သီချင်းတစ်ပုဒ် အပြုံးတစ်ပွင့်
“သဒ္ဓါကပိုသည် … ဆရာမကိုပဲ … အသည်းစွဲအောင် … ချစ်မိပြီ … ”
ခမ်းနားလှသော ညစာစားပွဲတစ်ခုတွင် ဖြစ်ပါသည်။ နာမည်ကျော် အဆိုတော် ဘိုဘိုဟန်က ခံစားချက်အပြည့်ဖြင့် သီဆိုပြီးစင်ပေါ်မှ ဆင်းလာသည်။ ကျွန်တော့်ကို တွေ့တော့လာနှုတ်ဆက်ရင်း ဘေးမှခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။ သာကြောင်းမာကြောင်းပြောပြီး သူ့ကိုကျွန်တော်မေးဖြစ်သည်။
“ဟေ့ တိုနီ… မင်းခုန နောက်ဆုံး ဆိုသွားတဲ့ သီချင်းရဲ့ဇစ်မြစ်ကိုသိလားကွ”
“မသိဘူး အစ်ကိုကြီး”
“အေးကွာ … မင်းကိုပြောမယ် ပြောမယ်နဲ့ ငါလည်း မပြောဖြစ်ဘူး။ ဒီလိုကွ … ”
ကျွန်တော်၏ စိတ်အစဉ်သည် ခမ်းနားသောဧည့်ခံပွဲထံမှ ယမ်းငွေ့များလူနေတတ်သော ခေတ်အချိန်က မျက်နှာတင်းတင်းနှင့် တိုင်းပြည်အတွက်ကလွဲ၍ ဘာကိုမှ မမက်မောတတ်သော လူတစ်ယောက် သို့မဟုတ် အပြုံးအရယ်နည်းသူထံမှ တွေ့ခဲ့ရသော အပြုံးလေး တစ်ပွင့်ထံသို့ လွမ်းလွမ်းဆွေးဆွေး ရောက်ရှိသွားလေသည်။
“အေး … ဖျက်ထားလိုက်တော့။ ရှမ်းပြည်သွားဖို့ လိုတာတွေ စီစဉ်ထားကွာ။ ဘယ်သူတွေ ကြိုသွားနှင့်မလဲ မေးထား။ မင်းဆရာမတို့လည်း လိုက်ကြလိမ့်မယ်”
တိကျသော အစီအစဉ်များနှင့် အရေးကြီးသောခရီးအတွက် သူ၏များပြားလှသော နိုင်ငံတာဝန်များမှ ခဏရှောင်ခွါ အနားယူမည့် အစီအစဉ်ကို ဖျက်ရပြန်ပြီ။ ကျွန်တော်လေးစားရသော ဗိုလ်ချုပ်သည် မိသားစုကို အချိန်ပေးနိုင်ခဲသည်။ ယခုလည်း သုံးရက်မျှ အနားယူမည့် အစီအစဉ်လေးသည်ပင် နိုင်ငံတာဝန်ကြောင့် ပျက်ရပြန်သည်။ သို့သော် သာယာမိန်းမောဖွယ် ရှမ်းပြည်ကိုတော့ မိသားစုနှင့်သွားလိုဟန်ရှိသည်။ ညီရင်းတပည့်လိုဖြစ်နေသော ကျွန်တော့်ကို ဗိုလ်ချုပ်က ယခုလိုပင် “မင်းဆရာမ” ၊ “မင်းတူ” စသည်ဖြင့် သုံးနှုန်းပြောဆိုလေ့ရှိသည်။ “မင်းဆရာမ” ဆိုသည်မှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပင် ဖြစ်လေတော့သည်။
ရှမ်းပြည်သွားရာ လမ်းတလျှောက် ဆရာမနှင့်ကလေးများက တွတ်ထိုးစကားပြောလာကြသော်လည်း ဗိုလ်ချုပ်က ကလေးတစ်ယောက်ကို ပေါင်ပေါ်တင်ထိုင်ရင်း တစုံတခုကို နက်နက်နဲနဲ စဉ်းစားနေပုံရသည်။ ထို တစုံတခုမှာ တခြားမဟုတ်နိုင်။ ရှမ်းပြည်စော်ဘွားများကို နိုင်ငံတော်ပြည်မမှ ခွဲထွက်မသွားအောင် မည်သို့မည်ပုံ စည်းရုံးဟောပြောရမည်ကို စဉ်းစားနေခြင်းသာ ဖြစ်ရမည်။ ကျွန်တော်လည်း ကလေးများ အပျင်းပြေအောင် ကျွန်တော့်ဘဝအတွေ့အကြုံများထဲမှ ရယ်မောစရာများ၊ စိတ်ဝင်စားစရာ တောတွင်းအတွေ့အကြုံများကို ပုံပြင်သဖွယ် စီကုံးပြောပြရင်း ဗိုလ်ချုပ်အရိပ်အကဲကိုကြည့်ကာ လိုက်ပါလာလေတော့သည်။
ပင်လုံတွင် ကြိုရောက်နှင့်နေသော ဗိုလ်ချုပ်၏ရဲဘော်ရဲဘက်များက တာဝန်ကျေလှသည်။ ပြည်မ၏ သဘောထားများကို ရှင်းပြပြီးနှင့်ပြီ။ ခရီးရောက်မဆိုက် အစည်းအဝေးခန်းထဲဝင်ကာ မေးမြန်းနေသော ဗိုလ်ချုပ်၏မေးခွန်းများကို ကျေနပ်အောင် ဖြေနိုင်ခဲ့ကြသည်သာ။ ဗိုလ်ချုပ်က ထိုနေ့ညပင် စော်ဘွားများနှင့်တွေ့ဆုံချင်လှသည်။ ကျွန်တော်နှင့် မိုင်းပွန်စော်ဘွားကြီးတို့က အခြေအနေကောင်းသဖြင့် မနက်ဖြန်မှ ဟောပြောလျှင်လည်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အနားယူသင့်ကြောင်း ဝိုင်းဝန်းဖြောင့်ဖြမှသာလျှင် ရေလဲပုဆိုးလေး ပုခုံးပေါ်တင်၍ထွက်သွားသော ဗိုလ်ချုပ်၏ပုံရိပ်များကား မနေ့ကလိုပင် မှတ်မိနေသေး၏။
လက်ခုပ်သံများက ဘဝဂ်သို့ညံလေ၏။ ဗိုလ်ချုပ်၏ ရာဇဝင်တွင်မည့် ပင်လုံစာချုပ်ချုပ်ဆိုပွဲနှင့် ပင်လုံမိန့်ခွန်း။ သဘောမတူသော စော်ဘွား၊ ဟော်နန်းရှင် တစ်ယောက်မှမရှိ။ တောင်တန်းသည် ပြည်မနှင့် တဆက်တည်းသာ ဖြစ်သည် ဟူသော ဆုံးဖြတ်ချက်လောက် ကျေနပ်စရာကောင်းသော ဆုံးဖြတ်ချက်သည်မရှိနိုင်တော့ပေ။ အားလုံးသဘောတူပြီဆိုသည်နှင့် ပျော်ဘွယ်ဦးမြတို့ စီစဉ်ပေးထားသော ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်သည် အတုံ့အဆိုင်းမရှိ၊ သံသယကင်းစွာဖြင့် ပထမဆုံးလက်မှတ်ထိုးလေသည်။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်လက်မှတ်ထိုးနေကြသော ကိုယ်စားလှယ်များကို ဗိုလ်ချုပ်က ခပ်လှမ်းလှမ်းမှ လက်နှစ်ဖက်ယှက်ပြီး ရှုသိုးသိုးကြည့်နေစဉ်တွင်တော့ ကျွန်တော့်မှာ ဝမ်းသာလွန်းသဖြင့် ဗိုလ်ချုပ်လက်မောင်းကို ဖွဖွကိုင်ရင်း “ဗိုလ်ချုပ် အောင်ပြီဗိုလ်ချုပ်ရေ” ဟု တိုးတိုးလေး ကြွေးကြော်မိသည်။ ဗိုလ်ချုပ်က ကလေးဆန်နေသော ကျွန်တော့်ကို တချက်လှည့်ကြည့်လေသည်။ ထိုအကြည့်၏ အဓိပ္ပါယ်မှာ “လွတ်လပ်ရေးရရင် ဒီကောင်ဘယ်လိုများ နေမလဲ” ဆိုသည့်သဘောပင်ဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သတိရနေပေသည်။ လွတ်လပ်ရေးများ ရလို့ကတော့ ငါဗိုလ်ချုပ်ကို ထမ်းပိုးပြီး အောင်ပွဲခံမည်ဟု စိတ်ကူးမိသော ကျွန်တော့်စိတ်ကူးများသည် လူယုတ်မာတစ်စုကြောင့် ဖြစ်လာတော့မည် မဟုတ်ကြောင်းကိုတော့ ထိုစဉ်က မည်သူမှ မသိခဲ့ကြပါလေ။
လက်မှတ်ထိုးပွဲ အခမ်းအနားပြီးဆုံး၍ တည်းခိုဆောင်သို့ ပြန်မည့်ဆဲဆဲ မိုးညှင်းစော်ဘွားကြီး ကိုယ်တိုင်ရောက်လာပြီး ထိုနေ့ညစာကို အခမ်းအနားဖြင့် တည်ခင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကို လာရောက်ဖိတ်ကြားလေသည်။ စော်ဘွားကြီးပြန်သွားသောအခါ ဗိုလ်ချုပ်က ကျွန်တော့်ကို အမိန့်ပေးပါသည်။
“ ငါခဏလေးနားချင်တယ်ကွာ။ မင်းဆရာမတို့ကိုလည်း ပြောထားပေး။ ဒီည ညစာစားပွဲရှိတယ်လို့။ အသင့်လုပ်ခိုင်းထားကွာ”
ထမင်းဝိုင်းကား ဟင်းအမည်များစွာဖြင့် အထူးပင်စုံလင်လှပေသည်။ ကြီးမားခန့်ညားသော လေးထောင့်စားပွဲကြီးများတွင် စားကောင်းသောက်ဖွယ် အထူးအထူးတို့ဖြင့် ပြည့်လျှံနေလေသည်။ ဗိုလ်ချုပ်မှာ မိုးညှင်းစော်ဘွား၊ လဲချားစော်ဘွား စသော တောင်တန်းနယ်ခံတို့အလယ်တွင် ထမင်းကို ဝတ်ကျေရုံသာစား၍ အနာဂတ်တိုင်းပြည် အစီအစဉ်များကိုသာ ပြောဆိုနေလေသည်။ အချိုပွဲများသုံးဆောင်စဉ်တွင်တော့ ဗိုလ်ချုပ်တို့ စားပွဲနှင့် အနီးဆုံးတွင် တည်ဆောက်ထားသော ဧည့်ခံစင်မြင့်မှ ရိုးရာအကများ၊ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြလေသည်။ တိုင်းရင်းသားများကို စိတ်ဝင်စား နေရာပေးတတ်သော ဗိုလ်ချုပ်သည် ဖျော်ဖြေမှုကို အားရနေဟန်ရှိလေသည်။ သီချင်းလေးပုဒ်အပြီးတွင်မတော့ ခေတ်ပေါ်သံစဉ်ဆန်ဆန်တီးခတ်မှု တစ်ခုကို စတင်ကြားရပြီး …
“ ငွေသော်တာရောင်ခြည် … ထိန်လင်းတော့သည် … ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ … ” အစချီသော ရှမ်းသံဝဲဝဲ တေးတစ်ပုဒ်ကို ကြားရလေသည်။ ထိုသီချင်းမှာ ယခုဧည့်ခံပွဲအတွက် သီးသန့်စပ်ဆိုထားသော သီချင်းဖြစ်ကြောင်း စော်ဘွားကြီးတစ်ယောက်က ပြောပါသည်။ “ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ ” ဟုဆိုအပြီးတွင် ပြုံးခဲရယ်ခဲလှသော ဗိုလ်ချုပ်သည် လက်ညှိုးလေးနှင့် ထိုင်ခုံလက်ရမ်းကို ခေါက်၍ စည်းချက်လိုက်ရင်း ချစ်လှစွာသော ဇနီးသည် အငြိမ်းစားသူနာမပြုဆရာမ ဒေါ်ခင်ကြည်ကို အပြစ်ကင်းဖြူစင်လှသော အပြုံးနှင့်အတူ လှည့်ကြည့်လေသည်။ ထိုစက္ကန့်ပိုင်းလေးသည် ပြတ်သားသော စစ်ဗိုလ်ချုပ်တစ်ယောက်၊ တိကျသော နိုင်ငံခေါင်းဆောင်တစ်ယောက်ဘဝမှ ခတ္တရှောင်ဖယ်၍ သူ့တွင်လည်း နူးညံ့သော၊ လူသားဆန်သော၊ ခံစားတတ်သော၊ မိသားစုစိတ်ဓါတ်ရှိသော နှလုံးသားရှိကြောင်း ဖေါ်ထုတ်ပြသခဲ့သည့် အချိန်တိုလေးပင်ဖြစ်လေတော့သည်။
P.S ဗိုလ်ချုပ်၏ အပါးတော်မြဲ စာရေးဆရာ တက္ကသိုလ်နေဝင်းအဖြစ် ခံစားရေးသားထားခြင်းဖြစ်ပါသည်။ အချို့သော စာသား၊ စကား၊ အမည်နာမများမှာ ကျွန်တော် Mr.Pooh ၏ စိတ်ကူးဖြင့် ထည့်သွင်းထားခြင်းဖြစ်သော်လည်း “ဆရာမ” သီချင်းနှင့် အဖြစ်အပျက်များမှာ အမှန်ပင်ဖြစ်ပါသည်။
Ref: ငါတို့ဗိုလ်ချုပ် ဘာတွေလုပ် ( သတင်းစာဆရာ ဦးပုကလေး )
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ( တက္ကသိုလ်နေဝင်း )
Internet
3 comments:
အရမ်းကောင်းတယ် မောင်ပွတ်
ဖတ်ပြီး ကြည်နူးလာလိုက်၊ ၀မ်းနည်းသွားလိုက်နဲ့
မသိဖူး..မကြားဖူးသေးတဲ့ ဗိုလ်ချုပ်အကြောင်းကို သိရတဲ့အတွက် ကျေးဇူးးးးးး
ဒီသီချင်းက ဗိုလ်ချုပ် က သူ့မိန်းမ ကိုရည်ရွယ်ပြီး ဆိုတဲ့ သီချင်းမှန်း ကြားဖူးတယ်.. ခုလို အသေးစိတ်သိရတဲ့ အတွက် ကျေးဇူး..
ဒီပို့စ်လေး သိပ်ကောင်းတယ် ။ လွတ်လပ်ရေးရဲ့ အရသာကို ဗိုလ်ချုပ်မခံစားသွားနိုင်တာ ရင်နာစရာပဲ ။ တက္ကသိုလ်နေ၀င်း ရေးတဲ့ဟာ ဘယ်နားမှာ ဖတ်လို့ရလဲ ပြောပါဦး။။
Post a Comment