Friday, March 30, 2007

ဘွဲ့ယူသောနေ့

ရှက်တော့ရှက်သည်။ သို့သော် ကျွန်တော်တို့လို အဝေးသင်ကျောင်းသားများအတွက်တော့ တစ်သက်မှာတစ်ခါသာ လုပ်ဖြစ်သောအလုပ်ဖြစ်သည်။ ဒီနေရာကို ရောက်လာဦးတော့ ခုလို ဝတ်ရုံဖားဖားကြီးနှင့်တော့ မဟုတ်လောက်တော့။ ထို့ကြာင့် အများနည်းတူ ကျွန်တော်လည်း ရှက်ရှက်နှင့်ပင် ဓါတ်ပုံရိုက်နေခြင်းဖြစ်သည်။ နေရာကတော့ သစ်ပုတ်ပင်ကြီးခြေရင်းပင်ဖြစ်သည်။

တကယ်တော့ ကျွန်တော်နှင့်ဒီကျောင်းတော်ကြီးက ပတ်သတ်မှု မရှိသလောက်နည်းသည်။ အခုဘွဲ့လာယူရတာကိုလည်း မျက်နှာပူသလို ခံစားရသည်။ ကိုယ်နှင့်မတော်သော အင်္ကျီကြီးဝတ်ထားရသလို ဖြစ်နေမိသည်။ ကျွန်တော်က အဝေးသင် ကျောင်းသားသာ ဖြစ်သည်။ ဒဂုံတက္ကသိုလ်မှာ လက်တွေ့လုပ်ရသည်။ သထုံလမ်း ကိုသာ ရောက်ချင်ရောက်သည်။ Main ထဲကိုမဝင်ဖြစ်။ အလွန်ရောက်ခဲလှသည်။ ကျောင်းတက်တာ တစ်နေရာ၊ ဘွဲ့ယူတာ တစ်နေရာ။ ဒါပေမယ့် ကျွန်တော်ကျေနပ်သည်။ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှအပ အခြားနေရာတွင် ကျင်းပပါက ကြီးကျယ်ခမ်းနားခြင်း၊ ပြီးပြည့်စုံခြင်း၊ သမားဂုဏ်မြောက်ခြင်း စသည့် အထူးထူးသော ဝိသေသတို့သည် ပျောက်ဆုံးနေမည်ဟု ကျွန်တော်ယုံကြည်သောကြောင့်ဖြစ်သည်။ ဒီနေရာ၊ ဒီခမ်းမသည် ပညာတတ်တို့ဧ။်နေရာ၊ ရင့်ကျက်ခြင်းဧ။် သင်္ကေတ၊ ဂုဏ်သရေတို့ဧ။် ဆုံဆည်းရာ။ ဒီပရဝဏ်ကြီးတွင် ဖြစ်ပျက်ခဲ့သော သမိုင်းဝင် အဖြစ်အပျက်တွေကတော့ များလှသည်။ Bio နဲ့ Botany ကလူတွေပြောသလို အပင်တွေသည်သက်ရှိသာဆိုပါက ထိုအဖြစ်အပျက်တို့ဧ။် အမှန်တရားများ၊ လျှို့ဝှက်ချက်များ၊ အကောင်အထည်မပေါ်ခဲ့သော အကြံအစည်များကို အစအဆုံးသိရှိနေခဲ့သူမှာ ယခု ကျွန်တော်ကျောချင်းကပ်ထားသော သစ်ပုတ်ပင်ကြီးပင် ဖြစ်ပေလိမ့်မည်။

ကျွန်တော့်စိတ်ကူးထဲတွင်တော့ သစ်ပုတ်ပင်ကြီးသည် မော်ကွန်းထိန်းကြီးနှင့်တူသည်။ မိသားစုလိုက်ကျောင်းထဲမှာနေသော ကျောင်းစောင့်ကြီးနှင့်တူသည်။ ရန်ကုန်တက္ကသိုလ်ဧ။် ဂုဏ်ထူးဆောင်ဝတ်ရုံကြီးနှင့် လည်းတူသည်။ ကျွန်တော်တို့လို ဘွဲ့ယူလာသူ မောင်မယ်တို့ သူ့ကိုနောက်ခံပြု (ကျွန်တော်ကတော့ ဂုဏ်ပြုသည်ဟု ထင်သည်) ဓါတ်ပုံရိုက်ကြသည်ကို သဘောကြဟန်နှင့် မမောမပန်း Post ပေးနေတတ်သည်။ ကျွန်တော်တို့ကို ငုံ့ကြည့်ပြီး “ အော်… မင်းတို့လည်းဘွဲ့ယူကြပြီလား၊ မင်းကငါနဲ့ဓါတ်ပုံရိုက်မလို့လား၊ ရိုက်ပါကွာ၊ မင်းမိဘတွေတုန်းကလည်း ဒီလိုလာရိုက်တာပါပဲ၊ အော်…သူတို့လည်းပါလာကြတာကို၊ ငါဖြင့် မှတ်တောင်မမှတ်မိဘူး၊ မင်းအမေက ငယ်ငယ်က သိပ်စိတ်ကောက်တာကွ၊ သူတို့ချင်းစိတ်ဆိုးရင် ငါ့ဘေးမှာထိုင်ပြီး စာရင်းရှင်းတတ်ကြတယ်၊ နေပူမှာစိုးလို့ ငါ့အကိုင်းအခက်တွေနဲ့တောင် ကာပေးရသေးတယ်ကွ၊ မင်းအဖေကတော့ သိပ်အစအနောက်သန်တာ၊ သူတို့အတန်းဆင်းလာရင် စကြနောက်ကြနဲ့ ဆူညံနေတော့တာ… အေးလေ … နှစ်ပေါင်း ၃၀ လောက်ရှိပြီပဲ … သူတို့ကတော့ဘယ်မှတ်မိမလဲ… ငါကသာ… ” ဆိုပြီး တွေးတောပြောဆိုနေပါလိမ့်မည်။

ဒီသစ်ပုတ်ပင်ကြီးကို ဘယ်သူစိုက်ခဲ့သလဲတော့ ကျွန်တော်မသိပါ။ ကျွန်တော့်တသက်တာတွင်တော့ သစ်ပုတ်ပင်ဆိုလျှင် ဒီအပင်ကြီးတစ်ပင်တည်းသာ မြင်ဖူးပါသည်။ ငွေရောင်ထနေသော အရေပြားနှင့် ထီးထီးမားမားရပ်တည်နေသော သစ်ပုတ်ပင်အိုကြီးကို မှိုင်းပြာပြာကောင်းကင်ကြီး နောက်ခံထားကြည့်ရသည်မှာ ကြည့်မဝနိုင်ပေ။ ရန်ကုန်တက္ကသိုလ်ဧ။် သင်္ကေတတစ်ခုအဖြစ်ရှိနေသော ထိုသစ်ပုတ်ပင်ကြီးသည် တက္ကသိုလ်နှင့်ပတ်သတ်လာလျှင် သူမသိတာ၊ မမှီလိုက်တာတော့ မရှိနိုင်ဟု ကျွန်တော်ထင်သည်။ ဆရာ Judson ကိုလည်းသိမည်။ ကိုအောင်ဆန်းကိုလည်း သိမည်။ ဦးသန့်ကိုလည်းသိမည်။ အဓိပတိလမ်းပေါ်မှ ကျောင်းသားအရေးအခင်းများကိုလည်း သိပါလိမ့်မည်။ နာမည်ကျော် ၈ လေးလုံး အရေးအခင်းကြီးကို လည်းသိပါလိမ့်မည်။ ကျောင်းဝင်းထဲကို Under Graduate ကျောင်းသားသစ်တွေ ရောက်မလာတော့တာလည်း သတိထားမိပါလိမ့်မည်။ နောက်ပြီး ကျောင်းကြီးက ပန်းခြံကြီးနဲ့တူလာတာလည်း သိပါလိမ့်မည်။ သူတောင်ခြံခတ်ခံထားရပြီပဲ။


ဓါတ်ပုံရိုက်နေစဉ် ခဏလေးအတွင်း ကျွန်တော်တောင်စဉ်ရေမရ လျှောက်တွေးနေမိခြင်းဖြစ်သည်။ အရင်ကတော့ ကျောင်းသားလူငယ်များနှင့် ပျော်ရွှင်နေခဲ့သော သစ်ပုတ်ပင်ကြီးမှာ ယခုတော့ ခြံကျဉ်းလေးအတွင်းမှ အတိတ်တို့ကို လွမ်းမောနေပေလိမ့်မည်။ အသိအကျွမ်းဟောင်းများကို စောင့်မျှော်နေပါလိမ့်မည်။ ဘာရယ်တော့မဟုတ် ... ကျွန်တော်လည်း သစ်ပုတ်ပင်ကြီးနှင့် ရင်းနှီးချင်လာခဲ့ပါသည်။

1 comment:

Anonymous said...

I always miss the Yangon University whenever I read the things concerned with our Uni or I listen the Uni songs. Like you, I was quite lucky to attend the Honours class and graduation ceremony in Main Campus. Some of my friends had to attend in Dagon Uni and their graduation was also there. They were unhappy and I felt like that. The Main campus including Judson, Thit Poat Tree, Graduation Hall, Taung Gu Saung, Yarmanya Saung, etc, ... were lonely without the fresh undergraduates students. Hope one day the Main Uni will be alived again with fresh students. Thanks.