Thursday, April 17, 2008

ပိုင်ရှင်မဲ့ အိပ်မက်နံပတ် (၁၂)

ဟေ့
အုတ်နံရံ သုံးဖက်ကြားကလူ ...

ပိတောက်တွေ တခုပ်တယပွင့်ချိန်မှာ
ပန်းချီဆရာတွေ သရုပ်ဖေါ်သလို
သံတိုင်ကို လက်နဲ့ဆုပ်လို့
ထမင်းထုပ်ကိုင်လာတဲ့လူကို
မျှော်နေလေသလား ...

ဒါမှမဟုတ်
ခံနိုင်အားကောင်းတဲ့ ခင်ဗျား ...
နံရံတွေကြားမှာ
တကယ်ပဲ ရေကစားနေခဲ့လေသလား ...

အို ...
အိပ်မက်တွေ အရောင်စုံလည်း
ပြောမကုန်ပါဘူးဗျာ ...

“နေကောင်းသလား” ဒီသတင်း ခင်ဗျားမပါးဘူး ...
“အဆင်ပြေကြလား” ဒီအတွေး ခင်ဗျားမမေးဘူး ...
အိပ်မက်ကိုမှ မျှားတဲ့လူ ...
၁၁ ခါမက်ခဲ့တဲ့ အိပ်မက် ...
သံလွင်ကမ်းစပ်မှာ
“၁၂ ခါမြောက်မက်ဦးမလား” တဲ့လေ ...

ခင်ဗျားလိုပါပဲဗျာ ...
သူများတွေ သင်္ကြန်ရေနဲ့ အညစ်ဆေးတုန်း
ကျုပ်တို့ကလည်း
နောက်ကျခဲ့တဲ့ အပြစ်အတွက်
နှစ်သစ်မှာတော့ အလျော်ပြန်ပေးချင်တယ်လေ ...

ရော့ ...
ဟောဒီမှာ ၁၂ ခုမြောက်အိပ်မက်
သံလွင်ကမ်းစပ်မှာ မတ်မတ်ရပ်လို့
ကျုပ်တို့ရေးတယ်၊ အားလုံးရေးတယ် ...
ခင်ဗျားမေးခွန်းအတွက် အဖြေပေးတယ် ...
အပြင်နဲ့အထဲ၊ လက်တွေ့နဲ့ အိပ်မက်
ဘာတွေများ ကွာနေသေးလို့လဲ ...
ခင်ဗျားအိပ်မက် = ကျုပ်တို့အိပ်မက်
ခင်ဗျားမြို့တော် = ကျုပ်တို့မြို့တော်
ခင်ဗျားဆုတောင်း = ကျုပ်တို့ဆုတောင်းပေါ့ ...

ခင်ဗျားအေးမြစေဖို့
ကျုပ်တို့ဆိုတဲ့ သစ္စာ ...
သင်္ကြန်ရေနဲ့ပြိုင်လို့ နိုင်ခဲ့ပါပြီ ...
နွေလေနွေးထက် အေးခဲ့ပါပြီ ...
သူရိန်မင်းထက် လင်းခဲ့ပါပြီ ...
ထာဝရမိတ်ဆွေတွေအကြား
ခင်ဗျားပြန်လာချိန်ကျမှ
အိပ်မက်တွေထပ်ချခင်းလို့
သံလွင်မြစ်တစ်စင်း
ဖန်ဆင်းကြဦးစို့လေ ....

(www.thanlwin.com)

2 comments:

YeAungThu said...

ကိုနေဘုန်းလတ် ... အမြန်ဆုံးသံလွင်အိပ်မက်ဆီ ပြန်ရောက်ပါစေ...

ညီညီ(သံလွင်) said...

မြို့စားကြီး နေဘုန်းလတ်တစ်ယောက် ဒီကဗျာလေးကို ဖတ်စေချင်တယ်။ ဘာပဲဖြစ်ဖြစ် သံလွင် အသစ်ရဲ့ ဖြစ်တည်မှုအတွက် သူ ကျေနပ်မှာ သေချာပါတယ်။