Sunday, April 29, 2007

ဆုတောင်းများ

စာမရေးဖြစ်လောက်အောင် အလုပ်ရှုပ်မယ်ထင်လို့ မနေ့ကပဲ စာရေးဖြစ်ဦးမှာမဟုတ်ဘူးလို့ တင်ထားသေးတယ်။ ခဏအားပြီး မီးလာနေတာနဲ့ ရေးထားလိုက်တာပါ။ခပ်ကြဲကြဲတော့ ရေးဖြစ်မှာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က သီတဂူဆရာတော်ရဲ့တရားပွဲသွားတယ်။ ကျိုက္ကဆံမြင်းပြိုင်ကွင်းမှာ ကျင်းပပြီး ထိုင်စရာနေရာတောင် ရှာမရလောက်အောင် လူတွေစည်တယ်ဗျာ။ ဒါတွေထားပါတော့။ ပြောပြချင်တာလေး တစ်ခုရှိလို့ပါ။ ဆရာတော့်တရားကို ပြန်ဖောက်သည်ချမလို့လေ။ ဘာသာကွဲတွေလည်း ဖတ်လို့ရမှာပါ။

တခါက ဘုရားအလောင်းတော်ရသေ့က ကျွန်းလေးတစ်ကျွန်းမှာ တရားဓမ္မကို ပြင်းစွာကျင့်တယ်တဲ့။ ဘယ်လောက်ပြင်းလဲဆိုရင် တစ်ခါတရားထိုင်ရင် ၇ ရက်မထတော့ဘူး။ အနီးအနားက လက်လှမ်းမှီတဲ့ သစ်သီးသစ်ရွက်တွေပဲ စားတော့တယ်။ ဒီလိုကျင့်တော့ သိကြားမင်းနေတဲ့နန်းတော်ကြီးက လှုပ်တော်မူတယ်တဲ့။ သိကြားမင်းက လေ့လာလိုက်တော့ ရသေ့ကိုသွားတွေ့တယ်။ သိကြားမင်းက ဒီရသေ့ဘာလိုချင်လို့ ဒီလောက်အပြင်းအထန်ကျင့်သလဲ သိချင်တော့ လူ့ပြည်ဆင်းပြီး မေးတယ်တဲ့။ ဇာတ်တော်တွေရဲ့ထုံးစံအတိုင်း စမ်းသပ်သေးတယ်ပေါ့ဗျာ။ ပြီးတော့မှ ကဲ…ရသေ့…ရှင်ရသေ့လိုချင်တဲ့ဆုကို တောင်းပါလို့ သိကြားမင်းက ပြောသတဲ့။ ဒီတော့ ရသေ့က ဒုက္ခသုံးပါးက လွတ်ရပါလို၏လို့ တောင်းပါတယ်။ သိကြားမင်းက… ဟာရသေ့ရယ် … ကောင်းလိုက်တဲ့ဆုတောင်းဗျာ … နောက်တစ်ဆုလောက်တောင်းပါဦးဆိုပြီး တောင်းခိုင်းပြန်တယ်။ ရသေ့ကတောင်းပြန်ရော။ ဒီလိုနဲ့ ဆုပေါင်း ၂၆ ဆုတောင်းတယ်တဲ့။ တောင်းသာတောင်းတယ် ပြည့်တယ်လို့တော့ ဇာတ်တော်ထဲမှာ မပါဘူးဗျ။ အဲဒီဆုတောင်း ၂၆ ဆုထဲက နောက်ဆုံးဆုတောင်း ၄ ခုကိုကြိုက်လို့ ဒီ Post ကိုရေးဖြစ်တာပါ။

ရသေ့က နောက်ဆုံးဘာဆုတောင်းလဲ ဆိုတော့ “ နံနက်လင်းလာရင် စံကျောင်းရှေ့မှာ အကျင့်သီလနဲ့ပြည့်စုံတဲ့ အလှူခံတွေများစွာ ရောက်နေပါစေ ” တဲ့။ ကျွန်တော်တော့ ဒီဆုတောင်းမျို့း တစ်ခါမှ မကြားဘူးပါဘူး။ ကိုယ်တွေသာဆို စောစောစီးစီး ဘယ်ကအလှူခံတွေလည်းဆိုပြီးတောင် မောင်းထုတ်ဦးမယ်ထင်တယ်။ အဲဒါပြီးတော့ ဘာဆက်ဆုတောင်းလည်း ဆိုတော့ “ နတ်အဝတ်အစားနဲ့တူတဲ့ အဝတ်အစားကောင်းများ၊ နတ်သုဒ္ဓါနဲ့တူတဲ့ အစားအသောက်ကောင်းများ စံကျောင်းနဲ့အပြည့် လှူဖို့ရှိနေပါစေ ”တဲ့။ ကျွန်တော်ဘုရားတမိတယ်။ လှူဖို့ပဲ အလိုရှိတာနော်။ သူသုံးဖို့မဟုတ်ဘူးလေ။ နောက်တစ်ဆုကတော့ “ လှူဒါန်းချင်တဲ့စိတ် အမြဲရှိနေပါစေ ” တဲ့။ ဒါလည်းလိုတာပေါ့ဗျာ။ ပစ္စည်းတွေရှိပြီး မလှူချင်ဘူးဆို ဘယ်လိုလုပ်မလဲနော်။ ဒီတော့ သိကြားမင်းကြီးက သဘောအကျကြီးကျတာပေါ့လေ။ သီလနဲ့ပြည့်စုံတဲ့ ရသေ့ကြီးပဲ … ကဲ … နောက်တစ်ဆုလောက် တောင်းပါဦးလေ လို့ပြောတယ်တဲ့။ ဒီတစ်ခါတော့ ရသေ့က နည်းနည်းစိတ်မရှည်ချင်တော့ဘူး ထင်ပါရဲ့။ သိကြားမင်းကို …“ သိကြားမင်း တောင်းစရာဆုလည်း မကျန်တော့ပါဘူး။ နောက်ဆုံးတစ်ဆုတော့ တောင်းလိုက်ပါ့မယ်။ နောက်နောင်ကို ဒီလို ပြိုးပြက်တဲ့အဝတ်တန်ဆာတွေနဲ့ တင့်တယ်ခန့်ညားတဲ့ သိကြားမင်းလို ပုဂ္ဂိုလ်မျိုး နောက်ထပ်မတွေ့ရပါလို၏ ” လို့တောင်းလိုက်ပါတယ်တဲ့။ သိကြားမင်းလည်း လန့်ပြီးပြန်ပြေးသွားတာ ခုနကတောင်းထားတဲ့ ဆုတောင်းလေးတွေကိုတောင် ပြည့်ပါစေလို့ ဆုပေးမသွားဘူးလို့ ဇာတ်တော်မှာ ပါပါတယ်လို့ ဆရာတော်က ဟာသနှောပြီး ဟောတော်မူပါတယ်။ ကဲ … ကျွန်တော်တို့ရော … သိကြားမင်းနဲ့ဆုံခဲ့ရင် ဘာဆုများတောင်းကြမလဲလို့ …

1 comment:

Anonymous said...

အခုတော့ တောင်းချင်တဲ့ဆုကတော့ မီးမှန်မှန်လာပါ ကုန်ဈေးနှုန်းကျပါ ညီလာခံမြန်မြန်ပြီးပါ..ဒါလောက်ပါဘဲ ကွိကွိ