Monday, December 17, 2007

ကံဆိုတာ ဘာလဲ

ကံဆိုတာဘာလဲလို့ မေးမိတိုင်း သေချာတဲ့အဖြေတစ်ခု အခုချိန်ထိ မရသေးပါဘူး။ ရွှေပုစွန်ဆိုင်က ဦးပွင့်ကောင်းကတော့ ကံဆိုတာအလုပ်ပါတဲ့။ တချို့ကတော့ ကံကံ၏အကျိုးဆိုပြီး ဘာဖြစ်လာလာ လက်ခံနိုင်ကြပြန်တယ်။ တချို့ကတော့ ကံဆိုတာ မရှိဘူးတဲ့။ ဥာဏ်ကောင်းရင် ကံကောင်းပြီပဲတဲ့။ ကျွန်တော်ကတော့ အားလုံးကိုယ့်နည်းနဲ့ကိုယ် မှန်နေကြတယ်လို့ထင်တယ်။ အဲဒါကြောင့်လည်း သေချာတဲ့အဖြေမရသေးတာပါ။ ကျွန်တော်တစ်ယောက်တည်း တွေးမိတာကတော့ ကံဆိုတာ အားကိုးလို့ မရသလို မသက်ဆိုင်ပါဘူးဆိုပြီး ပစ်ထားလို့လည်း မရပြန်တဲ့ ကြိုမသိနိုင်တဲ့ အစီအစဉ်တစ်ခုပါပဲ။

ကံကောင်းလိုက်တာ၊ ကံဆိုးလိုက်တာဆိုတာမျိုး ကျွန်တော်တို့ မကြာခဏပြောဖြစ်ပါတယ်။ ဒါပေမယ့် ကံကြောင့်လား၊ အလုပ်ကြောင့်လားတော့ ခွဲခြားဖြစ်တာနည်းမယ် ထင်ပါတယ်။ ဆိုပါစို့ဗျာ။ တီဗွီကပြမယ့် ဘောလုံးပွဲကြည့်ချင်လို့ ထိုင်စောင့်နေတယ် ဆိုပါစို့။ ပွဲလည်းစရော မီးပျက်သွားရင် ကံမကောင်းတာလား။ ဒါမှမဟုတ် မိုးသိပ်ရွာလို့ ပွဲကိုရွှေ့လိုက်တယ်ဆိုရင်ရော ကံကြောင့်လား။ စာမေးပွဲ အောင်ခြင်း၊ မအောင်ခြင်းမှာရော ကံက ဘယ်လိုပါဝင်ပတ်သတ်နေပါသလဲ။ ဆင်းရဲတဲ့လူတစ်ယောက် ကြိုးစားပြီး ချမ်းသာလာတာဟာ ကံနဲ့အလုပ် မျှတလို့ဖြစ်နိုင်ပြီး ချမ်းသာတဲ့မိသားစုမှာ ကြီးပြင်းခွင့်ရခဲ့ ကလေးက အလုပ်နဲ့ဆိုင်ရဲ့လား။ ထီပေါက်တာက ထီထိုးဖို့ စိုက်ထုတ်တဲ့ ဝီရိယကြောင့်လား။ ကြုံသလို လက်ညှိုးထိုးလိုက်တဲ့ နံပတ်ကြောင့်လား။ ဒါတွေက အလုပ်နဲ့ကံ ဆက်စပ်နေတာကို ခွဲခြားပြီး မြင်သာစေမယ် ထင်ပါတယ်။

ကံကောင်းချင်ရင်တော့ ကိုးကွယ်ရာဘာသာတစ်ခုရှိတဲ့ လူတိုင်းကတော့ သက်ဆိုင်ရာဘုရားနဲ့ နတ်တွေကို တိုင်တည်ဆုတောင်းလေ့ရှိကြပါတယ်။ မမြင်နိုင်တဲ့ ကံတရားအတွက် မမြင်နိုင်တဲ့အင်အားတွေ ဆုတောင်းတာ သဘာဝအတော်ကျတဲ့ လုပ်ရပ်ပါပဲ။ ထီပေါက်ဖို့ ဆုတောင်းပြီး မပေါက်တာနဲ့ ဘာကိုတော့ဖြင့် ဆုတောင်းမပြည့်လို့ မကိုးကွယ်တော့ဘူးလို့ စွန့်လွှတ်လိုက်တဲ့ ဘာသာဝင်က အတော်ရှားပါတယ်။ ကိုးကွယ်မြဲ၊ ဆုတောင်းမြဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကံကိုယုံသူဖြစ်လို့ ကံကောင်းဖို့ အချိန်မကျသေးလို့လို့ပဲ ယုံကြည်ထားကြမယ် ထင်ပါတယ်။ အချိန်ဘယ်တော့ကျသလဲဆိုတော့ တောင်းနေတဲ့ဆု ပြည့်တဲ့အခါပေါ့လေ။ တကယ်တော့ အဲဒီလို ဆုတောင်းပြည့်တဲ့အချိန်မှာ ဆုတောင်းသလို ဖြစ်လာအောင် ကြိုးစားလာခဲ့တဲ့ ဥာဏအားကလည်း အတော်ပါနေပါပြီ။ ဒီတော့ ကျွန်တော်ထင်တာက ကံဆိုတာ အနည်းနဲ့ အများတော့ မွမ်းမံပြင်ဆင်ပဲ့ကိုင်ခွင့် ရဟန်လည်းတူပါတယ်။

ကံဆိုတဲ့အပိုင်းကို လုံးဝပစ်ပယ်ထားပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကြိုးစားကြတဲ့လူတွေလည်း ရှိပါတယ်။ အောင်မြင်ကြတဲ့ လူတွေအများကြီးရှိသလို လှေလှော်ရင်းတက်ကျိုးဆိုသလို လမ်းခုလတ်မှာပဲ ပန်းတိုင်မရောက်နိုင်ဘဲ ဖြစ်သွားသူတွေလည်း ရှိမှာပါ။ ခုနပြောသလို ထီထိုးဖို့ ထွက်လာခဲ့တဲ့ ဝီရိယက ကြိုးစားအားထုတ်မှုဖြစ်ပြီး ပေါက်မယ့်လက်မှတ် အဆင်သင့်ရှိနေတာကတော့ ကံပဲဖြစ်မှာပါ။ ဒါကြောင့် အထက်မှာ ကျွန်တော်က ကံဆိုတာ မမြင်ရတဲ့ အစီစဉ်တစ်ခုလည်း ဖြစ်မယ်လို့ တွေးမိတာပါ။ အားလုံးက သူ့အစီအစဉ်နဲ့ သူရှိနေပြီး ကျွန်တော်တို့က ကြိုမသိတာဖြစ်နိုင်ပါတယ်။ ဘယ်သူက စီစဉ်တယ်ဆိုတာကတော့ မတွေးတတ်တော့ပါဘူး။

တကယ်တော့ ကံဆိုတာဘာလဲလို့ တွေးမိတိုင်း အခုလိုပဲ အလုပ်ကြောင့်လိုလို၊ မမြင်ရတဲ့ အစီအစဉ်တွေရဲ့ အကွက်ချထားမှုကြောင့်လိုလိုနဲ့ တိကျတဲ့အဖြေ မရပြန်ပါဘူး။ ကမ္ဘာပေါ်မှာ ကံကောင်းချင်သူတွေချည်းပါပဲ။ ဒါပေမယ့် ကံဆိုတာဘာလဲ၊ ကံကောင်းအောင် ဘယ်လိုလုပ်မလဲဆိုရင် ဘုရားများများရှိခိုးပေါ့ ဆိုတာထက်ပိုတိကျတဲ့ အဖြေပေးနိုင်တဲ့လူ ခက်ရှားရှားပါ။ ကံဆိုတာဘာလဲ သိရင် ကံကောင်းအောင် ချဉ်းကပ်လို့ရမယ် ထင်ပါတယ်။ ကျွန်တော်လည်း ကံကောင်းချင်သူတွေထဲက တစ်ယောက်ဖြစ်လို့ ကံဆိုတာဘာလဲ ဆိုတာ ဝိုင်းအဖြေရှာပေးကြပါဦးဗျာ။

2 comments:

Anonymous said...

ကောက်ညှင်းမောင်းရောင်းတဲ့အဒေါ်ကြီးကတော့--ကံဆိုတာ--နှစ်လုံးတဲ့--

Thet Htoo@Myat Lone said...

ကံဆိုတာ စေတနာပါတဲ့ အလုပ်တွေကို ပြောတာလို့ မှတ်သား နားလည်ပါကြောင်း ဆပွတ်။ အစီအစဉ်ဆိုတာကတော့ ကြိုသိဖို့ မဖြစ်နိုင်လောက်အောင် ခက်မယ်လို့ ထင်ပါတယ်။ တစ်လလုံး အလုပ်လုပ်ပြီး လကုန်မှ လစာထုတ်ရသလို စောင့်ရမှာတွေလဲ ရှိ၊ မီးကို အခုကိုင်ရင် အခုပူသလို ချက်ချင်းလက်ငင်းအကျိုးပေးတာတွေလဲ ရှိလိမ့်မယ်လို့ ယူဆပါကြောင်း၊ တစ်ဘ၀ကျော်မှ အကျိုးပေးတဲ့ကံ၊ ဒီဘ၀မှာပဲ အကျိုးပေးမယ့်ကံ၊ အဟောသိကံဆိုပြီး ဘယ်ဘ၀မှာမှ အကျိုးပေးဖို့ အခွင့်မသာတော့တဲ့ကံတွေ ဆိုပြီးတော့လည်း ကြားဖူး ဖတ်ဖူးပါတယ်။ ဘယ်တော့မှ ချေဖျက်လို့ မရတော့တဲ့ ကံ(ကံကြီးထိုက်တယ်ဆိုတာမျိုး)၊ နေ့စဉ်ပြုလုပ်ခဲ့တဲ့ ကံ(ကုသိုလ်တစ်ခု နေ့စဉ်ပြုဆိုတာမျိုးပေါ့)၊ အမှတ်မထင် ပြုလုပ်ခဲ့တဲ့ကံ အဲဒါမျိုးတွေပေါ် မူတည်ပြီး အကျိုးပေးပုံကွဲပြားကြောင်းလည်း စာတွေ၊ တရားတော်တွေထဲမှာ ဖတ်ဖူးပါကြောင်းခင်ဗျ။ အဲဒီ ကံတွေကိုမှ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ အတိတ်ကံ၊ ပစ္စုပ္ပန်ကံတို့နဲ့ ပြန်ပြီး ခွဲခြားကြတာမျိုးပါ ဖတ်ဘူးပါကြောင်းခင်ဗျ။ အဲဒီအကြောင်းတွေက အေးအေးဆေးဆေး ပြောဆိုဆွေးနွေး ရရင် ပိုကောင်းပေါ့ ဆပွတ်ရာ။ စေတနာမှန်လျှင် ကံကောင်းမည် ဆိုတဲ့ စကားဆိုရင်လဲ တော်တော် စဉ်းစားဖို့ကောင်းတာပဲနော်။