Wednesday, June 20, 2007

တတိယအကြိမ်မြောက် အစည်းအဝေးကို မပျက်မကွက်တက်ရောက်ပါရန် နှိုးဆော်ဖိတ်ကြားခြင်း

လာမယ့် တနင်္ဂနွေနေ့မှာ ရန်ကုန်က Blogger တွေ တတိယအကြိမ်ထပ်မံ ဆုံတွေ့ဖို့ စီစဉ်ထားကြကြောင်း ကိုနေဘုန်းလတ် Blog မှာ ဖတ်လိုက်ရပါတယ်။ ဒီတခါ ဆုံတွေ့ကြရာမှ အရင်နှစ်ကြိမ်ထက် ပိုပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် စီစဉ်မျှော်လင့်ထားလို့ ရန်ကုန်က Blogger တွေအားလုံး၊ အထူးသဖြင့် စာအုပ်ကိစ္စကို ဝင်ရောက်ကူညီနေသူတွေ၊ ကူညီဖို့ စိတ်ဝင်စားသူတွေ အားလုံး မျက်နှာစုံညီ တက်ရောက်စေချင်တယ်လို့ ကျွန်တော်သိရပါတယ်။ မလာ လာအောင် သူကလည်း မွေးနေ့အကြောင်းပြပြီး အကျွေးအမွေးနဲ့ ဧည့်ခံပါမယ်တဲ့။

ကျွန်တော့်အနေနဲ့လည်း ဖြစ်နိုင်ရင်၊ အဆင်ပြေရင် လက်လှမ်းမီသမျှ Blogger တွေအားလုံး တက်ရောက်ဆွေးနွေးပေးကြဖို့ ဖိတ်ကြားလိုပါတယ်။ နေ့ကလည်း ပိတ်ရက်၊ နေရာကလည်း မြို့လည်ခေါင်မှာဖြစ်လို့ လာနိုင်ကြမယ်လို့ ထင်ပါတယ်။ စာအုပ်ကိစ္စဆိုတာကလည်း အားလုံးစိတ်တူကိုယ်တူ လုပ်နေကြတာဖြစ်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ငွေအားလူအား ကူညီနေကြသူတွေ ချည်းပဲဖြစ်လို့ ကိုယ့်အမြင်လေးကို တင်ပြဆွေးနွေးနိုင်အောင် လာခဲ့စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အောက်ပါအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(၁) မျက်နှာဖုံး Design
(၂) အတွင်းစာမျက်နှာများ အတွက် Layout Design ချထားခြင်း
(၃) စာလုံးပေါင်းစစ်ခြင်း နဲ့ အမှာစာ
(၄) စာအုပ်တွင် ပါဝင်မည့် အကြောင်းအရာများ ခွဲထားခြင်း
(၅) စိစစ်ရေးအတွက် Nick နှင့် Post များကို ပြောင်းလဲပြင်ဆင်ခြင်း
(၆) ရန်ပုံငွေ အခြေအနေ
(၇) စာအုပ် Publish လုပ်ရန်အတွက် တာဝန်များ ခွဲဝေခြင်း တို့ပဲဖြစ်ပါတယ်။ ဒါတွေအပြင် အခြားဆွေးနွေးစရာတွေကို ကိုစိုးဇေယျ Blog မှာ တင်ထားပါသေးတယ်။

လက်ရှိအချိန်မှာတော့ စာအုပ်အတွက် စာမူများရွေးချယ်တဲ့ အလုပ်ကို သူငယ်ချင်း ၁၅ ယောက် အင်တိုက်အားတိုက် ဝိုင်းဝန်းလုပ်ဆောင်နေကြပြီး အဲဒါဟာ ဇွန်လကုန်ဆိုရင် လက်ရွေးစင် Post တွေကို ကြေငြာနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ Post တွေ ကြေငြာပြီးရင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို စီစဉ်ကြရတော့မှာဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေနိုင်မယ့်အချိန်ကို World Blog Day နဲ့ မရှေးမနှောင်းမှန်းထားတာဖြစ်လို့ လက်ကျန်ကိစ္စတွေကို ဆုံးဖြတ်စရာရှိတိုင်း လူစုလိုက်၊ မဲပေးလိုက် လုပ်နိုင်တော့မယ်လို့ ကျွန်တော်တော့မထင်ပါဘူး။ ဒါကြောင့် အခုအစည်းအဝေးလေးမှာပဲ နည်းနည်းအချိန်ယူပြီး ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရအောင်ပါ။ ပြည်ပက စာအုပ်အခြေအနေကို နားစွင့်နေကြတဲ့ သူငယ်ချင်းတွေကိုလည်း တိတိကျကျ အကြောင်းပြန်နိုင်ဖို့လည်း လိုနေပါတယ်။

တဖက်က ပြန်ကြည့်ရင်လည်း ဒီနေ့အထိ ကျွန်တော်တို့ စာအုပ်အတွက် ပြီးစီးအောင်လုပ်ခဲ့တဲ့ အလုပ်တွေဟာ ငွေကုန်ကြေးကျ မရှိသလောက် နည်းပါသေးတယ်။ Online ပေါ်ကနေ လုပ်သွားကြတာ များပါတယ်။ မှားသွားရင် အချိန်နည်းနည်း ပိုပေးရတာကလွဲရင် ကြီးကြီးမားမား မနစ်နာသေးပါဘူး။ ဒါပေမယ့် ဒီအစည်းအဝေးပြီးရင် လုပ်သွားမယ့်အလုပ်တွေကတော့ အနည်းနဲ့အများ ငွေစသုံးပါတော့မယ်။ ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ ဗမာ Blogger တွေဆီက နည်းအမျိုးမျိုးနဲ့ ခက်ခက်ခဲခဲ ( ခက်ခက်ခဲခဲ ဆိုတာ ရန်ကုန်ရောက်အောင် ပို့ပေးတာကို ပြောတာပါ။ ကပ်စေးနဲလို့ မနည်းတောင်းရတယ်လို့ ပြောတာမဟုတ်ဘူးနော်) ကောက်ခံထားရတဲ့ ရန်ပုံငွေတွေကို အမှားမရှိ တိတိကျကျသုံးစွဲနိုင်အောင် ဝိုင်းဝန်းဆွေးနွေးပေးဖို့ ဒီအစည်းအဝေးကို ဖိတ်ခေါ်ပါတယ်။ စကားစပ်မိတုန်း ပြောရရင် အလှူငွေ မထည့်ရသေးသူများ၊ ထည့်ပြီးသော်လည်း ထပ်ထည့်ချင်နေသေးသူများလည်း အလှူငွေများ မမေ့မလျော့ ယူလာနိုင်ကြောင်း သတင်းပေးလိုပါတယ်။

ကျွန်တော်ဖိတ်စာက နည်းနည်းများ ရှည်သွားသလား မသိပါဘူး။ လိုရင်းကတော့ Blogger သူငယ်ချင်း မောင်နှစ်မများ အားလုံးမပျက်မကွက် တက်ရောက်စေလိုပါတယ်။ ပြည်ပက ဆွေးနွေးလိုသူများ၊ ဆွေးနွေးပေးစေလိုတဲ့ Topic ရှိသူများကတော့ စနေနေ့ နောက်ဆုံးထားပြီး ဒီ Post လေးမှာ Comment ရေးပြီးဖြစ်စေ၊ ကျွန်တော့် Email – oa6.mrpooh@gmail.com ကို စာပို့ပြီးဖြစ်စေ ဆွေးနွေးပေးနိုင်ပါတယ်။ အထူးသဖြင့် စာမူဖတ်ပေးနေသော သူငယ်ချင်း ၁၅ ယောက်မှ ရန်ကုန်ရှိ သူငယ်ချင်းများလည်း မဖြစ်မနေ တက်ရောက်ဆွေးနွေးပေးဖို့ လိုအပ်နေပါတယ်။ ကျွန်တော့် ဒီ Post လေးကို ဖတ်ပြီး အဲဒီနေ့မှာ ဆွေးနွေးမယ့် ခေါင်းစဉ်အကြမ်းလေးတွေကို ကြိုတင်စဉ်းစားပေးလာကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ အဲဒီခေါင်းစဉ်တွေမှာ ငါကူညီနိုင်တာ မရှိဘူးဆိုပြီးတော့လည်း မလာဘဲ မနေကြပါနဲ့ဦးနော်… ကိုနေဘုန်းလတ်ရဲ့ အသက် ၃၅ နှစ်ပြည့် ဝါးတီးကလည်း ရှိသေးတယ်လေ။

3 comments:

NayPhoneLatt said...

27 နှစ်ပြည့်တာဗျို့ ...။ သားတို့က ဘ၀မစသေးဘူး အခုမှ ကလေးပဲရှိသေးတာ။ (2 ယောက်)

Thet Htoo@Myat Lone said...

ကိုအိုအေစစ်။ ကျွန်တော်မီတင် လာတက်ပါမယ်ခင်ဗျာ။

Ka Daung Nyin Thar said...

မြန်မာဘလော့ဂါများ “အနာဂတ်လှိုင်း၏ ဆုံမှတ်များ” စာအုပ်ထုတ်ဝေရေးတွင် ပါဝင်ဆွေးနွေးသူများခင်ဗျား

ကျနော်ကတော့ စင်္ကာပူက ကဒေါင်းညင်သာ ဖြစ်ပါတယ်။ ဘလော့ဂါတွေထဲမှာ နာမည်ရင်း ထုတ်ပြောလို့ မရတဲ့အတွက် ခွင့်လွှတ်စေချင်ပါတယ်။ တနေ့ကျရင် ကျနော့်ကို တွေ့ဖူးသိဖူးလာမှာပါ။ ကျနော် အခုစာရေးဖြစ်ပြီး ဆွေးနွေးခွင့်ရတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။

ကျနော် ဆွေးနွေးချင်သော အကြောင်းများ
၁) ဘလော့စာမူ ရွေးချယ်ခြင်း

အခု ကျနော်တို့ စာမူတွေ ရွေးနေပါတယ်။ လကုန်ရင် အကောင်းဆုံး အကြိုက်ဆုံး စာမူတွေ ရလာပါမယ်။ ကျနော်တို့ အယ်ဒီတာ ၁၅ ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေက ဘာလဲ ဆိုတာ အရင်ဆုံး သိချင်ပါတယ်။ ရန်ကုန်က ဘလော့ဂါများ (စာအုပ်ထုတ်ဝေရေးမှာ ပါဝင်သူများ) ဘယ်နှစ်ပုဒ် ပုံနှိပ်ဖို့ စဉ်းစားထားပါသလဲ။

စာမူရွေးပြီးရင် ဆင်ဆာလွတ်အောင် Self-censor လုပ်ရပါမယ်။ လုပ်တဲ့အခါ ကျနော်တို့ အယ်ဒီတာတွေအနေနဲ့ ရွေးပြီး စာမူတွေကို ပြန်ဖတ်ရပါမယ်။ နောက် ဆင်ဆာလွတ်အောင် တည်းဖြတ်ရပါမယ်။ ကျနော်တို့ရဲ့ ရောင်းရင်းဘလော့ဂါများအနေနဲ့ အဲလို တည်းဖြတ်ခံရတာကို သဘောကျနိုင်ပါ့မလား။ သူတို့ကို အရင်ဆုံး ခွင့်မတောင်းနိုင်ရင် ကျနော် အကြံပေးချင်တာက ဘလော့စာအုပ် မာတိကာမှာ ဘလော့ဂါတွေကို အရင်ဆုံး တောင်းပန် ကျေးဇူးတင်လွှာ ထည့်သင့်ပါတယ်။

စာမူတွေကို ရွေးနေတုန်း သတ်ပုံစစ်မှာလား မစစ်ဘူးလားဆိုတာနဲ့ ပတ်သက်ရင် ရွေးပြီးမှ စစ်တာ ပိုသက်သာပါလိမ့်မယ်။ စာမူသတ်ပုံစစ်ရင် ဆန်ကာစစ်သလို အဆင့်ဆင့် စစ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အယ်ဒီတာတွေကို ပို့စ်တွေ ဘယ်လောက်က ဘယ်လောက် ခွဲပေးပြီး စစ်ကြဖို့။ နောက် ဒုတိယအဆင့် စာမူလဲလှယ်စစ်ဖို့နဲ့ တတိယအဆင့် မမေဓာဝီ သို့မဟုတ် ကိုကလိုစေးထူးကို overall စစ်ခိုင်းဖို့ အကြံပေးလိုပါတယ်။ သူတို့ကလည်း ကူညီဖို့ အဆင်သင့်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

၂) စာအုပ်ထုတ်ခြင်း

စာအုပ်အရွယ်အစားနဲ့ အဖုံးဒီဇိုင်းကို ရန်ကုန်က တတ်ကျွမ်းသူ ဘလော့ဂါများလက်ထဲ လွှဲအပ်ယုံကြည်ထားပါတယ်။ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ။ ဒီဇိုင်းကိုလဲ ရန်ကုန်ကပဲ လုပ်ပါ။ အဓိကက ပြည်တွင်းက ဒီဇိုင်နာတွေအတွက် portfolio သော်လည်းကောင်း၊ အလုပ်အတွက် အလေ့အကျင့်သော်လည်းကောင်း ရစေချင်လို့ပါ။

၃) စာအုပ်ရောင်းခြင်း

စင်္ကာပူနဲ့ နိုင်ငံရပ်ခြားကို စာအုပ်ပို့ရင် ဘယ်လောက်ကုန်မလဲ။ ဒီမှာ ဘယ်လောက်နဲ့ ရောင်းမလဲဆိုတာ ဆွေးနွေးရပါမယ်။ ရန်ကုန်မှာလဲ ဘယ်ဈေးနဲ့ ရောင်းမလဲဆိုတာကို ဆွေးနွေးကြရပါမယ်။ အလှုငွေထည့်သူများကို စာအုပ်တအုပ် လက်ဆောင်ပေးဖို့လဲ အကြံပေးပါတယ်။ နိုင်ငံရပ်ခြားက ဘယ်သူတွေ ဒိုင်ခံရောင်းမလဲဆိုတာ တိုင်ပင်ပြီး သူတို့ ဘယ်လောက်နဲ့ ရောင်းပေးနိုင်လဲဆိုတာ ဆွေးနွေးရပါမယ်။

၎) ရံပုံငွေထားခြင်း

ဘလော့စာအုပ်ရောင်းရငွေကို ရန်ပုံငွေ ထားသင့်တယ်လို့ ယူဆပါတယ်။ ဒါမှ နောက် လုပ်စရာတွေ ရှိရင် ရန်ပုံငွေထဲက အသုံးချလို့ ရမှာပါ။ ရန်ပုံငွေကို တယောက်ကို အပ်ပြီး နောက်တယောက်က ပြန် check လုပ်တာမျိုး ထားသင့်ပါတယ်။ ရမ်းဗုံးငွေ ဖြစ်သွားမှာ စိုးလို့ပါ။ တကယ်လို့ ဘလော့ဂါအများက အလှုလုပ်ချင်တယ်ဆိုလဲ လုပ်ကြပါ။ ကျနော့်အနေနဲ့ ကောင်းတဲ့ ဘယ် cause မဆို ထောက်ခံပြီးသားပါ။

၅) ဘလော့စာအုပ် အတွင်းပိုင်းများ

ဘလော့စာအုပ်ကို အောက်ပါ အခန်းလိုက် ခွဲသင့်တယ်လို့ အကြံပေးချင်ပါတယ်။
၁) ဘလော့ဂါဆိုတာ ဘာလဲ Definition
၂) ရသ
၃) ကဗျာ
၎) ဆောင်းပါး

အဲလို ခွဲပြီးရင် သူ့အခန်းအလိုက် ကြယ်အများဆုံးကနေ အနည်းထိ စီ ပြီးတော့ အများဆုံးကို ပြန်စီ ထည့်ပေးသွားပါ။ ဒါမှ စာအုပ်ဖတ်သူအနေနဲ့ အမြင့်ဆုံး စိတ်ကျေနပ်မှုကို ရနိုင်မယ်လို့ ကျနော် ထင်ပါတယ်။

၆) ဘလော့စာအုပ်ထုတ်ဝေခြင်း၏ လှိုင်းဂယက်များ

ဒါကလည်း ဆွေးနွေးသင့်တယ်လို့ ယူဆပါတယ်။ ဘလော့စာအုပ်ထုတ်ပြီးရင် အာဏာပိုင်များက ဒါကို စိတ်ဝင်စားလာပြီး အာရုံစိုက်မိသွားရင် လွတ်လပ်စွာ ရေးသားခွင့် အခွင့်အရေးကို မြန်မာဘလော့ဂါများ ခံစားနိုင်ဖို့ နည်းသွားနိုင်ပါတယ်။ ကျနော် အကြံပေးချင်တာက စာမူရွေးတဲ့အခါမှာ နိုင်ငံရေးဆန်တာတွေကို တတ်နိုင်သလောက် နည်းဖို့၊ ဘလော့ဂါများအနေနဲ့ ရန်ကုန်က ဘလော့ဂါများအနေနဲ့ မီဒီယာတွေမှာ အများကြီး ပါမလာဖို့ (low profile) နေဖို့ အကြံပေးလိုပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဘလော့စာအုပ် ထုတ်နိုင်တော့မှာပါ။ ညီညွတ်ကြဖို့နဲ့ တစိတ်တည်းရှိဖို့သာ လိုပါတယ်။

ကဒေါင်းညင်သာ