Sunday, September 9, 2007

ဘလော့ဂ်စောင့်နတ်ပွဲ (သို့) တက်စလာ

ကျွန်တော်တို့ ဘလော့ဂ်တွေကို အတွေးအမျိုးမျိုးနဲ့ ရေးဖြစ်ကြတယ်။ နာမည်အရင်းဖြစ်ခွင့်မရတဲ့ နာမည်လှလှလေးတွေကို ကလောင်အဖြစ် ကိုင်စွဲကြတယ်။ ကျွန်တော့်မိတ်ဆွေ ဘလော့ဂ်ဂါတစ်ယောက်ကတော့ သူ့နာမည်နောက်ကနေ သူ့ဘလော့ဂ်အမျိုးအစားလေးကို စိတ်ဝင်စားအောင်ထည့်ထားတယ်။ လူတွေချည်းပဲ ဘလော့ဂ်ရေးတယ်မှတ်တာ - မဟုတ်ဘူးဗျ။ နတ်တွေလည်း ရေးတယ်။ အဲဒီဘလော့ဂ် နာမည်က Teslanetblog တဲ့။ တက်စလာဆိုတဲ့ နတ်ရဲ့ဘလော့ဂ်ပေါ့လေ။

ကျွန်တော် ဘလော့ဂ်စရေးတော့ အခြားဘလော့ဂ်တွေကို လျှောက်သွားဖြစ်တယ်။ ဘလော့ဂ်တစ်ခုမှာ ရေးထားတဲ့ ပို့စ်တစ်ခုမှာ “ ကိုတက်စလာသည်လည်း အရေးကြဲသော်လည်း စောင့်ဖတ်ရကျိုးနပ်အောင် အရေးကောင်းသည် ” လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒါနဲ့ အဲဒီဘလော့ဂ်ကိုသွားလည် ဖြစ်တယ်။ ဖတ်ရင်းနဲ့ မှတ်ချက်ချမိတယ် - ဒီလောက်အရေးကောင်းလို့လဲ နတ်လို့ နာမည်ခံထားတာကိုးလို့။

အဲဒါနဲ့ ဘာနတ်လဲလို့ ကျွန်တော်စိတ်ဝင်စားနေတုန်း ပထမအကြိမ် ဘလော့ဂ်ဂါ Meeting လုပ်ကြပါရော။ အားလုံးစုံလို့ တဝက်လောက်ရောက်တော့ အကျီအဖြူလေးနဲ့ လူတစ်ယောက်တံခါးဖွင့်ပြီးဝင်လာတယ်။ ဘာညာက အားရဝမ်းသာထအော်တယ်။ “ ကိုတက်စလာ လာပြီ ” တဲ့။ အဲဒီမှာ ကျွန်တော်သိလိုက်ပါပြီ - ဘာနတ်လဲဆိုတာ။ မြှားနတ်မောင်ဗျ။ ဘာတွေ အောင်သွယ်လုပ်လို့လဲလို့ မမေးနဲ့နော်။ အောင်သွယ်လုပ်လို့ မဟုတ်ဘူး။ အဟဲ ... ကျွန်တော်မြင်ဖူးတဲ့နတ်တွေက ထောင်ထောင်မောင်းမောင်း ခန့်ခန့်ကြီးတွေ။ ဒီနတ်က နည်းနည်းပုပြီး အရွယ်သေးတော့ အဲလိုပုံစံ ကျွန်တော်မြင်ဖူးတဲ့နတ်ဆိုလို့ မြှားနတ်မောင်ပဲ ရှိတယ်လေ။ ကျွန်တော် အခုလို ပြောရင် ကိုတက်စလာ စိတ်ဆိုးဦးမယ်။ ပြီးရင်း သူ့ထီးချိုင့်လေနဲ့ “ မောင်ပွတ် - မြှားနတ်မောင်က ငါ့လောက် နားရွက် မကားပါဘူးကွာ ” လို့ မချိတင်ကဲ ပြောဦးမယ်။

ပြောမယ့်သာ ပြောတာပါ။ အဲဒီ ပထမအကြိမ် အစည်းအဝေးပြီးကတည်းက အစည်းအဝေးဆိုရင် သူ ခပ်ရှောင်ရှောင်လုပ်တယ်။ အဲ ... ဒုတိယပိုင်းဆိုလို့ကတော့ ဘောင်းဘီတိုနဲ့တောင် ထလိုက်လာတာ။ အရက်တော့ ဘယ်တော့မှ မသောက်ဘူး။ မကြိုက်လို့တဲ့။ မကြိုက်တာ သူမဟုတ်ဘူးနော်။ သူ့ဆရာဝန်က။ သူ့အသည်းက သောက်ရင် မြန်မြန်နတ်ဘဝကူးမယ်တဲ့။ အဲဒါနဲ့ အရက်မသောက်ဘဲ ဘီယာကို ပြိုင်ဘက်မရှိသောက်တာ ကိုမျက်လုံး ပေါ်မလာခင်အထိပဲ။ ကိုမျက်လုံးလို ဝါရင့်တစ်ယောက်ရောက်လာမှ - လျော့ပေးတယ်ထင်လား။ အပြိုင်သောက်တာ။ တစ်ခုကောင်းတာ ကိုတက်စလာက တတိယပိုင်းမဆက်ဘူး။ အိမ်ကို အစောကြီးပြန်တတ်တယ်။ မနက် ၂ နာရီ - ၃ နာရီပေါ့။ နောက်တစ်နေ့ မနက်အစောကြီးလေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ။ ကျွန်တော် ဒီနေ့ Blog Times III စလုပ်တယ်။ ဒီတော့ အရင်အဟောင်းတွေက သတင်းလေးတွေ၊ ပုံစံလေးတွေ ပြန်ကိုးကားဖို့ ဖွင့်လိုက်တော့ ပထမဆုံး သတင်းစာမှာ ကိုတက်စလာကို ဝိုင်းဖမ်းနေတဲ့ ပုံသွားတွေ့တယ်။ ကျွန်တော်တို့ သတင်းစာ အောင်မြင်တယ်ဆိုရင် ကျေးဇူးရှင်က သူပဲဗျ။ သူ့ရုပ်သူ့ရည် - သူ့အနေအထားနဲ့ မျက်နှာဖုံးတင်လိုက်တော့ ဘယ်ပြောကောင်းမလဲ - ဒေါင်းလုပ်ချပြီး သိမ်းထားတဲ့ မိန်းကလေးတွေဆိုတာ - ကျွန်တော်သိသလောက်တော့ တစ်ယောက်မှ မရှိဘူးတဲ့။

ကိုတက်စလာပုံနှင့် ပထမအကြိမ် Blog Times

စတာပါ ကိုတက်စလာရေ - ခင်ဗျားဧည့်ခံမယ့် ညစာစားပွဲကို တကူးတက လာပြီး မစနောက်နိုင်လို့ အခုလို ပို့စ်လေးရေးပြီး စရ၊နောက်ရတာပါဗျာ။ ခင်ဗျားထုံးစံအတိုင်း “ ငါ့ကောင်ကြီး မောင်ပွတ် ကတော့ကွာ ” ဆိုပြီး ပြောနေဦးမလား။ တကယ်တော့ ခင်ဗျားက ကျွန်တော်ဆိုးသမျှ၊ ပူသမျှကို အမြဲကူညီလိုက်လျောခဲ့တဲ့ မိတ်ဆွေကောင်းပါဗျာ။ ခင်ဗျားတို့၊ ကိုနေဘုန်းလတ်တို့၊ ကိုစိုးဇေယျတို့နဲ့ အတူတူ ဆိုင်ထိုင်ခဲ့တဲ့ အချိန်တွေကို အမြဲသတိရနေပါတယ်။ အရင်က ခင်ဗျားမလာရင် မရရအောင် ခေါ်တဲ့ ကျွန်တော့်ကို အခုတော့ ခင်ဗျားခေါ်လို့မရဘူးဖြစ်နေတယ်ဗျာ။ တစ်ရက်တော့ ထပ်တွေ့ကြတာပေါ့။ ခင်ဗျားပြောတဲ့ “ အော်တိုကိုး မောင်ပွတ် ဆ ပါထည့်ထား ” ဆိုတဲ့ပွဲမျိုးရောလေ။ ခင်ဗျားကို လျှော့မတွက်ပါဘူးဗျာ - တကယ်။

ခွက်ညီ လက်ညီ တို့နှစ်ယောက်

ကိုတက်စလာ - ဒီမွေးနေ့ကစပြီး နေ့ရက်တိုင်းကို ပျော်ရွှင်ငြိမ်းစွာ ဖြတ်သန်းနိုင်ပြီး ရေးဖော်ရေးဖက် သူငယ်ချင်းများနဲ့အတူ သုတ၊ရသနဲ့ ပြည့်စုံတဲ့စာတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ကျွန်တော် ဒီနေရာကနေ ဆုတောင်းတယ်။

ခင်တဲ့
မောင်ပွတ်
၉၊၉၊၂၀၀၇

15 comments:

Anonymous said...

ရေးးးးး.. ကိုတတ်လာဘီ.......... ဟက်ပီးဘက်ဒေးးး.. ဟေ့ကပွတ်.. ငါတို့ဆီမှာလည်း လာအော်တုန်း...

Unknown said...

မောင်ပွတ်ရေ...ကောင်းလိုက်တဲ့ မွေးနေ့ ဆုတောင်းလေးဗျာ။ ဟက်ပီဘက်ဒေးပါ ကို တက်စ်လာ

Anonymous said...

ကိုကြီးတက်စ်ရေ... ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ.. များများလည်း တက်နိုင်ပါစေ.. များများလည်း သောက်နိုင်ပါစေ..
မောင်ပွတ်ရဲ့ ဘတ်ဒေးပို့စ် အရေးအသားလေးကတော့.. ထိတယ်..

Anonymous said...

ကိုတက်ရေ..happy birthday ပါ ။ အမြဲပျော်ရွှင်နိုင်ပါစေး)ွှ

Tesla said...

ခွိခွိ.. နတ်လာပြီ သောက်တော်ဘူးရယ်နဲ့ မှ အိုမကွာဆိုတဲ့ ကိုကြီးကျော် နဲ့ အမျိုးတော်တဲ့ နတ်ကွ :P ကျေးဇူးဗျို့ အားလုံးပဲ. :) (မောင်ပွတ်မပါ)

စိုးဇေယျထွန်း said...

ကိုတက်ကြီးက ဟိုနေ့ တက်တက်ပြောင်သွားတယ် ကြားတာပဲ

s_potato said...

armifyGwfa& ta&;tom;awG w,faumif;ygvm; arG;aeYa&muf&ifvJ a&;ay;OD;aemh

s_potato said...

မောင်ပွတ်ရေ အရေးအသားတွေ တယ်ကောင်းပါလား မွေးနေ့ရောက်ရင်လဲ ရေးပေးဦးနော့

Font တွေမှားရေးမိလို့ တစ်ခါက်လာပြန်ရေးရတာဝေးးးးးးးးးးး

MELODYMAUNG said...

Happy Birthday! par Kotes
Many happy may return

Anonymous said...

မောင်ပွတ်တို့ကတော့ အရေးအသားရေလည်ကောင်းပဲး)

sisain said...

အဲဒီနတ်က သံပုရာသီးကြိုက်တာ ထည့်မရေးပါလား မောင်ပွတ်-ရ

MgThaJan said...

ကိုပွတ် ဘလော့ဂ်တိုင်3း ကိုစောင့်မျှော်နေပါတယ်

NayPhoneLatt said...

ငါလာတာနောက်ကျသွားတယ် ... ဟက်ပီးဘက်ဒေး ကိုတက်ရေ ... မောင်ပွတ်က ခင်ဗျားအကြောင်းတွေ လျှိုထားသေးတယ်ဗျ ... ထပ်ရေးခိုင်းဦးမှပဲ .. ဟဲ ဟဲ

thamudayanwe said...

ဘလော့တိုင်း၃ ကိုမျော်နေပါတယ်...

Anonymous said...

ကိုပွတ်က အရေးကောင်းပဲ။