Thursday, June 28, 2007

ကျွန်တော်တို့ရဲ့ မြို့တော် (သို့) ကျွန်တော်သိတဲ့ နေဘုန်းလတ်


ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်

အဲဒီစာလေးတစ်ကြောင်းကို ဖတ်ပြီး ကျွန်တော် ပြုံးမိသည်။ အဲဒီအချိန်က ကိုနေဘုန်းလတ်က စာသင်ခန်းထဲက ဆရာနဲ့ ကျောင်းသားအကြောင်းတွေ တစိုက်မတ်မတ် ရေးနေစဉ်ကဖြစ်သည်။ တိတိကျကျ ပြောရလျှင် Blogger များ ပထမအကြိမ် ဆွေးနွေးပွဲအပြီး နောက်တစ်ရက်၏ မနက်ခင်းမှာ ဖြစ်သည်။ အစည်းအဝေး မတိုင်ခင်က သူ့ Blog နှင့် သူ့နာမည်ကို ကျွန်တော်မကြားဖူး၊ မသွားဖူးခဲ့ပါ။ အစည်းအဝေးတက်ပြီးတော့ သူတို့အားလုံး၏ Blog တွေ သွားရောက်လည်ပတ်ဖြစ်သည်။ အဲဒီမှာ အထက်ပါ Blog Title လေးကို ဖတ်မိပြီး ကျွန်တော်ပြုံးမိခြင်းဖြစ်သည်။ ဒီ Title လေးကိုကြည့်ပြီး သူ့မှာ နောက်ခံ ခံစားချက်တွေ အနည်းနဲ့အများရှိလိမ့်မည်ကို ကျွန်တော် သတိထားခဲ့မိပါသည်။ နောက်ပြီး အဲဒီ ခံစားချက်တွေကို သူ တယုတယ သိမ်းဆည်းထားဆဲဟုလည်း ကျွန်တော်ထင်နေမိသည်။

ငါက Y.I.T ကျောင်းသားဟောင်းကွ
ကျွန်တော် ထင်သားပဲ။ အစ်ကို့ပုံစံက Community တစ်ခုကို တာဝန်ယူရဲတဲ့ Y.I.T ကျောင်းသားရုပ်မျိုးလေ
ငါ ခေါင်းနဲ့ ခေါင်မိုး တိုက်နေပြီကွ

သူနဲ့ ပထမဆုံး Gtalk မှာ ပြောစဉ်က သူ့အပေါ်ထားသော ကျွန်တော့်မှတ်ချက်ပင်ဖြစ်သည်။ စာအုပ်ဖြစ်မြောက်ရေးအတွက် သူ ကူညီနေပုံက ကျွန်တော့်မှတ်ချက် မမှားကြောင်း ပိုမိုခိုင်မာလာအောင် သက်သေပြနေသယောင်ပင် ဖြစ်သည်။

တကယ်တော့ Blog ပေါ်မှ သူငယ်ချင်းတွေသည် စာတွေကို ဖတ်ရင်း၊ Blog ကို ပြင်ဆင်ထားပုံကို လေ့လာရင်း အချင်းချင်းမှတ်ချက်ပေးပြီး ခင်မင်လေ့ရှိသည်။ လူချင်းလည်း သိပ်မမြင်ဖူးကြ။ မြင်ဖူးဦးတော့ - ခင်ခင်မင်မင် တွဲ၍သွားလာခဲသည်။ ကျွန်တော်နှင့် ကိုနေဘုန်းလတ်တို့ကတော့ အပြင်မှာ တွေ့ဖြစ်ကြသည်။ သူက အင်တာနက်ကဖေး ၂ ဆိုင်ဖွင့်ထားသဖြင့် သူ့ဆိုင်မှာ အင်တာနက်သွားသုံးရင်း လက်ဘက်ရည်ဆိုင်ထိုင်၊ စာအုပ်ကိစ္စတိုင်ပင်နှင့် ပိုခင်သွားကြသည်။ အိမ်ချင်းလည်းနီးသဖြင့် ကျွန်တော်အားသော ညနေခင်းများကို သူ့နှင့်ပင် လက်ဘက်ရည်ဆိုင်တွင် အချိန်ဖြုန်းနေဖြစ်လေသည်။

နောက်တစ်ခုက သူသည် Blogger များအကြား သြဇာရှိသော၊ အောင်မြင်သော “ သံလွင်အိပ်မက် ” Online စာစောင်၏ အယ်ဒီတာတစ်ဦးလည်းဖြစ်သည်။ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ဖတ်လေ့ရှိသော ထိုစာစောင် ထွက်မည့်ရက်ဆိုလျှင် သံလွင်အယ်ဒီတာများ ညမအိပ် နေ့မနား အလုပ်လုပ်ကြရသည်။ ထို့အပြင် ကိုနေဘုန်းလတ်သည် အချို့သော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ဖေါ်ပြခံရသော စာရေးဆရာတစ်ဦးလည်း ဖြစ်သေးသည်။ သူ၏ စာအရေးအသား အသွားအလာများမှာ အများနဲ့မတူ သွက်လက်လှသည်။ ထိထိမိမိ ဖွဲ့နွဲ့လေ့ရှိပြီး အတွေးအမြင်လေးများ ကြားညှပ်ပါတတ်သည်။ ကျွန်တော်စာရေးလျှင် အခြားသောစာရေးဆရာများကို အတုယူရေးသားတတ်သည်။ ဥပမာ - ဟာသရေးလျှင် ကျွန်တော့်ဆရာများမှာ ဆရာသော်တာဆွေနှင့် ဆရာမင်းလူတို့ဖြစ်သည်။ ကိုနေဘုန်းလတ်ကတော့ ထိုသို့ စတိုင်ခိုးပုံမရ။ ကိုယ်ပိုင်ဟန်ဖြင့် ခပ်သွက်သွက်ရေးတတ်လေသည်။ ကျွန်တော်တို့ကြိုးစားနေသော Blog Book ထွက်ပြီးလျှင် ကိုနေဘုန်းလတ်၏ Post များစုစည်းထားသည့် စာအုပ်တစ်အုပ် ထွက်လာရန် သူကိုယ်တိုင်ပင် စီစဉ်နေသည်ဟုလည်း ကြားမိသည်။ ကျွန်တော်တို့အတွက် စာအုပ်ကောင်းတစ်အုပ် တိုးလာဦးမည်ဖြစ်သည်။

သူနှင့် ရင်းရင်းနှီးနှီးပေါင်းဖြစ်သောအခါ သူ့အကြောင်းတွေ ပိုသိလာသည်။ တကယ်တော့ သူသည် အရိုးခံစိတ်ထားရှိသည်။ အားနာတတ်သည်။ အပေါင်းအသင်း မင်သည်။ ကူညီလိုစိတ် အပြည့်ရှိသည်။ သူမသိသော ကိစ္စများကို သိသယောင် ဟန်မဆောင်တတ်။ မသိလျှင်မသိဘူး၊ အနာခံလိုက်ရလျှင်လည်း ရယ်သွမ်းသွေး၍ ပြောတတ်သော အစ်ကိုတစ်ယောက်ဖြစ်သည်။ တခါတရံ စိတ်လိုလက်ရရှိလျှင် သူ့ Personal များ ကျွန်တော့်ကို ပြောပြနေတတ်သည်။ မိတ်ဆွေဖြစ်တာ သိပ်မကြာသေးသော ကျွန်တော်ပင် သူ့ကို ခင်မင်မိလျှင် သူနှင့်ငယ်ပေါင်းလိုဖြစ်နေသော ကိုညီညီ၊ ကိုဇင်ကိုလတ်တို့ဆိုလျှင် ညီရင်းအစ်ကိုလို ဖြစ်နေလိမ့်မည်ဟု တွေးနေမိသည်။ ကိုနေဘုန်းလတ်၏ နှစ်လိုဖွယ်စရိုက်တစ်ခုမှာ လူတစ်ယောက်စကားလာပြောနေလျှင် စိတ်ဝင်တစား နားထောင်ပေးတတ်ခြင်းပင်ဖြစ်သည်။ ရယ်ဖို့လိုအပ်လျှင် ရယ်လျက်၊ အကြံပေးဖို့လိုအပ်လျှင် စဉ်းစားလျက် နားထောင်ပေးလေ့ရှိသည်။


ယနေ့သူ့ မွေးနေ့ဖြစ်သည်။ ကျွန်တော်က သူငယ်ချင်းများမွေးနေ့ဆိုလျှင် အစောဆုံး Wish ပေးသူ ဖြစ်ချင်သည်။ တတ်နိုင်သလောက်လည်း စောစောထပြီး Phone ဆက်ပြီး နှုတ်ဆက်လေ့ရှိသည်။ ၉ နာရီခွဲမှ အိပ်ယာထတတ်သော ကိုနေဘုန်းလတ်ကိုတော့ အိပ်ရေးပျက်နေမည်စိုး၍ ၇ နာရီလောက်က SMS ပဲ ပို့လိုက်သည်။ အစည်းအဝေးနေ့က လူစုံသဖြင့် သူက ကြိုတင်ကျွေးထားခြင်းဖြစ်သည်။ ကျွန်တော်က ၃၅ နှစ်ပြည့်တာဟု စတော့ ဆီဗုံးတွေမှာ ၂၇ နှစ်သာဖြစ်ကြောင်း လိုက်ရှင်းပြနေလေသည်။ အစည်းအဝေးနေ့က ကျွန်တော် Cream တွေအများကြီးပါသော B-day Cake တစ်လုံးလက်ဆောင်ပေးဖြစ်သည်။ “ လွတ်ကျခဲ့တဲ့ မြို့တော်အတွက် ” ဟုရေးထားသော ကျွန်တော့်လက်ဆောင်ကို သူနှစ်သက်ပုံရသည်။ နောက်ပြီး အဲဒီတစ်နေ့လုံး သူပျော်နေပုံရသည်။ တကယ်တော့ ကျွန်တော်တို့အားလုံး ပျော်နေကြခြင်းလည်း ဖြစ်လေသည်။

ဤကား ကျွန်တော်သိသော ကိုနေဘုန်းလတ် ပင်ဖြစ်သည်။ သူ့အတွက် ကျွန်တော့် မွေးနေ့လက်ဆောင် Post လည်းဖြစ်သည်။ အခြားသော မိတ်ဆွေ Blogger များကလည်း ပို့စ်များ၊ ကဗျာများဖြင့် လက်ဆောင်ပေးဖို့ ရှိနေသည်ဟုလည်း ကြားမိသည်။ အကယ်၍ ကိုယ်တိုင်မရေးဖြစ်ပါက ကျွန်တော်၏ Post လေးတွင် Comment ရေးခြင်းဖြင့် အတူတကွ လက်ဆောင်ပေးနိုင်ပါသည်။ သူလွတ်ကျသွားသော မြို့တော်သည် တကယ်တော့ ကျွန်တော်တို့အားလုံး၏ မြို့တော်လည်းဖြစ်လေသည်။

ကိုနေဘုန်းလတ်အတွက် အမှတ်တရပါ။ ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့တွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေဗျာ။

ဓါတ်ပုံများကို ကိုစစ်အိမ်နှင့် ကိုဘလာဂေါက်ကူညီပါသည်။

10 comments:

Anonymous said...

ဒီပို့စ်လေး ဖတ်ပြီး အရမ်းကြည်နူးစရာကောင်းတဲ့ ခံစားချက်လေး ဖြစ်မိတယ်.. Happy Birthday again ကိုနေဘုန်းလတ်ကြီးရေ.. ထပ်နှုတ်ဆက်တာ.. ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ..

>> မောင်ပွတ်..အရေးအသားကတော့ ထိတယ်.. မျက်လုံးထဲမှာ ကိုနေဘုန်းလတ် အကြောင်း..စိတ်နေစိတ်ထားတွေကို မြင်လာအောင်ရေးနိုင်တယ်.. တော်တယ်..

NayPhoneLatt said...

ကျေးဇူးပါ မောင်ပွတ်ရေ ... မင်းရဲ့ birthday cake , birthday wish at the early morning and the birthday present တွေအတွက် ...။

ကိုဖြိုး said...

မွေးနေ့အရှင်ကြီးရေ .. ဟက်ပီဘက်ဒေးဗျာ

Unknown said...

မောင်ပွတ်ရဲ့ အရေးအသားကတော့ ကောင်းပ။ ကဲ . .သူငယ်ချင်းနေဘုန်းလတ်ရေ။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ အကို့ရဲ့ ဘလော့ခ်မှာလဲ bd wishလုပ်ထားပါတယ်။

Anonymous said...

အရေးအသားကောင်းပါ့ဗျာ... ဖတ်နေရင်းနဲ့ နေဘုန်းလတ်ကို မြင်လာတယ်ဗျာ...

နိုင်းနိုင်းစနေ said...

မောင်ပွတ်ရေ.. အရေးကတော့ ကိတ်မုန့်ထက်တောင် ချိုသကွ...
ဟက်ပီးဘတ်ဒေးပါ ကျွန်တော် လွတ်ကျသွားတဲ့ ကိတ်မုန့်ကြီး...
အဲလေ... ဟက်ပီးဘတ်ဒေးပါ နေဘုန်းလတ်...

MELODYMAUNG said...

မောင်ပွတ်ရဲ့ သံယောဇဉ်ကတော့ နေဘုန်းလတ်သာ ကောင်မလေးဆိုရင် ….
ဖုတ်.ဖုတ်.ဖုတ် (ကြွေသွားတဲ့ အသံ)
အင်း ညီမရှိရင် ဆိုပြန်တော့ လဲ
တဘက်ကို ညီအစ်ကို ၃ယောက်စီဆိုတော့ လဲ
ဟိဟိ ဒီပွဲ သားရေပဲတဲ့

Tesla said...

ကိုနေဖုန်းလတ်ရေ မောင်ပွတ်ရေးထားတာ ကြွှေသွားတာနဲ့ ဒီနေရာမှာ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်- (မှတ်ချက်- အမှန်တော့ အဲ့ဒီလူ စာတွေမပြီးလို့ ဖါးတာ ကျနော်သိတယ်-) ပျော်ရွှင်ဖွယ် မွှေးနေ့ဖြစ်ပါစေဗျာ လွတ်ကျသွားတဲ့ မြို့တော်ကြီးမှာ အတူတကွ တွေ့ပြီး တမြို့ထဲ သားတွေ ဖြစ်လာရတာ ၀မ်းမြောက်မိပါတယ်- လွတ်ကျသွားတဲ့ မြို့ထဲမှာကော တကယ်နေ နေရတဲ့ မြို့ထဲမှာကော ကျန်းမာ ချမ်းသာ ပျော်ရွှင်ဝမ်းမြောက်စွာ နေနိုင်ပါစေ....

Thet Htoo@Myat Lone said...

ကိုနေဘုန်းလတ် သိမ်းပိုက်ချင်တဲ့ မြို့တော် ရှိရင်လည်း အမြန်ဆုံး သိမ်းပိုက်နိုင်ပါစေဗျာ..
ကိုပွတ်ကလည်း အရေးအသား တယ်ကောင်းကိုးဗျာ..

Anonymous said...

မောင်ပွတ်ရေးတာ ဖတ်ပြီး ၊ နေဘုန်းလတ်တော့ မသိ .. အမတော့ မင်းရဲ့ နေဘုန်းလတ်ပေါ်ထားတဲ့ ခင်မင်မှုတွေကို အတုံးလိုက် အတစ်လိုက် မြင်လိုက်တယ်း)