Wednesday, June 13, 2007

ကျွန်တော့်လူနာ

ထုံးစံအတိုင်း စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး အားပေးစကားများ ပြောကြားကာ လှည့်ထွက်မည်အလုပ် လူနာဖြစ်သူက ကျွန်တော့်လက်ဖမိုးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အလွန်ကောင်းမွန်ပြေပြစ်သော အင်္ဂလိပ်စကားဖြင့် မေးခွန်းတစ်ခုကို မေးလာသည်။

ဒေါက်တာ၊ ကျွန်တော်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ပါ။ သေခြင်းတရားကို ရင်ဆိုင်ရဲပါတယ်။ ကျွန်တော် ဒီကင်ဆာရောဂါနဲ့ ဘယ်လောက်ခံမလဲ။ သိပါရစေ

အဖြေရှိနေသော ကျွန်တော့်အတွက် စဉ်းစားရမည့် မေးခွန်းမဟုတ်ပါ။ ကျွန်တော်က သူ့ရောဂါကို အထူးကြပ်မတ်ကုသပေးနေသော ဆရာဝန်ပင်ဖြစ်သည်။ ဒီလိုမေးခွန်းများကို ဖြေရင်း သာမန်ဆရာဝန်မှသည် ယခုလို ဆရာဝန်ကြီး ဖြစ်လာခဲ့ပြီ။ အခုလည်း ဒီမေးခွန်း … ကျွန်တော် အတုံ့အဆိုင်းမရှိပင် ဖြေလိုက်သည်။

ယေဘုယျအားဖြင့်ဆိုရင်တော့ လူကြီးမင်းလို ကင်ဆာရောဂါသမားများဟာ တစ်နှစ်လောက်ပဲ အသက်ရှင်နိုင်ပါတော့မယ်

အော်… ကျေးဇူးပါဆရာ

သေခြင်းကို ရင်ဆိုင်ရဲသည်ဆိုသော်လည်း ရင်မဆိုင်ရဲသူတစ်ယောက်ပမာ မျက်လုံးများမှိတ်သွားပြီး အနားယူလိုဟန်ဖြင့် ခေါင်းကို တဘက်သို့စောင်းသွားလိုက်သဖြင့် ကျွန်တော်လည်း အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်။ အခန်းပြင်တွင် လူနာရှင်မိသားစုနှင့်တွေ့ပြီး လူနာအခြေအနေကို ပြောပြပေးလိုက်သည်။ သို့သော် တချို့သော မိသားစုဝင်များ၏ မျက်နှာတွင် အလိုမကျဟန်များ အထင်းသားပေါ်လွင်နေသည်ကို ကျွန်တော် သတိပြုမိသည်။ သူတို့လူနာအား စိတ်မချမ်းသာစရာ ပြောမိ၍ပင်ဖြစ်မည်ဟု ကျွန်တော်တွေးနေမိသည်။

မှန်ပါသည်။ ကျွန်တော့်အတွေး မှန်ပါသည်။ ညဘက်ရောက်တော့ လူနာ၏ညီနှင့် သမီးဖြစ်သူတို့က ဖုံးဆက်ပြီး လူနာစိတ်သက်သာစေရန် စကားပြင်ပြောပေးဖို့ တောင်းဆိုကြသည်။

ဟုတ်ကဲ့။ ဖြစ်ပါတယ်။ ကျွန်တော်ကြည့်ကောင်းအောင် ပြန်ပြောပေးပါ့မယ်

အမေးရှိ၍ အဖြေရှိလိုက်ရသော ကျွန်တော့်မှာ တာဝန်မကင်းသလို ဖြစ်နေသဖြင့် ပြန်၍ စကားဖာရမည်ဖြစ်သည်။ သူတို့သုံးသော စကားတစ်လုံးကိုလည်း မှတ်မိနေမိသည်။
တောင်းပန်ပါတယ် ဆရာရယ် ” ဗမာလူမျိုးများသည် ထိုသို့ပင်နှိမ့်ချ ပြောတတ်ဟန်တူသည်။

ကျွန်တော် တယ်လီဖုံးချပြီး ကုလားထိုင် နောက်မှီကို အားရပါးရမှီချရင်း မျက်နှာချင်းဆိုင်မှ ကျွန်တော့် နာမည်နှင့် ရာထူးရေးထားသော နှစ်ပေပတ်လည် ဆိုင်းဘုတ်လေးကို ဖတ်နေမိသည်။

ဆေးပညာပါရဂူကြီး ဒေါက်တာဂျွန်ကွန်လီ ၊ မျက်နှာနှင့် လည်ပင်းဆိုင်ရာ ကင်ဆာရောဂါအထူးကု၊ ဥက္ကဌ (အမေရိကန်ပြည်ထောင်စု ကင်ဆာရောဂါဆရာဝန်များ အသင်းကြီး)

ဒီလို ဆရာဝန်ကြီး ဖြစ်ပါလျက် ကျွန်တော်သည် လူနာကို စကားပြောရာတွင် အလွန်ပင်ညံ့ဖျင်းသေးသည်ဟု တယောက်တည်း တွေးနေမိသည်။ ဒီလူနာ ဆေးရုံစတက်စဉ်ကလည်း စကားမှားခဲ့မိသည်။ စကားမှားသည် ဆိုသည်မှာ အမှန်အတိုင်းတဲ့တိုး ပြောမိခြင်းဖြစ်သည်။ အဲဒီတုန်းကလည်း ဆေးစစ်ချက် အဖြေများဖတ်အပြီးတွင် လူနာ၏ အခြေအနေကို ကျွန်တော်ရိပ်မိပါသည်။ အခြေအနေသည် မကောင်းသောဘက်မှာ များနေခဲ့ပြီ။ လူနာက သူ့အခြေအနေကို ကျွန်တော့်အား မေးသည်။ ကျွန်တော့် အဖြေကား… “ Condition serious, but not hopeless ” ဟူ၍ ဖြစ်သည်။ အရေးကြီးသည့် အခြေအနေ၊ သို့သော် မျှော်လင့်ချက်မရှိဘူးတော့ မဟုတ် ဟူသော သဘောဖြစ်သည်။ ထိုစဉ်ကတည်းက ကျွန်တော်၏ ဒုတိယပိုင်းမှတ်ချက် “မျှော်လင့်ချက်မရှိဘူးတော့ မဟုတ်” ဟူသော စကားစုကို သံတမန်အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော၊ သွယ်ဝိုက်သောစကားများကို နားလည်ခဲ့သော၊ မျက်နှာရိပ် မျက်နှာကဲ အလွန်ဖမ်းတတ်သော ဤလူနာသည် ကောင်းစွာ သဘောပေါက်နေခဲ့ပါလိမ့်မည်။

ဟုတ်ပါသည်။ ကျွန်တော်၏ လူနာမှာ သာမန်ညောင်ည ငွေတစ်ခုတည်းသာ ချမ်းသာသော လူနာမဟုတ်ပေ။ Mr. United Nation ဟု ခေါင်းဆောင်အသိုင်းအဝိုင်းက ချစ်စနိုးခေါ်ကြသော ရာထူးမှ ပူပူနွေးနွေး အနားယူထားသော ဗမာနိုင်ငံသားကြီး ဦးသန့်ပင်ဖြစ်လေသည်။ တတိယ ကမ္ဘာစစ်ဖြစ်မည့်အရေးနှင့် အခြားသော အရေးအခင်းများစွာကို နယူယောက်ရုံးခန်းအတွင်းမှ တားဆီးကိုင်တွယ်ခဲ့သော ဦးသန့်သည် ယခုတော့ ကင်ဆာရောဂါနှင့် ကုတင်ထက်တွင် လဲလျောင်းနေရပေပြီ။ ကျန်းမာရေးလိုက်စားသော ဦးသန့်၏ အားနည်းချက်မှာ ဆေးပြင်းလိပ် အလွန်ကြိုက်ခြင်းပင်ဖြစ်သည်။ ဆေးပြင်းလိပ်ကို ပါးစောင်မှာခဲပြီး အလုပ်လုပ်နေတတ်သည်။ ထိုအကျိုးဆက်ကို ယခုခံစားရပြီ ဖြစ်သည်။ စကားကောင်းကောင်းမပြောနိုင်၊ အစားအသောက်ကောင်းစွာ မြိုမချနိုင်ဖြစ်ရသည်။

ကျွန်တော် လူနာခန်းထဲဝင်လိုက်တော့ ဦးသန့်နှင့် မိသားစုစကားပြောနေသဖြင့် လူနာစောင့်များ ထိုင်သည့်ခုံတွင် ထိုင်ပြီးစောင့်နေမိသည်။ ကျန်းမာစဉ်က ပေါင် ၁၆၀ ရှိသော ဦးသန့်သည် ယခု ပေါင် ၁၁၀ သာရှိတော့သည်။ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းပြောပွဲများတွင် ကြည်လင်စူးရှစွာ ကြားရလေ့ရှိသော သူ့အသံများမှာ အခုတော့ ခပ်သြသြကြီး ဖြစ်နေသည်။ ဦးသန့်က အနီးရှိလူများကို မှုန်ရီစွာကြည့်ရင်း တီးတိုးပြောနေသည်။

အမေနဲ့ တွေ့ချင်တယ်ကွာ” “တွေ့ရမှာပေါ့လေ” တကိုယ်တည်း နှစ်သိမ့်သလိုပြောနေခြင်းဖြစ်သည်။ သမီးဖြစ်သူမှာ မျက်ရည်များပင် ကျဆင်းနေလေသည်။ ကျွန်တော်လည်း စမ်းသပ်ဖွယ်ရာများ လုပ်ဆောင်ပြီး မနေ့က စကားအတွက် ပြင်ဆင်ဖာထေး ပြောဆိုကာ ထွက်လာခဲ့လေသည်။

ရက်သတ္တပတ် အနည်းငယ်ကို ဖြတ်ကျော်ခဲ့လေပြီ။ ဦးသန့်၏ အခြေအနေကား တက်ရိပ်မပြ။ ဆိုးသထက် ဆိုးလာနေသည်ဟု ကျွန်တော်မှတ်ချက် ချမိသည်။

ထိုနေ့က နိုဝင်ဘာ ၂၅ ရက်နေ့၊ ၁၉၇၄။

ကျွန်တော်လည်း ဦးသန့်မိသားစုနှင့်အတူ လူနာခန်းထဲတွင် ရှိနေခဲ့သည်။ မှိန်းနေသော ဦးသန့်ကို လူနာစောင့်သဘော စောင့်နေကြခြင်းဖြစ်သည်။ ခဏနေတော့ ဦးသန့်လူးလွန့်လာပြီး သမီးဖြစ်သူကို ခေါ်ကာ အချိန်မေးသည်။

ဘယ်အချိန် ရှိပြီလဲ သမီး
တစ်နာရီထိုးပါပြီ ဖေဖေ
နေ့လည်လား ၊ ညလား သမီး
နေ့လည် တစ်နာရီပါ
အော်… တစ်နာရီတောင် ရှိပြီကို

အသက်ပြင်းပြင်းရှူရင်း ဦးသန့် မျက်လုံးပြန်မှိတ်သွားသည်။ သမီးဖြစ်သူလည်း ကျွန်တော်တို့အနား လာထိုင်ရင်း ထွေရာလေးပါးပြောနေကြသည်။ ဦးသန့်၏ ဇနီးဖြစ်သူ ဒေါ်သိန်းတင်ကတော့ ဗုဒ္ဓဘာသာတရားတော်များကို ရွတ်ဖတ်နေလေသည်။ ကော်ဖီ တစ်ခွက် သောက်ပြီးချိန်တွင် ဦးသန့် ကုတင်ကိုလှမ်းကြည့်မိတော့ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားသည်။ ဦးသန့်နှင့် ချိတ်ဆက်ထားသော နှလုံးခုန်နှုန်းပြ ကိရိယာတွင် မျဉ်းဖြောင့်များသာ တွေ့ရတော့သည်။ ကျွန်တော် ချက်ချင်းထလာပြီး နှလုံးခုန်နှုန်းတိုင်းကြည့်တော့ … သေချာခဲ့ပြီ … ပြည်သူချစ်သော ဦးသန့်သည် ကျွန်တော်တို့အားလုံးကို ထားရစ်ခဲ့လေပြီ … ပိတ်ထားသော မျက်လုံးတို့သည် ဘယ်သောအခါမှ ပြန်ပွင့်လာတော့မည် မဟုတ်တော့ပေ။ သည်းထန်စွာ ငိုကြွေးနေကြသော မိသားစုကို ထားခဲ့ပြီး ကျွန်တော် အခန်းပြင်ထွက်လာခဲ့တော့ များလှစွာသော သတင်းထောက်များ၊ သံရုံးဝန်ထမ်းများ ၊ အစိုးရကိုယ်စားလှယ်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ ကို အခန်းဝတွင် တွေ့ရသည်။ သူတို့ မေးခွန်းက တစ်ခုတည်းပင်။

ဦးသန့် ဘယ်လိုနေသေးလဲ ၊ ဦးသန့် နောက်ဆုံးအခြေအနေလေး သိပါရစေ

ဦးသန့် ကျွန်တော်တို့အားလုံးကို ထားရစ်ခဲ့ပါပြီဗျာ

----------------------
------------------------------------------------------------------
ဦးသန့်ကို ကုသပေးခဲ့သော ဆရာဝန်ကြီး ဂျွန်ကွန်လီ အဖြစ်ခံစားရေးသားထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးသည် ဦးသန့် အပါအဝင် မည်သူတဦးတယောက်ကိုမှ ထိပါးလိုခြင်း၊ နှိမ့်ချလိုခြင်း၊ စော်ကားလိုခြင်းများမရှိဘဲ တတ်ကျွမ်းသလို ရေးသားထားခြင်းဖြစ်ပါသဖြင့် အမှားပါပါကလည်း ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါသည်။
Ref : ကမ္ဘာငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (တက္ကသိုလ် စိန်တင်) ၊ အင်တာနက်။


3 comments:

ကိုဖြိုး said...

အားးး မောင်ပွတ် တစ်မျိုးကြီးပဲဖြစ်သွားတယ် ဖတ်ရတာ ... ဦးသန့်ရဲ့ နောက်ဆုံးအချိန်ကို မြင်ယောင်လာမိတယ်။ သြော် ... ဆေးလိပ်လျှော့ဦးမှပဲ ...

Chocolaier said...

ဖတ်ပြီး ငိုပါတယ်... ပြန်စဉ်းစားပြီး ဒေါသထွက်လာပါတယ်(ရေးသူကိုမဟုတ်ပါ၊ နားလည်မယ်ထင်ပါတယ်)... ထပ်စဉ်းစားပြီး အားမာန်တချို့ရလိုက်ပါတယ်...

Anonymous said...

မောင်ပွတ်.. ဒါလေးကောင်းတယ်ကွာ ။