Blog များကို ဖြတ်သန်းခြင်း
ရည်ရွယ်ချက်ကောင်းများဖြင့် Publish လုပ်မည့် Myanmar Blog Book အတွက် စာမူကြမ်းများကို လာမည့် မေလ ၁၅ ရက်နေ့နောက်ဆုံးထား၍ သတ်မှတ်ထားသော Blog တွင် တင်ပေးထားရမည်ဖြစ်သည်။ စာအုပ်ထုတ်လုပ်ရေး အမာခံ Blogger များ၏ တာဝန်ပေးချက်အရ ကျွန်တော်က များလှစွာသော Blog များထဲမှ ၇ ခုကို တာဝန်ယူ ဖတ်ရှုပေး၍ သင့်တော်သော စာမူကြမ်းများကို ပိုင်ရှင်ခွင့်ပြုချက်ဖြင့် တင်ပြပေးရမည်ဖြစ်သည်။ကျွန်တော်ဖတ်ရသော Blog များမှာ
- http://generation96.blogspot.com/
- http://gyittu.blogspot.com/
- http://hay-mar.blogspot.com/
- http://heinnge.blogspot.com/
- http://hohodidi.blogspot.com/
- http://htetyeemon.blogspot.com/
- http://htoolaminn.blogspot.com/ တို့ဖြစ်သည်။
ကျွန်တော် Blog စရေးခါစက ကိုယ့်ဟာကိုယ် စိတ်ထဲရှိတာတွေကိုသာ ရေးနေဖြစ်သည်။ သူများ Blog များကို သွားရောက်ဖတ်ရှုခြင်း၊ အတုယူခြင်းအလွန်နည်းသည်။ မ ၉၉၊ ကိုမောင်လှ၊ ကိုညီလင်းဆက် တို့၏ Blog များကိုသာ အရောက်များလှသည်။ သို့သော်လည်း Comment ရေးရကောင်းမှန်းလည်းမသိ၊ Cbox မှတဆင့် မိတ်ဖွဲ့ရကောင်းမှန်းလည်းမသိ။ တိတိကျကျပြောရလျှင် ထို Blog Community သည်ယခုလောက် မောင်နှစ်မ စိတ်ဓါတ်ဖြင့် ခရီးဆက်နေကြမှန်းပင်မသိ။ ကျွန်တော့်လိုပင် ကိုယ်ထင်ရာကိုယ်စိုင်းနေကြသည်ဟု ထင်မိသည်။ ထို့အပြင် အရေးအသားကောင်းသော Blogger ကြဲပါးလှသည်ဟုလည်း ဝေဖန်မိသည်။
ကျွန်တော်၏ အဆိုပါပေါကြောင်ကြောင်အမြင်များသည် Blog Book ထုတ်ဝေရေးအတွက် ဆွေးနွေးပွဲတက်အပြီးတွင် လုံးဝပျောက်ကွယ်သွားခဲ့လေသည်။ မြန်မာ Blogger များသည် လူမမြင်ဖူးဘဲ ခင်နေကြ၏။ အသံမကြားဖူးဘဲ လေးစားနေကြ၏။ စာများဖတ်ပြီး ကူညီချင်နေကြ၏။ Online Community ၏ စွမ်းဆောင်မှုကား အံ့မခန်းပင်ဖြစ်သည်။ ထိုနေ့က လာကြသော Blogger များသည် မရေးချင်၍ ထိုင်နေချင်သာနေမည် - ဝါရင့်စာရေးဆရာများလို ဖွဲ့နွဲ့တတ်ကြသည်။ သူများ Blog Post များကိုဖတ်၍ ခံစားချက်များကို မြင်တတ်၏။ CBox နှင့် Comment များမှ အချင်းချင်း အားပေး ဝေဖန် စနောက်တတ်ကြ၏။ Newbie များကိုလည်း နေရာပေးတတ်ကြသည်။ သူတို့ Friend List များနှင့် Forum မှ တဆင့် အခြား Blogger များကို ကျွန်တော် သိကျွမ်းခွင့်ရခဲ့သည်။ ဥပမာ - ကိုရန်အောင်တို့လို၊ မဂျစ်တူးတို့လို Bloger ကြီးများဖြစ်သည်။ ယခု ကျွန်တော်သည် Blog Community အတွင်းမှ Blog သေးသေးလေးတစ်ခုကို ပိုင်ဆိုင်သူတစ်ယောက်အဖြစ် နေရသည်ကို နွေးထွေးလာသည်။ ပျော်လာသည်။ သူငယ်ချင်း Blogger တွေအပေါ် ခင်တွယ်လာသည်။ သူတို့၏ Post များ၊ Comment များ၊ Cbox မှ စနောက်နှုတ်ဆက်စာများကို စိတ်ပါလက်ပါဖတ်ဖြစ်လာသည်။ ၄င်းတို့ကို ဖတ်ရင်း တခါတရံ ကိုယ်တိုင်ပင် Post အရေးကြဲသွားတတ်သည်။
အခြား Blog များကို ကျွန်တော် ဘယ်လောက်ဖတ်သည်ပြောပြော အစအဆုံးတော့ မဖတ်ဖြစ်ပေ။ သို့သော် အထက်တွင် ကျွန်တော် ဖေါ်ပြထားသော တာဝန်ကျ Blog ၇ ခုကိုတော့ စိတ်ရောကိုယ်ပါနှစ်၍ ဖတ်ဖြစ်သည်။ ကိုယ်တိုင်က ဖတ်ချင်တာရော၊ အပျင်းကြီးပြီး ကျော်သွားခဲ့လျှင် သူတို့၏ Master Piece များနစ်နာသွားမည်ကို စိုးရိမ်၍ရော သေသေချာချာဖတ်ဖြစ်ပါသည်။ တကယ်တော့ ထို Blog ၇ ခုသည် ဗမာ Blogger များကိုချုံ့ထားသော Sample နှင့်တူသည်။ ရသမျိုးစုံပါဝင်သော Blog ၇ ခုဖြစ်သည်။ နိုင်ငံရေးဟု ခေါ်ကြသော ဗမာနိုင်ငံသမိုင်းနှင့် လက်ရှိအဖြစ်အပျက်များကို တင်ပြလျက်ရှိသော 96 Generation ၏ Blog ဆိုလျှင် ဗဟုသုတများလှသည်။ ကျွန်တော်မကြားဘူးသော၊ မထင်ထားသော အချက်အလက်များကား ဖတ်မကုန်နိုင်အောင်ရှိသည်။ သို့သော် ဗမာပြည်တွင် ပုံနှိပ်ထုတ်ဝေမည်ဖြစ်သော အနှီ Blog Book တွင်ထည့်သွင်းရန်ကား ကာလတစ်ခုကို စောင့်ပေးရမည်ဖြစ်သည်။ နောက်တစ်ယောက်က မဂျစ်တူး ဖြစ်သည်။ အထူးမိတ်ဆက်ရန်မလိုသော သူမကို ကျွန်တော်က သူများထက်နောက်ကျပြီးမှ သိကျွမ်းခဲ့သည်။ သူမ၏ မောင်နှစ်မစိတ်ဓါတ်နှင့် စည်းစည်းလုံးလုံးရှိစေချင်ပုံ၊ စိတ်ထားကောင်းပုံ၊ သူငယ်ချင်းများက သူမအပေါ် ဂရုတစိုက်ရှိပုံများကို အခုတလော စုပေါင်းရေးနေကြသော Open to All ဆောင်းပါးရှည်ကြီးကိုကြည့်ရုံနှင့်သိသာနိုင်သည်။ ဟာသပဲပြောပြော၊ ရသပဲပြောပြော ထိုဆောင်းပါးရှည်ဖတ်ရ ရေးရသည်မှာ ပျော်စရာပင်။ တစ်ခုပဲရှိသည်။ Blogger တွေ အလွန်ပြောင်သည်ဟုတော့ ထင်သွားနိုင်သည်။ ဒါကလည်း ဟုတ်နေသဖြင့် ထူးပြီးနာစရာမရှိတော့ပေ။ ကျန် Blog ၅ ခုသည်လည်း အကောင်းဆုံးသော အရေးအသားများ၊ အနုအရွဆုံးသော အဖွဲ့အနွဲ့များဖြင့် တန်ဆာဆင်ထားသည်။ ကိုဟိန်းငယ်ဆိုလျှင် Forum တွင် အကူအညီများပေးနေသူလည်းဖြစ်သည်။ ပြောရလျှင် ကျွန်တော့်ထက်ရေးနိုင်ကြသူများဖြစ်သလို နှံ့စပ်ကြသူများလည်း ဖြစ်ကြသည်။
ပြီးခဲ့သော တနင်္ဂနွေနေ့က ကျွန်တော် အိုအေစစ် ကို အသက်သွင်းခြင်း သုံးလပြည့်သည်။ ထိုမေလ ၇ ရက်နေ့သည် World Laugh Day ဖြစ်ပြီး ကမ္ဘာအနှံ့ စုပေါင်းရယ်မောခြင်း၊ ပျော်စရာများ ဖန်တီးခြင်း၊ စုပေါင်းကစားပွဲများ ကစားကြခြင်းများ ပြုလုပ်ကြသည်။ ထိုနေ့က ကျွန်တော်တို့ Blogger များလည်း မဂျစ်တူး ဆီတွင် ဆောင်းပါးရှည်ရေး၍၊ Cbox တွင် စကြ နောက်ကြနှင့် ပျော်နေကြကြောင်း ကိုဘလာဂေါက် ဖုံးဆက်သည်။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပျော်ကြလျှင်ပြီးတာပဲ ဖြစ်သည်။ ယခုလို အိုအေစစ်လေး သုံးလတိုင်အောင် အသက်ဆက်နိုင်စေရန် ကူညီပေးကြသော၊ လာလည်ပေးကြသော၊ ဝေဖန်ပေးကြသော မိတ်ဆွေများအား ကျေးဇူးတင်ကြောင်း ဤ Post မှတဆင့် ပြောကြားလိုပါသည်။ အထူးသဖြင့် မနိုင်းနိုင်း၊ ကိုဘလာဂေါက်၊ မဘာညာနှင့် Blog မရေးသော်လည်း “သူငယ်ချင်း ဒီနေ့ဘာအသစ်တင်လဲ ” ဟု အမြဲမေးတတ်သော ကိုထွေး တို့ကို အထူးပင်ကျေးဇူးတင်မိပါကြောင်း။
ဤကား ကျွန်ုပ်၏ အိုအေစစ်သုံးလပြည့် အထူး Post တည်း။
6 comments:
ဟဲ..ဟဲ...ဒီအတိုင်းတော့ မရဘူးနော်....
အကြွေးစာရင်းထဲမှာ မုန့်ကျွေးရန် တစ်ခါလို လို့ ရေးမှတ်ထားလိုက်မယ်..
များများရေး..များများကျွေးနိုင်ပါစေနော်
weee.. Happy blog day to you.. Happy blog day to you!!!!
ဟတ်ပီးဘတ်ဒေး ရွာဘလော့တူးယူမောင်ပွတ်
အောင်မြင်ပါစေ။
မောင်ပွတ်ရေ.. အမအကြောင်းရေးထားတာ ဖတ်ပြီး သိပ်တောင် မနေတတ်ဘူးး) အမစလိုက်တဲ့ ဆောင်းပါးရှည်လေး အားလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ အမှတ်တရလေး ဖြစ်တယ်ဆိုလို့ အရမ်းဝမ်းသာပါတယ်း)
အမဘလောဂ့်ကို ခုလို အချိန်ပေး သေချာဖတ်ပေးတာတွက်လည်း ၀မ်းသာပါတယ် ။
ဘာညာက မောင်ပွတ် ၃လပြည့်လုပ်မယ်ဆိုလို့ ဘာများလဲလို့..း) မောင်ပွတ်က ယောက်ျားဆိုတော့ ကလေးလည်း မွေးမဖြစ်ပါဘူးလို့ စဉ်းစားနေတာ .. ဘလောဂ့် ၃လပြည့်ဆိုတာ ခုမှသိတယ် ။
မောင်ပွတ်ရဲ့ ဘလောဂ့်လေး နောက်များသော နေ့ပေါင်းများစွာကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။
မောင်ပွတ် ဘလော့ ၃လမှသည် ၃နှစ် အနှစ် ၃၀ အနှစ် ၃၀၀ မက ရှည်ပါစေသော်ဝ်။
အဲဒီလို တာဝန်ယူဖတ်ကြသလား။ ပန်ဒိုရာတို့ ဘလော့တွေ ဘယ်သူလာဖတ်ဖို့ တာဝန်ကျပါလိမ့်။
ခုလိုမျိုး ဘလော့ဂါတွေကို မောင်နှမသဖွယ် ခိုင်းနှိုင်းပြီး ရေးပြထားတဲ့ ကိုမောင်ပွတ်ရဲ့ စာသားလေးတွေကို ဖတ်ပြီး ရင်ထဲမှာ သိမ့်ခနဲ စိမ့်ခနဲ အေးခနဲ နွေးခနဲ ဖြစ်သွားတယ်ဗျာ.
ဟတ်ဟတ်ဟတ်
Post a Comment