Monday, June 25, 2007

ပထမပိုင်း … ပြီးမှ ဒုတိယပိုင်း … မိုးရေထဲက တတိယပိုင်း

(ကိုဘလာဂေါက် ပြောသလိုပေါ့) ကျွန်တော့် ညလေးကို ဟန်ပါပါရပ်ရင်း A&T ကိတ်မုန့်ဆိုင်ထဲ ဝင်လိုက်တယ်။ ဈေးအပေါဆုံး Birthday ကိတ်မုန့်တစ်လုံးမှာပြီး အရောင်းကောင်မလေးကို ကိတ်ပေါ်မှာ စာရေးပေးပါဦးလို့ ပြောပြီး ကျွန်တော်ရေးချင်တဲ့ စာကို ရွတ်ပြလိုက်တယ်။

“ လွတ်ကျခဲ့တဲ့ မြို့တော် အတွက် ”
“ ရှင် ”

ကျွန်တော့်ကို အူကြောင်ကြားပဲ ဆိုတဲ့အကြည့်တွေ ဝေ့ဝဲလာတယ်။ ကိစ္စမရှိဘူး … သူက မြို့တော်တစ်ခုပဲ လွတ်ကျတာ … ကျွန်တော်တို့မှာ လွတ်ကျခဲ့တဲ့ မြို့ပြတွေ ဒုနဲ့ဒေးပါလေ။

“ ကဲ .. ရေးပါ။ ကျွန်တော်ရေးချင်တာ အဲဒါပါပဲ ”

ဒါဆိုလည်းပြီးရော ဆိုတဲ့ မျက်ဝန်းတွေနဲ့ ခပ်ငေးငေးလေး ကြည့်ပြီး အဲဒီကောင်မလေး Cream Tube ကြီးနဲ့ စရေးပါတော့တယ်။

“ လွတ်ကြခဲ့တဲ့ ”

နေပါဦး … မနည်းတားလိုက်ရတယ်။ စာလုံးပေါင်းမှားနေပြီကွဲ့။ တို့ Blogger တွေဟာ အနည်းနဲ့အများတော့ စာလုံးပေါင်း ဂရုစိုက်ကြတယ်လေ။ အဲဒီကောင်မလေးက လက်သည်းထဲက ချီး(ဂျီး)တွေ ထိုးထုတ်ထားတဲ့ ကဒ်ထူပြားလေးနဲ့ “ ကြ ” ကို “ ကျ ” ဖြစ်အောင် ပြောင်းပေးလိုက်တယ်။ ( ပြောရဦးမယ် … ကိတ်မုန့်ခွဲပြီးတော့ အဲဒီနေရာလေးကို ကိုဖြိုးက မစားဖူးသလို စားနေတာ သတိထားမိတယ် )

ကျသင့်ငွေရှင်းပြီး မမေဓါဝီကိုဝင်ခေါ် … လမ်းမှာ မွေးနေ့အရှင်ကြီး မှုတ်ချင်မှုတ်ရအောင် ဖယောင်းတိုင်ဝင်ဝယ်၊ ပြီးတော့ အစည်းအဝေးနဲ့ မွေးနေ့ပွဲတည်ရာနေရာကို ညလေးကိုမောင်းပြီး ကျွန်တော်တို့ ရောက်လာခဲ့ပါတော့တယ်။

ကျွန်တော်တို့ရောက်တော့ မွေးနေ့အရှင်ကြီး၊ ကျွန်တော့်ကိုဖွမယ့် ကိုစိုးဇေယျ၊ ကိုဖြိုး၊ (မှိတ်ထားသော)ကိုမျက်လုံးနဲ့ ထာဝရနောက်ကျရေးသမား ကိုညီလင်းဆက်တို့ ရောက်နှင့်နေပြီ။ ရေလေးတစ်ဗူးမှာပြီး ဘာတွေပြောနေကြတယ်တော့ မသိပါဘူး။ ခဏနေတော့ အခြား Blogger တွေ တဖွဲဖွဲရောက်လာကြတယ်။ ကိုဘလာဂေါက်က ရောက်တာနဲ့ စာရွက်တွေ ဝေပါရော … ဟဲ့ ဒီကလေးအဖေ ဘာတွေတုန်းဟ .. နိုင်ငံရေးလား … သေချာဖတ်တော့မှ အစည်းအရုံးဖွဲ့ဖို့ ဆွေးနွေးရန်ကိစ္စများရေးထားတဲ့ မိတ္တူစာရွက်တွေလေ။ တော်သေးတာပေါ့ …

ဘယ်သူလာဦးမလဲ ခဏစောင့်ပြီး အစည်းအဝေးစပါတယ်။ အစည်းအဝေးစတဲ့ အနေနဲ့ မိုးပျံပူဖောင်းတွေလွှတ်၊ ဂျိုး
ငှက် (ချိုးငှက် လားမသိတော့ဘူး) အဖြူ ၁၁၁ ကောင်လွှတ်၊ ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ထိုး၊ ဆွေးနွေးမယ့်ကိစ္စတွေ စီထားတဲ့ စာရွက်တွေ တစ်ဦးချင်းလိုက်ဝေ၊ Blogger တွေ အချင်းချင်းမိတ်ဆက် … အဲဒါတွေ တစ်ခုမှ မလုပ်ဘဲ

“ ကဲ .. စကြရအောင် ”

ဆိုပြီး စလိုက်ကြပါတယ်။ ခေါင်းစဉ်ကြီး ဆယ်ခု ဆွေးနွေးပြီး တကူးတက ပြည့်ပြည့်စုံစုံ တင်ပြထားတဲ့ ကိုကဒေါင်းညင်သာရဲ့ အကြံပြုချက်တွေကိုလည်း မပျက်မကွက် ဆွေးနွေးပေးခဲ့ပါတယ်။ အဲဒါတွေကို မွေးနေ့အရှင်ကြီး ကိုနေဘုန်းလတ်က သူ Online တင်မယ်ဆိုပြီး ကျွန်တော့်ကားပေါ်က ယူချသွားလို့ သူ့လွတ်ကျထားတဲ့ မြို့တော်မှာ သွားရောက်ရှာဖွေ ဖတ်ရှု လေ့လာ သုံးသပ် မှတ်ချက်ချပေးကြပါ။ (ကိုရန်ရေ … MBA ကိစ္စလည်း ကျွန်တော်တင်ပြလိုက်ပါတယ် … )

အစည်းအဝေးလည်းပြီးရော Birthday Cake လှီးပြီး အခမ်းအနားကို ခတ္တ ရုတ်သိမ်းလိုက်ပါတယ်။ ကိုညီလင်းဆက်၊ မမေဓါဝီ၊ ကိုမိုးလှိုင်ညနဲ့ တော်တော်များများ ပြန်သွားကြတယ်။ ခဏနေတော့ ဒုတိယပိုင်းစဖို့ မင်္ဂလာဈေးခေါင်မိုးပေါ်တက်ပြီး ဆက်ဆွေးနွေးကြပါတယ်။ (ကိုညီလင်းဆက်က ဂတိအတိုင်းပြန်လာပြီး နည်းနည်းတော့ချသွားသေးတယ်။ ကိုတက်စလာခေါ်တဲ့ နာမည်လေးလည်းလှတယ်ဗျ … ခွက်ကြားညီလင်းဆက်ဆိုပဲ … သိချင်ရင် သူတို့ကိုသာမေး) ကျွန်တော်ရေးရင် စာသားတွေပဲ ဖြစ်လိမ့်မယ် … ကိုဂေါက်တို့၊ ကိုစိုးဇေယျတို့၊ ကိုတက်စလာတို့ အစရှိတဲ့ အဖွသန်သူများက ဓါတ်ပုံအကိုးအကားနဲ့တကွ တင်ဖွ အဲလေ တင်ပြကြမှာမို့ ဒုတိယပိုင်းကို သူတို့ဆိုင်ရာ ဘလော့ဂ်များမှာ လေ့လာကြပါ။

တစ်ခုတော့ရှိတယ်ဗျာ … ဘယ်လောက်မူးမူး … စားစရာအမြည်းနဲ့ သံပုရာသီးစိတ်တော့ ခွဲနိုင်သင့်တယ်ဗျာ။ ဘယ်နှယ့် … မျက်မှန်တပ်ထားတဲ့ ဘောင်းဘီတိုနဲ့လူကြီး … ကိုဂေါက်ပေးတဲ့ သံပုရာသီးအချဉ်ရည်စမ်းကို ကြက်ဖင်ဆီဗူးအမှတ်နဲ့ အားရပါးရဝါးပစ်လိုက်တာတော့ နည်းနည်းလွန်ပါတယ်လေ။ အလဲ့ မဝါးမိခင်ပြောလိုက်သေးတယ် … “ ငါ့ကို လျှော့မတွက်နဲ့ ”ဆိုပဲ … မတွက်ရဲပါဘူး … ဘယ်သူမှ သံပုရာသီးကို အခွံပါဝါးမစားရဲဘူးလေ … အဟဲ … တချို့ကတော့ မူးလာရင် ခေါင်းကြီးစိုက်ပြီး ကင်းကောင်ကြီးလို မမြင်တဲ့မျက်လုံးရွဲကြီးတွေနဲ့ လျှောက်ကြည့်လို့ … တချို့ကျတော့လည်း မှောင်မည်းနေတဲ့ကြားမှာ စာလုံးပေါင်းစာအုပ်ကြီး ဖွင့်ဖတ်လို့ … တချို့ကျပြန်တော့လည်း မဲမဲမှောင်မှောင်မှာ ပစ်တိုင်းထောင်တောင် လိုက်ရှာနေရသေးတယ်ဗျို့ … မနက်ကမှ ပေးသွားတာ ညကျတော့ ပျောက်ရော … ဒါတောင် သူက ရေပဲ သောက်တာ။ ကောင်းလာရင် အမျိုးမျိုးပေါ့လေ … ကျွန်တော်လည်းမူးလာရော … ကျွန်တော်လည်းမူးလာရော … ဟဲဟဲ … အိမ်သာမှာ ဝိတ်လျော့ပြီး ပြန်လာတယ်လေ။

ကျွန်တော့်ကားစုတ်လေးက သိပ်မကောင်းလို့ ရောင်ရင်းများကို မြို့ထဲပြန်မပို့နိုင်တာ ခွင့်လွှတ်ကြပါဗျာ။ ကိုနေဘုန်းလတ်ကြီးကို အိမ်ပြန်ပို့ပြီးတော့

“ အစ်ကိုရေ … ကားမှန်လေးကို Wiper လေး နည်းနည်းဆွဲပေးပါ ”

လို့ ပြောမိတာ စိတ်ဆိုးပြီးဆွဲလိုက်တာ Wiper အတံပါကျိုးရော … မိုးရွာကြီးထဲ ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး မောင်းပြန်လာခဲ့ရတယ်ဗျာ … အဲဒါကတော့ ကျွန်တော် တစ်ယောက်ထဲကျင်းပခဲ့တဲ့ မိုးရေထဲက တတိယပိုင်းပါပဲ။ ( အမှန်ကတော့ Wiper က အစကတည်းက မကောင်းတာပါ )

ကောင်းပါ၏ … ကောင်းပါ၏ … အားလုံးကောင်းပါ၏ ….

အစည်းအဝေးအကြောင်း ကိုနေဘုန်းလတ် တင်ပေးမယ်ဆိုလို့ ကျွန်တော်က အပြောင်အပျက်ရေးထားတာပါ။ စိတ်မရှိကြပါနဲ့။

ရှင်းလင်းချက်။ ။
( ဥုံဖွ ... ကျွန်တော်ကို ယုံကြည်သော၊ ကျွန်တော်ပြောတာ အမှန်ထင်သော သူငယ်ချင်းများသာ မြင်ရစေသား )
ညလေး = ကျွန်တော့် ည နံပတ်ကားစုတ်လေး
မွေးနေ့အရှင်ကြီး = မွေးနေ့ရှင် ကိုနေဘုန်းလတ်
သံပုရာသီးအချဉ်သုတ်စားသူ = ကိုတက်စလာ ( လျှော့မတွက်ပါဘူးနော် အဟဲ )
ကင်းကောင်ကြီး = ကိုစိုးဇေယျ (သို့ ) ကျွန်တော်ကိုဖွမယ့် ပုဂ္ဂိုလ်ထူးကြီး
စာအုပ်ထုတ်ဖတ်သူ = ကိုညီလင်းဆက်
ပစ်တိုင်းထောင်ရှာသူ = ကိုစစ်အိမ်

11 comments:

Anonymous said...

ံဟားဟား.. ရယ်ရတယ်.. =D တကယ် ဘာပြောရမှန်း မသိဘူး..

NayPhoneLatt said...

ပါတ်ပွတ်တို့ စွတ်မယ်ဆိုတာချည်းပဲကျတော့ထည့်မရေးဘူးနော်။
ပန်းကုံး ပန်းကုံး ... ဟားဟားဟား
ရယ်နေရတယ်ဟေ့ ... ကျေးဇူးကျေးဇူး

Unknown said...

ကြိုက်တယ်ကွာ အရေးအသားကိုတော့

ကိုဖြိုး said...

အင်း ဖယောင်းတိုင် မီးလေးတွေ ဘယ်သူညှိတာပါလိမ့်။ မောင်ပွတ် စာရေးဆရာလုပ်ပါလား။ အကြည်တော် ငတ်ကိန်းရှိတယ်။ သောက်ကျိုးနည်း ကောင်းတဲ့ အရေးအသားပါလားကွ။ ခန့်လိုက်ပြီ မင်းကိုတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်မမြင်များ စာဖတ်အသင်းရဲ့ ရာသက်ပန်နာယကချုပ်။

Tesla said...

အော်ဂတ်စတင်းကျောင်းသား ရှုံးရိုးထုံးစံမရှိဘူးလို့ ဆယ့်ငါးခါလောက်အော်ပြီး တထောင်ရှုံးသွားတာ မပါပါလား.. (အရသာရှိတာ အဲ့တထောင်တန် သိမ်းထားတယ်.. )

နိုင်းနိုင်းစနေ said...

သူငယ်ချင်းတွေ စုရုံး စုရုံး..ပျော်စရာပါပဲ.. ပြန်လာရင် ဘီယာကို ပီပါနဲ့တိုက်ပြီး မောင်ပွတ်ကို မျောက်က ကခိုင်းအုန်းမယ်.. ဟား..ဟား..

Unknown said...

အခုလို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရေးသားတင်ဆက်ပေးတဲ့ ရောင်းရင်းကြီး မောင်ပွတ်ကို စင်္ကာပူရသို့ အလည်အပတ်ရောက်ရှိလာပါက ဘီယာထဲ ရေခဲတုံးထည့် တိုက်မည်ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Anonymous said...

မောင်ပွတ်.. အရမ်းရီရတာပဲကွ ။ အဟား.. ။ သိပ်ကောင်း.. ။ သံပုရာသီးကို အမြည်းအမှတ်နဲ့ မှားပြီးစားတဲ့ ဘောင်းဘီတိုနဲ့ လေးလုံး တက်စ်လာဆိုတဲ့တယောက်ကတော့ လွန်ပါလေရော အဟတ် ။

ဒါနဲ့.. ဘာလို့ ၁ထောင် ရှုံးတာတုန်း ။

pandora said...

မောင်ပွတ်တို့ အစည်းအဝေးမှတ်တမ်းကတော့ ပြောင်မြောက်ပါပေတယ်။

Ka Daung Nyin Thar said...

ဆရာပွတ်.. ဆရာကြီးသော်တာဆွေတပည့်များလား ထင်ရအောင် ရေးတတ်ပါပေတယ်။
ရယ်လိုက်ရတာ.. ဗိုက်နာပြီး အိမ်သာတက်ရတဲ့အထိပဲဗျာ..

sisain said...

ညီလင်းဆက် မူးတာတွဲနေရလို့ ပစ်တိုင်းထောင်ပျောက်သွားတယ်ဆိုတာ မေ့မသွားပါနဲ့နော် :(