Thursday, May 31, 2007

အိပ်မက်ထဲမှာ

“ ဘာပြောတယ်လော်ရာ ! ”

“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”

“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”

“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တတ်ရဦးမယ်”

“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ”

“ အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ ”

“ ဝင်ပြီလား သမီး။ ကဲ… မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ်… ပြီးတော့ … ”

“ ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့။”

“ ဘာကွ … အေး … ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ ”

“ သိပ်တော့မထူးပါဘူး ”

“ ဟာ… သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ … ဒယ်ဒီပြောမယ် … နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (ဝင်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ ဟင်္သာရောင် အပိုင်း (၆) ” (Hintha Shine Core 6)ကိုရော ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်း အမေရိက ကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို တော့ မလာလေနဲ့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ် တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့ သုံးရခက်ပြီ ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ ”

“ ဆိုင်တာပေါ့ … On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ ”

“ Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ် ”

“ ဒယ်ဒီသိပြီ။ ငါ့သမီးက ဝိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကို။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃ က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ … ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ”

“ ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး၊ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလားလို့လေ”

“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”

“ဟားး ဟားးးး … ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာသမီး … ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကို ချေပြီး တကောင်လုံးဝါးလို့ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေ အတွက်သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှမဟုတ် …”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက…”

“သမီး … သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကိုထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့… ဆက်သွယ်ရေးဟုတ်လား… ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ… ကိုယ့်ဖုံးကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”

“အော်..ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော…”

“အစိုးရ.. အစိုးရ … ဒီအစိုးရကတော့ကွာ … ဖေဖေပြောမယ် … ဒီလိုရှိတယ် …”

ထိုစဉ် … “ဆိုက်ကားအားလား ” ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။

20 comments:

Anonymous said...

oh sitekar tamarr eainmat koe...
taw taw khit shay twar tal sitekar tamar pal. Ma soe buu, kyi pwar oo mal. :P
A good read, I like it.

Anonymous said...

:D

naing said...

Mr. Pooh မျက်ရည်များနှင့် ဖတ်သွားတယ် ခင်ဗျာ ။ ရယ်ခြင်း မဟုတ် ခံစားမှု မျက်ရည် တစ်ချို့ ပါ ခင်ဗျာ ။

ညီညီ(သံလွင်) said...

ဝင်းဒိုးပုပ္ပါး ထွက်ရင် ပြောဦးဗျာ... သုံးကြည့်ချင်လို့ ..။ ကောင်းတယ်ဗျာ။ ဆရာမင်းလူနဲ့ နင်လားငါလား အိုအေစစ်လားပဲ :)

Unknown said...

စာအရေးအသားကတော့ အားကျလောက်အောင်ပါပဲဗျို့။ ကိုပွတ်ပြောတဲ့ On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ)ရဲ့ ခေတ်လွန် ဖုန်းတစ်လုံးလောက်တော့ လိုချင်မိပါရဲ့။ ဒါနဲ့ အဲဒိဖုန်းက
အိတ်ထဲထည့်ထားရင် connection ကောမိရဲ့လား။ :P

Anonymous said...

ဒူးရင်းသီးနဲ့ကို မလွတ်ဘူး.. အိပ်မက်ကဘယ်တော့ဆက်မက်အုံးမှာလဲ..

Thant Thura said...

Mr. Pooh yay,
အဲဒီ အိပ်မက် က ဘယ် year လဲ။ Time machine နဲ ကြို go မလို့။

pandora said...

ဝိုးးးးးးးး မိုက်တယ် မောင်ပွတ်.

sisain said...
This comment has been removed by the author.
sisain said...

လောလောဆယ် အိမ်မှာ မီးပျက်လို့ အင်ဗာတာလေးနဲ့ နှစ်ပါးသွားနေရပါတယ်ကွယ် :(
(ဖျက်လိုက်တဲ့ကော်မက်က စာလုံးပေါင်းမှားသွားလို့ပါ- သွေ့ပုချိ)

Sai Linn Thu said...

handset အလကားပေးရင် ၂ လုံးလောက်...တလုံးက မီးထွန်းဖို့..တလုံးက ကက်ဆက်ဖွတ် ဖို့... :P မိုက်တယ်ဗျာ..

Anonymous said...

ကောင်း ပါ ပေ တယ်

s_potato said...

မောင်ပွတ်ရေ တော်တော်ကောင်းတဲ့အိမ်မက်ပါလားဟ။ အဲဒါအိမ်မက်မဟုတ်ဘူးသိလား။ တကယ်ကိုဖြစ်မှာ။ မကြာမီ လာမည် မျှော်………….

MCT said...

ဒုတိယတခေါက်လာဖတ်ပါတယ်။
Mr.Pooh ရေ................
မိုးချစ်သူ အရင်က စာဖတ်သူ အနေနဲ့
ခနခနလာဖြစ်ပါတယ်။အဲတုန်းက
မြန်မာလိုလဲမရိုက်တတ်။ ကွန်မန့်ကို
notepad ထဲအရင်ရိုက်ရမှန်းမသိတော့
မရေးဖြစ်ဘူး။
ဘလော့ဂ်လုပ်ပြီးတော့လည်း
ရှုပ်နေတာနဲ့ မရောက်ဖြစ်တော့ဘူး။
အမှန်ဆို အကုန်လုံးကို ၀င်ဖတ်ချင်တယ်
အရင်လိုပေါ့။ အချိန်က မရလို့ပါ။
လာသွားတာအ၇မ်းကျေးဇူးတင်ပါတယ်နော်

Anonymous said...

ပွတ်စ်--နင်တော်တော်ဆိုး--အဲဒီချိန်ရောက်ရင်--မြန်မာပြည်မှာ--ဟမ်းဖုန်းမသုံးတော့ဘူး--မိုက်ခရိုချစ်ပ်ကို--လက်ဝါးထဲ-ထည့်မြှုတ်ထားတာ--လက်ဝါးက်ုနားနားကပ်ပြီးပြော၇တဲ့ဖုန်းတွေပေါ်နေပြီဟ--

Anonymous said...

လောလောဆယ်တော့--စလုံးမှာ--ဇီးရိုးဖုံးပဲသုံးနေပါတယ်--ဟီဟိ---

MrDBA said...

ဟုတ်ပ ကျွန်တော်လဲ ဖတ်ဖူးနေတာ မကြာသေးဘူး source ကလဲ ဘယ်ကမှန်းမသိဘူးဘဲ ပြောထားတော့ ကောင်းကြောင်း မပြောရသေးတာ။ ခုပြောမယ် ကောင်းတယ်ဗျို့

Anonymous said...

got nothing except common rumor and phenomena.

puluque said...

ကောင်းလိုက်တဲ့ ပို့စ်လေးဗျာ.. ဖတ်ဖူးနေတာ ကြာပြီ။ ဘရားသားပွတ် လက်ရာမှန်းမသိတာ အမှန်ပါ။ ဒါကြောင့်လည် မောင်ပွတ်ရယ်လို့ ဖြစ်နေတာကိုး....

Nuria 's World said...

ကျွန်မတို့ မှာအိမ်မက်မက်ခွင့်ရှိတယ်.....
စိတ်ကူးယဉ်ခွင့်တော့ရှိတယ်....
အဲ့အိမ်မက်အတိုင်းဖြစ်လာဖို့ တော့....
အနည်းဆုံးကြိုးစားပိုင်ခွင့်တော့ရှိပါတယ်....