ဆုတောင်းများ
စာမရေးဖြစ်လောက်အောင် အလုပ်ရှုပ်မယ်ထင်လို့ မနေ့ကပဲ စာရေးဖြစ်ဦးမှာမဟုတ်ဘူးလို့ တင်ထားသေးတယ်။ ခဏအားပြီး မီးလာနေတာနဲ့ ရေးထားလိုက်တာပါ။ခပ်ကြဲကြဲတော့ ရေးဖြစ်မှာပါ။
စာမရေးဖြစ်လောက်အောင် အလုပ်ရှုပ်မယ်ထင်လို့ မနေ့ကပဲ စာရေးဖြစ်ဦးမှာမဟုတ်ဘူးလို့ တင်ထားသေးတယ်။ ခဏအားပြီး မီးလာနေတာနဲ့ ရေးထားလိုက်တာပါ။ခပ်ကြဲကြဲတော့ ရေးဖြစ်မှာပါ။
Posted by Mr.Pooh @ မောင်ပွတ် at 4:05 PM 1 comments
Labels: ဖတ်ရအောင်
အိုအေစစ်ကို လမ်းကြုံ၍ဖြစ်ဖြစ်၊ တကူးတကဖြစ်ဖြစ် လာရောက်လည်ပတ်ကြကုန်သော Blog Reader များခင်ဗျား - ကျွန်တော် Mr.Pooh (မ ၉၉ ခေါ်သလို မောင်ပွတ် ဆိုလည်းရပါတယ်ဗျာ) ဟာ ရုံးအလုပ်များ၊ Computer ရှေ့တွင်လုပ်မရသော ကိုယ်ရေးကိုယ်တာများ၊ မီးအလွန်ပျက်ခြင်းများကြောင့် Post အသစ်တင်ခြင်းမှ အတော်အတန်ကင်းဝေးနေခဲ့ပြီး နောက်ထပ်လည်း ရက်အတန်ကြာ ကင်းဝေးနေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့် စာတိုပေစများကို ဖတ်ရှုလိုပါက ခတ္တမျှ သည်းခံစောင့်ဆိုင်းပေးကြပါရန် တောင်းပန်လိုက်ရပါတယ်။ ပြန်ရေးဖြစ်တာနဲ့ တကယ့်စာကောင်းစာခန့်များ၊ သေလုမျောပါးရယ်ရသော ဟာသများ၊ ဘာပြောချင်မှန်းမသိသော ဆောင်းပါးများ၊ ထောင်စော်နံသော စကားများ၊ အရိုက်ခံရနိုင်သော ဝေဖန်မှုများ၊ ကာရံနရီမပါသော ကဗျာများဖြင့် အရင်လို ဆက်လက်ဒုက္ခပေးသွားမှာ ဖြစ်ကြောင်းပါခင်ဗျား....
Posted by Mr.Pooh @ မောင်ပွတ် at 9:46 AM 6 comments
Labels: သတင်းများ
၇ ရက်သားသမီးတွေ ပို့လိုက်တဲ့ လျှပ်ပို့စာတွေ ( Email ကိုဘာသာပြန်တယ်လို့ ကိုစိုးဇေယျ ပြောတာပဲ ) နဲ့ လေးစားရတဲ့ မနိုင်းနိုင်းတို့က ကျွန်တော့်ကို ဝိုင်း Tag လိုက်ကြပါတယ်။ ကိုညီညီပြောသလိုပဲ ပြဿနာရဲ့အစကတော့ ကိုတက်စလာပဲပေါ့။ သူစတာ ဒီဇာတ်လမ်းက။ ထားပါတော့။ ပြီးမှ ရောမမြို့သားတွေလို ကျိန်စာတိုက်မယ်။ အခုတော့ အောက်ပါ (၁၀) ချက် အသေမှတ်ပါ။
(၁) ရေသောက်တိုင်း လူရှေ့သူရှေ့မရှောင် တင်ပါးကို ကုတ်တတ်သည်။ ကြိုးစားဖျောက်သော်လည်း မအောင်မြင်သေးပါ။ ယားနာမရှိကြောင်း အိမ်တိုင်ရာရောက်စစ်ဆေးနိုင်ပါသည်။ (Token ယူရမည်) နိုင်ငံရပ်ခြားမှ စစ်ဆေးလိုလျှင် Web Cam ပို့ပေးပါ။ ကြည့်ရဲဖို့သာလိုပါသည်။
(၂) နှစ်လုံးထီ၊ ချဲ၊ ဂျင် မှအပ နှစ်သက်ရာ လောင်းကစားကို ကျား၊မ မရွေးယှဉ်ပြိုင်နိုင်ပါသည်။ ဖဲဆိုလျှင်တော့ မျက်ရည်ခိုင်သူများနှင့်သာ ရိုက်လိုပါသည်။ ရှမ်းကိုးမှီး နှင့် ရှိုးတွင် လက်ရဲဇာတ်ရဲနိုင်ပြီး အလျော်အစားပက်စက်ပါသည်။ ( GTI လက်ရွေးစင်ဖဲသမားဖြစ်ကြောင်း ကျောင်းအုပ်ကြီး ထောက်ခံချက်ရရှိပြီး)
(၃) ပါဏာတိပါတာ မပါလျှင် ဟာတာတိဟာတာဖြစ်ရပါသည်။ သတ်သတ်လွတ်စားရမည့်အစား အသီးအရွက်လွတ်ကို ရာသက်ပန်စားနိုင်ပါသည်။ (လောင်းမလား) မစားသောအသား နည်းနည်းတော့ရှိသည်။ သစ်သားနှင့် စစ်သား။ ရွံလို့ဗျာ။
(၄) အင်ဂျင်ဝိုင်ဝယ်လျှင် လက်ဆောင်ပါသော အင်္ကျီအစုတ်လေးများကို ရွှေကဲ့သို့ မြတ်နိုးပါသည်။ ရုံးချိန်ပြင်ပတွင် ကျွန်တော်အနှစ်သက်ဆုံး ဝတ်စုံမှာ အဆိုပါ T Shirt လေးများ (စုတ်လေကြိုက်လေ) နှင့် ဂွပြဲကိုပြန်ချုပ်ထားသော ဘောင်းဘီတိုများ ဖြစ်ပါသည်။
(၅) ကျွန်တော်သည် အင်္ဂလိပ်လို မကျွမ်းကျင်ပါ။ တော်တော်ညံ့ပါသည်။ သို့သော် ... အရက် ၅ ပက် သောက်ပြီးလျှင်သော်လည်းကောင်း၊ ဘီယာ ၆ ခွက် သောက်ပြီးလျှင်သော်လည်းကောင်း အင်္ဂလိပ်လိုစပြောပါသည်။ ပိုသောက်လေ ပိုကျွမ်းကျင်လာလေဖြစ်သည်။ ရေချိန်ကိုက်သွားသော် ဗမာလိုမပြောတတ်တော့ပေ။ နည်းနည်းတော့ထူးဆန်းသည်။ ဝိုင်းသိမ်းလျှင် ကျွန်တော် ဘာမှ မပြောတတ်တော့။ ကျွန်တော့်ကို ထမ်းပိုးခေါ်သော ကျေးဇူးရှင်သည် ကံကောင်းလျှင် ရှူရှူးရေမွှေး လက်ဆောင်ရတတ်သည်။ ခေါ်လိုလျှင် တန်းစီပါ။ အော်... ကြုံတုန်းပြောပြဦးမယ်။ ကျွန်တော်တို့ ဘီယာသောက်လို့ ခွက်တိုက်ဆုတောင်းစာလေး ... “ ဆော်ကြည်၊ အကြွေးကျေ၊ တော်တော်နဲ့မသေ၊ အလုပ်မလုပ်ဘဲ ချမ်းသာပါစေ ” ... လူကြီးမင်းတို့လည်း ခွက်မြှောက်လိုက်ကြပါစို့လားဗျာ။
(၆) ထူးခြားချက်ဟုတ် မဟုတ်တော့မသိပါ။ ပြောချင်လို့ပြောပါတယ်။ ကျွန်တော်အမုန်းဆုံး၊ ကြည့်မရဆုံး ဘောလုံးအသင်းတွေကို ပြောပြပါမယ်။ (၁)ထိုင်းလက်ရွေးစင် (၂) မန်ချက်စတာယူနိုက်တက် (၃) ဘရာဇီးလက်ရွေးစင် (၄) ကာကွယ်ရေး(ဗမာပြည်မှ) (၅)ဂျပန်လက်ရွေးစင်။ နံပတ်စဉ်လိုက် အမုန်းဒီဂရီမြင့်ခြင်းမဟုတ်ဘဲ အားလုံးကို သာတူညီမျှ တစိတ်တဝမ်းတည်း အူလှိုက်သည်းလှိုက် နှစ်နှစ်ကာကာ မုန်းတီးစက်ဆုတ် ရွံရှာ အမြင်ကပ်ပါကြောင်း။
(၇) ကျွန်တော်ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်လေးကိုများ သိချင်ကြဦးမလား။ ဟုတ်ကဲ့ ပြောပါ့မယ်။ ကျွန်တော် သန်သန်စွမ်းစွမ်း သွားလာနိုင်နေတုန်းမှာ အစစအရာရာပြည့်စုံတဲ့ လူငယ်ရိပ်သာ တစ်ခုကို ရှာတွေ့ပြီး အဲဒီမှာနေခွင့်ရချင်ပါတယ်။ လူငယ်ရိပ်သာဆိုတာ ဘိုးဘွားရိပ်သာ မရောက်ခင် အခမဲ့ပြုစုထားမယ့် ဂေဟာလေးပေါ့ဗျာ။ လူငယ်တွေအတွက် ဘိုးဘွားရိပ်သာလိုမျိုးပေါ့ဗျာ။ ဘိုးဘွားတွေကို ခေါင်းလျှော်ပေး၊ လက်သည်းညှပ်ပေး၊ ထမင်းခူးကျွေး၊ ဆေးတိုက်လုပ်ပေးသလို ... ကျွန်တော်နေချင်တဲ့ လူငယ်ရိပ်သာမှာလည်း ကျွန်တော်တို့ကို ခေါင်းလာလျှော်ပေးကြ၊ နှိပ်ပေးကြ၊ ကာရာအိုကေသွားဆိုလိုက်ကြ၊ ဘောလုံးပွဲလောင်းလိုက်ကြ၊ အချိန်မှန် အရက်တိုက်ပေးကြနဲ့ပေါ့လေ။ အဲဒီဂေဟာတစ်ခု ရှာတွေ့ဖို့နဲ့ နေခွင့်ရဖို့က Mr.Pooh ရဲ့ ရည်ရွယ်ချက်ပါ။ တွေ့ရင် အကြောင်းကြားရမလား။
(၈) ကျွန်တော့်မှာ ကျွန်တော့်ကို အလွန်အလိုလိုက်ပြီး အလွန်ချစ်ဖို့ကောင်းသော ခြူသစ် (ချစ်သူ) ရှိပါသည်။ တခါတလေ အပျင်းပြေရန်ဖြစ်လိုသော်လည်း သူကအေးလွန်းသဖြင့် ယနေ့အထိ ရန်မဖြစ်ဘူးသေးပါ။ နည်းလမ်းများ ညွှန်ပြကြပါ။ (ကိုဘလာဂေါက် ... ခင်ဗျား ကိုပဲ အားကိုးရမယ်ထင်တယ်)
(၉) ပုဇွန်တုန်ယန်းဟင်းချိုနှင့် ဘဲကင်စားနေခြင်းကို သက်မွန်မြင့်သည်လည်းကောင်း၊ သိကြားမင်းသည်လည်းကောင်း၊ Shall We Believe Post မှ Comment ရေးသူများသည်လည်းကောင်း၊ လေးဖြူမှအပ ကျန် IC အဆိုတော်များသည်လည်းကောင်း၊ မင်းလူဧ။် ကဗျာများသည်လည်းကောင်း၊ မီးပျက်ခြင်းသည်လည်းကောင်း၊ အီအီးပါချင်ခြင်းသည်လည်းကောင်း ကျွန်ုပ်ကို မဟန့်တားနိုင်ချေ။
(၁၀)နောက်ဆုံးတစ်ခုကတော့ ကျွန်တော်အီမ်မှာ မုန့်ဖိုးပြတ်ရင် ရွတ်တဲ့ဂါထာလေး ရေးပေးထားလိုက်တယ်။ ဘယ်သူ့မှ မပြောပါဘူး။ လူစုံလို့ ရှင်းပြလိုက်တာ။ သေချာ Print ထုတ်ထားပါ။
“ မာတံ အာရကေယံ မေ အဟောသိ နတ္ထိ ”
တိုတိုလေးပါ။ အလွတ်ရရင်ပိုကောင်းတာပေါ့။ ဘုရားဟောတော့ မဟုတ်ဘူးနော်။ ကဲ... အနက်လေးဖွင့်ပေးလိုက်ပါ့မယ်။
မာတံ = ချစ်လှစွာသော မိဘတို့ခင်ဗျား
အာရကေယံ = အာရကေလို့ ပွဲစားတွေခေါ်တဲ့ ပိုက်ဆံဆိုတဲ့အရာကို
မေ = သင်တို့ဧ။် ရင်ဝယ်ဖြစ်ငြား သားများ၊ သမီးများသည်
အဟောသိ = မသိတော့ပါ
နတ္ထိ = မရှိတော့ပါ။
ကဲ ... မစွမ်းရင် ကြိုက်သလို ဖက်နမ်းဗျာ။
ချစ်လို့၊ မုန်းလို့ Tag ထားသူများ ... ကျွန်တော်တော့ စိတ်ပါလက်ပါ အထုပ်ဖြည်ပြီးပါပြီ။ ကျေနပ်ကြပါ။ နောက်တစ်ခါ ထပ် Tag ရင် ရေးစရာ မရှိတော့လို့ လာTag သူများ ... အလှူသွားတိုင်း ဖိနပ်အခိုးခံရပါစေသား... Post အသစ်ရေးပြီးခါနီးမှ Shut Down ကျပါစေသား... အရက်သောက်တိုင်း မမူးပါစေနဲ့ဗျာ ...
Posted by Mr.Pooh @ မောင်ပွတ် at 9:15 PM 10 comments
Labels: အပျင်းပြေ
ကဲ … ကျွန်တော်တို့ P.S လေးတွေ ဆက်လိုက်ရအောင်။ တစ်ခုလောက်တော့ ဝန်ခံထားပါဦးမယ်။ အခု မြန်မာလိုရေးထားတာတွေဟာ ကျွန်တော်ဘာသာပြန်တာ မဟုတ်ဘဲ လုံးဝကွက်တိ ကူးယူဖေါ်ပြပေးထားတာ ဖြစ်ပါတယ်။ မူရင်းစာအုပ်မှာတော့ ဘာသာပြန်ရေးသားသူအဖြစ် Shanti လို့ ရေးထိုးထားပါတယ်။
(၆)P.S
Margraet နဲ့ မေမေ See Food သွားစားကြတယ်လေ။ မေမေတို့ အစာတွေလျှောက်ကြည့်ပြီး တဝစားပစ်လိုက်ကြတယ်။
မင်းကိုချစ်တဲ့ … မေမေ
(၇)P.S
ထိုင်ပြီး ဆန္ဒပြုနေရုံနဲ့တော့ ဘယ်သူ့ကိုမှ ကြီးမြင့်စေမှာမဟုတ်ဘူး။ ဘုရားသခင်က ငါးတွေကို ဖန်ဆင်းပေးထားပြီးသား။ ဒါပေမယ့် သားက ငါးစာတီကိုတော့ တူးရမှာပေါ့။
မင်းကိုချစ်တဲ့ … မေမေ
(၈)P.S
သားအမြဲတမ်း မှန်ကန်ချင်သလား။ ဒါမှမဟုတ် အမြဲတမ်း ပျော်ရွှင်ချင်သလား။
မင်းကိုချစ်တဲ့ … မေမေ
(၉)P.S
သားရဲ့ထုတ်ဝေသူတွေနဲ့ ချုပ်တဲ့စာချုပ်ကို သတိထားပြီး သေသေချာချာ ဖတ်နော်။ စာလုံးကြီးနဲ့နှိပ်ထားတာတွေက သူတို့ပေးမှာတွေ၊ စာလုံးသေးသေးနဲ့နှိပ်ထားတာတွေက သူတို့ကယူသွားမှာတွေဆိုတာ သတိရနေပါ။
မင်းကိုချစ်တဲ့ … မေမေ
(၁၀)P.S
Julie ရဲ့ အသက် ၄၀ ပြည့်မွေးနေ့မှာ တစ်ယောက်ကဒီစာတန်းလေးရေးထားတဲ့ ကဒ်အကြီးကြီးတစ်ခုပေးခဲ့လေရဲ့။
“ တောင်ကုန်း (အခက်အခဲ) လည်းကျော်ပြီးရော အရှိန်လည်း ပိုရလာတာပေါ့ ”
သားဖေဖေနဲ့ မေမေတို့လည်း တကယ့်ကို မှန်မှန်ကြီးရွေ့နေတာပဲနော် …
မင်းကိုချစ်တဲ့ … မေမေ
(၁၁)P.S
ကံတရားက တံခါးမကြီးကိုပိတ်ထားရင် ပြတင်းပေါက်က ကျော်ဝင်ပေါ့ကွယ်။
မင်းကိုချစ်တဲ့ … မေမေ
(၁၂)P.S
သားရဲ့ဝန်ထမ်းတွေကို ဝေဖန်တော့မယ်ဆိုရင် ဒီအချက်လေးကို စဉ်းစားစေချင်တယ်။ ပထမဆုံး ချီးမွမ်းစကားနဲ့ သူ့ကိုနှစ်သက်ကြောင်းပြောပါ။ ဆံသသမားတောင်မှ သင်တုန်းဓါးနဲ့မရိတ်ခင် ဆပ်ပြာမြှပ်လေးတော့ သုတ်ပေးသေးတာ သတိရလိုက်ပါ။
မင်းကိုချစ်တဲ့ … မေမေ
ဆက်လက်ဖေါ်ပြပေးပါဦးမည်။
Posted by Mr.Pooh @ မောင်ပွတ် at 12:41 PM 5 comments
Labels: ဖတ်ရအောင်
နှစ်ဆန်း ၂ ရက်နေ့က ရန်ကုန်မှာရောက်နေတဲ့ Blogger တွေ ဆုံဖြစ်ကြတယ်။ လက်လှမ်းမှီသလောက်ပေါ့။ နိုင်ငံခြားကရောက်လာတဲ့ သူတွေရော၊ ဒီကလူတွေပါလာကြပါတယ်။ ရည်ရွယ်ချက်ကတော့ Blog Post တွေကို စာအုပ်ထုတ်ဖို့ပါ။ အကျိုးအမြတ်ရလာခဲ့ရင် လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းကြမယ်ပေါ့လေ။ ကျွန်တော့်ကို ကိုဘလာဂေါက်နဲ့ မထိုက်တို့ စာပို့ပြီးခေါ်လို့ ရောက်သွားတာပါ။ ပြောရရင် သိတဲ့လူ တစ်ယောက်မှမပါပါဘူး။ စိတ်ဝင်စားလို့သာ သွားတွေ့တာ။ တကယ့်ကို Idea ကောင်းတဲ့ Blogger စစ်စစ်တွေကြားမှာ Mr.Pooh မျက်စိသူငယ် နားသူငယ်နဲ့ ထိုင်နေတာပေါ့လေ။ အဲဒီတွေ့ဆုံပွဲရဲ့ သဘောတူညီချက်အရ တက်ရောက်လာတဲ့အထဲက Blog တွေကို ဖတ်ပေးနိုင်တဲ့သူတွေက တစ်ယောက်ကို Blog ၄ - ၅ ခုစီလောက်ဖတ်ပေးရမယ် - ပြီးရင်ကောင်းတဲ့ Post ရွေးပေးရမှာပါ။ အဲဒီတော့ အခု ကျွန်တော့် Post ကို ဖတ်နေတဲ့ မိတ်ဆွေမှာ ကိုယ်ပိုင် Blog လည်းရှိမယ်၊ ပြီးတော့ မိတ်ဆွေရဲ့ Blog ဟာ ဒီစာရင်း ထဲမှာ မပါသေးရင် ကျွန်တော့်ကို ဆက်သွယ်ပေးပါ။ မိတ်ဆွေရဲ့ Master Piece လေးတွေ စာအုပ်ထုတ်ရင် မပါသွားမှာစိုးလို့ပါ။ အခုဆိုရင် စဖတ်နေကြပါပြီ။ ဒါကြောင့် မြန်မြန်လေးအကြောင်းကြားပေးကြပါလို့။ အသေးစိတ်သိချင်ရင် ကိုစိုးဇေယျ ဆီမှာသွားကြည့်ပေးပါ။
Posted by Mr.Pooh @ မောင်ပွတ် at 4:03 PM 3 comments
Labels: သတင်းများ
ကျွန်တော်တို့တွေ မိတ်ဆွေအပေါင်းအသင်းတွေဆီကို စာရေးတဲ့အခါ တခါတလေ အောက်ဆုံးမှာ P.S ဆိုပြီး စာကြွင်းလေးတွေ ရေးတတ်ကြပါတယ်။ မှာစရာရှိတာ ကျန်နေရင်ဖြစ်ဖြစ်၊ စချင်နောက်ချင်ရင်ဖြစ်ဖြစ်၊ “မောင့်ကိုချစ်တယ်နော်” လို့ ရေးချင်ရင်ဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော့်မှာ အဲဒီ P.S နဲ့ပတ်သတ်ပြီး စုထားတဲ့ စာအုပ်လေးတစ်အုပ်ရှိတယ်။ အမေက သားသမီးတွေဆီကို ရေးတဲ့ P.S လေးတွေပါ။ ရေးထားတာတော့အများကြီးပေါ့။ ကောင်းနိုးရာရာလေးတွေကို ပထမပိုင်းအနေနဲ့ တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့လည်း သားသမီးတွေပဲ မဟုတ်လားဗျာ ...
(၁) P.S
တကယ်လို့များ သူတို့ကားမောင်းစဉ်လေးမှာ ငေးကြည့်နေမယ့်သူ တစ်ယောက်မှမရှိဘူးဆိုရင် မာစီးဒီးကားကို ဘယ်နှစ်ယောက်ကများ ဝယ်စီးပါတော့မလဲ ?
မင်းကိုချစ်တဲ့ ... မေမေ
(၂) P.S
သိပ္ပံပညာမှာရော၊ ဖန်တီးမှုအနုပညာတွေမှာပါ ခမ်းနားကြီးကျယ်သော ပြီးမြောက်အောင်မြင်မှုတွေဟာ ပါဝင်သူ တစ်ဦးချင်းစီရဲ့ ပြုလုပ်ဆောင်ရွက်မှုတွေကြောင့်သာ ပြီးမြောက်ခဲ့တာပါ။ ဘယ်ပန်းခြံမှာမှ ကော်မတီအဖွဲ့အစည်းတစ်ခုခုကို ရည်ညွှန်းပြီး ထုလုပ်ထားတဲ့ ပန်းပုလက်ရာဆိုတာမျိုးမရှိပါဘူး။
မင်းကိုချစ်တဲ့ ... မေမေ
(၃) P.S
ထိုင်နေရင်းနဲ့ အောင်မြင်မှုရသွားခဲ့တဲ့ တစ်ခုတည်းသော သာဓကလေးကတော့ ကြက်မပဲရှိပါတယ်သား။
မင်းကိုချစ်တဲ့ ... မေမေ
(၄) P.S
သတင်းစာတစ်စောင်က Research လုပ်ဖူးတယ်။ ဘယ်သူတွေဟာ အပျော်ဆုံးလူတွေလဲ ဆိုတာကိုပေါ့။ နှစ်သက်စရာ အဖြေလေးခုရခဲ့တယ်လေ။
- တစ်ခုခုကို သေချာကောင်းအောင်လုပ်ပြီးတော့ လေလေးချွန်နေတတ်တဲ့ လက်မှုပညာရှင် ဒါမှမဟုတ် အနုပညာရှင်တစ်ယောက်။
- သဲရဲတိုက်လေးတည်နေတဲ့ ကလေးငယ်တစ်ယောက်
- ကိုယ့်ရင်သွေးငယ်ကို ရေချိုးပေးနေတဲ့ မိခင်တစ်ယောက်
- ခက်ခဲတဲ့ ခွဲစိတ်မှုတစ်ခုပြုလုပ်ပြီး အသက်တစ်ချောင်းကို ကယ်လိုက်တဲ့ ဆရာဝန်တစ်ယောက်
သားသတိပြုမိမှာကတော့ ငွေ၊အာဏာနဲ့ ပိုင်ဆိုင်မှုတို့ဟာ ဒီအဖြေတွေထဲမှာ တစိုးတစိမှ တွေ့မှာမဟုတ်ဘူး ဆိုတာကိုပါ။
မင်းကိုချစ်တဲ့ ... မေမေ
(၅) P.S
St.Louis ကိုသွားတဲ့လမ်းမှာ မေမေအကြိုက်ဆုံး ဘန်ဘာစတစ်ကာစာတမ်းလေးကတော့
“ သင်ဟာတကယ်လို့ မှားယွင်းတဲ့လမ်းကြောင်းကို ဦးတည်မိပြီဆိုရင် ဘုရားသခင်က ဂငယ်ကွေ့ပြန်ကွေ့ဖို့ ခွင့်ပြုပါတယ်” တဲ့။
မင်းကိုချစ်တဲ့ ... မေမေ
မကြာခင်မှာ အပိုင်း ၂ - ၃ တို့ကို ရေးပေးပါဦးမယ်။
Posted by Mr.Pooh @ မောင်ပွတ် at 3:11 PM 2 comments
Labels: ဖတ်ရအောင်
သင်္ကြန်ဆိုတဲ့ ပွဲတော်ကြီးကတော့ ပြီးသွားပြန်ပါပြီ။ သင်္ကြန်တွင်းတုန်းက Post အသစ်တင်ဖို့ရေးထားပေမယ့် မတင်ဖြစ်လိုက်ဘူး။ ပြည်ပရောက် ကျွန်တော့်သူငယ်ချင်းများအတွက် ရန်ကုန်သင်္ကြန်ရဲ့ Overview လေးရေးပေးလိုက်ပါတယ်။ အကြောင်းကြောင်းကြောင့် ဓါတ်ပုံတွေတော့ တင်မပေးနိုင်လိုက်ဘူးဗျာ။
၁၂ ရက်နေ့က ဈေးသင်္ကြန်ရောက်တယ်။ သွားတာကတော့ York လမ်းက ဓါတ်ပုံဆိုင်ကိုပါ။ လမ်းကြုံတာနဲ့ ဝင်သွားလိုက်တာ။ ဒီနှစ်နဲ့ပါဆိုရင် ဈေးသင်္ကြန်မစည်တာ ၂ နှစ်ရှိပြီလို့ဆိုရမယ်။ အရင်လို သီချင်းတွေဖွင့်ပြီး Shopping လာတဲ့ကောင်မလေးတွေကို ရေပက်တာထက် အရက်မူးပြီး ရန်ရှာဖို့ပဲ အာရုံစိုက်နေသလိုပါပဲ။ စိတ်ပျက်စရာတောင် ကောင်းလာတယ်။ ဒီနှစ်ပိုင်းတွေမှာ အားကောင်းလာတဲ့ Hip Hop ပုံစံ အဝတ်အစားဝတ်တာ အတော်နည်းနည်းပဲတွေ့ရပြီး Alter, Punk, Rock နဲ့ Country ပုံစံတွေကိုပဲ စွဲစွဲမြဲမြဲဝတ်လာကြတာ သတိထားမိသေးတယ်။ မိန်းကလေးတွေကတော့ ထုံးစံအတိုင်း အပြိုင်အဆိုင် တိုလာကြတယ်ထင်ပါရဲ့။ ဆံပင်တွေကတော့ မနှစ်ကလို ကျစ်ဆံမြီးသေးသေးလေးတွေအစား Hightlight ဖောက်ထားတဲ့ ဆံပင်အဖြောင့်၊အကောက်တွေပဲ အထားများနေကြတယ်။ ဘာပဲပြောပြော တံတားဟောင်းကြီးနားက Country House ဆိုင်နားမှာတော့ ရိုးရာမပျက် ရန်ပွဲများလည်း ခြိမ့်ခြိမ့်သဲသဲ ဖြစ်ပွါးခဲ့ပါသေးတယ်။
အကြိုနေ့ကတော့ အိမ်မှာ တချိန်လုံးဖဲရိုက်နေလို့ အပြင်မရောက်လိုက်ဘူး။ ညနေပိုင်းလည်း ဘီယာစတုဒီသာဆိုလို့ သူငယ်ချင်းအိမ်မှာ သွားအားပေးရသေးတယ်ဗျာ။ မကြိုက်ပေမယ့် အားနာနာနဲ့ ကုန်အောင်တော့ သောက်ပေးလိုက်ရတယ်။ :P အကျနေ့ညနေတော့ အင်းလျားဘက်ခဏရောက်တယ်။ လိုတာထက်ပိုစည်နေတဲ့ အင်းလျားကတော့ ရန်ကုန်ရဲ့အသည်းနှလုံးလိုပါပဲ။ ပြည်လမ်းမှာလည်း ထူးမဏ္ဍပ်ကပိတ်နေတော့ အဲဒီနားက တိုးလို့ကိုမရတော့ဘူးလေ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စည်းကားလွန်းတဲ့ ဆရာစံလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ် နဲ့ အင်းလျားမြိုင်ကြားထဲတွေမှာတော့ သရဲခြောက်မှာတောင်စိုးရတယ်ဗျာ။ ဘာကြောင့်လဲတော့မသိ။ လမ်းဟောင်းမှာတောင် မဏ္ဍပ်တွေ ခပ်ကြဲကြဲရယ်။ အရင် Scopion ကလူတွေ ကြီးစိုးခဲ့တဲ့ Fuji ရှေ့က မဏ္ဍပ်တွေမှာလဲ ခြောက်ကပ်လှပါတယ်။
အကြတ်နေ့မှာတော့ ကျွန်တော်အကျပ်ခံလိုက်ရတယ်ဗျာ။ ဖဲရိုက်တာ ရှိတာကုန်တဲ့အပြင် အကြွေးပါတင်ခဲ့တယ်။ အပြင်နဲ့တူဆိုလို့ ခြံစည်းရိုးအစပ်တောင် မရောက်လိုက်ဘူး။ အတက်နေ့ကတော့ တစ်နေကုန်အပြင်မှာ လျှောက်သွားတယ်။ အင်းလျားက အလကားရတဲ့ သူငယ်ချင်းမဏ္ဍပ်တွေပေါ် ခဏတက်လိုက်၊ ပြန်ဆင်းလိုက်၊ နောက်တစ်ခုတက်လိုက်နဲ့လေ။ ညနေပိုင်းတော့ စောစောထွက်လာပြီး ထူးထူးခြားခြားစည်ကားနေတဲ့ ဦးချစ်မောင်လမ်း ဘက်သွားတယ်။ အင်းလျားမှာက အုတ်ခဲမိုး၊ တုတ်မိုး၊ Chain မိုး တွေက စရွာနေပြီဗျ။ ဆက်နေရင် မလည်ရဘဲ ၅-၆ ရောက်သွားမှာစိုးလို့။ မိုးလည်းချုပ်ရော - Mr.Pooh လည်းမှောက်ရော။ :P
ဒီနှစ်တော့ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ မိုးနည်းနည်းရွာပြီး နေကတော့ လေးရက်လုံးမပူဘူး။ တော်တော်မိုက်တယ်။ ဒါတောင် အသားတွေမဲကုန်ကြတာပါပဲ။ ပိတောက်တွေကတော့ ဒီနေ့မှ လှိုင်လှိုင်ပွင့်တယ်။ သစ္စာအရှိလွန်သွားတယ် ထင်ပါရဲ့။ သင်္ကြန်ပြီးတာနဲ့ ရန်ကုန်ကတော့ ခြောက်ကပ်ညစ်ပတ်ပြီး ကျန်ခဲ့ပြန်ပြီပေါ့လေ။ သင်္ခါရပေါ့နော့်။
ဒီနေ့မနက် ရွှေတိဂုံဘုရားရောက်သေးတယ်။ မနက် ၅ နာရီလောက်တောင် ကားရပ်လို့မရတော့ဘူး။ ကောင်လေးတွေ၊ ကောင်မလေးတွေလည်း တွေ့တယ်။ မျက်နှာလေးတွေကတော့ မဲလို့လေ။ ဘာပဲပြောပြော လာဖြစ်တာကပဲ ကုသိုလ်ပေါ့။
Posted by Mr.Pooh @ မောင်ပွတ် at 12:33 PM 7 comments
Labels: အပျင်းပြေ
ဒါလေးတွေကတော့ Mr.Pooh ရဲ့ သင်္ကြန်လက်ဆောင်ပါ။
“ မြူမှောင်ဝေကင်း ” သီချင်းကို ခုချိန်မှာ နားမထောင်ချင်တဲ့သူများ ရှိဦးမလား ?
ကျွန်တော်တို့ခေတ်ရောက်မှ ပေါ်လာတဲ့သင်္ကြန်သီချင်းတွေထဲမှာတော့ ဒါအကောင်းဆုံးထင်ပါတယ်။ မျိုးကျော့မြိုင်ရဲ့ အမှတ်တရသင်္ကြန်ကို နားဆင်ပါ။
Myanmar Cupid ကတင်ဆက်ထားတဲ့ ယနေ့သင်္ကြန်ပါ။
Posted by Mr.Pooh @ မောင်ပွတ် at 1:32 PM 2 comments
Labels: အပျင်းပြေ
အပေါင်းအသင်းတို့ရေ - စေတနာကြီးမားတဲ့ နိုင်ငံတော်အစိုးရကြောင့်ရတဲ့ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကြီးဟာ မနက်ဖြန်ဆိုစပါတော့မယ်။ ၁၀ ရက်တိတိပိတ်မယ်လို့ သတင်းစာထဲမှာပါတဲ့ကြေငြာချက်မှာ အစိုးရရုံးပိတ်ရက်လို့ရေးထားတဲ့အတွက် ကိုယ်ပိုင် Company တွေကပိတ်ရမလို၊ မပိတ်ရသလို ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဒီတပတ်ထုတ် 7 Days ဂျာနယ်မှာ အလုပ်သမားဝန်ကြီှးဌာနက အရာရှိတစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြပေးထားပါတယ်။ အဲဒီအရာရှိက “ အစိုးရကပိတ်ရက်အဖြစ်ကြေငြာခြင်းမှာ အများပြည်သူအလုပ်ပိတ်ရက် လို့ပါပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံ၊ ကိုယ်ပိုင် Company အားလုံးအကြုံးဝင်ပါတယ်။ နိုင်ငံအဝှမ်းအားလုံးအနားရတဲ့ ပိတ်ရက်ဖြစ်ပြီး ဒီရက်မှာအလုပ်ဆင်းခိုင်းရင် လုပ်အားခ ၂ ဆပေးရမှာပါ။ မရရင် တိုင်ကြားနိုင်ပါတယ် ” လို့ရှင်းပြပေးထားပါတယ်။ ကျွန်တော်လုပ်နေတဲ့ Company ကတော့ပိတ်ပြီးသား။ အပေါင်းအသင်းတို့ရော ... ပြည့်ပြည့်ဝဝအနားရကြရဲ့လားဗျာ ...
ဘေးအန္တာရာယ်ကင်းရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မဟာသင်္ကြန်ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းရင်း ငြိမ်းချမ်းပြည့်စုံတဲ့ နှစ်သစ်တစ်ခုကို ဖြတ်သန်းနိုင်စေကြောင်းထပ်ပေါင်းဆုတောင်းလိုက်ပါတယ်။
Posted by Mr.Pooh @ မောင်ပွတ် at 11:04 AM 1 comments
Labels: သတင်းများ
မနေ့က ကျွန်တော်နဲ့မေမေနဲ့ စကားများကြသေးတယ်။ ကျွန်တော်က နိုင်ငံတစ်ခုရဲ့ အစိုးရ (အဓိကကတော့ သမ္မတပေါ့လေ)က မကောင်းဘူးလို့၊ အဲဒါကြောင့် အဲဒီနိုင်ငံကလူတွေ ဆင်းရဲနေကြတယ်၊ ဒုက္ခရောက်နေကြတယ်လို့ နိုင်ငံတစ်ခုကိုဝေဖန်ပါတယ်။ အဲဒီတော့ မေမေက ကိုယ့်လက်ငါးချောင်းတောင်မညီတာ အမျိုးမျိုးဖြစ်နေတဲ့လူတွေကို အုပ်ချုပ်ရတာမလွယ်ကြောင်း၊ သူဆိုရင် မိသားစုလေးတစ်ခုကိုတောင် နိုင်နိုင်နင်းနင်းမအုပ်ချုပ်နိုင်သေးကြောင်း ပြန်ချေပပါတယ်။ စကားများတာက အဲဒီကစတာပေါ့ဗျာ။
ကျွန်တော်တို့ State ကျောင်းတွေနေတော့ စာသင်နှစ်တစ်နှစ်စရင် ဆရာမကခေါင်းဆောင်ပြီး အတန်းခေါင်းဆောင်ရွေးရပါတယ်။ ပထမဆုံး အသင်းလေးသင်းခေါင်းဆောင်တွေ ရွေးရတယ်။ ပြီးရင် သူတို့ထက်အဆင့်မြင့်တဲ့ အတန်းခေါင်းဆောင်ကို ထပ်ရွေးတယ်။ ကျောင်းသားတွေကိုလည်း ဘယ်သူက ကျန်စစ်သား၊ ဘယ်သူက အနော်ရထာဆိုပြီး အသင်းတွေထဲ ခွဲထည့်ရတယ်။ ဒါက လူ ၄၀ လောက်ရှိတဲ့ အတန်းတစ်တန်းရဲ့ ဖွဲ့စည်းပုံပေါ့ဗျာ။ ကျန်တာတွေထားပါတော့။ ကျွန်တော်ပြောချင်တာက အတန်းခေါင်းဆောင် အကြောင်းပါ။ သူများတွေထက် ထူးပြီးရွေးချယ်ခံထားရတဲ့အတွက် သူများထက်ပိုပြီး အလုပ်လုပ်ပေးရပါတယ်။ စာလည်းပိုကြိုးစားရတယ်။ သဘောကတော့ စံပြကျောင်းသားပေါ့ဗျာ။ အတန်းခေါင်းဆောင်ဟာ အတန်းထဲမှာ ဆရာ မရှိရင်လည်း နာမည်မှတ်တာတို့၊ သင်ခန်းစာ အသစ်တွေခေါ်ပေးတာတို့လုပ်ရပါတယ်။ အတန်းထိန်းတာပေါ့လေ။ ဒါတွေကို နိုင်နိုင်နင်းနင်းလုပ်နိုင်ဖို့ သူ့ကို အတန်းခေါင်းဆောင်ရာထူးနဲ့ အလေးစားခံရအောင် ခန့်ထားတာမဟုတ်လား။ ဒါတွေသူမလုပ်နိုင်တဲ့နေ့၊ လုပ်တာတွေမအောင်မြင်တဲ့နေ့၊ ကြောင်သူတော်ကြွက်သူခိုးလို့ ထင်လာတဲ့နေ့တော့ ဒီကောင်ပြုတ်ပြီပဲ။ ဆိုပါစို့ဗျာ။ သူကျောင်းမတက်လို့ ရိုးရိုးကျောင်းသားက ဝင်ပြီးအတန်းထိန်းတယ်၊ အဆင်မပြေဘူး၊ အတန်းက ဆူညံနေတယ်ဆိုပါစို့။ အဲဒီကျောင်းသားကို ဘယ်သူမှအပြစ်မပြောဘူးဗျ။ သူ့မှာ ဒီလို အရည်အချင်းတွေမရှိလို့ အစောကြီးကတည်းက ခေါင်းဆောင်မဖြစ်တာပေါ့။ သူ့နေရာမှာ တကယ့်အတန်းခေါင်းဆောင်ဆိုလို့ကတော့ ရုံးခန်းကိုမြန်းရမှာ သေချာတယ်။ ကျွန်တော်က Augustine လို့လူသိများတဲ့ ကမာရွတ် ၂ ကထွက်တာပါ။ ကျွန်တော်တို့ကျောင်းမှာတော့ ဒီလိုစနစ်မျိုးရှိတယ်။ အရည်အချင်းရှိပြီး အောင်မြင်အောင် ခေါင်းဆောင်နိုင်လို့ကတော့ လူကြားထဲ အချီးကျူးခံရပြီပဲ။ အဲ … ရမလားလို့စောင့်ကြည့်နေတာ မရလို့ကတော့ အသစ်တစ်ယောက်တင်မြှောက်ဖို့က ဘယ်ကျောင်းအုပ်မှ ဝန်မလေးဘူး။ ဒါက ကျောင်းတစ်ကျောင်းက အခန်းတစ်ခန်းအကြောင်းပါ။ နိုင်ငံကြီးတစ်နိုင်ငံ ဆိုရင်တော့ဗျာ … ဒီထက်တာဝန်တွေ အများကြီးပိုလာပြီပေါ့။
လက်ငါးချောင်းညီတာ၊ မညီတာထက် လုပ်နိုင်မယ်လို့ ယုံကြည်လို့ လုပ်နေတယ်၊ မအောင်မြင်ရင် တကယ်လုပ်နိုင်မယ့် နောက်တစ်ယောက်ကို ရှာသင့်ပြီဗျာ။ ကျွန်တော်ပြောတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာက ဧရိယာအားဖြင့်တော့ တော်တော်ကြီးတဲ့ နိုင်ငံတစ်ခုပါ။ လူဦးရေလည်း များတယ်ဆိုပါတော့။ ဒါတွေကြောင့် အုပ်ချုပ်ရေးယန္တာရားကြီး ကောင်းကောင်းမလည်ပတ်နိုင်တာဆိုရင်တော့ မဟုတ်သေးဘူးဗျ။ တိုင်းပြည်ကို တာဝန်ယူပြီး အဆင့်မှီလာအောင် လုပ်နိုင်တဲ့ Quality ရှိကြရဲ့လားဆိုတာကိုပဲ စဉ်းစားပေးရမယ်လို့ထင်ပါတယ်။ အဲဒီလိုပြောနေတတ်ရင် မင်းလာအုပ်ချုပ်ပါလားလို့တော့ မပြောနဲ့ဗျာ။ ကျွန်တော်က အဲဒီအရည်အချင်းတွေမရှိလို့ အတန်းခေါင်းဆောင်တောင် လုပ်ခဲ့ရတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်အတန်းခေါင်းဆောင်ဟာ အဆင့်ရှိတဲ့ ခေါင်းဆောင်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ကောင်းကောင်းအကဲဖြတ်တတ်ပါတယ်။ ဘောလုံးပွဲကြည့်သလိုပေါ့ဗျာ။ ကိုယ်တိုင်ကတော့ ပေ ၃၀ လောက်ရောက်အောင် မနည်းကန်ရပေမယ့် တခါတလေ လွဲချော်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကိုတော့ ကောင်းကောင်းဝေဖန်တတ်ကြတယ် မဟုတ်လား။ ဒီသဘောပါပဲ။ ဒီသဘောကို မေမေ့ကို တော်တော်လေးရှင်းပြပေးလိုက်ရတယ်။ ဘာရယ်တော့မဟုတ်ပေမယ့် အတန်းတစ်တန်း၊ ရပ်ကွက်တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံကို တာဝန်ယူသူတွေဟာ သူများထက် ထူးခြားပြောင်မြောက်စွာနဲ့ အများအကျိုးလုပ်နိုင်တဲ့သူတွေ ဖြစ်သင့်တယ်လို့ ရှင်းပြပေးလိုက်တာပါ။ ခေါင်းဆောင်ကြီးတစ်ယောက်ပြောဖူးတာလေးကိုလည်း သတိရမိတယ်။ နိုင်ငံသားတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အစိုးရကိုပဲရကြတယ်တဲ့။ ဒါဆိုရင် အဲဒီနိုင်ငံက ပြည်သူတွေမှာလည်း အနည်းနဲ့အများတော့ တာဝန်ရှိလို့ အခုလို အောက်ကျနေတာဖြစ်မယ်လို့လည်း စဉ်းစားမိပါတယ်။
Posted by Mr.Pooh @ မောင်ပွတ် at 11:16 AM 4 comments
Labels: သူများအကြောင်း
ကိုကျော်လင်းဆီမှာ ကိုယ်ပိုင် Keyboard လက်ကွက်လုပ်နည်းလေး တစ်ခုတွေ့တယ်။ Unicode အတွက် တော်တော်လေးအသုံးဝင်ပါတယ်။ ဒါလေးကို လေ့လာကြည့်ကြပါစို့။
ဒီစာကိုနှိပ်ပါ။
Posted by Mr.Pooh @ မောင်ပွတ် at 5:14 PM 0 comments
Labels: ကူညီပါရစေ
ဟာသအဟောင်းလေးတစ်ပုဒ်ပါ။ မဖတ်ရသေးရင်တော့အသစ်ပေါ့လေ။ Scan ဖတ်ပြီးသားလေးရလို့ အဆင်သင့် တင်ပေးလိုက်ပါတယ်။
Posted by Mr.Pooh @ မောင်ပွတ် at 12:23 PM 1 comments
Labels: အပျင်းပြေ
ဒီအချိန်ဆို ကျွန်တော်တို့ရဲ့ ရန်ကုန်ရွှေမြို့တော်မှာ သင်္ကြန်ရနံ့လေးတွေ စရလာပါပြီ။ မနေ့ကစလို့ အင်းလျားလမ်းမှာ မဏ္ဍပ်တွေ စတင်ဆောက်လုပ်ကြပြီ ဖြစ်ပါတယ်။ ပုံမှန်ဆောက်လုပ်နေကြ မဏ္ဍပ်တွေဖြစ်တဲ့ Banna Club, Extreme, D-Tanggu, YGN စတဲ့ မဏ္ဍပ်များကတော့ နေရာယူပြီးလို့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ခန့်ခန့်ညားညား ဆိုက်ထူထားကြပါပြီ။ မဏ္ဍပ်နေရာများကို လေလံဆွဲရလို့ မနှစ်ကထက် ပိုမိုဈေးကြီးလာကြောင်းကိုလည်း သူငယ်ချင်း Organizer တစ်ယောက်က ပြောပါတယ်။ သစ်ဈေးကအစ ကြီးမြင့်လာတဲ့အချိန်မှာ မဏ္ဍပ်ဆောက်လုပ်ရေးသမားတွေကလည်း အင်းလျားလမ်း လမ်းမပေါ်မှာပဲ ခုံလေးလုံးလောက်ချပြီး ရုံးခန်းလေးတွေ လာဖွင့်ထားကြပါတယ်။ သူ့သစ်နဲ့သူ မဏ္ဍပ်ဆောက်ပေးမယ်၊ ရေသွယ်ပေးမယ်၊ ပြီးရင် ဖျက်ပြီးပြန်ယူပေးမယ်... စတဲ့ စရိတ်ငြိမ်းဝန်ဆောင်မှုတွေပေးပါတယ်တဲ့။ လက်သမားရှာရခက်တဲ့ သူငယ်ချင်းတွေအတွက်တော့ တကယ်အဆင်ပြေပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အင်းလျားနဲ့အပြိုင် ခန့်ညားတဲ့မဏ္ဍပ်ကြီးတွေနဲ့ စည်ကားခဲ့တဲ့ ဆရာစံလမ်းကတော့ နည်းနည်းလေးတိတ်ဆိတ်နေပါသေးတယ်။ တက္ကသိုလ်ရိပ်သာလမ်းဟောင်းမှာလည်း မဏ္ဍပ်ကြီးတွေ စတင်ဆောက်လုပ်နေပါပြီ။ ပြည်လမ်းက Htoo Company မဏ္ဍပ်ကတော့ တော်တော်စောစော ကတည်းက စတင်ဆောက်လုပ်နေပြီ ဖြစ်ပြီး Emperor တီးဝိုင်းနဲ့ တွဲဘက်ဖျော်ဖြေမှာပါ။ Air Bagan, Myanmar Shopping Mall စတဲ့ Htoo Company လက်အောက်ခံ Company Branch ၉၀ က ဝန်ထမ်းတွေ ရေပက်ကစားဖို့ ရှိပါတယ်။ Iron Cross ကတော့ တိရစ္ဆာန်ရုံအနီးက ကန်တော်ကြီးပတ်လမ်းမှာ Myanmar Beer နဲ့ နေရာယူပါလိမ့်မယ်။ မြန်မာနံပတ် ၁ ဂီတာကျော် ဆရာ ချစ်စမ်းမောင်ကတော့ “ သူများတွေပျော်တာကိုကြည့်ပြီး ဂီတာတီးလာရတာ နှစ်ပေါင်းမနည်းတော့ပါဘူးဗျာ။ ရေလည်းမပက်ရဘူး။ ကိုယ့်ကိုပက်မှာလည်း ကြောက်နေရတယ်။ Electric တွေနဲ့ဆိုတော့ ရေစိုရင် ဓါတ်လိုက်မှာစိုးလို့ပါ ” လို့ ဂျာနယ်တစ်စောင်ကို ပြောပါတယ်။ IC က L လွန်းဝါလို Real IC မဟုတ်တဲ့ အဆိုတော်တွေကိုလည်း သီဆိုဖျော်ဖြေဖို့ ထည့်သွင်းကြေငြာထားပါတယ်။ နာမည်ရထားသူတွေက တစ်နေ့ ၂ ကြိမ် ဆိုရမှာဖြစ်ပြီး Newbie တွေကတော့ ၃ ကြိမ်အထိ ဖြစ်နိုင်ပါတယ်လို့ လည်းသိရပါတယ်။ (ဆက်လက်ရှာဖွေ ဖေါ်ပြပေးပါဦးမယ်)
Posted by Mr.Pooh @ မောင်ပွတ် at 1:54 PM 0 comments
Labels: အပျင်းပြေ
သန်းနဲ့ချီပြီးရှိနေတဲ့ Blog တွေထဲမှာ မြန်မာ Blog လေးတွေလည်း အနည်းဆုံးတော့ သောင်းဂဏန်းလောက် ရောက်နေလောက်ပါပြီ။ တချို့ Blog တွေကတော့ မြန်မာ Blogger တွေအကြားမှာ စံနမူနာယူစရာ၊ နေ့စဉ်ဖတ်စရာ Blog တွေအဖြစ် နေရာရနေကြပြီဖြစ်ပါတယ်။ တကယ်လည်း ပြောင်ပြောင်မြောက်မြောက် ရေးနိုင်ကြသလို သူများကိုလည်း ဖေးဖေးမမကူညီတတ်ကြပါတယ်။ ဒီ Post လေးမှာတော့ အဲဒီလို မြန်မာ Blogger တွေရဲ့ Banner မှာ၊ ဒါမှမဟုတ် Nick နဲ့ Profile တွေမှာရေးထားတဲ့ Slogan လေးတွေကို နာမည်နဲ့ ယှဉ်တွဲဖေါ်ပြပေးလိုက်ပါတယ်။ ကျွန်တော် Blog စရေးကတည်းက နမူနာယူရတဲ့
ကိုမောင်လှ Blog ကပဲ စလိုက်ရအောင်လား ...
မောင်လှ = အစွဲအလမ်းကြီးတဲ့ မန္တလေးသား
နိုင်းနိုင်းစနေ = ငါဟာ ဟိုး........အဝေးက ကြယ်ကြွေလေး တစ်ပွင့်ရဲ့ မျက်ရည်တစ်စက်ပါ.......
သံလွင်အိပ်မက် = သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကိုကြားလိမ့်မယ်
မေဓါဝီ = တွေးမိတွေးရာ ... ရေးမိရေးရာ
သန့်စင်အောင် = Avoidance of Double Taxation!
မျိုးကျော်ထွန်း = Memories of Random Thoughts
Phoxin = First to go, Last to know
ကလိုစေးထူး = ဟိုး ... ရှေ့မှာ ပန်းတိုင်ရှိတယ်၊ လာ ... သွားကြစို့
သီဟကျော်ဇော = My Prospect
Emotional Corner = ခံစားမိသမျှ
အရူးလွယ်အိတ် = လေနှင့်အတွင် လွင့်နေသော၊ စည်းများအပြင်ရောက်နေသော၊ အတောင်ပံ မရှိသည့်ငှက်တစ်ကောင် (သို့မဟုတ်) အရူးတစ်ယောက်
ပန်းပွင့်လေး = My Diary
ကျော်မင်းထွန်း = ငါ့ကိုအိမ်ပြန်ဖို့ တောင်ပံတစ်စုံပဲပေးပါ
မီးသော်ကြီး(ရေသည်မမ) = ရေသည်မမရဲ့ စိတ္တဇအတွေး
ဘိုးစိန် = အင်တာနက်ရပ်ဝန်း သတင်း အနုပညာ သိပ္ပံ အစုံအလင်
ညီလင်းဆက် = Myanmar Blog, Nothing But My Unforgettable Memorials
Opera = ဆုံဆည်းရာမှ ကြိုဆိုပါတယ်
အာလူး = Cool links, funny texts and jokes
ဖတ်ရတာရင်းနှီးအောင် Nick တွေအရှေ့မှာ (ကို)၊ (မ)၊ စသည်ဖြင့်တွေ မထည့်ပေးလိုက်ပါဘူး။ မလေးစားလို့ မဟုတ်ဘူးနော်။ :P
Posted by Mr.Pooh @ မောင်ပွတ် at 12:50 PM 2 comments
Labels: သူများအကြောင်း
ကျွန်တော်ဖြေထားတဲ့ ဝင်ခွင့်စာမေးပွဲတစ်ခု ပြီးခဲ့တဲ့ တနင်္လာနေ့က အောင်စာရင်းထွက်တယ်။ ထင်တဲ့အတိုင်းပါပဲ။ မအောင်ပါဘူး။ ညနေပိုင်းမှာ အစ်မတစ်ယောက်က ဒါလေးတွေသီးသန့်ရေးထားတဲ့ Email လေးပို့လာတယ်။ ကျွန်တော် ကြိုးစားပြီးတော့ ဘာသာပြန်ထားပါတယ်။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုဆီသွားတဲ့ လှေခါးထစ်လေးတွေမှန်း မသိခင်အထိတော့ ငါဟာ ရှုံးနိမ့်မှုတွေကို ထိတ်လန့်ခဲ့ပါတယ်။
ငြင်းဆိုပယ်ချခံရခြင်းတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတည်ဆောက်ရာမှာ အတော်လေးအသုံးဝင်ကြောင်း မသိခင်အထိတော့ ငါဟာ အပယ်ခံရမှာကို သိပ်ကြောက်ခဲ့ပါတယ်။
နာကျင်မှုတွေဟာ ကြီးထွားရင့်ကျက်မှုအတွက် လိုအပ်ကြောင်း မသိခင်အထိတော့ ငါဟာ နာရမှာကို စိုးရိမ်ခဲ့တာပေါ့။
လိမ်ညာကွယ်ဝှက်ခြင်းရဲ့ ဆိုးကျိုးတွေမမြင်ခင်အထိတော့ ငါဟာ အမှန်တရားကို ရင်မဆိုင်ရဲခဲ့ပါဘူး။
ဘဝဆိုတာ ကိုယ်ရဲ့ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်ဆိုတာ သတိမထားမိခင်တုန်းကတော့ ငါ့ဘဝဟာ ကြောက်စရာကောင်းတဲ့ နေ့ရက်တွေချည်းပါပဲ။
အမုန်းဆိုတာကလည်း လျစ်လျူရှုထားရကောင်းမှန်း မသိခင်အထိတော့ အမုန်းဆို ငါကသိပ်ကြောက်ခဲ့ပါတယ်။
လှောင်ပြောင်နှိမ့်ချမှုဆိုတာ ကိုယ့်ကိုကိုယ်ရယ်ရကောင်းမှန်းမသိခင်အထိတော့ ကြောက်စရာကောင်းခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း အသိပညာတွေ ရနေတယ်လို့ သတိမထားမိခင်ကတော့ အသက်တစ်ရက်ကြီးလာရမှာကို ကြောက်ခဲ့မိပါတယ်။
ကိုယ်တွေးနေမှသာ ကိုယ့်ကိုနာကျင်အောင် လုပ်နိုင်မှန်းမသိခင်ကတော့ အတိတ်ဆိုတာကလည်း ငါ့အတွက်တော့ ကြောက်စရာပါ။
အနာဂတ်ဆိုတာ အခုငါပိုင်ဆိုင်လာတဲ့ အချိန်ပိုင်းလေးတွေမှန်းမသိခင်ကတော့ အနာဂတ်ဆိုတာကြီး ရောက်လာမှာကို သိပ်ကြောက်ခဲ့ပါတယ်။
ဒါလေးတွေပါပဲ။ ကဲ ... ဘာကိုများကြောက်နေရဦးမှာလဲ။
Posted by Mr.Pooh @ မောင်ပွတ် at 12:41 PM 1 comments
Labels: ဖတ်ရအောင်
Blog မှာ ကဗျာလေးတွေ မတင်ဖြစ်တာကြာပါပြီ။ အခုတော့ တစ်ပုဒ်လောက်ထပ်ဖတ်ကြည့်ပေးပါဦးနော်။
အဖြေ
ရှုံးမယ်မှန်းသိရက်နဲ့
ခေါင်းမာမာနဲ့ပဲ
ကစားကွက်တွေကို
စရွေှ့ခဲ့တဲ့ငါ …
“ အရှင်မ ” ကို မျက်နှာလုပ်ဖို့
ငါ့နယ်ရုပ်တွေကို
အဝါရောင်ပန်းတွေဖြစ်အောင်ပြုစား
သူ့အစားကိုခံစေခဲ့တဲ့ငါ …
မတရားလည်းနေပါစေ
ငါ့ရထားတွေ
မြင်းနဲ့ သူရဲကောင်း
အားလုံးခေါင်းချ
သူလုပ်သမျှ ခံစေခဲ့တဲ့ငါ ..
ဒေဝတာလို ခန့်ညားပုံမျိုးနဲ့
မာနကိုတံခွန်လွှင့်ထားသူရေ …
နန်းကျဘုရင် ငါကတော့
ဘုန်းနိမ့်ခဲ့တဲ့ အတ္တတွေနဲ့
ရှုံးနိမ့်သမျှရင်မှာပိုက်ပြီး
မင်းအနားရောက်လာခဲ့တော့
အော်… နန်းရင်ပြင်မှာ
ငါ့နှလုံးသွေးတွေ
မြင်လို့တောင်မကောင်းဘူး။
Posted by Mr.Pooh @ မောင်ပွတ် at 1:22 PM 3 comments
Labels: ကဗျာသံစဉ်
ကဲ... သင်္ကြန်ဆိုတာကြီးတော့ နီးလာပြန်ပြီဗျာ။ ဘယ်လောက်ပူပူ ရေပက်သွားမယ့်သူ၊ ရေပက်ခံမယ့်သူတွေကတော့ ပြင်ဆင်နေလောက်ကြပါပြီ။ ကျွန်တော့်သူငယ်ချင်းတစ်ချို့လည်း အင်းလျားမှာ မဏ္ဍပ်ထိုးဖို့နေရာလိုက်၊ Sponsor လိုက်နေကြလေရဲ့။ သင်္ကြန်နီးရင် လူတွေစုံစမ်းကြတာလေးတစ်ခုရှိသေးတယ်ဗျ။ ဘယ် Band က ဘယ်မှာတီးမလဲ ဆိုတာပါ။ ရှာဖွေပြီးဖေါ်ပြပေးလိုက်ပါတယ်။
လေးဖြူမပါတော့တဲ့ Iron Cross ကတော့ Myanmar Beer မဏ္ဍပ်မှာ အငဲ၊ မျိုးကြီး၊ Lလွန်းဝါ၊ တင်ဇာမော် စတဲ့ လက်ကျန် IC တွေနဲ့ကြဲပါလိမ့်မယ်။ Emperor ကတော့ Levis ဘိုးတော်ကြီး ဇော်ဝင်းထွဋ် ခေါင်းဆောင်ပြီး နာမည်ကျော် Htoo Int'l Company မဏ္ဍပ်မှာပါတဲ့။ ကိုဥက္ကာနဲ့ ကိုနိုင်ဇော်ရဲ့ Lazy Club ကတော့ တောင်ကြီးက ကမ္ဘောဇဘဏ်မဏ္ဍပ်မှာ ရှိပါလိမ့်မယ်။ သူတို့အဖွဲ့က ဒါပြီးရင် Singapore ရောက် ရွှေများရဲ့ “ စ ” သင်္ကြန်ကို Apr 28 အရောက်ခရီးဆက်ပါဦးမယ်။ ရောသမမွှေရဲ့ DJ.Jay ကတော့ YGN မဏ္ဍပ်မှာ လက်စွမ်းပြမှာပါလို့ သိရပါတယ်။
လောလောဆယ်တော့ ဒီလောက်ပဲစုံစမ်းသိရှိရပါသေးတယ်။ နီးကပ်လာရင်တော့ ဖောင်ပိတ်သတင်းလေး နည်းနည်းပါးပါးရှာဖွေပြီး တင်ပြပေးပါဦးမယ်။ ဘယ် Model တွေဘယ်မှာ၊ ဘယ်မဏ္ဍပ်ကတော့ Cocktail ကို Chivas နဲ့ဖျော်မှာ၊ ဘယ်မဏ္ဍပ်ကတော့ တုတ်တွေ၊ ဓါးတွေ ဆောင်ထားပြီ ... စသည်ဖြင့်ပေါ့လေ။
Posted by Mr.Pooh @ မောင်ပွတ် at 12:43 PM 0 comments
Labels: သူများအကြောင်း
Microsoft နဲ့ အခြားနိုင်ငံတကာအသိအမှတ်ပြု Certificate ပေးတဲ့အဖွဲ့အစည်းတွေက စစ်ဆေးပေးတဲ့ Professional စာမေးပွဲများကို ဖြေဆိုဖို့ ကြိုးစားနေသူတွေကို အသိပေးချင်တာလေးတစ်ခုရှိပါတယ်။ အဲဒီ စာမေးပွဲများကို ဖြေဖို့လေ့လာတဲ့အခါ Testking တို့၊ Examcollections တို့က VCE တွေကို နမူနာအနေနဲ့ဖြစ်ဖြစ်၊ တကယ့် Exam မှာ ပြန်ပါလို့ပဲဖြစ်ဖြစ် အသေအချာလေ့လာပြီး ဖြေကြတာများပါတယ်။ ကံကောင်းရင် ပုံစံတူမေးခွန်းလေးတွေ မကြာခဏ ပါတတ်လို့ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ကစပြီး အဆိုပါ Website တွေကပေးထားတဲ့ New Version VCE နဲ့ နမူနာမေးခွန်းတွေက မေးခွန်းတွေဟာ Actual Test မှာ ရာခိုင်နှုန်းတော်တော်နည်းနည်းပဲ ပါလာပါတော့တယ် လို့ Microsoft Exam ဖြေမယ့်သူတွေကို လေ့ကျင့်ပေးနေတဲ့ ဆရာတစ်ယောက်က ပြောပါတယ်။ အချို့သောဖြေဆိုသူတွေဟာ ကိုယ်ပိုင် Knowledge မရှိဘဲ Testking လို မေးခွန်းတွေကို လေ့ကျင့်ပြီးဝင်ဖြေခဲ့ကြပါတယ်။ အောင်သွားကြတဲ့ သူတွေလည်းရှိပါတယ်။ အခုတော့ အဲဒီလိုဖြေဆိုကြမယ်ဆိုရင် တိုက်ဆိုင်တဲ့ မေးခွန်းအရေအတွက်နည်းလာလို့ Knowledge မရှိရင် အောင်ဖို့ခက်ခဲသွားပြီလို့ အဲဒီဆရာကရှင်းပြပေးပါတယ်။ ဒါကြောင့် ဖြေဆိုမယ့်သူတွေဟာ နမူနာမေးခွန်တွေထက် သက်ဆိုင်ရာနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီးမှ ဖြေဆိုသင့်ကြောင်းကိုလည်း အကြံပေးသွားပါတယ်။
P.S : ဒီ Post လေးက VCE တွေကို အားကိုးမယ့်သူများကို ငွေမဆုံးအောင် အသိပေးလိုတာဖြစ်ပြီး ဖြေမယ့်သူတိုင်းဟာ ဒါကျက်-ဒါဖြေတွေပါလို့ ဝါးလုံးရှည်နဲ့ရမ်းခြင်း၊ စောင်းမြောင်းပြောဆိုခြင်း၊ Certificate များရဲ့အဆင့်အတန်းကို နှိမ့်ချပုတ်ခတ် ပြောဆိုလိုခြင်းများ လုံးဝ မပါဝင်ပါကြောင်း။
Posted by Mr.Pooh @ မောင်ပွတ် at 10:07 AM 0 comments
Labels: ကူညီပါရစေ
Myanmar OA6 Blog ရှိ Post များမှာ Mr.Pooh မှ ကိုယ်ပိုင်ရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ အခြားမိတ်ဆွေ Blog များမှ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖေါ်ပြခြင်းများဖြစ်ပြီး Comment များမှာမူ စာဖတ်သူများဧ။် စိတ်ကြိုက်ရေးသားခြင်းများ၊ ၄င်းတို့ဧ။် ကိုယ်ပိုင်အထင်အမြင်များ၊ တောင်းဆိုခြင်းများနှင့် ဝေဖန်ခြင်းများသာဖြစ်ပါသည်။ Comment များကိုကြိုဆိုလျက်ရှိသော်လည်း ဖြစ်ပေါ်လာသော အကျိုးဆက်များကို တာဝန်ယူပေးမည်မဟုတ်ပါကြောင်း လေးစားချစ်ခင်စွာ အကြောင်းကြားအပ်ပါသည်။
(Mr.Pooh, oa6.mrpooh@yahoo.com.sg )