Saturday, June 30, 2007

Blog Times First Issue နှင့် ရှင်းလင်းချက်

ဘလာဂေါက်နှင့် Mr.Pooh တို့ အားပြုထုတ်ဝေသော မဟုတ်မမှန်သတင်းများနှင့် အတင်းအဖျင်းများပါဝင်သော Blog Times သတင်းစာ အမှတ် ၁ ကို ဖြန့်ချီလိုက်ပြီဖြစ်သည်။ အဆိုပါ သတင်းစာတွင် သူငယ်ချင်းအပေါင်း ပျော်စေရန်၊ ရွှင်မြူးစေရန် ရည်ရွယ်၍သာ အပျော်သဘော ဖေါ်ပြထားခြင်းဖြစ်ပြီး မည်သူ့ကိုမှ နစ်နာစေရန် မရွယ်ရွယ်ကြောင်း ရှင်းပြတောင်းပန်လိုက်ပါသည်။ Personal များ ပါဝင်သွားပါကလည်း မရည်ရွယ်ပါကြောင်း အသိပေးလိုပါသည်။ ယခုသတင်းစာမှာ နမူနာသဘော ထုတ်ဝေလိုက်ခြင်းလည်း ဖြစ်ပြီး နောက်အပတ်များတွင် မည်သည့်သူငယ်ချင်းမဆို သတင်းများ၊ အကြောင်းအရာများ၊ ဓါတ်ပုံများ ပေးပို့နိုင်ပါသည်။ စာမျက်ခွက်ကိုလည်း ယခု ၄ မျက်နှာအစား အားပေးမှုကို မူတည်၍ တိုးချဲ့မည်ဖြစ်ပါသည်။ ယခုအပတ် သတင်းစာကို စာမျက်နှာ အပေါ်ဆုံးတွင် PDF Download ဖြင့် ရယူနိုင်ပါသည်။ အားပေးမှုကို အထူးကျေးဇူးတင်ပါသည်။

Friday, June 29, 2007

Thursday, June 28, 2007

ကျွန်တော်တို့ရဲ့ မြို့တော် (သို့) ကျွန်တော်သိတဲ့ နေဘုန်းလတ်


ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်

အဲဒီစာလေးတစ်ကြောင်းကို ဖတ်ပြီး ကျွန်တော် ပြုံးမိသည်။ အဲဒီအချိန်က ကိုနေဘုန်းလတ်က စာသင်ခန်းထဲက ဆရာနဲ့ ကျောင်းသားအကြောင်းတွေ တစိုက်မတ်မတ် ရေးနေစဉ်ကဖြစ်သည်။ တိတိကျကျ ပြောရလျှင် Blogger များ ပထမအကြိမ် ဆွေးနွေးပွဲအပြီး နောက်တစ်ရက်၏ မနက်ခင်းမှာ ဖြစ်သည်။ အစည်းအဝေး မတိုင်ခင်က သူ့ Blog နှင့် သူ့နာမည်ကို ကျွန်တော်မကြားဖူး၊ မသွားဖူးခဲ့ပါ။ အစည်းအဝေးတက်ပြီးတော့ သူတို့အားလုံး၏ Blog တွေ သွားရောက်လည်ပတ်ဖြစ်သည်။ အဲဒီမှာ အထက်ပါ Blog Title လေးကို ဖတ်မိပြီး ကျွန်တော်ပြုံးမိခြင်းဖြစ်သည်။ ဒီ Title လေးကိုကြည့်ပြီး သူ့မှာ နောက်ခံ ခံစားချက်တွေ အနည်းနဲ့အများရှိလိမ့်မည်ကို ကျွန်တော် သတိထားခဲ့မိပါသည်။ နောက်ပြီး အဲဒီ ခံစားချက်တွေကို သူ တယုတယ သိမ်းဆည်းထားဆဲဟုလည်း ကျွန်တော်ထင်နေမိသည်။

ငါက Y.I.T ကျောင်းသားဟောင်းကွ
ကျွန်တော် ထင်သားပဲ။ အစ်ကို့ပုံစံက Community တစ်ခုကို တာဝန်ယူရဲတဲ့ Y.I.T ကျောင်းသားရုပ်မျိုးလေ
ငါ ခေါင်းနဲ့ ခေါင်မိုး တိုက်နေပြီကွ

သူနဲ့ ပထမဆုံး Gtalk မှာ ပြောစဉ်က သူ့အပေါ်ထားသော ကျွန်တော့်မှတ်ချက်ပင်ဖြစ်သည်။ စာအုပ်ဖြစ်မြောက်ရေးအတွက် သူ ကူညီနေပုံက ကျွန်တော့်မှတ်ချက် မမှားကြောင်း ပိုမိုခိုင်မာလာအောင် သက်သေပြနေသယောင်ပင် ဖြစ်သည်။

တကယ်တော့ Blog ပေါ်မှ သူငယ်ချင်းတွေသည် စာတွေကို ဖတ်ရင်း၊ Blog ကို ပြင်ဆင်ထားပုံကို လေ့လာရင်း အချင်းချင်းမှတ်ချက်ပေးပြီး ခင်မင်လေ့ရှိသည်။ လူချင်းလည်း သိပ်မမြင်ဖူးကြ။ မြင်ဖူးဦးတော့ - ခင်ခင်မင်မင် တွဲ၍သွားလာခဲသည်။ ကျွန်တော်နှင့် ကိုနေဘုန်းလတ်တို့ကတော့ အပြင်မှာ တွေ့ဖြစ်ကြသည်။ သူက အင်တာနက်ကဖေး ၂ ဆိုင်ဖွင့်ထားသဖြင့် သူ့ဆိုင်မှာ အင်တာနက်သွားသုံးရင်း လက်ဘက်ရည်ဆိုင်ထိုင်၊ စာအုပ်ကိစ္စတိုင်ပင်နှင့် ပိုခင်သွားကြသည်။ အိမ်ချင်းလည်းနီးသဖြင့် ကျွန်တော်အားသော ညနေခင်းများကို သူ့နှင့်ပင် လက်ဘက်ရည်ဆိုင်တွင် အချိန်ဖြုန်းနေဖြစ်လေသည်။

နောက်တစ်ခုက သူသည် Blogger များအကြား သြဇာရှိသော၊ အောင်မြင်သော “ သံလွင်အိပ်မက် ” Online စာစောင်၏ အယ်ဒီတာတစ်ဦးလည်းဖြစ်သည်။ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ဖတ်လေ့ရှိသော ထိုစာစောင် ထွက်မည့်ရက်ဆိုလျှင် သံလွင်အယ်ဒီတာများ ညမအိပ် နေ့မနား အလုပ်လုပ်ကြရသည်။ ထို့အပြင် ကိုနေဘုန်းလတ်သည် အချို့သော မဂ္ဂဇင်းများတွင် ဆောင်းပါးများ ဖေါ်ပြခံရသော စာရေးဆရာတစ်ဦးလည်း ဖြစ်သေးသည်။ သူ၏ စာအရေးအသား အသွားအလာများမှာ အများနဲ့မတူ သွက်လက်လှသည်။ ထိထိမိမိ ဖွဲ့နွဲ့လေ့ရှိပြီး အတွေးအမြင်လေးများ ကြားညှပ်ပါတတ်သည်။ ကျွန်တော်စာရေးလျှင် အခြားသောစာရေးဆရာများကို အတုယူရေးသားတတ်သည်။ ဥပမာ - ဟာသရေးလျှင် ကျွန်တော့်ဆရာများမှာ ဆရာသော်တာဆွေနှင့် ဆရာမင်းလူတို့ဖြစ်သည်။ ကိုနေဘုန်းလတ်ကတော့ ထိုသို့ စတိုင်ခိုးပုံမရ။ ကိုယ်ပိုင်ဟန်ဖြင့် ခပ်သွက်သွက်ရေးတတ်လေသည်။ ကျွန်တော်တို့ကြိုးစားနေသော Blog Book ထွက်ပြီးလျှင် ကိုနေဘုန်းလတ်၏ Post များစုစည်းထားသည့် စာအုပ်တစ်အုပ် ထွက်လာရန် သူကိုယ်တိုင်ပင် စီစဉ်နေသည်ဟုလည်း ကြားမိသည်။ ကျွန်တော်တို့အတွက် စာအုပ်ကောင်းတစ်အုပ် တိုးလာဦးမည်ဖြစ်သည်။

သူနှင့် ရင်းရင်းနှီးနှီးပေါင်းဖြစ်သောအခါ သူ့အကြောင်းတွေ ပိုသိလာသည်။ တကယ်တော့ သူသည် အရိုးခံစိတ်ထားရှိသည်။ အားနာတတ်သည်။ အပေါင်းအသင်း မင်သည်။ ကူညီလိုစိတ် အပြည့်ရှိသည်။ သူမသိသော ကိစ္စများကို သိသယောင် ဟန်မဆောင်တတ်။ မသိလျှင်မသိဘူး၊ အနာခံလိုက်ရလျှင်လည်း ရယ်သွမ်းသွေး၍ ပြောတတ်သော အစ်ကိုတစ်ယောက်ဖြစ်သည်။ တခါတရံ စိတ်လိုလက်ရရှိလျှင် သူ့ Personal များ ကျွန်တော့်ကို ပြောပြနေတတ်သည်။ မိတ်ဆွေဖြစ်တာ သိပ်မကြာသေးသော ကျွန်တော်ပင် သူ့ကို ခင်မင်မိလျှင် သူနှင့်ငယ်ပေါင်းလိုဖြစ်နေသော ကိုညီညီ၊ ကိုဇင်ကိုလတ်တို့ဆိုလျှင် ညီရင်းအစ်ကိုလို ဖြစ်နေလိမ့်မည်ဟု တွေးနေမိသည်။ ကိုနေဘုန်းလတ်၏ နှစ်လိုဖွယ်စရိုက်တစ်ခုမှာ လူတစ်ယောက်စကားလာပြောနေလျှင် စိတ်ဝင်တစား နားထောင်ပေးတတ်ခြင်းပင်ဖြစ်သည်။ ရယ်ဖို့လိုအပ်လျှင် ရယ်လျက်၊ အကြံပေးဖို့လိုအပ်လျှင် စဉ်းစားလျက် နားထောင်ပေးလေ့ရှိသည်။


ယနေ့သူ့ မွေးနေ့ဖြစ်သည်။ ကျွန်တော်က သူငယ်ချင်းများမွေးနေ့ဆိုလျှင် အစောဆုံး Wish ပေးသူ ဖြစ်ချင်သည်။ တတ်နိုင်သလောက်လည်း စောစောထပြီး Phone ဆက်ပြီး နှုတ်ဆက်လေ့ရှိသည်။ ၉ နာရီခွဲမှ အိပ်ယာထတတ်သော ကိုနေဘုန်းလတ်ကိုတော့ အိပ်ရေးပျက်နေမည်စိုး၍ ၇ နာရီလောက်က SMS ပဲ ပို့လိုက်သည်။ အစည်းအဝေးနေ့က လူစုံသဖြင့် သူက ကြိုတင်ကျွေးထားခြင်းဖြစ်သည်။ ကျွန်တော်က ၃၅ နှစ်ပြည့်တာဟု စတော့ ဆီဗုံးတွေမှာ ၂၇ နှစ်သာဖြစ်ကြောင်း လိုက်ရှင်းပြနေလေသည်။ အစည်းအဝေးနေ့က ကျွန်တော် Cream တွေအများကြီးပါသော B-day Cake တစ်လုံးလက်ဆောင်ပေးဖြစ်သည်။ “ လွတ်ကျခဲ့တဲ့ မြို့တော်အတွက် ” ဟုရေးထားသော ကျွန်တော့်လက်ဆောင်ကို သူနှစ်သက်ပုံရသည်။ နောက်ပြီး အဲဒီတစ်နေ့လုံး သူပျော်နေပုံရသည်။ တကယ်တော့ ကျွန်တော်တို့အားလုံး ပျော်နေကြခြင်းလည်း ဖြစ်လေသည်။

ဤကား ကျွန်တော်သိသော ကိုနေဘုန်းလတ် ပင်ဖြစ်သည်။ သူ့အတွက် ကျွန်တော့် မွေးနေ့လက်ဆောင် Post လည်းဖြစ်သည်။ အခြားသော မိတ်ဆွေ Blogger များကလည်း ပို့စ်များ၊ ကဗျာများဖြင့် လက်ဆောင်ပေးဖို့ ရှိနေသည်ဟုလည်း ကြားမိသည်။ အကယ်၍ ကိုယ်တိုင်မရေးဖြစ်ပါက ကျွန်တော်၏ Post လေးတွင် Comment ရေးခြင်းဖြင့် အတူတကွ လက်ဆောင်ပေးနိုင်ပါသည်။ သူလွတ်ကျသွားသော မြို့တော်သည် တကယ်တော့ ကျွန်တော်တို့အားလုံး၏ မြို့တော်လည်းဖြစ်လေသည်။

ကိုနေဘုန်းလတ်အတွက် အမှတ်တရပါ။ ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့တွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေဗျာ။

ဓါတ်ပုံများကို ကိုစစ်အိမ်နှင့် ကိုဘလာဂေါက်ကူညီပါသည်။

Tuesday, June 26, 2007

တတိယအကြိမ် အစည်းအဝေး

ကိုဇင်ကိုလတ်နဲ့ ဘလော့ဂ်ဖော် ဘလော့ဂ်ဖက် သူငယ်ချင်းများ ခင်ဗျား … ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစည်းအဝေးလေးက မြင့်မားတဲ့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်း စချင်နောက်ချင်နေကြတာနဲ့ပဲ ဒုတိယပိုင်းကို ဦးစားပေး ဖေါ်ပြသလို ဖြစ်သွားတယ်ဗျာ။ အခု ကျွန်တော်တို့ အစည်းအဝေးရလဒ်လေးကို ကိုနေဘုန်းလတ်ဘလော့ဂ်နဲ့ အစည်းအဝေးမှတ်တမ်းလေးတွေ ကိုးကားပြီး ကျွန်တော်ပြန်တင်ပြပေးပါဦးမယ်။

အားလုံးသိတဲ့အတိုင်း ဒီအစည်းအဝေးကို တစ်ပတ်ကြိုပြီးကြေငြာပါတယ်။ အလုပ်ရှိတဲ့လူတွေနဲ့ ညှိလို့ရအောင်၊ အဆင်မပြေရင် ရက်ရွှေ့ရအောင်ပေါ့ … အဓိပ္ပါယ်ကတော့ လူမစုံ စုံအောင်လုပ်ချင်လို့ပါပဲ။ ဒါကြောင့် အခုအစည်းအဝေးကို ၁၄ ယောက်တက်ရောက်နိုင်ခဲ့ပါတယ်။ ရန်ကုန်မှာလုပ်တဲ့ အစည်းအဝေး သုံးခုလုံးကို တက်ရောက်သူတွေအဖြစ် ကျွန်တော်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ နဲ့ ကိုညီလင်းဆက်တို့ ပါဝင်ခဲ့ပြီး မျက်နှာသစ်တွေအဖြစ် ကိုဖိုးကျား၊ ကိုသန့်ဇော်မင်း၊ ကိုဖြိုး အစရှိတဲ့ Blogger တွေလည်း စုံစုံလင်လင်လာကြပါတယ်။ စာလုံးပေါင်းတွေ စစ်ပေးဖို့ပြောထားတဲ့ မမေဓါဝီလည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ စာမူတွေဖတ်ပေးနေတဲ့ ၁၅ ယောက်အနက်က ရန်ကုန်အခြေစိုက် ၆ ယောက်တက်ရောက်ခဲ့ပြီး မဘာညာနဲ့ ကိုတက်စလာတို့ မလာနိုင်ကြပါဘူး။ ( အသေးစိတ်ကြည့်ရန် ကိုနေဘုန်းလတ်ဆီသို့ )


၁ နာရီစမယ်လို့ ကြေငြာထားပေမယ့် လူစုံအောင်စောင့်ရင်း ၁ နာရီ ၄၀ လောက်မှ စဖြစ်ပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေကို ကြိုတင်တိုင်ပင်လိုက်တော့ အစည်းအရုံးဖွဲ့ဖို့ ကိစ္စအပါအဝင် ဆယ်ခု ရပါတယ်။ အချိန်ကိုလေးစားသောအားဖြင့် ခပ်မြန်မြန်လေး ဆွေးနွေးလို့ရအောင် အဲဒီခေါင်းစဉ်တွေကို Print Out လုပ်ပြီး Paper-Base နဲ့ ပေါင်းပြီး ဆွေးနွေးခဲ့ပါတယ်။ စာအုပ်မှာ ပါဝင်မယ့် ခေါင်းစဉ်နဲ့ အရေအတွက်ကို ဆုံးဖြတ်နိုင်အောင်လည်း ကိုနေဘုန်းလတ်တို့က MMBlogBook2 က Post တွေကို အသေအချာ Edit လုပ်ပြီး Print Out လုပ်လာပေးပါတယ်။ ဒါ့အပြင် ကိုကဒေါင်းပို့ထားတဲ့ ဆွေးနွေးဖွယ်ရာတွေကိုလည်း Print Out လုပ်ပြီး ဆွေးနွေးပေးကြပါတယ်။ ဆွေးနွေးစရာတွေကို ကျေနပ်စရာကောင်းတဲ့ အဖြေမရမချင်း ခေါင်းစဉ်မပြောင်းဘဲ ဆွေးနွေးခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်တွေကို ကိုနေဘုန်းလတ် တိတိကျကျရေးပြီးပြီ ဖြစ်လို့ ကျွန်တော်ထပ်မရေးတော့ပါဘူး။ ကိုကဒေါင်းပို့ထားတဲ့အချက်တွေက ကျွန်တော်တို့ ဆွေးနွေးတဲ့ ခေါင်းစဉ်တွေထဲမှာ ပါနေတာတွေလည်းရှိလို့ အဲဒီမှာပဲ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သိချင်တာရှိသေးရင်လည်း ကျွန်တော့်ဆီကို စာပို့စုံစမ်းနိုင်ပါတယ်။

ယေဘုယျအနေနဲ့တော့ ရှေ့ဆက်လုပ်ဆောင်ရမယ့်ကိစ္စတွေကို ရန်ကုန်က သူငယ်ချင်းတွေပဲ တက်နိုင်သလောက် ဆက်လက်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း အခုလို လူစုလူဝေးနဲ့ မဟုတ်တော့ဘဲ သက်ဆိုင်ရာ Sub-Group လေးတွေကပဲ တာဝန်ယူဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဥပမာ - မျက်နှာဖုံးကိစ္စကို ကိုဖြိုးနဲ့ ကိုစစ်အိမ်တို့က ကိုချမ်းမြစိုးကို ဆက်သွယ်လုပ်ဆောင်မှာ ဖြစ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေက Force ပေးမှာ မဟုတ်ပါဘူး။ ဒီလိုပဲ စာလုံးပေါင်းနဲ့ Data အမှားအမှန်ကိစ္စကိုလည်း ကိုညီလင်းဆက်၊ ကိုစစ်အိမ်နဲ့ မမေဓါဝီတို့ပဲ ဆက်လက်လုပ်ဆောင်ကြတော့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ပြီးပြည့်စုံသွားတဲ့ အလုပ် % တွေကို သက်ဆိုင်ရာ Blog တွေနဲ့ Forum မှာ အချိန်နဲ့ အမျှ တင်ပြပေးသွားမှာဖြစ်လို့ ပြည်ပကသူငယ်ချင်းတွေနဲ့ တာဝန်တိတိကျကျမယူထားတဲ့ သူငယ်ချင်းတွေအနေနဲ့လည်း အခြေအနေတွေကို သိရှိခွင့်ရနေမှာ ဖြစ်ပါတယ်။ မိမိစဉ်းစားမိတဲ့ အကြံဥာဏ်တွေကိုလည်း အချိန်မရွေးပေးနိုင်ပါတယ်။

နောက်တစ်ကြိမ်အစည်းအဝေးကတော့ အနီးဆုံးအနေနဲ့ အစည်းအရုံးဖွဲ့ဖို့ Service + မှာ ကျင်းပဖို့ရှိနေပါတယ်။ စာအုပ်အတွက်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ် … အခုလို လူစုံတက်စုံကို စာအုပ်ပုံနှိပ်ပြီးမှ Promotion နဲ့ Seminar ကိစ္စ ထပ်မံ ချိန်းဆိုဖြစ်လောက်ပါတယ်။ သက်ဆိုင်ရာ Group လေးတွေကတော့ သူတို့အချင်းချင်း လိုအပ်သလို တွေ့ဆုံသွားပါလိမ့်မယ်။

အစည်းအဝေးလေးဖြစ်မြောက်ဖို့ တက်တက်ကြွကြွ ဝိုင်းဝန်းကူညီကြသူများ၊ တက်ရောက်ဆွေးနွေးပေးသူများ၊ အဝေးမှ ယုံကြည်စွာ လွှဲအပ်ခဲ့ကြသူများ အားလုံးကို Blogger များအားလုံးကိုယ်စား ကျွန်တော်ကပဲ အထူးကျေးဇူးတင်ကြောင်း ပြောပါရစေဗျာ။

Monday, June 25, 2007

ပထမပိုင်း … ပြီးမှ ဒုတိယပိုင်း … မိုးရေထဲက တတိယပိုင်း

(ကိုဘလာဂေါက် ပြောသလိုပေါ့) ကျွန်တော့် ညလေးကို ဟန်ပါပါရပ်ရင်း A&T ကိတ်မုန့်ဆိုင်ထဲ ဝင်လိုက်တယ်။ ဈေးအပေါဆုံး Birthday ကိတ်မုန့်တစ်လုံးမှာပြီး အရောင်းကောင်မလေးကို ကိတ်ပေါ်မှာ စာရေးပေးပါဦးလို့ ပြောပြီး ကျွန်တော်ရေးချင်တဲ့ စာကို ရွတ်ပြလိုက်တယ်။

“ လွတ်ကျခဲ့တဲ့ မြို့တော် အတွက် ”
“ ရှင် ”

ကျွန်တော့်ကို အူကြောင်ကြားပဲ ဆိုတဲ့အကြည့်တွေ ဝေ့ဝဲလာတယ်။ ကိစ္စမရှိဘူး … သူက မြို့တော်တစ်ခုပဲ လွတ်ကျတာ … ကျွန်တော်တို့မှာ လွတ်ကျခဲ့တဲ့ မြို့ပြတွေ ဒုနဲ့ဒေးပါလေ။

“ ကဲ .. ရေးပါ။ ကျွန်တော်ရေးချင်တာ အဲဒါပါပဲ ”

ဒါဆိုလည်းပြီးရော ဆိုတဲ့ မျက်ဝန်းတွေနဲ့ ခပ်ငေးငေးလေး ကြည့်ပြီး အဲဒီကောင်မလေး Cream Tube ကြီးနဲ့ စရေးပါတော့တယ်။

“ လွတ်ကြခဲ့တဲ့ ”

နေပါဦး … မနည်းတားလိုက်ရတယ်။ စာလုံးပေါင်းမှားနေပြီကွဲ့။ တို့ Blogger တွေဟာ အနည်းနဲ့အများတော့ စာလုံးပေါင်း ဂရုစိုက်ကြတယ်လေ။ အဲဒီကောင်မလေးက လက်သည်းထဲက ချီး(ဂျီး)တွေ ထိုးထုတ်ထားတဲ့ ကဒ်ထူပြားလေးနဲ့ “ ကြ ” ကို “ ကျ ” ဖြစ်အောင် ပြောင်းပေးလိုက်တယ်။ ( ပြောရဦးမယ် … ကိတ်မုန့်ခွဲပြီးတော့ အဲဒီနေရာလေးကို ကိုဖြိုးက မစားဖူးသလို စားနေတာ သတိထားမိတယ် )

ကျသင့်ငွေရှင်းပြီး မမေဓါဝီကိုဝင်ခေါ် … လမ်းမှာ မွေးနေ့အရှင်ကြီး မှုတ်ချင်မှုတ်ရအောင် ဖယောင်းတိုင်ဝင်ဝယ်၊ ပြီးတော့ အစည်းအဝေးနဲ့ မွေးနေ့ပွဲတည်ရာနေရာကို ညလေးကိုမောင်းပြီး ကျွန်တော်တို့ ရောက်လာခဲ့ပါတော့တယ်။

ကျွန်တော်တို့ရောက်တော့ မွေးနေ့အရှင်ကြီး၊ ကျွန်တော့်ကိုဖွမယ့် ကိုစိုးဇေယျ၊ ကိုဖြိုး၊ (မှိတ်ထားသော)ကိုမျက်လုံးနဲ့ ထာဝရနောက်ကျရေးသမား ကိုညီလင်းဆက်တို့ ရောက်နှင့်နေပြီ။ ရေလေးတစ်ဗူးမှာပြီး ဘာတွေပြောနေကြတယ်တော့ မသိပါဘူး။ ခဏနေတော့ အခြား Blogger တွေ တဖွဲဖွဲရောက်လာကြတယ်။ ကိုဘလာဂေါက်က ရောက်တာနဲ့ စာရွက်တွေ ဝေပါရော … ဟဲ့ ဒီကလေးအဖေ ဘာတွေတုန်းဟ .. နိုင်ငံရေးလား … သေချာဖတ်တော့မှ အစည်းအရုံးဖွဲ့ဖို့ ဆွေးနွေးရန်ကိစ္စများရေးထားတဲ့ မိတ္တူစာရွက်တွေလေ။ တော်သေးတာပေါ့ …

ဘယ်သူလာဦးမလဲ ခဏစောင့်ပြီး အစည်းအဝေးစပါတယ်။ အစည်းအဝေးစတဲ့ အနေနဲ့ မိုးပျံပူဖောင်းတွေလွှတ်၊ ဂျိုး
ငှက် (ချိုးငှက် လားမသိတော့ဘူး) အဖြူ ၁၁၁ ကောင်လွှတ်၊ ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ထိုး၊ ဆွေးနွေးမယ့်ကိစ္စတွေ စီထားတဲ့ စာရွက်တွေ တစ်ဦးချင်းလိုက်ဝေ၊ Blogger တွေ အချင်းချင်းမိတ်ဆက် … အဲဒါတွေ တစ်ခုမှ မလုပ်ဘဲ

“ ကဲ .. စကြရအောင် ”

ဆိုပြီး စလိုက်ကြပါတယ်။ ခေါင်းစဉ်ကြီး ဆယ်ခု ဆွေးနွေးပြီး တကူးတက ပြည့်ပြည့်စုံစုံ တင်ပြထားတဲ့ ကိုကဒေါင်းညင်သာရဲ့ အကြံပြုချက်တွေကိုလည်း မပျက်မကွက် ဆွေးနွေးပေးခဲ့ပါတယ်။ အဲဒါတွေကို မွေးနေ့အရှင်ကြီး ကိုနေဘုန်းလတ်က သူ Online တင်မယ်ဆိုပြီး ကျွန်တော့်ကားပေါ်က ယူချသွားလို့ သူ့လွတ်ကျထားတဲ့ မြို့တော်မှာ သွားရောက်ရှာဖွေ ဖတ်ရှု လေ့လာ သုံးသပ် မှတ်ချက်ချပေးကြပါ။ (ကိုရန်ရေ … MBA ကိစ္စလည်း ကျွန်တော်တင်ပြလိုက်ပါတယ် … )

အစည်းအဝေးလည်းပြီးရော Birthday Cake လှီးပြီး အခမ်းအနားကို ခတ္တ ရုတ်သိမ်းလိုက်ပါတယ်။ ကိုညီလင်းဆက်၊ မမေဓါဝီ၊ ကိုမိုးလှိုင်ညနဲ့ တော်တော်များများ ပြန်သွားကြတယ်။ ခဏနေတော့ ဒုတိယပိုင်းစဖို့ မင်္ဂလာဈေးခေါင်မိုးပေါ်တက်ပြီး ဆက်ဆွေးနွေးကြပါတယ်။ (ကိုညီလင်းဆက်က ဂတိအတိုင်းပြန်လာပြီး နည်းနည်းတော့ချသွားသေးတယ်။ ကိုတက်စလာခေါ်တဲ့ နာမည်လေးလည်းလှတယ်ဗျ … ခွက်ကြားညီလင်းဆက်ဆိုပဲ … သိချင်ရင် သူတို့ကိုသာမေး) ကျွန်တော်ရေးရင် စာသားတွေပဲ ဖြစ်လိမ့်မယ် … ကိုဂေါက်တို့၊ ကိုစိုးဇေယျတို့၊ ကိုတက်စလာတို့ အစရှိတဲ့ အဖွသန်သူများက ဓါတ်ပုံအကိုးအကားနဲ့တကွ တင်ဖွ အဲလေ တင်ပြကြမှာမို့ ဒုတိယပိုင်းကို သူတို့ဆိုင်ရာ ဘလော့ဂ်များမှာ လေ့လာကြပါ။

တစ်ခုတော့ရှိတယ်ဗျာ … ဘယ်လောက်မူးမူး … စားစရာအမြည်းနဲ့ သံပုရာသီးစိတ်တော့ ခွဲနိုင်သင့်တယ်ဗျာ။ ဘယ်နှယ့် … မျက်မှန်တပ်ထားတဲ့ ဘောင်းဘီတိုနဲ့လူကြီး … ကိုဂေါက်ပေးတဲ့ သံပုရာသီးအချဉ်ရည်စမ်းကို ကြက်ဖင်ဆီဗူးအမှတ်နဲ့ အားရပါးရဝါးပစ်လိုက်တာတော့ နည်းနည်းလွန်ပါတယ်လေ။ အလဲ့ မဝါးမိခင်ပြောလိုက်သေးတယ် … “ ငါ့ကို လျှော့မတွက်နဲ့ ”ဆိုပဲ … မတွက်ရဲပါဘူး … ဘယ်သူမှ သံပုရာသီးကို အခွံပါဝါးမစားရဲဘူးလေ … အဟဲ … တချို့ကတော့ မူးလာရင် ခေါင်းကြီးစိုက်ပြီး ကင်းကောင်ကြီးလို မမြင်တဲ့မျက်လုံးရွဲကြီးတွေနဲ့ လျှောက်ကြည့်လို့ … တချို့ကျတော့လည်း မှောင်မည်းနေတဲ့ကြားမှာ စာလုံးပေါင်းစာအုပ်ကြီး ဖွင့်ဖတ်လို့ … တချို့ကျပြန်တော့လည်း မဲမဲမှောင်မှောင်မှာ ပစ်တိုင်းထောင်တောင် လိုက်ရှာနေရသေးတယ်ဗျို့ … မနက်ကမှ ပေးသွားတာ ညကျတော့ ပျောက်ရော … ဒါတောင် သူက ရေပဲ သောက်တာ။ ကောင်းလာရင် အမျိုးမျိုးပေါ့လေ … ကျွန်တော်လည်းမူးလာရော … ကျွန်တော်လည်းမူးလာရော … ဟဲဟဲ … အိမ်သာမှာ ဝိတ်လျော့ပြီး ပြန်လာတယ်လေ။

ကျွန်တော့်ကားစုတ်လေးက သိပ်မကောင်းလို့ ရောင်ရင်းများကို မြို့ထဲပြန်မပို့နိုင်တာ ခွင့်လွှတ်ကြပါဗျာ။ ကိုနေဘုန်းလတ်ကြီးကို အိမ်ပြန်ပို့ပြီးတော့

“ အစ်ကိုရေ … ကားမှန်လေးကို Wiper လေး နည်းနည်းဆွဲပေးပါ ”

လို့ ပြောမိတာ စိတ်ဆိုးပြီးဆွဲလိုက်တာ Wiper အတံပါကျိုးရော … မိုးရွာကြီးထဲ ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး မောင်းပြန်လာခဲ့ရတယ်ဗျာ … အဲဒါကတော့ ကျွန်တော် တစ်ယောက်ထဲကျင်းပခဲ့တဲ့ မိုးရေထဲက တတိယပိုင်းပါပဲ။ ( အမှန်ကတော့ Wiper က အစကတည်းက မကောင်းတာပါ )

ကောင်းပါ၏ … ကောင်းပါ၏ … အားလုံးကောင်းပါ၏ ….

အစည်းအဝေးအကြောင်း ကိုနေဘုန်းလတ် တင်ပေးမယ်ဆိုလို့ ကျွန်တော်က အပြောင်အပျက်ရေးထားတာပါ။ စိတ်မရှိကြပါနဲ့။

ရှင်းလင်းချက်။ ။
( ဥုံဖွ ... ကျွန်တော်ကို ယုံကြည်သော၊ ကျွန်တော်ပြောတာ အမှန်ထင်သော သူငယ်ချင်းများသာ မြင်ရစေသား )
ညလေး = ကျွန်တော့် ည နံပတ်ကားစုတ်လေး
မွေးနေ့အရှင်ကြီး = မွေးနေ့ရှင် ကိုနေဘုန်းလတ်
သံပုရာသီးအချဉ်သုတ်စားသူ = ကိုတက်စလာ ( လျှော့မတွက်ပါဘူးနော် အဟဲ )
ကင်းကောင်ကြီး = ကိုစိုးဇေယျ (သို့ ) ကျွန်တော်ကိုဖွမယ့် ပုဂ္ဂိုလ်ထူးကြီး
စာအုပ်ထုတ်ဖတ်သူ = ကိုညီလင်းဆက်
ပစ်တိုင်းထောင်ရှာသူ = ကိုစစ်အိမ်

Thursday, June 21, 2007

Globalization အစစ်

Globalization ဟုခေါ်သော ကမ္ဘာ့ရွာခေတ်ကြီးတွင် လူနှင့် တိရစ္ဆာန်တို့သည် ဘာသာစကားတစ်မျိုးတည်းသာ ပြောကြတော့၏။ လူစကားများကို တိရစ္ဆာန်များက နားလည်လာရုံသာမက ပြောပါပြောတတ်လာကြလေ၏။ နိုင်ငံများ ပိုင်းခြားထားခြင်းလည်း မရှိတော့ပေ။ အားလုံးပြောကြသော ဘာသာစကားမှာ ထုံးစံအတိုင်း ဗမာစကားပင် ဖြစ်လေ၏။ အောက်ဖေါ်ပြပါ အကြောင်းအရာမှာ ဤ Globalization ခေတ်အတွင်းမှ အလုပ်ခေါ် Interview တစ်ခုပင်ဖြစ်လေ၏။ နေရာကား တချိန်က ပြင်သစ်ဟု လူများသိခဲ့သော၊ ယခု ပျဉ်သစ်ကြီး ရပ်ကွက်အတွင်းတွင် ဖြစ်ပါတော့သတည်း။

“ လျှောက်ထားသူ အမှတ် ၃၉၈၄ ”

“ လာပါပြီခင်ဗျ ”

ဖားတစ်ကောင်က ပုရွက်ဆိတ် တစ်ကောင်ကို ကျောပေါ်တင်၍ ဝင်လာ၏။

“ ဟေ့ မင်းတို့က ဘာလို့နှစ်ယောက်ဝင်လာတာလဲ ”

“ အလုပ်လျှောက်တာက ကျွန်တော်ပါ။ ဒီ ပုရွက်ဆိတ်က ကျွန်တော်နဲ့ အလုပ်တွဲလုပ်မှာပါ။ သူ့ကို လခပေးစရာမလိုပါဘူး။ သူပါမှ ကျွန်တော် တာဝန်တွေ ထမ်းဆောင်နိုင်မှာပါ။ ”

“ တော်တော်ရှုပ်တာပဲ။ အေး … ထားပါတော့။ မင်းလျှောက်တဲ့ ရာထူးက မိုးလေဝသခန့်မှန်းသူနော် ”

“ ဟုတ်ပါတယ်။ ကျွန်တော်တို့က ဘီဘီစီ မှာ သုံးနှစ်လုပ်ဖူးပါတယ်။ လူတွေကို ခန့်ထားတာထက် ကျွန်တော်တို့ကို ခန့်ထားရင် လစာပေးရတာ သက်သာမယ်။ မိုးရွာမယ်၊ နေပူမယ်၊ လေတိုက်မယ်ကို တိတိကျကျ ခန့်မှန်းပေးနိုင်ပါတယ်။ ကျွန်တော့်မိတ်ဆွေ ပုရွက်ဆိတ်ကြီးကတော့ မိုးရေချိန်ဘယ်လောက်တက်မယ်ဆိုတာကအစ ပြောနိုင်ပါတယ်။ သူတို့ ပုရွက်ဆိတ်မျိုးရိုးတွေဟာ ဒါတွေခန့်မှန်းပြီးပဲ နေအိမ်တွေ ပြောင်းရွေ့ရှင်သန်လာခဲ့ကြတာ လူကြီးမင်းလည်း အသိပါပဲ ”

ဖားကျောပေါ်မှ ပုရွက်ဆိတ်က လည်စည်းကို ဆွဲဆန့်ရင်း

“ ဟုတ်ကဲ့။ ကိုဖားကြီးပြောသလိုပါပဲ … ကျွန်တော်တို့ နှစ်ယောက်ပေါင်းရင် တိကျတဲ့ခန့်မှန်းချက်တွေ ရရှိမှာပါ။ လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ဖြစ်သွားတဲ့ ဆူနာမီရေဘေးကို ပထမဆုံးသတိထားမိတာလည်း ကိုဖားကြီးတို့ ဘိုးဘေးတွေပါ။ သူတို့အော်ပြောတာကို အဲဒီတုန်းက ခပ်ညံ့ညံ့လူတွေ နားမလည်လိုက်လို့ ပျက်စီးမှုတွေ ဖြစ်ရတာပါ။ ဒါ့အပြင် … ”

“ တော်ပါပြီ ကိုပုရွက်ဆိတ်ကြီးရယ်။ ပြန်နိုင်ပါပြီ။ အကြောင်းရှိရင် ပြန်အဆက်သွယ်ပါ့မယ်။ နောက်တစ်ယောက် … ”

ဖားနှင့် ပုရွက်ဆိတ် ထွက်သွားပြီး ကြီးမားသော ခွေးနက်ကြီးတစ်ကောင်ဝင်လာလေ၏။

“ ကဲ … နာမည်ပြော ”

“ အာနိုးဗန်ဒိန်းဒိုဗာဟိန်းပါ။ မျိုးရိုးက ဒိုဗာမင်။ ဂျာမနီရပ်ကွက်မှာ နေပါတယ်။ လျှောက်ထားတဲ့ ရာထူးက လုံခြုံရေးမှူးပါ ”

“ အင်း … နေရာနဲ့ အကောင်နဲ့တော့ လိုက်ပါတယ်။ မင်းကို နေစရာပေးရမှာလား ”

“ ပေးရင်ပိုအဆင်ပြေပါတယ်။ လုံခြုံရေးဆိုတာ .. ”

“ လေမရှည်ပါနဲ့တော့။ သိပါတယ်။ မင်းမိသားစု ကရော… ”

“ သူတို့ကတော့ ကျွန်တော်အလုပ်ရရင် လေယာဉ်နဲ့လိုက်လာမှာပါ။ ကျွန်တော်က တော်သလင်းလမရောက်ခင် လှမ်းခေါ်မယ်လို့ ပြောထားပါတယ် ”

“ ဟုတ်ပြီလေ။ ကဲ … သွားတော့။ နောက်တစ်ယောက် ..”

ဒိုဗာမင်ခွေးကြီးက နောက်ခြေနဲ့ နားရွက်ကိုလှမ်းကုတ်ရင်း ထွက်သွား၏။ ပျံလွှားတစ်ကောင် အရှိန်ပြင်းပြင်းပျံရင်း ဝင်လာပြန်၏။

“ ဝှီး .. ဖလူး ဖလူး ”

“ သောက်ပလုတ်တုတ် … ဖြေးဖြေးလုပ်ပါဟ။ မင်းက ဘာလာလျှောက်တာလဲ ”

“ ကျွန်တော်က စာပို့လုလင်လာလျှောက်တာပါ ”

“ ဘာကွ … ဒီလောက် တိုးတက်နေတဲ့ ခေတ်မှာ ငှက်နဲ့ စာပို့ရမတဲ့လား ”

“ မှန်ပါတယ်။ လူကြီးမင်း ရုံးထိုင်တဲ့ ပျဉ်သစ်ကြီးမှာ မီးမှန်ပေမယ့် ဒဂုံဘက်မှာ မီးပျက်နေတော့ လျှပ်စစ်သုံးစာပို့စနစ်က သိပ်မထွန်းကားသေးပါဘူး။ အဲဒီ Department ဘက်ကို လာလျှောက်တာပါ ”
“ အင်း … မဆိုးပါဘူး။ မင်းက မြင်တတ်သားပဲ။ မင်းအမြန်နှုန်းကရောကွာ … ”

“ ကျွန်တော် ဒဂုံနဲ့ နယူးယောက်ကို တိုကျိုမှာ ခဏနားပြီးသွားရင် ၁ နာရီကြာပါမယ်။ လောင်စာအနေနဲ့ ဘီအီး ၁ လုံးချသွားရပါမယ် ”

“ အော်… မြန်သားပဲ။ မင်းကတော့ ခန့်ထားဖို့ များပါတယ်။ ကဲကဲ ပြန်လိုက်ဦး။ ပြန်ဆက်သွယ်မယ်။ နောက်တစ်ယောက် … ”

ပျံလွှားက ဝင်လာသော အပေါက်မှပြန်မထွက်တော့ဘဲ ပြတင်းပေါက်မှပင် ပျံထွက်သွားလေ၏။ ထို့နောက် လဒကြီး တစ်ကောင်ဝင်လာပြန်၏။ Interviewer က မျက်နှာကိုရှုံ့မဲ့ရင်း …

“ မင်းကရော ဘာအတွက်လဲ ”

“ ကျွန်မက သန့်ရှင်းရေးအတွက်ပါ ”

“ လုပ်စမ်းပါဦး … ”

“ ကျွန်မတို့က ရာဇဝင်နဲ့ချီပြီး သန့်ရှင်းရေးလုပ်လာကြတာပါ။ ဘယ်လိုအညစ်အပတ်မျိုးကိုမဆို သန့်ရှင်းအောင် လုပ်နိုင်ပါတယ်။ လူသေအပုပ်အပွ တွေကိုတောင် … ”

“ ဝေါ့ .. တော်ပါတော့ဟာ။ ကဲကဲ သွားတော့ ”

ထိုစဉ် တံခါးစောင့် ယုန်တစ်ကောင်က လှမ်းအော်လိုက်၏။

“ M.D လာပါပြီ ”

“ ဟေ.. ဟုတ်လား။ အင်တာဗျူးတွေ ခဏနားမယ်။ ငါ သွားကြိုလိုက်ဦးမယ် ”

Interviewer လူကြီးက ပုဆိုးပြင်ဝတ်ပြီး ထထွက်သွားလေ၏။ အကောင်းစား ဟယ်လီကော်ပတာကြီးပေါ်မှ Company M.D ဆိုသူ စက်ရုပ်ကြီး တစ်ရုပ်ဆင်းလာလေတော့သတည်း။

Wednesday, June 20, 2007

တတိယအကြိမ်မြောက် အစည်းအဝေးကို မပျက်မကွက်တက်ရောက်ပါရန် နှိုးဆော်ဖိတ်ကြားခြင်း

လာမယ့် တနင်္ဂနွေနေ့မှာ ရန်ကုန်က Blogger တွေ တတိယအကြိမ်ထပ်မံ ဆုံတွေ့ဖို့ စီစဉ်ထားကြကြောင်း ကိုနေဘုန်းလတ် Blog မှာ ဖတ်လိုက်ရပါတယ်။ ဒီတခါ ဆုံတွေ့ကြရာမှ အရင်နှစ်ကြိမ်ထက် ပိုပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် စီစဉ်မျှော်လင့်ထားလို့ ရန်ကုန်က Blogger တွေအားလုံး၊ အထူးသဖြင့် စာအုပ်ကိစ္စကို ဝင်ရောက်ကူညီနေသူတွေ၊ ကူညီဖို့ စိတ်ဝင်စားသူတွေ အားလုံး မျက်နှာစုံညီ တက်ရောက်စေချင်တယ်လို့ ကျွန်တော်သိရပါတယ်။ မလာ လာအောင် သူကလည်း မွေးနေ့အကြောင်းပြပြီး အကျွေးအမွေးနဲ့ ဧည့်ခံပါမယ်တဲ့။

ကျွန်တော့်အနေနဲ့လည်း ဖြစ်နိုင်ရင်၊ အဆင်ပြေရင် လက်လှမ်းမီသမျှ Blogger တွေအားလုံး တက်ရောက်ဆွေးနွေးပေးကြဖို့ ဖိတ်ကြားလိုပါတယ်။ နေ့ကလည်း ပိတ်ရက်၊ နေရာကလည်း မြို့လည်ခေါင်မှာဖြစ်လို့ လာနိုင်ကြမယ်လို့ ထင်ပါတယ်။ စာအုပ်ကိစ္စဆိုတာကလည်း အားလုံးစိတ်တူကိုယ်တူ လုပ်နေကြတာဖြစ်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ငွေအားလူအား ကူညီနေကြသူတွေ ချည်းပဲဖြစ်လို့ ကိုယ့်အမြင်လေးကို တင်ပြဆွေးနွေးနိုင်အောင် လာခဲ့စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အောက်ပါအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

(၁) မျက်နှာဖုံး Design
(၂) အတွင်းစာမျက်နှာများ အတွက် Layout Design ချထားခြင်း
(၃) စာလုံးပေါင်းစစ်ခြင်း နဲ့ အမှာစာ
(၄) စာအုပ်တွင် ပါဝင်မည့် အကြောင်းအရာများ ခွဲထားခြင်း
(၅) စိစစ်ရေးအတွက် Nick နှင့် Post များကို ပြောင်းလဲပြင်ဆင်ခြင်း
(၆) ရန်ပုံငွေ အခြေအနေ
(၇) စာအုပ် Publish လုပ်ရန်အတွက် တာဝန်များ ခွဲဝေခြင်း တို့ပဲဖြစ်ပါတယ်။ ဒါတွေအပြင် အခြားဆွေးနွေးစရာတွေကို ကိုစိုးဇေယျ Blog မှာ တင်ထားပါသေးတယ်။

လက်ရှိအချိန်မှာတော့ စာအုပ်အတွက် စာမူများရွေးချယ်တဲ့ အလုပ်ကို သူငယ်ချင်း ၁၅ ယောက် အင်တိုက်အားတိုက် ဝိုင်းဝန်းလုပ်ဆောင်နေကြပြီး အဲဒါဟာ ဇွန်လကုန်ဆိုရင် လက်ရွေးစင် Post တွေကို ကြေငြာနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ Post တွေ ကြေငြာပြီးရင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို စီစဉ်ကြရတော့မှာဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေနိုင်မယ့်အချိန်ကို World Blog Day နဲ့ မရှေးမနှောင်းမှန်းထားတာဖြစ်လို့ လက်ကျန်ကိစ္စတွေကို ဆုံးဖြတ်စရာရှိတိုင်း လူစုလိုက်၊ မဲပေးလိုက် လုပ်နိုင်တော့မယ်လို့ ကျွန်တော်တော့မထင်ပါဘူး။ ဒါကြောင့် အခုအစည်းအဝေးလေးမှာပဲ နည်းနည်းအချိန်ယူပြီး ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရအောင်ပါ။ ပြည်ပက စာအုပ်အခြေအနေကို နားစွင့်နေကြတဲ့ သူငယ်ချင်းတွေကိုလည်း တိတိကျကျ အကြောင်းပြန်နိုင်ဖို့လည်း လိုနေပါတယ်။

တဖက်က ပြန်ကြည့်ရင်လည်း ဒီနေ့အထိ ကျွန်တော်တို့ စာအုပ်အတွက် ပြီးစီးအောင်လုပ်ခဲ့တဲ့ အလုပ်တွေဟာ ငွေကုန်ကြေးကျ မရှိသလောက် နည်းပါသေးတယ်။ Online ပေါ်ကနေ လုပ်သွားကြတာ များပါတယ်။ မှားသွားရင် အချိန်နည်းနည်း ပိုပေးရတာကလွဲရင် ကြီးကြီးမားမား မနစ်နာသေးပါဘူး။ ဒါပေမယ့် ဒီအစည်းအဝေးပြီးရင် လုပ်သွားမယ့်အလုပ်တွေကတော့ အနည်းနဲ့အများ ငွေစသုံးပါတော့မယ်။ ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ ဗမာ Blogger တွေဆီက နည်းအမျိုးမျိုးနဲ့ ခက်ခက်ခဲခဲ ( ခက်ခက်ခဲခဲ ဆိုတာ ရန်ကုန်ရောက်အောင် ပို့ပေးတာကို ပြောတာပါ။ ကပ်စေးနဲလို့ မနည်းတောင်းရတယ်လို့ ပြောတာမဟုတ်ဘူးနော်) ကောက်ခံထားရတဲ့ ရန်ပုံငွေတွေကို အမှားမရှိ တိတိကျကျသုံးစွဲနိုင်အောင် ဝိုင်းဝန်းဆွေးနွေးပေးဖို့ ဒီအစည်းအဝေးကို ဖိတ်ခေါ်ပါတယ်။ စကားစပ်မိတုန်း ပြောရရင် အလှူငွေ မထည့်ရသေးသူများ၊ ထည့်ပြီးသော်လည်း ထပ်ထည့်ချင်နေသေးသူများလည်း အလှူငွေများ မမေ့မလျော့ ယူလာနိုင်ကြောင်း သတင်းပေးလိုပါတယ်။

ကျွန်တော်ဖိတ်စာက နည်းနည်းများ ရှည်သွားသလား မသိပါဘူး။ လိုရင်းကတော့ Blogger သူငယ်ချင်း မောင်နှစ်မများ အားလုံးမပျက်မကွက် တက်ရောက်စေလိုပါတယ်။ ပြည်ပက ဆွေးနွေးလိုသူများ၊ ဆွေးနွေးပေးစေလိုတဲ့ Topic ရှိသူများကတော့ စနေနေ့ နောက်ဆုံးထားပြီး ဒီ Post လေးမှာ Comment ရေးပြီးဖြစ်စေ၊ ကျွန်တော့် Email – oa6.mrpooh@gmail.com ကို စာပို့ပြီးဖြစ်စေ ဆွေးနွေးပေးနိုင်ပါတယ်။ အထူးသဖြင့် စာမူဖတ်ပေးနေသော သူငယ်ချင်း ၁၅ ယောက်မှ ရန်ကုန်ရှိ သူငယ်ချင်းများလည်း မဖြစ်မနေ တက်ရောက်ဆွေးနွေးပေးဖို့ လိုအပ်နေပါတယ်။ ကျွန်တော့် ဒီ Post လေးကို ဖတ်ပြီး အဲဒီနေ့မှာ ဆွေးနွေးမယ့် ခေါင်းစဉ်အကြမ်းလေးတွေကို ကြိုတင်စဉ်းစားပေးလာကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ အဲဒီခေါင်းစဉ်တွေမှာ ငါကူညီနိုင်တာ မရှိဘူးဆိုပြီးတော့လည်း မလာဘဲ မနေကြပါနဲ့ဦးနော်… ကိုနေဘုန်းလတ်ရဲ့ အသက် ၃၅ နှစ်ပြည့် ဝါးတီးကလည်း ရှိသေးတယ်လေ။

Friday, June 15, 2007

ဒီလိုဆိုရင်ကြိုက်ကြမလား

အောက်ကပုံလေးကတော့ အချိန်အားလေး နည်းနည်းရလို့ Blog Book အတွက် လက်တည့်စမ်းထားတဲ့ မျက်နှာဖုံးပုံလေးပါ။ ကိုညီလင်းဆက်က နောက်ကျောဖုံးနဲ့ အနှောင့်ပိတ်လိုတယ်ပြောလို့ ဆွဲတုန်းကတော့ အဲဒီအတွက် ဆွဲတာပါပဲ။ လုပ်ရင်း လုပ်ရင်းနဲ့ မျက်နှာဖုံး ဖြစ်သွားတာပါ။ အဲဒီလို ထူးချွန်ပါတယ်။ အောက်မှာ မျက်နှာဖုံး ရှင်းလင်းချက်လေး ဆက်ရေးထားပါတယ်။ အဲဒါလေးတော့ ဖတ်သွားပါဦးနော်။ ပုံကို Click လုပ်ပြီး Actual View နဲ့ကြည့်ရင် ပိုအဆင်ပြေပါတယ်။



ပထမဆုံး ပြောချင်တာက ကျွန်တော့် ဒီဇိုင်းပုံကနေ ဘာမှ အတည်မယူပါနဲ့။ ကျွန်တော်က Just Sample ဆွဲပေးတာပါ။ အပြာ နောက်ခံနေရာမှာ အခြားရောင်ဖြစ်ဖြစ်၊ ပုံဖြစ်ဖြစ်ထည့်လည်းရပါတယ်။

ညာဘက် အပေါ်ထောင့်က “ မြန်မာ Blogger များ၏ စုပေါင်းစီစဉ်မှု (၁) ” ဆိုတဲ့ နေရာမှာလည်း စိတ်ကြိုက်စာသား ပြောင်းလို့ရပါတယ်။ ကျွန်တော့် ပုံစံအတွက် အဲဒီနေရာမှာ ရေးရင် သင့်တော်မယ်ထင်လို့ပါ။

အလယ်က အဝိုင်းလေး ၂ ခုချိတ်ထားတာကတော့ စုစည်းတဲ့သဘော၊ ပူးပေါင်းလုပ်ဆောင်တဲ့ သဘောပေါ့ဗျာ။ Link ရှိတယ်ပေါ့။ အရောင်ကတော့ ကျွန်တော်တို့ အသုံးများတဲ့ Blogspot Logo ကယူလိုက်တာပါ။ သူ့နေရာမှာ ကျွန်တော်တို့ ဗမာ Blogger တွေကို ကိုယ်စားပြုမယ့် Logo တစ်ခုလောက်ဆို ပိုကောင်းမယ် ထင်ပါတယ်။

သူ့အောက်မှာတော့ စာအုပ်နာမည်ထည့်ပါတယ်။ အောက်ဆုံးကတော့ Blog ရေးလို့ရတဲ့၊ ဗမာတွေသုံးတဲ့ Website တွေ၊ Supplier တွေရဲ့ Logo တွေ တန်းစီထည့်ပါမယ်။ အခုတော့ နမူနာ ၂ မျိုးပဲ ထည့်ပေးလိုက်ပါတယ်။

စာမျက်နှာ တစ်ခုလုံးရဲ့ အနောက်မှာ Blogger တွေရဲ့ Web Link တွေကို မှိန်မှိန်လေးခံ ပေးထားပါသေးတယ်။ ဒါကတော့ Screen Shot တွေထည့်မယ့်အစား ထည့်ကြည့်ထားတာပါ။

ဘယ်ဘက်က ဒေါင်လိုက်ရေးထားတဲ့ လိပ်စာကတော့ Online မှာ ဗမာတွေ ဝင်ဆန့်လာတဲ့ သဘောနဲ့ အင်္ဂလိပ်လိုပဲ အမြဲရေးရတဲ့ Domain Name ကို ဗမာလို ရေးထားတာပါ။

ကျွန်တော့် Sample လေးက ဘယ်နေရာ၊ ဘယ် Font ၊ ဘယ်အရောင်၊ ဘယ်ပုံကို မဆိုပြောင်းလဲပြင်ဆင်ပြီး သုံးမယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ အချိန်ယူနေရတဲ့ ကိစ္စတစ်ခု ပြီးသွားမှာ ဖြစ်လို့ပါ။ တခြားလက်တည့်စမ်းနေဆဲ တစ်ပုံကျန်ပါသေးတယ်။ အာရုံမနောက်ဘူးဆိုရင်ဖြင့် မကြာခင် ထပ်တင်ပေးပါဦးမယ်။ စာမရေးဖြစ်တာနဲ့ ပုံထိုင်ဆွဲနေမိတယ်ဗျာ ...

Wednesday, June 13, 2007

Zawgyi-One နှင့် ပတ်သတ်၍

ဗမာ Blog အများစုမှာ သုံးနေတဲ့ Zawgyi-One စာလုံးပုံစံနဲ့ ပတ်သတ်ပြီး အသေးစိတ် ရှင်းလင်းချက်တွေပါဝင်တဲ့ Post တစ်ခုကို ကိုရန်အောင့် Blog မှာ တင်ထားတာကို တွေ့ရပါတယ်။ Zawgyi-One ကိုဖြန့်ဖြူးတဲ့ Mandalay Alpha ရဲ့ MD ဦးရဲမြတ်သူရဲ့ Email ကို ပြန်ဖောက်သည်ချ ဖေါ်ပြထားတာဖြစ်ပါတယ်။ Zawgyi-One ဟာ ငွေကြေးနဲ့ ရောင်းချမှာလား၊ မှတ်ပုံတင်ပြီးမှ အသုံးပြုရမှာလား၊ Alpha Website မှာ Download Link မရှိတော့တာ ဘာကြောင့်လဲ၊ သူတို့က ဘာတွေပြန်ကူညီမလဲ ... စတဲ့ အရေးပါတဲ့ မေးခွန်းတွေအတွက် ထပ်မေးစရာမလိုတဲ့ အဖြေတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဗမာ Blog လောက တိုးတက်အောင် အထူးကူညီနေတဲ့ ကိုရန်အောင်ရဲ့ တန်ဖိုးရှိတဲ့ သတင်းပေးမှုကို ဒီမှာ သွားဖတ်လိုက်ကြပါလားခင်ဗျာ။

ကျွန်တော့်လူနာ

ထုံးစံအတိုင်း စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး အားပေးစကားများ ပြောကြားကာ လှည့်ထွက်မည်အလုပ် လူနာဖြစ်သူက ကျွန်တော့်လက်ဖမိုးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အလွန်ကောင်းမွန်ပြေပြစ်သော အင်္ဂလိပ်စကားဖြင့် မေးခွန်းတစ်ခုကို မေးလာသည်။

ဒေါက်တာ၊ ကျွန်တော်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ပါ။ သေခြင်းတရားကို ရင်ဆိုင်ရဲပါတယ်။ ကျွန်တော် ဒီကင်ဆာရောဂါနဲ့ ဘယ်လောက်ခံမလဲ။ သိပါရစေ

အဖြေရှိနေသော ကျွန်တော့်အတွက် စဉ်းစားရမည့် မေးခွန်းမဟုတ်ပါ။ ကျွန်တော်က သူ့ရောဂါကို အထူးကြပ်မတ်ကုသပေးနေသော ဆရာဝန်ပင်ဖြစ်သည်။ ဒီလိုမေးခွန်းများကို ဖြေရင်း သာမန်ဆရာဝန်မှသည် ယခုလို ဆရာဝန်ကြီး ဖြစ်လာခဲ့ပြီ။ အခုလည်း ဒီမေးခွန်း … ကျွန်တော် အတုံ့အဆိုင်းမရှိပင် ဖြေလိုက်သည်။

ယေဘုယျအားဖြင့်ဆိုရင်တော့ လူကြီးမင်းလို ကင်ဆာရောဂါသမားများဟာ တစ်နှစ်လောက်ပဲ အသက်ရှင်နိုင်ပါတော့မယ်

အော်… ကျေးဇူးပါဆရာ

သေခြင်းကို ရင်ဆိုင်ရဲသည်ဆိုသော်လည်း ရင်မဆိုင်ရဲသူတစ်ယောက်ပမာ မျက်လုံးများမှိတ်သွားပြီး အနားယူလိုဟန်ဖြင့် ခေါင်းကို တဘက်သို့စောင်းသွားလိုက်သဖြင့် ကျွန်တော်လည်း အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်။ အခန်းပြင်တွင် လူနာရှင်မိသားစုနှင့်တွေ့ပြီး လူနာအခြေအနေကို ပြောပြပေးလိုက်သည်။ သို့သော် တချို့သော မိသားစုဝင်များ၏ မျက်နှာတွင် အလိုမကျဟန်များ အထင်းသားပေါ်လွင်နေသည်ကို ကျွန်တော် သတိပြုမိသည်။ သူတို့လူနာအား စိတ်မချမ်းသာစရာ ပြောမိ၍ပင်ဖြစ်မည်ဟု ကျွန်တော်တွေးနေမိသည်။

မှန်ပါသည်။ ကျွန်တော့်အတွေး မှန်ပါသည်။ ညဘက်ရောက်တော့ လူနာ၏ညီနှင့် သမီးဖြစ်သူတို့က ဖုံးဆက်ပြီး လူနာစိတ်သက်သာစေရန် စကားပြင်ပြောပေးဖို့ တောင်းဆိုကြသည်။

ဟုတ်ကဲ့။ ဖြစ်ပါတယ်။ ကျွန်တော်ကြည့်ကောင်းအောင် ပြန်ပြောပေးပါ့မယ်

အမေးရှိ၍ အဖြေရှိလိုက်ရသော ကျွန်တော့်မှာ တာဝန်မကင်းသလို ဖြစ်နေသဖြင့် ပြန်၍ စကားဖာရမည်ဖြစ်သည်။ သူတို့သုံးသော စကားတစ်လုံးကိုလည်း မှတ်မိနေမိသည်။
တောင်းပန်ပါတယ် ဆရာရယ် ” ဗမာလူမျိုးများသည် ထိုသို့ပင်နှိမ့်ချ ပြောတတ်ဟန်တူသည်။

ကျွန်တော် တယ်လီဖုံးချပြီး ကုလားထိုင် နောက်မှီကို အားရပါးရမှီချရင်း မျက်နှာချင်းဆိုင်မှ ကျွန်တော့် နာမည်နှင့် ရာထူးရေးထားသော နှစ်ပေပတ်လည် ဆိုင်းဘုတ်လေးကို ဖတ်နေမိသည်။

ဆေးပညာပါရဂူကြီး ဒေါက်တာဂျွန်ကွန်လီ ၊ မျက်နှာနှင့် လည်ပင်းဆိုင်ရာ ကင်ဆာရောဂါအထူးကု၊ ဥက္ကဌ (အမေရိကန်ပြည်ထောင်စု ကင်ဆာရောဂါဆရာဝန်များ အသင်းကြီး)

ဒီလို ဆရာဝန်ကြီး ဖြစ်ပါလျက် ကျွန်တော်သည် လူနာကို စကားပြောရာတွင် အလွန်ပင်ညံ့ဖျင်းသေးသည်ဟု တယောက်တည်း တွေးနေမိသည်။ ဒီလူနာ ဆေးရုံစတက်စဉ်ကလည်း စကားမှားခဲ့မိသည်။ စကားမှားသည် ဆိုသည်မှာ အမှန်အတိုင်းတဲ့တိုး ပြောမိခြင်းဖြစ်သည်။ အဲဒီတုန်းကလည်း ဆေးစစ်ချက် အဖြေများဖတ်အပြီးတွင် လူနာ၏ အခြေအနေကို ကျွန်တော်ရိပ်မိပါသည်။ အခြေအနေသည် မကောင်းသောဘက်မှာ များနေခဲ့ပြီ။ လူနာက သူ့အခြေအနေကို ကျွန်တော့်အား မေးသည်။ ကျွန်တော့် အဖြေကား… “ Condition serious, but not hopeless ” ဟူ၍ ဖြစ်သည်။ အရေးကြီးသည့် အခြေအနေ၊ သို့သော် မျှော်လင့်ချက်မရှိဘူးတော့ မဟုတ် ဟူသော သဘောဖြစ်သည်။ ထိုစဉ်ကတည်းက ကျွန်တော်၏ ဒုတိယပိုင်းမှတ်ချက် “မျှော်လင့်ချက်မရှိဘူးတော့ မဟုတ်” ဟူသော စကားစုကို သံတမန်အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော၊ သွယ်ဝိုက်သောစကားများကို နားလည်ခဲ့သော၊ မျက်နှာရိပ် မျက်နှာကဲ အလွန်ဖမ်းတတ်သော ဤလူနာသည် ကောင်းစွာ သဘောပေါက်နေခဲ့ပါလိမ့်မည်။

ဟုတ်ပါသည်။ ကျွန်တော်၏ လူနာမှာ သာမန်ညောင်ည ငွေတစ်ခုတည်းသာ ချမ်းသာသော လူနာမဟုတ်ပေ။ Mr. United Nation ဟု ခေါင်းဆောင်အသိုင်းအဝိုင်းက ချစ်စနိုးခေါ်ကြသော ရာထူးမှ ပူပူနွေးနွေး အနားယူထားသော ဗမာနိုင်ငံသားကြီး ဦးသန့်ပင်ဖြစ်လေသည်။ တတိယ ကမ္ဘာစစ်ဖြစ်မည့်အရေးနှင့် အခြားသော အရေးအခင်းများစွာကို နယူယောက်ရုံးခန်းအတွင်းမှ တားဆီးကိုင်တွယ်ခဲ့သော ဦးသန့်သည် ယခုတော့ ကင်ဆာရောဂါနှင့် ကုတင်ထက်တွင် လဲလျောင်းနေရပေပြီ။ ကျန်းမာရေးလိုက်စားသော ဦးသန့်၏ အားနည်းချက်မှာ ဆေးပြင်းလိပ် အလွန်ကြိုက်ခြင်းပင်ဖြစ်သည်။ ဆေးပြင်းလိပ်ကို ပါးစောင်မှာခဲပြီး အလုပ်လုပ်နေတတ်သည်။ ထိုအကျိုးဆက်ကို ယခုခံစားရပြီ ဖြစ်သည်။ စကားကောင်းကောင်းမပြောနိုင်၊ အစားအသောက်ကောင်းစွာ မြိုမချနိုင်ဖြစ်ရသည်။

ကျွန်တော် လူနာခန်းထဲဝင်လိုက်တော့ ဦးသန့်နှင့် မိသားစုစကားပြောနေသဖြင့် လူနာစောင့်များ ထိုင်သည့်ခုံတွင် ထိုင်ပြီးစောင့်နေမိသည်။ ကျန်းမာစဉ်က ပေါင် ၁၆၀ ရှိသော ဦးသန့်သည် ယခု ပေါင် ၁၁၀ သာရှိတော့သည်။ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းပြောပွဲများတွင် ကြည်လင်စူးရှစွာ ကြားရလေ့ရှိသော သူ့အသံများမှာ အခုတော့ ခပ်သြသြကြီး ဖြစ်နေသည်။ ဦးသန့်က အနီးရှိလူများကို မှုန်ရီစွာကြည့်ရင်း တီးတိုးပြောနေသည်။

အမေနဲ့ တွေ့ချင်တယ်ကွာ” “တွေ့ရမှာပေါ့လေ” တကိုယ်တည်း နှစ်သိမ့်သလိုပြောနေခြင်းဖြစ်သည်။ သမီးဖြစ်သူမှာ မျက်ရည်များပင် ကျဆင်းနေလေသည်။ ကျွန်တော်လည်း စမ်းသပ်ဖွယ်ရာများ လုပ်ဆောင်ပြီး မနေ့က စကားအတွက် ပြင်ဆင်ဖာထေး ပြောဆိုကာ ထွက်လာခဲ့လေသည်။

ရက်သတ္တပတ် အနည်းငယ်ကို ဖြတ်ကျော်ခဲ့လေပြီ။ ဦးသန့်၏ အခြေအနေကား တက်ရိပ်မပြ။ ဆိုးသထက် ဆိုးလာနေသည်ဟု ကျွန်တော်မှတ်ချက် ချမိသည်။

ထိုနေ့က နိုဝင်ဘာ ၂၅ ရက်နေ့၊ ၁၉၇၄။

ကျွန်တော်လည်း ဦးသန့်မိသားစုနှင့်အတူ လူနာခန်းထဲတွင် ရှိနေခဲ့သည်။ မှိန်းနေသော ဦးသန့်ကို လူနာစောင့်သဘော စောင့်နေကြခြင်းဖြစ်သည်။ ခဏနေတော့ ဦးသန့်လူးလွန့်လာပြီး သမီးဖြစ်သူကို ခေါ်ကာ အချိန်မေးသည်။

ဘယ်အချိန် ရှိပြီလဲ သမီး
တစ်နာရီထိုးပါပြီ ဖေဖေ
နေ့လည်လား ၊ ညလား သမီး
နေ့လည် တစ်နာရီပါ
အော်… တစ်နာရီတောင် ရှိပြီကို

အသက်ပြင်းပြင်းရှူရင်း ဦးသန့် မျက်လုံးပြန်မှိတ်သွားသည်။ သမီးဖြစ်သူလည်း ကျွန်တော်တို့အနား လာထိုင်ရင်း ထွေရာလေးပါးပြောနေကြသည်။ ဦးသန့်၏ ဇနီးဖြစ်သူ ဒေါ်သိန်းတင်ကတော့ ဗုဒ္ဓဘာသာတရားတော်များကို ရွတ်ဖတ်နေလေသည်။ ကော်ဖီ တစ်ခွက် သောက်ပြီးချိန်တွင် ဦးသန့် ကုတင်ကိုလှမ်းကြည့်မိတော့ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားသည်။ ဦးသန့်နှင့် ချိတ်ဆက်ထားသော နှလုံးခုန်နှုန်းပြ ကိရိယာတွင် မျဉ်းဖြောင့်များသာ တွေ့ရတော့သည်။ ကျွန်တော် ချက်ချင်းထလာပြီး နှလုံးခုန်နှုန်းတိုင်းကြည့်တော့ … သေချာခဲ့ပြီ … ပြည်သူချစ်သော ဦးသန့်သည် ကျွန်တော်တို့အားလုံးကို ထားရစ်ခဲ့လေပြီ … ပိတ်ထားသော မျက်လုံးတို့သည် ဘယ်သောအခါမှ ပြန်ပွင့်လာတော့မည် မဟုတ်တော့ပေ။ သည်းထန်စွာ ငိုကြွေးနေကြသော မိသားစုကို ထားခဲ့ပြီး ကျွန်တော် အခန်းပြင်ထွက်လာခဲ့တော့ များလှစွာသော သတင်းထောက်များ၊ သံရုံးဝန်ထမ်းများ ၊ အစိုးရကိုယ်စားလှယ်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ ကို အခန်းဝတွင် တွေ့ရသည်။ သူတို့ မေးခွန်းက တစ်ခုတည်းပင်။

ဦးသန့် ဘယ်လိုနေသေးလဲ ၊ ဦးသန့် နောက်ဆုံးအခြေအနေလေး သိပါရစေ

ဦးသန့် ကျွန်တော်တို့အားလုံးကို ထားရစ်ခဲ့ပါပြီဗျာ

----------------------
------------------------------------------------------------------
ဦးသန့်ကို ကုသပေးခဲ့သော ဆရာဝန်ကြီး ဂျွန်ကွန်လီ အဖြစ်ခံစားရေးသားထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးသည် ဦးသန့် အပါအဝင် မည်သူတဦးတယောက်ကိုမှ ထိပါးလိုခြင်း၊ နှိမ့်ချလိုခြင်း၊ စော်ကားလိုခြင်းများမရှိဘဲ တတ်ကျွမ်းသလို ရေးသားထားခြင်းဖြစ်ပါသဖြင့် အမှားပါပါကလည်း ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါသည်။
Ref : ကမ္ဘာငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (တက္ကသိုလ် စိန်တင်) ၊ အင်တာနက်။


Tuesday, June 5, 2007

ဗမာပြည်မှ Blogger များ လူရာဝင်လာခြင်း

အင်တာနက်သတင်းများကို အသားပေးဖေါ်ပြလေ့ရှိသော်လည်း Blog များအကြောင်း ရှင်းလင်းဖေါ်ပြပေးခြင်း နည်းပါးလှသော မြန်မာစာနယ်ဇင်းများတွင် ယခုအခါ Blog များနှင့် Blogger များအကြောင်း ထည့်သွင်းဖေါ်ပြလာသည်ကို အားတက်ဖွယ် တွေ့ရှိရပါသည်။ ယခုအပတ်ထုတ် Myanmar Time စာစောင် (အင်္ဂလိပ်ဘာသာ) စာမျက်နှာ (၇) တွင် မြန်မာ Blogger များနှင့်တွေ့ဆုံ၍ စာအုပ်ထုတ်ဝေရေးကိစ္စနှင့် အတွေ့အကြုံများကို ရေးသားထားသည်ကို အောက်ပါအတိုင်းဖတ်ရှုရပါသည်။


အဆိုပါစာစောင်တွင် မြန်မာ Blogger များဖြစ်သော စာအုပ်ထုတ်ဝေရေးတွင်လည်း အားတက်သရောကူညီ ဆောင်ရွက်နေသည့် ကိုဘလာဂေါက်၊ ကိုစိုးဇေယျ နှင့် ကိုညီလင်းဆက်တို့နှင့် တွေ့ဆုံမေးမြန်းခြင်းကို သတင်းထောက် ကိုကျော်စိုးလင်းက ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။ ကိုဘလာဂေါက်က Blog များတွင်ရေးသားကြသော အကြောင်းအရာများနှင့် ကြော်ငြာလက်ခံရရှိခြင်းများကိုလည်းကောင်း၊ ကိုစိုးဇေယျမှ စာအုပ်ထုတ်ဝေခြင်းနှင့် ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးရှင်းပြခဲ့သည်များကို ကိုးကားဖေါ်ပြထားပါသည်။ ကိုညီလင်းဆက်မှလည်း “ လာမယ့်တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ မြန်မာလိုရေးတဲ့ Blog တွေ နှစ်ဆ၊ သုံးဆလောက်များလာမယ်လို့ ကျွန်တော်ထင်တယ် ” ဟု ပြောကြားသွားကြောင်း ရေးသားထားပါသည်။

ထို့အပြင် ယနေ့ထုတ် Voice Weely ဂျာနယ် စာမျက်နှာ (၃၀) တွင်လည်း Blog များကို “ အင်တာနက်ဒိုင်ယာရီ ” ဟု ခေါင်းစဉ်တပ် ရေးသားထားတာကိုလည်း ဖတ်ရှုရပါသည်။ ရေးသားသူ ဖေါ်ပြထားခြင်းမရှိသော အဆိုပါ သတင်းဆောင်းပါးတွင် Blog များကို အပျင်းပြေ သို့မဟုတ် ဗဟုသုတအလို့ငှါ ဖတ်ရှုရန် သင့်တော်ကြောင်း၊ ဒိုင်ယာရီများအပြင် စိတ်ဝင်စားဖွယ် အပြန်အလှန်ဆွေးနွေးခြင်းများကိုလည်း ဖတ်ရှုနိုင်ကြောင်း၊ မြန်မာဘာသာဖြင့် ဖတ်ရှုလိုပါက http://www.myanmardirectory.blogspot.com မှာ ရှာဖွေဖတ်ရှုနိုင်ကြောင်း Website အညွှန်းသဘောမျိုး ရေးသားထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ ရေးကြရန်နှင့် Blog တစ်ခုကို မည်သို့စတင်ပြုလုပ်ရမည်များကို တင်ပြတိုက်တွန်းထားခြင်း မပါဝင်သေးပေ။ ထို့အပြင် အဆိုပါဖေါ်ပြထားသော Blog လိပ်စာတွင် ပြည့်စုံသော Blog Directory များ မပါဝင်သေးသည်ကိုလည်း တွေ့ရပါသည်။

မည်သို့ပင်ဆိုစေကာမူ အထက်ပါကဲ့သို့ Blog နှင့်ပတ်သတ်၍ လူဖတ်များသော စာစောင်များတွင် အသားပေးဖေါ်ပြခြင်းသည် Blog ရေးသားနေသော Blogger များကို လူရာသွင်းလာခြင်းဖြစ်သည်ဟု OA6 Blog မှ ယူဆပါသည်။ ထို့အပြင် မကြာမီ သေသပ်ခန့်ညားစွာ ထွက်ပေါ်လာတော့မည့် မြန်မာ Blog Book အတွက်လည်း ရှေ့ပြေးနိမိတ်ကောင်းများလည်း ဖြစ်ပါသည်။ အင်တာနက်သုံးလေ့ရှိသော ဗမာလူငယ်များအနေဖြင့် Internet = Chatting ဟူသော ခံယူချက်ဆိုးကြီးမှ လွတ်မြောက်၍ Blogs , Forums နှင့် အခြားသော အင်တာနက်ပေါ်မှ အကျိုးကျေးဇူးများကို Entertainment ထက် ကျော်လွန်ရယူနိုင်ကြမည်ဟု မျှော်လင့်ပါသည်။ (သတင်းစဉ်)

Monday, June 4, 2007

P.S (3)

ရပ်နားထားတာကြာပြီဖြစ်တဲ့ PS စာကြောင်းလေးတွေ ထုတ်နှုတ်ဖေါ်ပြချက်ကို ပြန်ဆက်လိုက်ရအောင်လား။ ဒါက အပိုင်း (၃) ရောက်သွားပြီနော်။

(၁၃)P.S
သားဖေဖေ ပြောဖူးတယ်။ ငွေကြေးဖောင်းပွမှုဟာ အရာရာကိုတော့ မပျက်စီးစေပါဘူးတဲ့။ ဆယ်ပြားစေ့ကို ဝက်အူလှည့်အပြားလို သုံးလို့ရနိုင်သေးတာပဲတဲ့လေ။
မင်းကိုချစ်တဲ့ … မေမေ

(၁၄)P.S
သူငယ်ချင်းဆိုတာ မင်းရဲ့အကြောင်းအားလုံးကို သိပြီးတဲ့နောက် ဘယ်လိုဖြစ်ဖြစ် မင်းကိုဆက်နှစ်သက်နေသေးတဲ့ သူတစ်ယောက်ပဲ။
မင်းကိုချစ်တဲ့ … မေမေ

(၁၅)P.S
တကယ်လို့များ သားရဲ့အိမ်ထောင်ရေးကို စစ်ဆေးတော့မယ်ဆိုရင် တယ်လီစကုပ်မှန်ပြောင်းကြီးကို ပြောင်းပြန်သာ ပြန်ကြည့်လိုက်ပါသား။
မင်းကိုချစ်တဲ့ … မေမေ


(၁၆)P.S
ကြည့်မလှဘူးဆိုတဲ့ ပြုံးအလှပိုင်ရှင်ကိုဖြင့် မေမေ တခါမှမမြင်မိပါဘူးကွယ်။
မင်းကိုချစ်တဲ့ … မေမေ


(၁၇)P.S
ဒီတပတ်တော့ မေမေ စကားမပြောခင် အရင်စဉ်းစားဖို့ကြိုးစားတယ်။ အပြုသဘောနဲ့ ကြင်ကြင်နာနာ ပြောရင်ပြော၊ ဒါမှမဟုတ်ရင် အရှင်းမပြောဘဲသာ နေလိုက်ဖို့ပေါ့။ ဝန်ကြီးချုပ် ဝန်စတန် ချာချီကပြောဖူးတယ် … “ စကားလုံးဆိုးဆိုးတွေကို မပြောဘဲမြိုချလိုက်ရုံနဲ့ ဘယ်သူမှအစာအိမ် ထိခိုက်မှာ မဟုတ်ပါဘူး ” တဲ့လေ။
မင်းကိုချစ်တဲ့ … မေမေ


(၁၈)P.S
ဘုရားသခင်တည်းသာလျှင် မည်သူ့ကိုမဆို နှိမ့်ချသတ်မှတ်နိုင်တဲ့ နေရာမျိုးမှာ ရှိပါတယ်။
မင်းကိုချစ်တဲ့ … မေမေ


(၁၉)P.S
ပျော်ရွှင်စေရမယ်လို့ ဘယ်သူမှ အာမခံချက်ရမထားပါဘူး။ ဘဝဟာ လူတစ်ဦးချင်းအတွက် အချိန်နဲ့နေရာကိုပဲ ပေးထားတာပါ။ ပျော်ရွှင်မှုတွေနဲ့ ဖြည့်ဖို့ရာ တို့တွေပေါ်မှာပဲ မူတည်ပါတယ်။
မင်းကိုချစ်တဲ့ … မေမေ


(၂၀)P.S
သားရဲ့ကိုးကွယ်ရာဟာ ဘာလဲဆိုရင် ဘုန်းတော်ကြီး တရားမဟောတော့တဲ့ အချိန်မှာ သားဘာလုပ်နေလဲ ဆိုတာပါပဲ။
မင်းကိုချစ်တဲ့ … မေမေ





Sunday, June 3, 2007

ဘလော့ဂ်ဂါများ တတိယအကြိမ်စည်းဝေးကြခြင်း

လသာ ၁၉ လမ်း၊ အိုကေဘီယာဆိုင် အပေါ်ထပ်။

ကျွန်တော်တံခါးကို တွန်းဖွင့်ပြီးဝင်လိုက်တော့ ဟောင်ကောင်အက်ရှင်ကားတွေထဲကလို ဆေးလိပ်မီးခိုးများ၊ ရယ်သံများက ဆီးကြိုနေသည်။ မီးခိုးများထဲ ပြူးပြီးသားမျက်လုံးများနှင့် ပြူးပြဲရှာလိုက်တော့ … တွေ့ပါပြီ။ ကျွန်တော်တို့၏ ဘလော့ဂ်ဂါများ။ မျက်နှာတစ်ဝက်လောက်က နဖူးဖြင့်ပြည့်နေသော (ကို)နေဘုန်းလတ်၊ မျက်လုံးများပိတ်အောင် ရယ်နေသော (ကို)စိုးဇေယျ၊ မျက်လုံးမှေးများကို မနည်းဖွင့်ထားသော (ကို)ဘလာဂေါက် … အဲ … ကျောပေးထားတာ ဘယ်သူပါလိမ့်။ အော်… ဘယ်သူများလဲလို့ … ယပ်တောင် ၂ ချောင်း ခေါင်းမှာကပ်ထားသလို ကားသောနားရွက်များပိုင်ရှင် (ကို) တက် တက် တက် တက်စလာကြီးပဲ။ ကျွန်တော့်ကိုတွေ့တော့ သွားကြဲကြီးများပေါ်အောင် မလှမပပြုံးရင်း နှုတ်ဆက်ပါတယ်။ ဘီယာတစ်ဂျားနဲ့ ၈ ပက်တစ်ပြား ထက်ပိုင်းကျိုးနေပြီဖြစ်တဲ့ဝိုင်းကို မနည်းမီအောင်လိုက်ရတယ်။ အဲဒီမှာ နည်းနည်းစပြီး စိုပြည်လာတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး စိတ်ထားကောင်းကြပါတယ်။ ကိုရန်အောင်ပိုက်ဆံ ၆ သောင်းကုန်မှာစိုးလို့ သတ်သတ်လွတ် အမြည်းတွေပဲစားကြပါတယ်။ ( ၃ သောင်းခွဲပဲ ကုန်တယ်ကိုရန်ရေ)

ပြောရဦးမယ်ဗျို့။ ဘယ်သူရှိမလဲ ... မျက်မှန်ကြီးနဲ့ တက်စလာပေါ့။ တိုက်ဂါးက ဘီယာမယ်လေး အိမ်သာထဲဝင်သွားတာကို အတင်းလိုက်ဝင်တယ်လေ။ မူးလို့တော့မဟုတ်ဘူးဗျို့။ မူးခြင်ထောင်ထောင်ပြီး ဝင်သွားတာများ နားရွက်ကားကားကြီးတွေကို နီလို့။ သူက အကြံသမားဗျ။ စထိုင်ဟေ့ ဆိုကတည်းက အိမ်သာကို မျက်နှာမူပြီး ထိုင်တာ။ သူလည်း အိမ်သာထဲလိုက်ဝင်ရော ဟိုက အပြေးတပိုင်းနဲ့ ပြေးထွက်လာရတာပေါ့။ ကိုတက်ကြီးလည်း ချက်ချင်းပြန်ထွက်လာတယ်။ သူ့အကြံဦးသွားတယ်ဆိုပြီး ကိုနေဘုန်းလတ်က လိုက်ဝင်သေးတာ။ ဘာမှမတွေ့လို့ ပုပ်သိုးပြီးပြန်ထွက်လာတယ်။ အဲဒီ မျက်မှန်နှစ်ယောက်ကတော့ မလွယ်ကြောင်းပဲ။ (ခင်ဗျားတို့ ကျွန်တော်နဲ့ နောက်ဆိုလိုက်သောက်ဦးမလား)

ကျွန်တော်တို့ အဖွဲ့စုစုစည်းစည်းနဲ့ စည်ကားနေတုန်း ဘောင်းဘီလက်ရှည်ကြီး ဒူးခေါင်းနားအထိပင့်ပြီး မိုးရွာကြီးထဲ ဟိုဆိုင်ဝင် ဒီဆိုင်ထွက် လိုက်ရှာနေတဲ့ ရောင်ရင်းတစ်ယောက်လည်း ရှိသေးတယ်။ သူ့မှာ သောက်ချင်လွန်းလို့မှ အာတွေစေးလို့။ အစက ကျော်ကျော်မှာ သောက်မယ်ဆိုပြီး ဆိုင်ပြောင်းသွားတော့ သူ့ကိုလှမ်းမပြောမိလို့လေ။ ၁၉ လမ်းနဲ့ ၂၉ လမ်းများမှားလားဆိုပြီး ၂၉ လမ်းသွားရှာ၊ ဟုတ်သေးပါဘူး ပန်းဆိုးတန်းက “ကျော်” လားဆိုပြီးလည်း သွားရှာသေးရဲ့။ မတွေ့တော့တင်းပြီးပြန်သွားတာ။ ဖုံးဆက်တာမြန်လို့ ရောက်လာတာ။ သူကတော့ ကျွန်တော်တို့ရဲ့ စာမျက်နှာတွေပေါ်က ပုန်းရှောင်နေသူ ကိုညီလင်းဆက်ပါပဲဗျာ။ သူ့ကိုလည်း မှီအောင်မြန်မြန်လိုက်ခိုင်းရတယ်။ Level မညီရင် စကားပြောလို့ မကောင်းဘူးလေ။ မှီတယ်ဗျို့။ အဲဒီအချိန်မှာ ကိုဂေါက်တို့ကတော့ တော်တော်ကောင်းနေပြီလေ။ ထုံးစံအတိုင်း ... ဘဲလေးတွေကောင်းလာရင် ကောင်မလေး အကြောင်းတွေပေါ့ဗျာ။ (ဟဲ..ဟဲ ... သိချင်ရင် မေးလ်ပို့ပြီးမေးပါ ... ကိုနေဘုန်းလတ်က .. ဘယ်သူ့ကို ... ကိုညီလင်းဆက်က ... ထားဝယ်က ကောင်မလေးဆိုလား ... ဘာဘာညာညာပေါ့လေ) ကိုဂေါက်တော့ သူ့ကိုယောက္ခမ နိုင်တဲ့အကြောင်းတွေ ရင်ဖွင့်ပါလေရော။ ကိုစိုးဇေယျကတော့ ခေါင်းတောင်မမော့တော့ဘူးဗျ။ ကျွန်တော်တို့ရဲ့ ခွက်တိုက်ဆုတောင်းစကားကတော့ ကျွန်တော်တက်ထားတဲ့အထဲက “ဆော်ကြည် အကြွေးကျေ တော်တော်နဲ့မသေ အလုပ်မလုပ်ပဲ ချမ်းသာပါစေ ” ဆိုတာပဲပေါ့ဗျာ။ ကိုညီလင်းဆက်က တွေးတွေးဆဆနဲ့ ပြောသေးတယ် - အလုပ်မလုပ်ပဲ ချမ်းသာရင် ကောင်းမယ်ဗျာ ဆိုပဲ။

အခုလို ဘီယာသောက်နေပေမယ့် စာအုပ်အတွက် ဆုံးဖြတ်ချက်တွေလည်းချလိုက်ပါတယ်။ သဘောတူ မတူကို မဲမပေးတော့ပါဘူး။ ဒါအတည်ပါပဲ။ ဗီတိုအာဏာပဲ။ ကဲ ... ဆုံးဖြတ်ချက်တွေ ကိုကြည့်ပါဦး။

(၁) စာအုပ်ကို စက္ကူပေါ်တွင်ပုံနှိပ်မည်။
(၂) စာလုံးများသည် ဗမာစာဖြစ်ရမည်။ အနက်ရောင်မှင်နှင့် ဝိုင်းအောင်ရေးထားရမည်။
(၃) စာအုပ်သည် လေးထောင့်ဖြစ်ရမည်။
(၄) စာအုပ်သည် ဂျာနယ်ကဲ့သို့မဟုတ်ဘဲ ချူပ်ထားရမည်။

ဒါကို မည်သူမှ ငြင်းခွင့်မရှိကြောင်း တစ်ခါတည်း ဆုံးဖြတ်လိုက်ပါတယ်။

မိုးလည်း ချုပ်ရော၊ ငွေလည်းကုန်၊ လူလည်းမူးနေတာနဲ့ ပြန်မယ်လုပ်ကြပါတယ်။ အဲဒီမှာ ပြဿနာက စတော့တာပါပဲ။ ကိုဘလာဂေါက်က ညောင်းလို့တဲ့ ... ဘယ်သွားမယ်ဆိုလား။ ကိုစိုးဇေယျကလည်း မပြန်သေးဘူးတဲ့။ ကိုဘလာဂေါက်ပူတာနဲ့ ကိုညီလင်းဆက်လည်း ၂၁ လမ်းကို ပြောင်းပြန်မောင်းပါလေရော။ နောက်ဆုံးတော့ ကိုဂေါက်ကို ကိုစိုးဇေယျအိမ်မှာ ချထားပြီး ကိုညီလင်းဆက်က ကျွန်တော်နဲ့ ကိုနေဘုန်းလတ်ကို ပြန်ပို့ပါတယ်။ (ကိုယ့်ဟာကိုယ်မှ မပြန်နိုင်တော့ဘဲ။ ကျွန်တော်လည်း ခြေလှမ်းမမှန်တော့ဘူး။ ကိုနေဘုန်းလတ်ကလည်း ဖုံးဆက်လိုက်ရမလား ဆိုတာချည်းပဲ) လမ်းရောက်တော့ ကိုတက်စလာက စပြန်ရော။ ရေချိန်မကိုက်သေးလို့ နည်းနည်းထပ်ချဦးမယ်တဲ့လေ။ ကိုညီလင်းဆက်က သူနဲ့လိုက်ခဲ့ - ထပ်သွားမယ်လို့ ဖိတ်ခေါ်တော့မှ လျှာသပ်ပြီးငြိမ်သွားတော့တယ်။ ကျွန်တော်တို့ နှစ်ယောက်ဆင်းသွားတော့ ကိုတက်စလာလည်း ကိုညီလင်းဆက်နဲ့ ပြန်ပါသွားတာ... ဘာတွေဖြစ်ကုန်လဲမသိတော့ကြောင်း...

(သူငယ်ချင်းအပေါင်း ပျော်စေကြောင်း ရေးထားတာပါ။ သာစေနာစေ စိတ်နဲ့ရေးထားတာမဟုတ်ဘဲ တချို့ဟာတွေက အပိုဆာဒါးတွေထည့်ထားတာပါ။ ၉၉.၉၉% ကတော့ အမှန်တွေနော်။ ကိုယ်ရေးတာဆိုတော့ ကိုယ့်အကြောင်းကို ဖွထားတာပေါ့ဗျာ။ အမှတ်တရပါ)