ ကိုဘလာဂေါက်နဲ့ မဘာညာတို့ ဝင်လာလို့ မိတ်ဆက်ရင်း သူအစက ပြန်ရှင်းပြရပါတယ်။ ထပ်ရှင်းပြလို့ ၅ မိနစ်လောက်နေတော့ ကိုညီလင်းဆက် (သူ့သူငယ်ချင်းလား၊ ဘာလည်းမသိတဲ့ ကောင်မလေးတစ်ယောက် ပါသေးတယ်ထင်တယ်) ရောက်လာလို့ သူ့ခမျာ အစကနေ ဒါဘယ်သူ၊ ဘယ်ဘလော့ဂ်ကပါ စသည်ဖြင့် ထပ်မိတ်ဆက်ပေး၊ စာအုပ်အကြောင်းပြန်ရှင်းပြရနဲ့ အစည်အဝေးက ရှေ့မရောက်တော့ဘူးလေ။ ကိုတက်စလာ ရောက်လာတဲ့ အခါမှာတော့ “ခင်ဗျားတို့ ဘာသာမိတ်ဆက်ကြတော့ဗျာ၊ မောပြီ” ဆိုပြီးတော့ကို ပြောယူရတော့တယ်လေ။

အောင်မြင်ပါတယ်ဗျာ။ အစည်းအဝေးတစ်ခုအနေနဲ့ရော၊ သူငယ်ချင်းတွေ စုံတွေ့ကြတဲ့ အနေအထားအရရော အဲဒီနေ့ တွေ့ဆုံပွဲလေးဟာ သိပ်ကို အကျိုးရှိခဲ့ပါတယ်။ အဲဒီနောက် အစည်းအဝေးတွေ အကြိမ်ကြိမ်၊ တွေ့ဆုံပွဲတွေ အကြိမ်ကြိမ်နဲ့ ဘလော့ဂ်ဂါတွေ စည်းလုံးခဲ့ကြတာ ထစ်ခနဲဆို လက်ညှိးထိုးပြစရာ Seminar တစ်ခုကျင်းပနိုင်ခဲ့ပြီး စာအုပ်ကလည်း အချောသတ်ဖို့ အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ အဲဒီအစည်းအဝေးနေ့က ပြန်ခါနီးတော့ အချင်းချင်း ဘလော့ဂ်လိပ်စာတွေဖလှယ်၊ email တွေတောင်းနဲ့ ... အဲဒီလူတွေဟာ ခုချိန်ထိ ပြောမနာ၊ ဆိုမနာ တစည်းတလုံးတည်း ရှိနေကြတုန်းပါပဲ။ အဲဒီတုန်းကတော့ အကြံဥာဏ်တွေ တရစပ်ပေးရင်း ရယ်စရာတွေကို သဘောကျကျရယ်နေခဲ့တဲ့ ကိုနေဘုန်းလတ်တစ်ယောက် အစည်းအဝေး တစ်နှစ်ပြည့်တဲ့အချိန်၊ သူနဲ့ ကျွန်တော် စခင်တာ တစ်နှစ်ပြည့်တဲ့ အချိန်မှာမှာ သံတိုင်တွေကြားထဲ အကြောင်းပြချက်မဲ့ ရောက်နေလိမ့်မယ်လို့ ကျွန်တော် စိုးစဉ်းမျှ ထင်မထားခဲ့ပါဘူးဗျာ။ သူ စင်ကာပူလာလည်တော့ ကျွန်တော်တို့ အဲဒီအစည်းအဝေးလေး အကြောင်း ပြန်ပြောဖြစ်ကြသေးတယ်။ သူလည်း အားလုံးကို မှတ်မိနေတုန်းပဲဗျ။ အခုလည်း ရောက်နေရာ နေရာကနေ ဒီနေ့ကို သူသတိရနေဦးမယ်လို့ ကျွန်တော်ယုံပါတယ်။

ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကို စတင်တွေ့ဆုံပေးခဲ့တဲ့ ဒီအစည်းအဝေးလေး တစ်နှစ်ပြည့် အမှတ်တရ ဒီပို့စ်ကို ရေးပါတယ်။ ကျွန်တော့်ကို ဘလော့ဂ်လောကထဲ လက်တွဲခေါ်ခဲ့တဲ့ ကိုဂေါက်၊ မနိုင်း၊ မဘာညာ၊ နောက်ပြီး ကိုနေဘုန်းလတ်နဲ့ သံလွင်ဝိုင်းတော်သားတွေကို အထူးပဲ သတိရရင်း ...

3 comments:

ညီညီ(သံလွင်) said...

ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်ခဲ့ပေါ့.. အရာရာဟာ မနေ့တစ်နေ့က လိုပါပဲ မောင်ပွတ်ရေ။ မှန်တယ်ကွ.. အဲဒီတုန်းက မြန်မာအိုအေစစ်ဘလော့ဂ်က ဆိုတော့ သောက်ရေသန့်ကုမ္ပဏီ ကြော်ငြာဘလော့ဂ်လို့ ထင်တာ :)

နိုင်းနိုင်းစနေ said...

မေခလာ ၀င်ကယ်လိုက်လို့.. ဟား..ဟား
နောင်နောက်ခါလည်း အဲလို ပြန်တွေ့ဆုံနိုင်ကြပါစေလို့..
အဲဒီအချိန်ကျရင် မေခလာ ကိုယ်တိုင်ပါမယ်း)

Thet Htoo@Myat Lone said...

ကိုပွတ်ရေ။ ဒီပို့စ်ကို ကွန်မန့်ပေးနေတာ တစ်ပတ်လောက်ရှိပြီ။ ခုလည်း အဆင်ပြေပါ့မလားမသိဘူး။ ကွန်နက်ရှင်က အဲလို ကောင်းတာ။

အခုလို အမှတ်တရလေး ပြန်ရေးပေးတာ ကျေးဇူးတင်တယ်ဗျာ။ အားလုံးကို မနေ့တနေ့ကလို မှတ်မိနေတုန်းပဲ။

ဒါနဲ့ အဲဒီအချိန် ကိုပွတ်မိတ်ဆက်ကတည်းက ကျွန်တော်က ကိုပွတ်ရဲ့ ဘလော့ဖတ် ပရိသတ်တစ်ယောက်ပါ။ oa6 လို့ ရေးတာလေးကို သတိထားမိလို့ မှတ်မိနေတာပါ။

လူစုံ တက်စုံ ပွဲတွေ လာဦးမှာပေါ့ဗျာ။ ကျွန်းတောလမ်းက အခန်းလေးမှာလည်း ချိန်းကြဦးမယ်လေ။ :)
အမည်မသိ သတင်းထောက်တစ်ယောက်ရဲ့ နောက်ဆုံးပွဲလေး စည်သွားအောင်လို့ပါ။ ဟဲ ဟဲ..။