Saturday, September 20, 2008

အချမ်းသာဆုံး မင်းမျိုးမင်းနွယ်များ

ပြီးခဲ့တဲ့ အပတ်က သတင်းစာထဲမှာ ကမ္ဘာ့အချမ်းသာဆုံး သက်ရှိထင်ရှား ဘုရင်မင်းမြတ်တွေနဲ့ မင်းမျိုးမင်းနွယ်တွေကို စာရင်းပြုစုထားတာလေးတွေ့မိလို့ ဘာသာပြန် ဖေါ်ပြပေးလိုက်ပါတယ်။

၂၀၀၇ ခုနှစ်က အမေရိကန်ဒေါ်လာ ၅ ဘီလျံချမ်းသာပြီး အဆင့် (၅) နေရာမှာရှိတဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်က ဒီနှစ်မှာတော့ အဆင့် (၁) နေရာကို အမေရိကန်ဒေါ်လာ ၃၅ ဘီလျံချမ်းသာတဲ့ဘုရင်အဖြစ်နဲ့ သိမ်းပိုက်လိုက်နိုင်ပါတယ်။ သက်တော် (၈၀) ရှိပြီဖြစ်ပြီး နန်းသက် (၆၂)နှစ်နဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်မင်းမြတ်ဟာ မြို့တော်ဘန်ကောက်က ၃၄၉၃ ဧကကျယ်ဝန်းတဲ့ ခြံကြီးတွေအပါအဝင် မြေယာတွေ အများအပြားကိုလည်း ပိုင်ဆိုင်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ သမ္မတ စော်ဘွားကြီး ရှိတ်ခါလီဖာက ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၃ ဘီလျံနဲ့ ဒုတိယနေရာကလိုက်ပါတယ်။ အဘူဒါဘီမြို့ရဲ့ သုံးမကုန်တဲ့ ရေနံတွေက ဒီစော်ဘွားကြီးကို မနှစ်ကထက် ၂ ဘီလျံ ပိုမိုကြွယ်ဝလာစေခဲ့ပါတယ်။ တတိယနေရာမှာတော့ ကမ္ဘာ့ရေနံတင်ပို့မှု အများဆုံးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ သက်တော် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မင်းမြတ် အဗ္ဗဒူလာ ရှိပါတယ်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၁ ဘီလျံရှိပါတယ်။

မနှစ်က အချမ်းသာဆုံး မင်းမျိုးမင်းနွယ်တွေထဲ နံပတ် ၁ အဖြစ်နဲ့ “ထီးဆောင်းမင်းတို့ရဲ့ ဘုရင်မင်းမြတ်” ဘွဲ့ခံ ဘရူနိုင်းဘုရင်မင်းမြတ် ဆူလတန်ဟာဂျီကတော့ ဒီနှစ်မှာ နံပတ် ၄ အဖြစ်ကျဆင်းသွားပါတယ်။ သက်တော် ၆၂ နှစ်ရှိတဲ့ ဘုရင်ကြီးဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကြွယ်ဝပါတယ်။ နံပတ် ၅ နေရာမှာတော့ အခြား ယူအေအီးစော်ဘွားတစ်ဦးဖြစ်တဲ့ ဒူဘိုင်းစော်ဘွားကြီး ရှိတ်မိုဟာမက်က ချမ်းသာမှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံနဲ့ ရှိနေပါတယ်။ နံပတ် ၅ နေရာက စော်ဘွားကြီး ရှိတ်မိုဟာမက်နဲ့ နံပတ် ၆ နေရာက လင်ချင်စတိန်းမင်းသား ဟန်စ်အဒမ်(၂)ရဲ့ ပိုင်ဆိုင်မှုကတော့ အတော်လေး ကွာဟပါတယ်။ မင်းသားဟန်စ်အဒမ်(၂) ဟာ အမေရိကန်ဒေါ်လာ ၅ ဘီလျံပဲကြွယ်ဝပြီး ဥရောပမင်းမျိုးတွေထဲမှာတော့ အချမ်းသာဆုံးပါပဲ။ ကာတာစော်ဘွားကြီး ရှိတ်ဟာမဒ် က အမေရိကန်ဒေါ်လာ ၂ ဘီလျံနဲ့ နံပတ် ၇ ၊ သက်တော် ၄၆ နှစ်သာရှိသေးတဲ့ မော်ရိုကိုဘုရင်မင်းမြတ် မိုဟာမက်(၆) က ၁.၅ ဘီလျံနဲ့ နံပတ် ၈ မှာရှိနေပါတယ်။

နံပတ် ၉ ကတော့ မိုနာကိုမင်းသား အဲလ်ဘတ်(၂) ဖြစ်ပါတယ်။ မင်းသားရဲ့ တောင်ဥရောပတလွှားပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံရှိပါတယ်။ နံပတ် ၁၀ ကတော့ အိုမန်စော်ဘွားကြီး ဆူလတန်ကာဗူးစ်ဖြစ်ပြီး ၁.၁ ဘီလျံကြွယ်ဝပါတယ်။ နာမည်ကြီး ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်(၂) ကတော့ နံပတ် ၁၂ မှာ ဒေါ်လာ သန်း ၆၅၀ ချမ်းသာတယ်လို့ ဆိုပါတယ်။ အခြားလူသိများတဲ့ ထီးဆောင်းမင်းတွေဖြစ်တဲ့ စပိန်ဘုရင်မင်းမြတ်နဲ့ ဂျပန်ဧကရာဇ်တို့ကတော့ ထိပ်တန်း ၁၅ ယောက်စာရင်းထဲ မပါခဲ့ပါဘူး။ ဒီစာရင်းဇယားတွေကို နာမည်ကျော် Forbes မဂ္ဂဇင်းက ဒုတိယနှစ်အဖြစ် ထုတ်ပြန်ပေးတာဖြစ်ပြီး ပထမနှစ်ဖြစ်တဲ့ ၂၀၀၇ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ဘရူနိုင်းဘုရင်မင်းမြတ် ဆူလတန် ( ၂၂ ဘီလျံ )
(၂) ယူအေအီးသမ္မတ အဘူဒါဘီ စော်ဘွားကြီး ရှိတ်ခါလီဖာ ( ၂၁ ဘီလျံ )
(၃) ဆော်ဒီဘုရင်မင်းမြတ် အဗ္ဗဒူလာ ( ၁၉ ဘီလျံ )
(၄) ဒူဘိုင်းစော်ဘွားကြီး ရှိတ်မိုဟာမက် ( ၁၆ ဘီလျံ )
(၅) ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ( ၅ ဘီလျံ )
(၆) လင်ချင်စတိန်းမင်းသား ဟန်စ်အဒမ်(၂) ( ၄.၅ ဘီလျံ )
(၇) မော်ရိုကိုဘုရင်မင်းမြတ် မိုဟာမက်(၆) ( ၂ ဘီလျံ )
(၈) မိုနာကိုမင်းသား အဲလ်ဘတ်(၂) ( ၁.၂ ဘီလျံ )
(၉) ကာတာစော်ဘွားကြီး ရှိတ်ဟာမဒ် ( ၁ ဘီလျံ )
(၁၀) အဂါခန်း မင်းသားကြီး ကရင်မ်အယ်လ်ဟူစိန်နီ ( ၁ ဘီလျံ )

6 comments:

thonn thonn said...

ကိုပွတ်ကြီး .. တော်တော်နှံ့စပ်တာပဲ။ အသိပညာတွေ ဝေမျှပေးတာ ကျေးဇူးပါ။

ကလိုစေးထူး said...

အဲဒီလူတွေဆီက အခွန် တယောက်ကို ၁၀% စီ ကောက်ပြီး တခုခု လုပ်ရရင် ကောင်းမလား စဉ်းစားနေတယ်။ :D

KPZ said...

မောင်ပွတ်.. နင့်စာရင်းက မပြည့်စုံဘူးထင်တယ်နော်။ အချမ်းသာဆုံးတစ်ယောက်လိုနေလားလို့.. :P

Anonymous said...

i want to know "Sr Gen Than Shwe" in ကမ္ဘာ့အချမ်းသာဆုံး သက်ရှိထင်ရှား ဘုရင်မင်းမြတ် list.

puluque said...

ကိုပွတ်ရေ..
ဒီသတင်းလေးကို ကျတော်တို့ဆီက ဘုရင်ရူးကြီးများမြင်ရင် ဘယ်လိုနေမလဲမသိ. နာ အချမ်းသာဆုံး နာ အချမ်းသာဆုံး ဆိုပြီး ထအော်နေမလား မသိ..

Anonymous said...

မောင်ပွတ်ရေ .. ထိုင်းဘုရင်က အာရပ် ဘုရင်တွေထက်တောင် ချမ်းသာတယ် မထင်မိခဲ့ဖူး ။ အခု သူက နံပတ် (၁) ဆိုတော့ အံ့သြသွားတယ် ။ အတော်ချမ်းသာတာပဲနော် ။