Tuesday, June 5, 2007

ဗမာပြည်မှ Blogger များ လူရာဝင်လာခြင်း

အင်တာနက်သတင်းများကို အသားပေးဖေါ်ပြလေ့ရှိသော်လည်း Blog များအကြောင်း ရှင်းလင်းဖေါ်ပြပေးခြင်း နည်းပါးလှသော မြန်မာစာနယ်ဇင်းများတွင် ယခုအခါ Blog များနှင့် Blogger များအကြောင်း ထည့်သွင်းဖေါ်ပြလာသည်ကို အားတက်ဖွယ် တွေ့ရှိရပါသည်။ ယခုအပတ်ထုတ် Myanmar Time စာစောင် (အင်္ဂလိပ်ဘာသာ) စာမျက်နှာ (၇) တွင် မြန်မာ Blogger များနှင့်တွေ့ဆုံ၍ စာအုပ်ထုတ်ဝေရေးကိစ္စနှင့် အတွေ့အကြုံများကို ရေးသားထားသည်ကို အောက်ပါအတိုင်းဖတ်ရှုရပါသည်။


အဆိုပါစာစောင်တွင် မြန်မာ Blogger များဖြစ်သော စာအုပ်ထုတ်ဝေရေးတွင်လည်း အားတက်သရောကူညီ ဆောင်ရွက်နေသည့် ကိုဘလာဂေါက်၊ ကိုစိုးဇေယျ နှင့် ကိုညီလင်းဆက်တို့နှင့် တွေ့ဆုံမေးမြန်းခြင်းကို သတင်းထောက် ကိုကျော်စိုးလင်းက ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။ ကိုဘလာဂေါက်က Blog များတွင်ရေးသားကြသော အကြောင်းအရာများနှင့် ကြော်ငြာလက်ခံရရှိခြင်းများကိုလည်းကောင်း၊ ကိုစိုးဇေယျမှ စာအုပ်ထုတ်ဝေခြင်းနှင့် ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးရှင်းပြခဲ့သည်များကို ကိုးကားဖေါ်ပြထားပါသည်။ ကိုညီလင်းဆက်မှလည်း “ လာမယ့်တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ မြန်မာလိုရေးတဲ့ Blog တွေ နှစ်ဆ၊ သုံးဆလောက်များလာမယ်လို့ ကျွန်တော်ထင်တယ် ” ဟု ပြောကြားသွားကြောင်း ရေးသားထားပါသည်။

ထို့အပြင် ယနေ့ထုတ် Voice Weely ဂျာနယ် စာမျက်နှာ (၃၀) တွင်လည်း Blog များကို “ အင်တာနက်ဒိုင်ယာရီ ” ဟု ခေါင်းစဉ်တပ် ရေးသားထားတာကိုလည်း ဖတ်ရှုရပါသည်။ ရေးသားသူ ဖေါ်ပြထားခြင်းမရှိသော အဆိုပါ သတင်းဆောင်းပါးတွင် Blog များကို အပျင်းပြေ သို့မဟုတ် ဗဟုသုတအလို့ငှါ ဖတ်ရှုရန် သင့်တော်ကြောင်း၊ ဒိုင်ယာရီများအပြင် စိတ်ဝင်စားဖွယ် အပြန်အလှန်ဆွေးနွေးခြင်းများကိုလည်း ဖတ်ရှုနိုင်ကြောင်း၊ မြန်မာဘာသာဖြင့် ဖတ်ရှုလိုပါက http://www.myanmardirectory.blogspot.com မှာ ရှာဖွေဖတ်ရှုနိုင်ကြောင်း Website အညွှန်းသဘောမျိုး ရေးသားထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ ရေးကြရန်နှင့် Blog တစ်ခုကို မည်သို့စတင်ပြုလုပ်ရမည်များကို တင်ပြတိုက်တွန်းထားခြင်း မပါဝင်သေးပေ။ ထို့အပြင် အဆိုပါဖေါ်ပြထားသော Blog လိပ်စာတွင် ပြည့်စုံသော Blog Directory များ မပါဝင်သေးသည်ကိုလည်း တွေ့ရပါသည်။

မည်သို့ပင်ဆိုစေကာမူ အထက်ပါကဲ့သို့ Blog နှင့်ပတ်သတ်၍ လူဖတ်များသော စာစောင်များတွင် အသားပေးဖေါ်ပြခြင်းသည် Blog ရေးသားနေသော Blogger များကို လူရာသွင်းလာခြင်းဖြစ်သည်ဟု OA6 Blog မှ ယူဆပါသည်။ ထို့အပြင် မကြာမီ သေသပ်ခန့်ညားစွာ ထွက်ပေါ်လာတော့မည့် မြန်မာ Blog Book အတွက်လည်း ရှေ့ပြေးနိမိတ်ကောင်းများလည်း ဖြစ်ပါသည်။ အင်တာနက်သုံးလေ့ရှိသော ဗမာလူငယ်များအနေဖြင့် Internet = Chatting ဟူသော ခံယူချက်ဆိုးကြီးမှ လွတ်မြောက်၍ Blogs , Forums နှင့် အခြားသော အင်တာနက်ပေါ်မှ အကျိုးကျေးဇူးများကို Entertainment ထက် ကျော်လွန်ရယူနိုင်ကြမည်ဟု မျှော်လင့်ပါသည်။ (သတင်းစဉ်)

11 comments:

Thet Htoo@Myat Lone said...

ကိုအိုအေစစ်ရေ။ အားတက်စရာပါပဲဗျာ

Yan said...

ဒီပို့စ်လေးအတွက် ကျေးဇူးတင်တယ် ကိုမောင်ပွတ်ရေ..
ဆက်ရေးပါဦးဗျာ.

MELODYMAUNG said...

မောင်ပွတ်ရေ အဲလို update information လေးတွေ ဖတ်ဖို့ သိဖို့ အားကိုးပါရစေ
Keep it up Bro!

Sai Linn Thu said...

What a nice post!

Myo Kyaw Htun said...

Oh Great. Thanks you for sharing.

NayPhoneLatt said...

အိုအေစစ်ကွ … အိုအေစစ်ကွ …
တော်ပြီ နှစ်ခါပဲအော်တော့မယ် … တော်ကြာင့ါကို ရေသန့်ဗူးလိုက်ရောင်းနေတယ် ထင်နေကြဦးမယ် …း-)

Unknown said...

ကောင်းပါတယ် ကောင်းပါတယ်

စိုးဇေယျထွန်း said...

ကျွန်တော်က မြန်မာဘားရှင်းမှာ ပါလာမယ် ထင်နေတာ

Anonymous said...

အားရစရာပဲ.. ကောင်းတယ်ဟေ့ ဆက်လုပ်ကြရအောင် ။

pandora said...

ကောင်းတယ် မောင်ပွတ်ရေ.. စည်းစည်းလုံးလုံး ဆက်ရေးကြတာပေါ့.. :) :)

Anonymous said...

ဦးပွတ်ရေ အားရစရာပဲနော် အဲ့သတင်းက။ ပြီးတော့ ကျမတို့တွေ အင်တာနက်က တိုက်ခိုက်မှုတွေလဲ အရာထင်တော့မှာပေါ့။ အားလုံး စည်းလုံးကြရင် ပိုကောင်းမယ် ဆက်လက်ချီတက်ကြတာပေါ့။