Tuesday, May 15, 2007

High School တက်နေသော တက္ကသိုလ်ကျောင်းသားများ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ဗမာပြည်က တက္ကသိုလ်ကျောင်းသားတွေဟာ ဟောင်းနွမ်းစပြုနေပြီဖြစ်တဲ့ ကျောင်းဆောင်အဟောင်းနဲ့ တက္ကသိုလ်ကြီးတွေအစား နိုင်ငံတော်က အသစ်ဆောက်လုပ်ပေးတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတွေမှာ တခမ်းတနား ရင်သပ်ရှုမောဖွယ် ကျောင်းတက်ခွင့်ရခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်အစား ဒဂုံမြို့သစ်မြောက်ပိုင်းက ဒဂုံတက္ကသိုလ်နဲ့ သန်လျင်က တာဝ အရှေ့ပိုင်းတက္ကသိုလ်၊ အင်းစိန် YIT နဲ့ GTI အစား သန်လျင်မြို့စွန် ထမလုံရပ်ကွက်က သန်လျင် GTC နဲ့ မှော်ဘီအလွန်က GTC ကျောင်းတွေ၊ လှိုင်ကွန်ပျူတာကောလိပ်အစား ရွှေပြည်သာမြို့နယ် လှော်ကားဥယျာဉ်အနီးက UCSY စတဲ့ ကျောင်းအသစ်တွေကို တက်ရောက်ခွင့်ရကြပါတယ်။ ကျောင်းအဝင် မုခ်ဦးတွေ၊ ပင်မအဆောင်တွေနဲ့တင် ဘယ်လိုအဆင့်အတန်းရှိတဲ့ ကျောင်းကြီးတွေဆိုတာ သိသာစေပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး အရင်အထက်တန်းကျောင်းတွေလိုပဲ Uniform ဆင်တူဝတ်စုံတွေကို တချို့သော တက္ကသိုလ်တွေမှာ ပြန်လည်ဝတ်ဆင်ခွင့်ရကြပြန်ပါတယ်။ စည်းလုံးညီညွတ်ခြင်းကိုပြတဲ့ ဒီ Uniform ဝတ်တဲ့ အလေ့အထကို အခြေခံပညာသင်ကြားတဲ့ အထက်တန်းကျောင်းသားလေးတွေ အဆင့်အထိပဲ ဝတ်လေ့ရှိပေမယ့် ကံကောင်းစွာနဲ့ အဆင့်မြင့်ပညာလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားကြီးတွေ၊ ဂုဏ်ထူးတန်းကျောင်းသားတွေ၊ Master တန်းကျောင်းသားကြီးတွေ ပါ အခုဆို အင်္ကျီအဖြူဆင်တူ၊ လုံချည် ထမီဆင်တူနဲ့ State ကျောင်းရဲ့ အနံ့အသက်တွေ ပြန်လည်ခံစားနေကြရပါပြီ။ စိတ်ထဲမှာ ငါတို့ဆယ်တန်းကျောင်းသားတွေလို့ ပြန်ထင်ခွင့်ရစေချင်လို့ လို့ထင်ပါတယ်။

Uniform နဲ့တင် State ကျောင်းလို့မထင်ချင်သူများအတွက် အခုဆို UCSY လို့ခေါ်တဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ပိုမိုတင်းကျပ်တဲ့စည်းကမ်းတွေနဲ့ State ကျောင်းတွေကို မလွမ်းလွမ်းအောင် လုပ်ထားပါတယ်လို့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေက နိုင်ငံခြားမီဒီယာတစ်ခုကို ဖြေထားတာကို ဖတ်လိုက်ရပါသေးတယ်။ အရင်က ကျောင်းတက်ချိန် ၉ နာရီဖြစ်ပေမယ့် အခု ၈ နာရီကိုပြောင်းလိုက်ပါတယ်တဲ့။ နည်းနည်းဝေးတဲ့နေရာက လာရတဲ့ကျောင်းသားတွေက မနက် ၆ နာရီကတည်းက အိမ်ကထွက်ရပါတယ်တဲ့။ ထွက်ပေါ့ဗျာ … ပညာရှာပမာ ခရီးသွားတဲ့။ ၈ နာရီ ၁၅ ဆိုတာနဲ့ ကျောင်းခြံဝန်းတံခါးကို ပိတ်လိုက်ပါတယ်။ ကိုယ်ပိုင်ကားတွေကို ကျောင်းပေါက်မှာ ရပ်ထားခဲ့ရပြီး လမ်းလျှောက်ဝင်ရပါတယ်တဲ့။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တံခါးဖွင့်ပေးမှာ မဟုတ်ဘူးလို့ ကိုယ်တိုင်ကြုံဘူးသူ ကျောင်းနောက်ကျ ကျောင်းသားတစ်ယောက်ကလည်း ပြောပါတယ်။ ကောင်းလိုက်တဲ့ စည်းကမ်းဗျာ။ တကယ့်ကို ကလေးတန်းတွေလိုပါပဲ။ တကယ်ဆို ခြံဝန်းရှေ့မှာ ထိုင်ထလုပ်ခိုင်းတာတို့၊ ၁၅ မိနစ်လက်မြှောက်နေတို့ စတဲ့ ဒဏ်လေးတွေနဲ့ဆို ကလေးကျောင်းလေးတွေနဲ့ ပိုတူမှာပါ။ အခုဟာက တံခါးဖွင့်မပေးဘူး ပြန်ဆိုတာက တက္ကသိုလ်ရုပ် နည်းနည်းပေါက်နေသေးတယ်လေ။ အဲ … ပိုကောင်းတာရှိသေးတယ်။ ထမင်းစားချိန်ကလွဲပြီး ကျန်တဲ့အချိန်မှာ Canteen (ကလေးတွေခေါ်သလို မုန့်ဈေးတန်းပေါ့လေ) မှာ ဘယ်ကျောင်းသား၊ ဘယ်ဆရာမှ မရှိရဘူးဆိုပဲ။ ဒါက လိုတယ်ဗျာ။ သိပ်ကောင်းတဲ့ ကန့်သတ်ချက်ပဲ။ မဟုတ်ရင် သူတို့ကိုယ်သူတို့ တက္ကသိုလ်ကျောင်းသားတွေ ထင်နေဦးမယ်။ ဒါမှ တကယ့် State ကျောင်းပုံစံစစ်စစ်ပါ။ တစ်ခုတော့ထူးတယ်။ ကျောင်းသားတွေလာမှာစိုးလို့ ဆရာမတွေက ကင်းစောင့်နေရတယ်ဆိုပဲ။ အားတောင်နာတယ်ဗျာ။ ကျွန်တော်တို့တွေ State ကျောင်းအဆင့် အခြေခံပညာအတန်းတွေကို လွမ်းမှန်းသိလို့ မတူတူအောင် ကူညီကြတာကိုလေ။

အဲဒီ UCSY မှာပဲ တခြားတက္ကသိုလ်တစ်ခုက မာစတာလာတက်တဲ့ ကျောင်းသားအဖွဲ့လည်းရှိပါသေးတယ်။ သူတို့အဖွဲ့ကတော့ မှန်အနက်ကားတွေနဲ့ ကျောင်းရောက်လာရင် အချိန်မရွေးဝင်ခွင့်ရကြပါတယ်တဲ့။ ဒါကိုဘာလို့ မကျေမနပ်ဖြစ်နေကြသလဲ မသိပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာလည်း ဒီလိုအခွင့်ထူးခံ ကျောင်းသားတွေရှိတာပါပဲ။ ဝမ်းလျှောနေတဲ့သူတို့၊ ခွေးကိုက်ခံရတဲ့သူတို့၊ အိမ်မှာ အသုဘဖြစ်တဲ့သူတို့ဆို နောက်ကျပြီးဝင့်ခွင့်ရဘူးကြပါတယ်လေ။ အခုလည်း ဒီလိုပဲပေါ့။ ဒီမှန်အနက်ကပ်ကားထဲမှာ ဘယ်လိုအားနည်းချက်ရှိတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားလေးတွေပါလာမှန်း ဘေးလူကဘယ်သိမလဲ။ သူတို့ဆို သနားစရာ။ တက္ကသိုလ်ကျောင်းသားစတိုင် နည်းနည်းရသွားတယ်။ ကျန်တဲ့ ကျောင်းသားတွေကမှ ကြီးကောင်ကြီးမားနဲ့ ကလေးဘဝ ပြန်ခံစားခွင့်ရကြတယ်လေ။ နောက်ဆို ကျောင်းလေ့ကျင်းခန်းစာအုပ်တွေ ဆရာဆီတင်ခိုင်း၊ ပြီးရင် စာအုပ်ရှေ့ဆုံးမှာ တော်၊သင့်၊ညံ့ စတဲ့ မှတ်ချက်လေးတွေပေး၊ လစဉ် Report Card ကို မိဘတွေကို လက်မှတ်ထိုးခိုင်း၊ အတန်းချိန်တွေထဲမှာ ကာယနဲ့ အိမ်တွင်းမှု တစ်ချိန်တိုး၊ ကျောင်းရောက်ရင် ကမ္ဘာမကြေဆို … ဒါဆိုပိုတောင် ကောင်းလာမယ်နော်။ စမ်းကြည့်သင့်တယ်ဗျ။ တစ်ခုတော့ရှိတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျောင်းသားတွေကို အသက်ကန့်သတ်ပေးရမယ်။ အသက် ၁၀ နှစ်အောက်ပဲ ကွန်ပျူတာတက္ကသိုလ်တက်ခွင့်ပေးလိုက်ဗျာ။ မဟုတ်ရင် တက္ကသိုလ်တွေမှာ အခြေခံပညာအရသာပြန်ခံစားနိုင်အောင် လုပ်ပေးနေတဲ့ စေတနာကို နားမလည်တဲ့သူတွေက အခုလိုပဲ ဝန်ကြီးဆီစာတင်မယ်၊ ဟိုလူတိုင်မယ်၊ ဒီလူတိုင်မယ်နဲ့ လုပ်ကြဦးမယ်လေ။ ချာတိတ်လေးတွေပဲထားလိုက်ဗျာ။ ရှုပ်တယ် !

8 comments:

ZawZaw said...

မုန့်ဈေးတန်းမှာရင်နားစာတွေပေးမရောင်း
ခိုင်းနဲ့။
ကျောင်းတက်ခေါင်းလောင်းထိုးရင်ဘုရားရှိ
ခိုးခိုင်း။
မှန်အနက်နဲ့လာတဲ့သူတေါကကြက်မျက်သင့်ရော
ဂါရနေတာဖြစ်မှာပါ။

Anonymous said...

har har ha!!
nice post. I like ur style of writing (mocking the irony of the current situation) keep it up bro!
ARR Payy tal byooo
Hnin

Saturngod said...

ကျွန်တော်ကတော့ UCSY state ကျောင်းသားလေးပေါ့...
ဒီထက်ဆိုးတာတွေ မမြင်ရသေးလို့ပေါ့...
ကျောင်းကို လာလည်ပါလား...
တခါတည်း ကောင်းတယ်ဆိုတာသိသွားမယ်..
စိတ်ညစ်ဖို့....

Anonymous said...

Pooh ရေ..ကျွန်တော် ခင်ဗျား Satire စာ တွေ တစ်ပုဒ် နဲ့  ဘလော့(ခ) ကို ကျွန်တော့် လင့်(ခ) မှာညွှန်း ထားတယ်..ခွင့်ပြုမယ်ထင်ပါတယ်..သွားဖတ်ကြည့်ပါဦး

Very please to see a new generation of satire writer in our Myanmar literature...
Congratulations!!!

Thant Thura said...

Very Nice post again,
Mr Poosh! Congratulation.
ဒါမျိုးများများ ရေးပါဗျို့ ။

NayNay said...

I'm also state student of UCSY.
I like ur post so much.

မေငြိမ်း said...

ခဏခဏလာလည်ပါတယ်။
ပို့စ်အသစ်တက်ပြီလားလို့
လာလာကြည့်တာပါ..
ကျောင်းအကြောင်းလေးတွေရေးတာ
ခေတ် စနစ်ကို မှတ်တမ်းတင်ရာလဲ ရောက်တာမို့
တန်ဖိုးရှိပါတယ်။

sandar said...

so attractive post.
congratulation to show the current situation of UCSY.
Carry on!!!!