၁၀ ရက်သာ လိုတော့လျှင် ...
ဟိုတလောက သွန်းသွန်းက သူ Tag ထားတယ်၊ ရေးပါဦးလို့ လာပြောတယ်။ ကျွန်တော်လည်း အဲဒီ Tag နဲ့ ဝေးနေတာကြာပြီမို့ ဒီတခါ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ရေးမယ်လို့ ပြန်ပြောမိတယ်။ အဲဒါနဲ့ ဘာအကြောင်း Tag ထားလဲ သွားဖတ်ကြည့်တော့ မလွယ်လှပါလား။ သေမှာကို ၁၀ ရက်ကြိုသိနေတဲ့လူတစ်ယောက် အနေနဲ့ အဲဒီ ၁၀ ရက်အတွင်း ဘာတွေ လုပ်နေမလဲဆိုပဲ။ သူကလည်း နမူနာရေးပြထားပါတယ်။ ဘုရားသွားမယ်၊ သွေးလှူမယ်ပေါ့။ ကျွန်တော်ဆိုရင်ရော ဆိုပြီးတွေးမိတယ်။ သေမှာကြိုသိနေရင်တော့ အဲလိုကြံစည်လို့ရတာ မှန်ပေမယ့် တကယ်တန်းကျတော့ ဘယ်ကြိုသိမလဲနော်။ သာမန်လူတစ်ယောက် အနေနဲ့ တကယ်ကြိုသိနေနိုင်တာဆိုလို့ တမျိုးပဲရှိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံမယ့်လူ၊ ဒါမှမဟုတ် အသေခံတော့မယ့်လူပေါ့။ ဒီတော့ ဒီစိတ်ကူးယဉ်ဇာတ်လမ်းမှာ ကျွန်တော်က လေယာဉ်မောင်းပြီး ရန်သူ့သင်္ဘောပေါ် အသေခံထိုးဆင်းရမယ့် လေသူရဲလုပ်မယ်ဗျာ။ ဒါမှသာလျှင် ကျွန်တော့် Mission ကို တွက်ကြည့်လို့ရမှာပေါ့။ ဒိုင်ယာရီဆန်ဆန်လေး စမ်းကြည့်မယ်။
ကဲ ... စမယ်ဗျာ ...
၁၀ ရက်အလို
မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်အကြောင်း ဒီနေ့မနက်စောစော အိမ်ကိုဖွင့်ပြောတယ်။ ရန်သူ့သင်္ဘောကြီးပေါ်ကို အသေခံထိုးဆင်းဖို့ ကျွန်တော့်လေယာဉ်တာဝန်ကျတယ်လို့။ မေမေက ချက်ချင်းကြီးပဲ ငိုချတယ်။ ဖေဖေကတော့ “တနေ့သေမယ့်တူတူ ဒီလိုသေခြင်းမျိုးက ကောင်းတယ်” လို့ပြောတယ်။ ကျွန်တော်ကတော့ ခွေးပုလေးပိုက်ပြီး အခန်းထဲဝင်လာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ခြူသစ်(ချစ်သူ) ဆီဖုံးဆက်တယ်။ ကျွန်တော်တို့ ခဏတွေ့ကြမလားပေါ့။ ပြောရင်ယုံမလားတော့ မသိ။ တရှုံ့ရှုံ့ငိုနေတဲ့ ခြူသစ်ကို ချော့ရင်းနဲ့ ကျွန်တော့်တစ်ရက်တာ ကုန်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း မျက်နှာမသာတဲ့ မေမေ့ကို နောက်နှစ်အာဇာနည်နေ့မှာ ကျွန်တော့ကို ဂုဏ်ပြုတဲ့ ပုံတူရုပ်ထုဖွင့်ပွဲလုပ်ကြလိမ့်မယ်လို့ လုပ်ကြံပြောနေမိတယ်။
၉ ရက်အလို
တပ်ထဲမှာ လေ့ကျင့်ဖို့နဲ့ အသေးစိတ် တိုင်ပင်စရာတွေအတွက် အခြေစိုက်စခန်းကို ထွက်လာခဲ့တယ်။ လက်ကျန်ရက်လေးအတွင်း ဘယ်သွားသွားလိုက်မယ်ဆိုတဲ့ ခြူသစ်ကတော့ ကားပေါ်မှာ ငိုရင်း ကျန်နေခဲ့တယ်။ ဗိုလ်ချုပ်က ကျွန်တော့်ကို စိတ်ဓါတ်ခိုင်မာဖို့၊ တည်တည်ငြိမ်ငြိမ်ရှိဖို့၊ တစ်ခုခုအပေါ်မှာပဲ အာရုံစိုက်ဖို့ တဖွဖွပြောနေလို့ သူနဲ့ မျက်မှန်တစ်လက်ကြေး စိန်ခေါ်ပွဲ ဘိလိယက် တစ်ပွဲထိုးခဲ့သေးတယ်။ ကျွန်တော်နိုင်ပါတယ်။ အဲဒီမျက်မှန်တပ်ပြီး သင်္ဘောပေါ် ထိုးဆင်းသွားမယ်လို့ ကတိပေးဖြစ်တယ်။
၈ ရက်အလို
ညကညဥ့်နက်သွားလို့ အိပ်ကောင်းနေတုန်း ဖေဖေလာနှိုးတယ်။ ဘုန်းကြီးကျောင်းကို သင်္ကန်းသွားကပ်ရအောင်တဲ့။ တရားနာရင်း ကျွန်တော်ဖူးခွင့်မရတော့တဲ့ ရွှေတိဂုံဘုရားကြီးကို လှမ်းမျှော်ကန်တော့မိတယ်။ ဘုန်းကြီးကျောင်းကအပြန် ခြူသစ်ကမေးတယ်။ ရှင်မကွဲဘုရားမှာ ဘယ်တော့မှ မကွဲဖို့ ဆုတောင်းတာ သတိရလားတဲ့။ ကျွန်တော်ပြန်ဖြေတယ်။ ဆုတောင်းပြည့်တယ်လို့။ ရှင်ကွဲမှ မကွဲဘဲလို့။ သူ ငိုပြန်တယ်။ နေ့လည်စာကို မေမေက ကျွန်တော်ကြိုက်တဲ့ ငါးဖယ်အုန်းနို့ဟင်း ချက်ကျွေးတယ်။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော်စားချင်တာ ကြာဇံချက်ဖြစ်နေခဲ့တယ်။ ညနေပိုင်း စခန်းကို ခဏသွားတယ်။ ဗိုလ်ချုပ်က ကျွန်တော့်ကို ၂ ရက်အလိုအထိ ရုံးကိုလာစရာမလိုဘူး၊ ၂ ရက်အလိုမှာလာပါ၊ အပြင်ထွက်ခွင့်မရတော့ဘူးလို့ ပြောတယ်။ ရက်ပိုတိုသွားတယ်လို့ ကျွန်တော်ခံစားရတယ်။ သူက ကျွန်တော့်အသက် အာမခံကြေးနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်ပြုဆုငွေတွေကို ဘယ်သူ့ဘဏ်စာရင်းထဲ လွှဲမလဲမေးတယ်။ ဖေဖေနဲ့တွဲဖွင့်ထားတဲ့ အကောင့်နံပတ် ချရေးပေးခဲ့တယ်။
၇ ရက်အလို
သေဖို့ တစ်ပတ်ပဲ လိုတော့တယ်ဆိုတဲ့ အသိက မနက်ကတည်းက ဖိစီးလာတယ်။ အစက သူရဲကောင်းလိုလို ခံစားရပေမယ့် ခုတော့ နည်းနည်းကြောင်ချင်သလိုလိုဖြစ်လာတယ်။ ခွေးပုလေးကို ပိုက်ပြီး မျက်ရည်ကျနေမိတယ်။ နေ့လည်ပိုင်းမှာ တစ်နာရီလောက် ကားမောင်းသွားရတဲ့ ကမ်းခြေမြို့ကလေးက အဘိုးအိမ်ကို ကျွန်တော်တို့မိသားစုလေး ထွက်လာခဲ့တယ်။ ည ၁၀ နာရီလောက်မှ ပြန်လာကြတော့ ဖေဖေက ကားတလှည့်မောင်းတယ်။ ကျွန်တော်က မေမေ့ရင်ထဲမှီပြီး အိပ်လာခဲ့တယ်။
၆ ရက်အလို
အပြင်ထွက်မယ်လို့ တွေးမိပေမယ့် ဖေဖေက အိမ်မှာနေဦးဆိုလို့ မနက်ဘက် အိမ်မှာနေပြီး ဖေဖေနဲ့ Chess ထိုးနေခဲ့တယ်။ ခြူသစ်လည်း ရှိတယ်။ ရေဒီယိုသတင်းတွေမှာ တိုက်ပွဲသတင်းတွေ ဆက်တိုက်ကြားနေရတယ်။ တခါတလေတော့လည်း ခုပဲ လေယာဉ်ပေါ်တက်လိုက်ချင်ပေမယ့် ဒီတခါတက်ရင် ပြန်မလာရတော့ဘူးဆိုတဲ့အသိက အတော်လေးနှိပ်စက်နေတယ်။ Chess ပွဲမှာ အကွက်တွေမှားရွှေ့နေခဲ့ပေမယ့် ဖေဖေက သက်သက်ညှာညှာ ကစားနေခဲ့တယ်။ နောက်ပြီး သူကပြောတယ်။ “ဟေ့ကောင် မင်းလေယာဉ် သင်္ဘောပေါ်တည့်တည့်မကျဘဲ ရေထဲကျသွားရင် ရန်သူက နောက်တစ်ခေါက် ပြန်ထိုးကြည့်ပါလို့ အခွင့်အရေးပေးမယ် မထင်နဲ့” တဲ့လေ။ ခပ်လှမ်းလှမ်းက ရှူဆေးရှူနေတဲ့ မေမေတောင် ပြုံးနေတယ်။ ညစာစားပြီး ခြူသစ်ပြန်သွားတော့ သူ့ကိုပေးမယ့် စာတစ်စောင် ရေးနေခဲ့တယ်။
၅ ရက်အလို
လူသားပီသစွာနဲ့ သေရမှာကြောက်လာတယ်။ အဲဒါကို ဖုံးကွယ်ဖို့ တတ်နိုင်သမျှ အပေါင်းအသင်းတွေ လှမ်းခေါ်ပြီး အိမ်မှာလူစု၊ ဟေးဟားနဲ့နေတယ်။ သူတို့ကိုလည်း အရေးကြီးတဲ့ တိုက်ပွဲရှိလို့ ငါနောက်ဆို တွေ့ဖို့ခဲယဉ်းမယ်၊ တကယ်လို့ ငါသေသွားရင် ဘယ်လိုလုပ်မလဲလို့ မေးကြည့်တော့ သူတို့အပြောင်အနောက်တွေကြားထဲ ကျွန်တော်လည်း ပျော်သလိုလိုရှိလာတယ်။ ငါသေပြီး သရဲဖြစ်မှ တစ်ယောက်ချင်း လိုက်ခြောက်ဦးမယ်လို့ တွေးနေမိတယ်။
၎ ရက်အလို
တိုက်ပွဲဝင်ဖို့က ၄ ရက်လိုသေးပေမယ့် ၂ ရက်အလိုမှာ မိသားစုနဲ့ တွေ့ခွင့်မရတော့တာမို့ ကျွန်တော်ပိုလွမ်းသလိုလို ဖြစ်လာတယ်။ မေမေနဲ့တွေ့ရင် ကျွန်တော်လည်း မျက်ရည်ကျကျနေလို့ အခန်းထဲမှာပဲအောင်းနေပြီး ခွေးပုကလေးနဲ့ ကစားနေခဲ့တယ်။ မေမေက ဘုရားရှိခိုးဦးဆိုလို့ ဘုရားခန်းမှာ တော်တော်ကြာသွားတယ်။ ရန်သူ့လေယာဉ်တင် သင်္ဘောကြီးကြောင့် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ပြည်နယ်တွေ ကျဆုံးလာတယ်။
၃ ရက်အလို
အိပ်ယာနိုးတော့ ကျွန်တော့်အခန်းကို ရှင်းတယ်။ ဘယ်ပစ္စည်းက ဘယ်သူ့ပြန်ပေးရမယ်၊ ဒါက ဘယ်ကိုလှူမယ် စသည်ဖြင့်ပေါ့လေ။ ခြူသစ်ပေးထားတဲ အရုပ်တွေကိုတော့ ဘာလုပ်ရမှန်းမသိလို့ စင်လေးပေါ်မှာပဲ ထားခဲ့မယ်မှန်းတယ်။ မနက်ဖြန် စခန်းကိုသွားရင် အဲ့မှာဖတ်ဖို့ ဝတ္ထုစာအုပ်နည်းနည်းဖယ်ထားတယ်။ ညဘက်တော့ ဘယ်လိုမှ မနေနိုင်တော့ဘဲ မိဘတွေကို ဖက်ပြီး ငိုနေမိတယ်။ ဖေဖေကတော့ သူရဲကောင်းဆိုတဲ့ ပုံစံမျိုးပြောနေပေမယ့် အသံတွေက အက်ကွဲလွန်းနေတယ်။ မေမေကတော့ ရှိုက်သံတောင် သဲ့သဲ့ရယ်။ ခြူသစ်ကို ဟိုတနေ့ကရေးထားတဲ့စာလေး ပေးဖြစ်တယ်။ လွမ်းစရာပါပဲ။
၂ ရက်အလို
ဗိုလ်ချုပ်က နေ့လည်မှ ခေါ်ထားပေမယ့် ကျွန်တော် မနက် ၆ နာရီကတည်းက အိမ်ကထွက်လာတယ်။ မေမေက ကြိုလုပ်ပေးထားတဲ့ ဆီထမင်းနဲ့ ငါးခြောက်ဖုတ်လေး ထည့်ပေးလိုက်သေးတယ်။ စခန်းထဲရောက်ကတည်းက ကျွန်တော့်လွမ်းစိတ်တွေ လျော့ပါးသွားတယ်။ အားလုံးက တက်ကြွနေတယ်။ လေယာဉ်အတက်အဆင်းတွေ မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းလာတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ကျွန်တော့်စွန့်စားမှုအတွက် ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ပေးအပ်ဖို့ လျှောက်ထားလွှာလာပြတယ်။ သူတင်ပြပေးမယ်ပြောရင်း ကျွန်တော့်ကို ပွေ့ဖက်ထားတယ်။ အဲဒီဆုတံဆိပ်ထက် သူပွေ့ထားတာကို ပိုလိုချင်မိတယ်။ အားအင်တွေနဲ့အတူ ယုံကြည်မှုတွေပြန်ရခဲ့တယ်။ အဲဒီညက အကျဉ်းချုန်းလုပ်တဲ့ ညစာစားပွဲမှာ ကော်ဇောနီတွေခင်းလို့လေ။
၁ ရက်အလို
မိသားစုနဲ့ ခြူသစ်ကို သိပ်သတိရနေမိတယ်။ အိမ်နဲ့ ဖုံးပေးပြောဖို့ ဗိုလ်ချုပ်ကို တောင်းပန်ကြည့်ပေမယ့် လုံခြုံရေးအရ ခွင့်မပြုခဲ့ဘူး။ သူတို့မှန်ပါတယ်။ ဒါနဲ့ မိဘတွေကိုကန်တော့တဲ့ စာတစ်စောင်ကို မျက်ရည်လည်ရွှဲနဲ့ ရေးပြီး ဗိုလ်ချုပ်ကိုပေးခဲ့တယ်။ နေ့လည်ပိုင်းမှာ အထူးအစည်းအဝေးခေါ်ပြီး ကျွန်တော်လုပ်ရမယ့် အလုပ်တွေ ရှင်းပြတယ်။ အဓိက အကျဆုံးက သင်္ဘောဆီမရောက်ခင် ကျွန်တော့်လေယာဉ် ပျက်မကျဖို့ပါပဲ။ ညနေပိုင်းမှာ ဗိုလ်ချုပ်က သူတို့ ဘာသာဝင်တွေ ထုံးစံအတိုင်း ကျွန်တော့်ကို ဝတ်ပြုဆုတောင်းစေတယ်။ နောက်ပြီး အလုပ်နဲ့ ဘာမှမပတ်သတ်တဲ့ သူ့ငယ်စဉ်ကအကြောင်းတွေ၊ ယောက္ခမဆိုးတာတွေကို ရည်ရွယ်ချက်ရှိရှိ ပြောပြနေခဲ့တယ်။ ကျွန်တော့်အခန်းပြန်မယ်လုပ်တော့ မင်းအတွက်၊ ငါ့အတွက် မမေ့နိုင်စရာညပါပဲလို့ နှုတ်ဆက်တယ်။
နောက်ဆုံးနေ့
လေယာဉ်ပေါ်တက်မယ့် လေသူရဲကို လေယာဉ်မောင်းဦးထုပ် လှမ်းပေးတဲ့အလုပ်က အကူအကြပ်ကလေးတွေ လုပ်တဲ့အလုပ်ဖြစ်ပေမယ့် ဒီနေ့တော့ ဗိုလ်ချုပ်ကိုယ်တိုင် ကျွန်တော့်ကို ဦးထုပ်လာကမ်းပေးတယ်။ ဦးထုပ်နဲ့အတူ သူ ကတိပေးထားတဲ့ မျက်မှန်လေးလည်းပါတယ်။ မျက်မှန်မတပ်ခင် ကောင်းကင်ကြီးနဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်ဝအောင်ကြည့်နေမိတယ်။ သာယာလွန်းနေသလိုပဲ။ ခပ်လှမ်းလှမ်းမှာ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သတိအနေအထားနဲ့ စောင့်ကြည့်နေကြတယ်။ မကြာခင်မှာ ကျွန်တော်မျက်မှန်တပ်မယ်၊ လေယာဉ်မောင်း ဦးထုပ်စောင်းမယ်၊ အားလုံးကို လှည့်အလေးပြုတဲ့အခါ အဲဒီလူတွေ အားလုံးကလည်း အလေးပြုလိမ့်မယ်။ လေယာဉ်စက်ဖွင့်ပြီး လက်မထောင်ပြရင် ဗိုလ်ချုပ်ကလည်း လက်မပြန်ထောင်ပြလိမ့်မယ်။ လေယာဉ်ရှေ့က တပ်ကြပ်ကြီးက လက်နှစ်ဘက်ယမ်းပြီး အလံပြတာနဲ့ ကျွန်တော့် လေယာဉ်ဘီးတွေက မပြန်လမ်းဆီ စလိမ့်ကြမယ်။ နောက်ထပ် ၈ မိနစ်နဲ့ ၁၆ စက္ကန့်အကြာမှာ ကျွန်တော်ဆိုတာကြီး ပျောက်သွားတော့မယ်။ ဒီစာကြောင်းလေးတွေ ကြိုရေးပြီး ကျွန်တော့် ဒိုင်ယာရီလေးကို လေယာဉ်မထွက်ခင် ဗိုလ်ချုပ်ကို ပေးထားခဲ့တယ်။ ကဲ ... မျက်မှန်တပ်တော့မယ်ဗျာ။
အားလုံးပဲ ကျေနပ်ကြပါစေလို့။

14 comments:
အောင်မြင်ပါစေ .....
ကောင်းလိုက်တဲ့ အိုင်ဒီယာ... ဒီလိုမျိုးကြံကြံဖန်ဖန် (အကျိုးသင့်အကြောင်းသင့်)ရေးထားတာလေး တော်တော်သဘောကျတယ်။ တွေးလည်းတွေးတတ်ပါပေ့။
ဟေ့လူကြီး ခြူသစ်မပြောနဲ့ ကျွန်တော်တောင် ငိုချင်လာပြီဗျာ ကိုပွတ်က စိတ်ကူးကောင်းသလို စကားပြေလည်း စွဲငြိစရာဗျာ အစ်ကို များများရေးနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းရမှာပဲ
လေယဉ်မပျက်ကျရင် ဘယ်လို သေမလဲ သိဘူးနော်...
ဟတ် ဟတ် ဟတ်
သတင်းပေါက်ကြားသွားပြီ လေယာဉ်တင်သင်္ဘောဆီ ရောက်မလာအောင်ပစ်ချမယ်သတိသာထား ဟားဟား
ဂွဒ်ဗျာ။ ဖတ်လို့ကောင်းမှကောင်း။ လမ်းမှာ လေယာဉ် ဘီး မပေါက်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်ဗျာ။ :D
စာကြွင်း။ ။ လေယာဉ်ပျံက ဘီးပေါက်နေတာနဲ့ အဲဒီနေ့က မတက်ဖြစ်ဖူး .... :P
pls don't ever ever write this kind of story again. it really breaks my heart just imaging you're not here with me any more :(
ဟေ့လူ..နောက်စရာလားဗျ..ခညားဟာလေ..
5ရက်အလိုမှာ တဟီးဟီးတဟားဟားနဲ့ဇီးသီးနွားစား လာလည်တဲ့အပေါင်းအသင်းထဲမှာ ငါပါရဲ့လား
အင်း အဲဂလိုတကယ်သာဆို အပြောင်အနောက်လုပ်နိုင်ပါ့မလားမသိ အိအိ နိုချင်လာပီ
အော် ကြိုတော့ပြောထားမယ် နာက သရဲကြောက်ဘူးကွ ငှက်ငှက်
မောင်ပွတ်ရေ.. ခြူသစ်မပြောနဲ့... အမတောင် ဖတ်ပြီး မျက်ရည်ဝဲချင်လာတဲ့အထိ ။ အချိတ်အဆက် မိပြီး တကယ်ဆွဲသွားနိုင်တဲ့ စိတ်ကူးယဉ်အရေးအသားပဲ ။
hat kg, it's nice man! very good idea..
ဝိုး... ဖတ်တာနောက်ကျသွားတယ်။
တယ်လည်း သွေးအေးပါကလား
Post a Comment