Thursday, September 6, 2007

အလိုရှိသည်

High Technology ဖြင့် ဖန်တီးထားသော စက်ရုပ်များနည်းတူ အလုပ်လုပ်ပေးနိုင်သော လူသားများအလိုရှိသည်။ အောက်ပါ အရည်အချင်းများ အတိုင်းလုပ်ဆောင်နိုင်ရမည်။

(၁) ဒေသစံတော်ချိန် မနက် (၇) နာရီခွဲတွင် ရထားဘူတာ သို့မဟုတ် ကားဂိတ်သို့ အရောက်လာနိုင်ရမည်။ သို့မှသာ (၈) နာရီရုံးရောက်မည်။

(၂) ရုံးရောက်သည်နှင့် စက်ရုပ်များနည်းတူ ခိုင်းတာလုပ်၊ တောင်းတာပေး၊ မေးတာဖြေ၊ စေရာသွားနိုင်ရမည်။ အထွန့်မတက်ရ။

(၃) နေ့လည်တွင် တစ်နာရီ အနားပေးမည်။ ကောင်းသည်၊ ဆိုးသည်မခွဲခြားဘဲ ဈေးပေါရာ၊ နီးစပ်ရာတွင် ကြုံသလို စားနိုင်ရမည်။ တစ်နာရီပြည့်လျှင် ချက်ချင်းရုံးပေါ်ပြန်တက်လာရမည်။ စက်ရုပ်များသည် အချိန်တိကျသည်ကို သတိပြုပါ။

(၄) ညနေ (၅) နာရီထိုးသော်လည်း အလုပ်မပြတ်သေးလျှင် တစ်နာရီခန့် ဆက်လက်ဆောင်ရွက်နိုင်ရမည်။ စက်ရုပ်များသည် ဘယ်သောအခါမှ အချိန်ပိုကြေး မတောင်းပါ။

(၅) သင်ပြန်သောအခါ နောက်တစ်နေ့မနက်တွင် မန်နေဂျာမှ ဆူစရာများနှင့် စောင့်နေသည်ကို သတိပြုပါ။

အဲဒီလို အလုပ်မျိုးတစ်ခုမှာ ကျွန်တော်လုပ်နေတယ်။ မနက် (၈) နာရီ ရုံးရောက်ဖို့ (၆)နာရီလောက်ထ၊ ပြန်ငိုက်၊ ရေချိုးခန်းဝင်၊ အဝတ်လဲ၊ ဘုရားရှိခိုးနဲ့ (၈) သာရုံးရောက်သွားတယ် - မနက်စာဆိုတာ လက်ထဲက ပေါင်မုန့်တစ်လုံးပဲပါလာခဲ့တယ်။ ရုံးရောက်လို့မှ မထိုင်ရသေးဘူး - Night Shift က လွှဲလိုက်တဲ့အလုပ်တွေက စပ်ဖြဲဖြဲနဲ့ ခုံပေါ်မှာ ငုတ်တုတ်ကြီး။ အဲဒါတွေ ရှင်းရင်းနဲ့ပဲ ထမင်းစားချိန် - စက်ရုပ်လိုဆို အားသွင်းချိန် ရောက်ရော။ တစ်နာရီ မကုန်ကုန်အောင် ထမင်းစားလိုက်၊ အနီးအနားလျှောက်လိုက်နဲ့ အနားယူရတယ်။ မယူလို့ မရဘူးလေ။ မနက်ကထဲက Run လာရတာ - ၁ နာရီထိုးနေပြီ။ ပြန်တက်ရင်လည်း ဆက်လုပ်ရဦးမယ်မဟုတ်လား။ တစ်နာရီပြည့်တော့ အလုပ်ထဲပြန်ဝင်၊ ဆက်လုပ်၊ နာရီကို ခဏခဏကြည့်၊ ဒီလိုနဲ့ (၆) နာရီသာသာမှာ Time Card ဖြတ်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ရောက်ရင် ဘယ်အထုပ်ကိုတော့ ရှင်းရဦးမယ် ... ဆိုတဲ့ အသိတွေနဲ့ပြန်လာရတာ။ အခြားဝင်စရာ မရှိလို့ အိမ်ပြန်ရောက်ရင် (၇) နာရီ။ ဘဝတူလေးတွေခေါ်ပြီး နီးစပ်ရာ Food Court မှာ ထမင်းစား၊ အိမ်ပြန် အင်တာနက်ခဏသုံး၊ ပြီးတာနဲ့ အိပ်ရပြန်ရော။ မနက်နိုးလာတော့ .. ထုံးစံအတိုင်း ပြန်စပေါ့ဗျာ။ ဒါက Morning Shift နော်။ Night Shift ဆိုလို့ကတော့ .. မပြောပြရက်ပါဘူး။ ပိတ်ရက်ကလေး တစ်ရက်ရပါတယ်။ လျှော်ရဖွတ်ရ၊ အခန်းရှင်းရ၊ လိုတာထွက်ဝယ်၊ အိမ်ကမှာတာ သွားလုပ်ပေးနဲ့ - မနားရပြန်ဘူး။ တဖြည်းဖြည်းနဲ့ ပျော်စရာခေါင်းပါးလာပြီး စက်ရုပ်နဲ့ တူလာတယ်ဗျာ။ ဒီအချိန်ထ၊ ဒါလုပ်၊ ဒီသွား၊ ပြန်လာ၊ ဒါစား၊ အိပ်၊ ပြန်ထ၊ အာ ..... အဲဒါတွေနဲ့ပဲ လုံးချလည်နေလိုက်တာလေ .... တခါတလေတော့ တွေးနေမိတယ် ... ငါက စက်ရုပ်နဲ့တူတဲ့ လူသားလား၊ လူသားလိုခံစားတတ်တဲ့ စက်ရုပ်လားလို့ ...

16 comments:

Anonymous said...

ခုတော့ သိပြီလား စက်ရုပ်ပွတ်လူ..
တူတူပါပဲဟာ.. တစ်နေ့တစ်နေ့ စက်ရုပ်လိုပဲ..
ဒီ routine ထဲက မထွက်နိုင်ဘူးလေ..
ပိတ်ရက်လေး ကျတော့လည်း အ၀တ်လျှော် အခန်းရှင်း ဈေးဝယ် လုပ်စရာရှိတာတွေ လုပ်..
ဒီလိုနဲ့ ရုံးဖွင့်ရက် ပြန်ရောက်လာရော..
ကြာတော့လည်း ထုံလာရော.. =) နင်ခုတော့ ခံစားတတ်ပြီ ဟုတ်..

Myo Kyaw Htun said...

same :(

Anonymous said...

အေး.. တစ်ခုကိုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရတယ်ဆိုတဲ့ နိယာမအတိုင်း ငါတို့တွေ လှုပ်ရှားနေရတာပေါ့။း(

ZawZaw said...

မညစ်ပါနဲ့ မွတ်ပေါင်ရာ ဒီလိုပါဘဲ ၊
မကြာခင် အသားကျသွားပါ့မယ်။
ဘာဘြဲဖစ်ဖြစ် မင်းပျော်ရွှင်ပါစေ

နှင်းပွင့်ဖြူ said...

အလုပ်ခြင်းသာမတူသာ...ကျန်တာတော့ အားလုံး
အတူတူပါပဲ...အားမငယ်ပါနဲ့ :-)

Thet Htoo@Myat Lone said...

ကိုပွတ်ရေ။ ကျွန်တော်လည်း ၆ နှစ်ခွဲလောက် လုပ်ခဲ့ပြီး လစာလည်း သိပ်မဆိုးတဲ့ အလုပ်က ထွက်ခဲ့တာ အဲဒီလို ငြီးငွေ့စရာတွေပဲ လည်ပတ်နေလို့ပါ။ ဒါတောင် ရန်ကုန်မှာနော်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း အရမ်းကို ခင်မင်စရာ လေးစားစရာ သူတွေချည်းပါပဲ။ စားတာ၊ သောက်တာ၊ ကစားတာ အကုန်လုံး သူတို့နဲ့ပဲ။ အိမ်က မိသားစုထက်တောင် အချိန်တွေ ပိုပြီး သူတို့နဲ့ ကုန်ခဲ့တာပေါ့။ ဒါပေမယ့် ရေရှည်တော့ ငြီးငွေ့မှုဒဏ်ကို မခံနိုင်ဘူးဗျ။ ရုန်းထွက်နိုင်လောက်အောင် အခြေအနေပေးတာနဲ့ ရုန်းထွက်ခဲ့တာပဲ။ ကိုပွတ်လည်း သက်တောင့်သက်သာနဲ့ လုပ်ငန်းခွင်ငြီးငွေ့မှု သိပ်မရှိတဲ့ အလုပ်မျိုးမှာ အမြန်ဆုံး ရရှိလုပ်ကိုင်နိုင်ပါစေခင်ဗျာ။

ဒီ့ထက်ပိုပြောရရင်တော့ ကိုပွတ် စခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းအတိုင်း

``ဆော်ကြည် အကြွေးကျေ၊ အသက်ရှည် အလုပ်မလုပ်ပဲ ချမ်းသာပါစေ´´
လို့ ဆုတောင်းပေးပါတယ်ဗျာ။

KO WAI said...

အေးဗျာ ဘ၀ဆိုတာ ဒီလိုပါဘဲ ကျနော်တို့လည်း ဘယ်တော့များ

Anonymous said...

ဒီလိုပါပဲ. ကိုပွတ်ရေ.. တခုလိုချင်တော့လည်း တခုကိုစွန့်လွှတ်ရတာပေါ့.. နောက်ပိုင်းကျ... အသားကျပြီး အဆင်ပြေသွားမှာပါဗျာ..
ကိုမျက်လုံးပြောတဲ့ ခွတ်တိုက်ဆုတောင်းလေးနဲ့ ပြည့်ဝပါစေဗျာ..

tzm

KPZ said...

အေးဟာ.. ဒီဘ၀ကြီးကို ငြီးငွေ့ပေမယ့် ရုန်းမထွက်နိုင်းသေးဘူးဟ

s_potato said...

မောင်ပွတ်ရေ aza aza fighting

Moe Hlaing Nya said...

ကိုပွတ် ခင်းဗျားဖြတ်သန်းသွားနိုင်မှာပါ ခင်ဗျားကရင့်ကျက်တဲ့လူပဲ အနုပညာမရှိတဲ့ဘ၀ စက်ရုပ်ဆန်ပေမယ့်....အဲဒီထဲကမှအနုပညာကိုပြန်ရှာဖွေရတော့မှာ ပျော်ရွှင်ပါစေ ကိုပွတ်

ငစနေ said...

ကိုပွတ် ...
ဆုံလည်နွားကြီး ရထားစီးသော် ဆိုတာမျိုးပဲနဲ့ တူပါရဲ့။ ဘ၀တွေက စက်ရုပ်ဆန်လွန်းနေတယ်။ အမြဲတမ်း ဆုံလည်ပဲ လှည့်နေရတဲ့နွားကြီး ကောင်းမလားလို့ ရထားတက်စီးကြည့်ပေမယ့် ဒီ ရထား ဆိုတာကြီးကလဲ မျဉ်းပြိုင်နှစ်ကြောင်းပေါ်ကလွဲလို့ ဘယ်မှ သွားလို့မရပြန်ဘူး။ ခက်ပါ့

s_potato said...

ဆီဗုံးလေးများထားချင်ဘူးလားဟင်

Anonymous said...

မောင်ပွတ်ရေ.. စက်ရုပ်ဘ၀မှာလည်း လူသားဆန်၂နေတတ်အောင် ၊ ကြိုးစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်း)

NayPhoneLatt said...

ငါ စလုံးမှာ တစ်နှစ်လောက်သွားနေတုန်းက ရေးခဲ့တဲ့စာတွေ အဆင်ပြေရင် ပြန်တင်ပေးဦးမယ်ကွာ ... လူနှင့် သူ၏ တစ်နေ့တာ ဆိုတာလေး ငါရေးဖူးတယ် ...
မင်းလိုပဲ ငါလဲ ခံစားခဲ့ဖူးပါတယ် ...

NayNay said...

ဟူး...စိတ်ညစ်သွားပြီ။ စလုံးကို မလာချင်တော့ဘူး.....:(