ပြန်စာ
ကျွန်တော့် အိုအေစစ် ဘလော့ဂ်လည်း အသက်ငင်နေတာ ကြာပါပြီ။ ရေးတလှည့် ပျောက်တလှည့်နဲ့ လာဖတ်တဲ့လူတောင် ခပ်ကြဲကြဲပဲရှိတော့တယ် ထင်ပါတယ်။ ရေးချိန်မရတာ၊ တခါတလေတော့လည်း ရေးစရာမရှိတာနဲ့ပဲ ကျွန်တော်ပျော်တဲ့ ဘလော့ဂ်ဂါဘဝနဲ့ ခပ်ကင်းကင်းတောင် ဖြစ်နေသလိုပါပဲ။ ခုတော့လည်း ရေးစရာလေး တစ်ခုပေါ်လာလို့ ရေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကျွန်တော့်နာမည်ပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဧရာဝတီ website မှာ ဗမာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးထားတာ တွေ့ပါတယ်။ သူရေးထားက ဘလော့ဂ်ဂါတွေနဲ့ အင်တာနက် သုံးစွဲသူတွေကို Cyber အတိုက်အခံတွေအဖြစ် ထောက်ပြထားပြီး အစိုးရအနေနဲ့ သတင်းစီးဆင်းမှုကို တားဆီးပုံနဲ့ တားဆီးလို့ မရနိုင်သေးတာတွေ ယှဉ်ပြီးရေးထားတာပါ။ နောက်ပြီး ကိုနေဘုန်းလတ် အဖမ်းခံရတဲ့ကိစ္စနဲ့ ကျွန်တော့်ရဲ့ Blogger တို့ရဲ့ ၂၀၀၇ ပို့စ်က စာသားတချို့ကို လိုသလို ဖြတ်တောက်ဖေါ်ပြထားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီပို့စ်ရေးသားတဲ့အချိန်တုန်းက ကျွန်တော့်တို့ဟာ Blogger မှန်သမျှ စည်းလုံးကြဖို့၊ ချစ်ချစ်ခင်ခင် တိုင်တိုင်ပင်ပင် ရှိကြဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန်ဖြစ်ပါတယ်။ ၂၀၀၇ မှာ ဘလော့ဂ်ဂါတွေဟာ အရေအတွက်အားဖြင့် တိုးပွါးလာရုံသာမကာ စည်းလုံးမှုနဲ့ စုပေါင်းဆောင်ရွက်မှုတွေမှာလည်း အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါလေးတွေကို သတိတရနဲ့ ကျွန်တော်က အဲဒီပို့စ်ကိုတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘလော့ဂ်ဂါတွေ အဲဒီလို စည်းလုံးကြတာ၊ ချစ်ခင်ကြတာကို ကျွန်တော့်အနေနဲ့ သိပ်သဘောကျပြီး အဲဒီလို စည်းလုံးအောင်လုပ်ပေးတဲ့ လူတွေကိုလည်း သိပ်ကျေးဇူးတင်လို့ပါ။ ဘလော့ဂ်ဂါတွေ ခေတ်ကောင်းတဲ့ တချိန်လုံး ကျွန်တော်က ပြည်ပရောက်နေလို့ ကျွန်တော်က လေစိုက်တဲ့ လေသမားပေါ့။ ကျွန်တော့်ပို့စ်ရဲ့ အောက်ဆုံးအပိုဒ် နိဂုံးလေးမှာ ကျွန်တော်က
တကယ်တော့ Blog တွေဟာ ရနံ့စုံတဲ့ ပန်းခင်းတစ်ခုနဲ့တူပါတယ်။ အားလုံးကို စာဖတ်သူတွေ ကြိုက်ချင်မှတော့ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာလည်း သူ့ကြိုးစားမှုနဲ့ ကိုယ်ပိုင်အသွေးအရောင် ရှိပါတယ်။ သူ့စာဖတ်ချင်တဲ့လူက သူ့ Blog ကိုသွားရပါမယ်။ မကြိုက်ရင် မသွားရုံသာမက ဝေဖန်လို့လည်း ရပါတယ်။ နိုင်ငံရေးစကားနဲ့ဆို ဒီမိုကရေစီ ဆန်ပါတယ်။ လွတ်လပ်စွာ ရေးသားပါ။ ဝေဖန်ပါ။ ဒါကြောင့်လည်း Blog တွေကို လူတွေ တစိုက်မတ်မတ် ဖတ်လာ၊ ရေးလာကြတာပါ။ ကျွန်တော်ကတော့ ၂၀၀၇ မှာ လှပခဲ့တဲ့ Blog ပန်းခင်းကြီးဟာ နောက်နောင်နှစ်များမှာလည်း ဒါထက်မလျော့တဲ့ စည်းလုံးမှုတွေနဲ့ လှပနေဦးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဗျာ။
လို့ ရေးထားပါတယ်။ ကျွန်တော်တို့ ကျင်လည်နေတဲ့ ဘလော့ဂ်လောကကို ပန်းခင်းတစ်ခု၊ လွတ်လပ်ပွင့်လင်းမှုကို ဒီမိုကရေစီဝါဒနဲ့ နှိုင်းယှဉ်ရေးထားတာပါ။ ဒါပါပဲ။ အဲဒါကို လိုချင်တဲ့နေရာလေးပဲ ကွက်ပြီး ဖေါ်ပြလိုက်တော့ ဒီပို့စ်က နိုင်ငံရေးလိုလို၊ အစိုးရကို စိန်ခေါ်သလိုလို ဒါမှမဟုတ် အခြားအဓိပ္ပါယ်တစ်ခုကို ရောက်နေတယ်လို့ ကျွန်တော်တော့ မြင်မိတယ်။ တကယ်တော့ ဘလော့ဂ်ဂါတွေဟာ အရောင်အသွေး အစုံရှိပါတယ်။ သူတို့စိတ်ကြိုက် နိုင်ငံရေး၊ ကဗျာ၊ အချစ်၊ ဗဟုသုတ၊ သတင်း၊ အမေ၊ ဘာသာပြန် အစုံရှိပါတယ်။ ဘာအကြောင်းဖတ်ချင်သလဲ။ ဘလော့ဂ်ထဲမှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကို စုပေါင်းလုပ်ကြတဲ့အခါ သူဘာရေးသလဲဆိုတာထက် သူဘာလုပ်ပေးနိုင်သလဲနဲ့ပဲ တိုင်းတာကြပါတယ်။ သူတို့ကိုယ်ပိုင် အရောင်တွေထားခဲ့ကြပြီး စည်းလုံးညီညွတ်စွာ စုပေါင်းကြပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ Seminar ကိုပဲ ပြန်ကြည့်ပါ။ အခုဖြစ်နေတာက ဘလော့ဂ်ဂါဆို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးမှ မရေးထားရင် ဘလော့ဂ်မဟုတ်သလို၊ မျိုးချစ်စိတ်မရှိသလို ထင်နေကြတာပါပဲ။ အမှန်က အဲဒီလို မဟုတ်ဘူးဗျ။ နိုင်ငံရေးဟာ လူတိုင်းနဲ့ဆိုင်ပါတယ်၊ လူတိုင်းသိထားရမယ်၊ ဒါပေမယ့် ရေးချင်မှရေးမယ်၊ လုပ်ချင်မှလည်း လုပ်မယ်၊ ဒါက သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးပြန်ဖြစ်သွားပါတယ်။ ဘလော့ဂ်ရေးသူတွေမှာ နိုင်ငံရေးအပြင် ရေးစရာ၊ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အစိုးရကို ထောက်ခံမှ၊ ဝေဖန်မှ နိုင်ငံရေးမဟုတ်ဘဲ ပရဟိတအလုပ်တွေ၊ တတ်နိုင်သလောက်ကူညီတာတွေလည်း တိုင်းပြည်ကို အကျိုးပြုမှာပါ။ တခါတလေတော့လည်း လိုရာဆွဲတာတွေက သိပ်မကောင်းဘူးဗျ။ စိတ်ပျက်မိတယ်။

4 comments:
ဒီလိုဆို..ဧရာဝတီ က..ယူပီး..ကောက်နုတ် တိုင်း လည်း..ငါ့ဟာတော့..နိုင်ငံရေး လိုလို ဖြစ်သွား ပြီ လို့.. စိုးရိမ် စရာ မလို ဘူးလေ။ ဘလော့ရှင် က..အမှန် အတိုင်း ရေးသလို.. ကိုးကားမဲ့လူ ကလည်း..အမှန်အတိုင်း ပဲ..ယူကိုးကားတာပါ။ ဒါတွေ ဟာ..အချက် အလက်တွေ ပါ။ လိုသလို ဆွဲသုံးတယ် ဆို တဲ့ စကား က..ပြစ်မူ မြောက် နေပါတယ်။ ( တခု ရှိတာတော့..သူတို့အနေနဲ့..စာရှင် ကို..ခွင့် တောင်းသင့်..မသင့် ဆိုတာတော့.. တပိုင်း ပေါ့)
အပြုသဘောဖြင့်-
There are lots of blogs which write political contents. what we know is 90% or more than that percentage of OA6 contents are Non politic.
I was wondering why that author refer only OA6????
Mr Pooh, you are soo popular!
may be that why :)
Cheers!
:) မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ ... :P
ခွင့်ပြုချက်ကလေးတော့ တောင်းသင့်ပါတယ် :D
Post a Comment