မေမေ့အတွက် ၂၄ နှစ်
တစုံတရာရဲ့ အတွင်းမှာ ကျွန်တော် အချိန်အတော်ကြာ ပိတ်လှောင်မိနေရာကနေက အေးမြပြီး အသံတွေ ဆူညံနေတဲ့ နေရာတစ်ခုကို ရောက်သွားတယ်။ ပထမဆုံး ကျွန်တော် အသေအချာကြားလိုက်တာက “သားလေး” ဆိုတဲ့ အသံတစ်ခုပါ။ ကျွန်တော့် ကျေးဇူးရှင် မိခင်လို့ မသိခင်ကတည်းက ကျွန်တော်ချစ်လာရတဲ့ မေမေ့အသံပါပဲ။ အရပ် တစ်ပေကျော်ကျော်လေးပဲ ရှိတဲ့ ကျွန်တော့်ကို အဝတ်ဖြူဖြူလေးနဲ့ ထုပ်ပိုးပြီး မေမေ့ဘေးမှာ ထားပေးတယ်။ ကျွန်တော့် တကိုယ်လုံး မျက်နှာလေးပဲ မြင်ရပေမယ့် မေမေက မျက်ရည်တွေကျပြီး ကျွန်တော့်ဘက်ကို ငဲ့စောင်းကြည့်နေတယ်။ ဒါပေမယ့် မေမေပြုံးပြီး “သားလေး” လို့ တဖွဖွခေါ်နေတာကို ကျွန်တော်မှတ်မိနေသေးတယ်။ ဝမ်းဗိုက်ကို ခွဲစိတ်ထားလို့ ကျွန်တော့်ဘက် အပြည့်လှည့်မနေပေမယ့် မျက်လုံးတွေကတော့ ကျွန်တော့်ကိုပဲ အမြဲစိုက်ကြည့်နေခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်မေမေ့ကို ချစ်တာက ကျွန်တော့်ကို အမြဲတမ်း ထွေးပွေ့ထားလို့ရယ်၊ ကျွန်တော်ဗိုက်ဆာတိုင်း မိခင်နို့ရည် တိုက်ကျွေးလို့ရယ်ပါ။ အလိုမကျတာရှိလို့ အော်ငိုတိုင်း မေမေက ချီပိုးပြီး ကျေနပ်အောင် ချော့သိပ်ခဲ့ပါတယ်။ ကျွန်တော်ကြက်ညှာချောင်းဆိုးဖြစ်တော့လည်း မေမေ့မှာ နားရတယ်ကို မရှိအောင် ကျွန်တော်အသက်ရှည်ဖို့ ပင်ပန်းခဲ့ပါတယ်။ အသက် ၆ နှစ်လောက်မှာ TB ဖြစ်တော့လည်း မေမေ့မှာ အသက်မရှူနိုင်လောက်အောင် စိတ်ပူပင်ပန်းခဲ့ရသလို ငွေကြေးအကုန်အကျလည်း များခဲ့ရပြန်ပါတယ်။ ကျောင်းနေအရွယ်ရောက်ပြန်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး မျက်နှာမငယ်ရအောင် ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ရွေးချယ်အပ်နှံ ပညာသင်စေခဲ့ပါတယ်။ အဲဒီအချိန်တွေအများစုမှာ ဖေဖေက ပြည်ပရောက်နေခဲ့လို့ ကျွန်တော့်အားကိုးရာ၊ အရိပ်အာဝါသဟာ မေမေပဲဖြစ်ခဲ့ပါတယ်။
ကျွန်တော်မှတ်မိသေးတယ်။ ကျွန်တော်ကျောင်းနေတဲ့ အရွယ်မတိုင်ခင်တုန်းကဆို ညနေဘက် မေမေရုံးကပြန်လာတာကို အိမ်အဝင်ဝ လှေခါးလေးကနေ ထိုင်ထိုင်စောင့်နေဘူးတယ်။ မေမေက အချဉ်ရည်နဲ့ တို့စားရတဲ့ အားလူးပြုတ်လေးတွေ၊ ငါးမုန့်ကြော်တွေ၊ ဒါမှမဟုတ် ဆေးရောင်ခြယ်ရတဲ့ စာအုပ်လေးတွေ ဝယ်ဝယ်လာတတ်လို့လေ။ ဘာမှဝယ်မလာတဲ့နေ့ဆိုရင်လည်း ကျေနပ်အောင် ချော့မော့တတ်တယ်။ ခရစ္စမတ်နေ့ဆိုရင် ခြေအိတ်သေးသေးလေးတွေထဲမှာ ချောကလက်လေးတွေ၊ အရုပ်သေးသေးလေးတွေကို ထည့်ပြီး ကျွန်တော်တို့ ခုတင်ခြေရင်းမှာ၊ ဒါမှမဟုတ် လွယ်အိတ်လေးတွေထဲမှ ထည့်ထားပေးပြီး ခရစ္စမတ်ဘိုးဘိုးကြီး ပေးသွားတာဆိုပြီး လက်ဆောင်ပေးတတ်တယ်။ တချို့စနေ၊ တနင်္ဂနွေတွေမှာ အိမ်နားက ပန်းခြံတွေ၊ အမျိုးအိမ်တွေကိုလည်း အလည်အပတ်လိုက်ပို့တတ်သေးတယ်။
ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက်ရှိတယ်။ သုံးယောက်လုံးကို နှစ်ခြားပြီး ဇန်နဝါရီလမှာပဲ ဗိုက်ခွဲ မွေးခဲ့ကြတာဖြစ်တယ်။ မေမေ့ဗိုက်က ချုပ်ရိုးရာ သုံးကြောင်းက အောင်ပွဲရစစ်သူကြီး ခန္ဓာကိုယ်က အမာရွတ်တွေလို သားတွေအတွက် အသက်စွန့်ရဲတယ်ဆိုတာကို သက်သေပြနေပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်တို့ သုံးယောက်မွေးနေ့တွေကို ကိုကြီးမွေးနေ့ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာ စုပြီးလုပ်ဖြစ်တယ်။ (ညီလေးက ၅ ၇က်နေ့လေ) သားသုံးယောက်ရဲ့ သူငယ်ချင်းတွေနဲ့ အမျိုးတွေအများကြီးအတွက် အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ စတာတွေကို မပင်မပန်း ဒိုင်ခံချက်ပြုတ်ကျွေးတတ်တယ်။ ကျွန်တော်တို့ လက်ဆောင်တွေကို အားပါးတရဖေါက်ကြည့်နေချိန်မှာတော့ မေမေက ဆေးပြီးသား ပန်းကန်ခွက်ယောက်တွေကို အဝတ်ခြောက်တစ်ခုနဲ့ သုတ်ရင်း ခပ်ပြုံးပြုံးလေး ကြည့်နေတတ်တယ်။ အဲဒီအချိန်ကတည်းက မွေးနေ့ဆိုရင် အမှတ်တရဖြစ်လာခဲ့တာ၊ တစ်ခုခု အထိမ်းအမှတ်လုပ်ချင်တာဟာ အခုဆို ၂၄ နှစ်တိုင်ခဲ့ပါပြီ။
အဲဒီ ၂၄ နှစ်အတွင်းမှာ ဒီနှစ်ကတော့ မေမေနဲ့တူတူရှိခွင့်မရတဲ့ ပထမဆုံးနှစ်ပဲဖြစ်ပါတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ အနွေးထွေးဆုံး မိဘတွေရင်ခွင်ကနေ ခွဲထွက်လာခဲ့တဲ့ ကျွန်တော်အတွက် မေမေ့ကို ဆိုးဆိုးရွားရွား သတိရနေမိတယ်။ အခုချိန်ဆို ကျွန်တော့်ဖို့ရည်မှန်းပြီး အာရုဏ်ဆွမ်းကပ်ပေးနေလောက်ပြီ။ ပြီးရင် ကျွန်တော်မရှိလည်း မွေးနေ့ဆို ရောက်လာတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကလိုပဲ မမောမပန်း ချက်ပြုတ်နေလိမ့်ဦးမယ်။ မွေးနေ့ရှင် ကျွန်တော်ကလွဲပြီး အားလုံးတက်ရောက်တဲ့ မွေးနေ့ပွဲလေးပေါ့လေ။
ကျွန်တော့်ကို လွန်ခဲ့တဲ့ ၂၄ နှစ်က အသက်နဲ့ရင်းပြီး မွေးထုတ်ပေးခဲ့တဲ့ မေမေ့ကို အထူးပဲ သတိရကန်တော့ရင်း ဒီစာကို ရေးပါတယ်။ ဒီမှာ ဘယ်လောက်ပဲ အထီးကျန်နေနေ၊ မပြည့်စုံမှုတွေများနေနေ၊ ဒါမှမဟုတ် သိပ်ပြည့်စုံနေသည့်တိုင်အောင် မေမေပေးတဲ့ အကြံဥာဏ်၊ အားပေးစကား၊ အစားအစာတွေနဲ့ ကျွန်တော့်နေ့ရက်တွေကို ရှေ့ဆက်နေရဆဲပါပဲ။ ဘယ်လောက်ဝေးတဲ့ နေရာဒေသမှာ၊ ဘယ်လိုကြည်နူးစရာတွေ၊ သူငယ်ချင်း၊ ချစ်သူတွေရှိနေနေ (ကမ္ဘာမြေကြီးလို့ ကျွန်တော် ချစ်စနိုးခေါ်တဲ့) မေမေ့ စောင့်ရှောက်မှု အရိပ်အာဝါသလောက် နွေးထွေးလုံခြုံမှုမရှိတာ ကိုယ်တွေ့သိလာခဲ့ပါပြီ။ မွေးနေ့မှာ လိုချင်တဲ့ ဆုတစ်ခုလောက် တောင်းပါဦးဆိုရင် … ကျွန်တော့်ကို ရန်ကုန်ပြန်မယ့် လေယာဉ်ပေါ်တင်ပေးကြစမ်းပါ။