Friday, March 23, 2007

Astrea : The origin of a Goddess (Part 1)

Reader တစ်ယောက်က Virgo အကြောင်းပြည့်ပြည့်စုံစုံလေး ရေးပေးပါဆိုလို့ နည်းနည်းပါးပါး ရှာဖွေပြီး ဖေါ်ပြပေးလိုက်ပါတယ်။ ဗေဒင်ဆရာတွေလို “ ဒီရာသီဖွားတွေဟာ... ဟိုရာသီဖွားတွေ မဟုတ်ပါဘူး ”တို့ ၊ “ ယတြာကတော့ ” တို့တော့ မရေးတတ်ပါဘူး။ ကျွန်တော်ရှာတွေ့ထားတာတွေက ဂရိပုံပြင်ထဲက သမိုင်းကြောင်းဆန်ဆန် ပါးစပ်ရာဇဝင်တွေပါ။ ဒီ Post မှာတော့ ဂရိပြည်က ရာဇဝင်တွေကိုပဲ အမှန်လို့ ခဏလက်ခံကြရအောင်လား။ ပြီးရင်တော့ အခြားအီဂျစ်ပြည်က Astrea အကြောင်းတွေ၊ Virgo နက္ခတ်က အခြားနတ်တွေအကြောင်းတွေ စသည်ဖြင့် ရေးပေးပါဦးမယ်။ ကဲ ... နတ်ဖုရားမလေး Astraea မွေးတဲ့ဆီကပဲ စလိုက်ကြရအောင်။

ဂရိပြည်က နတ်ကွန်းတည်ဆောက်ကိုးကွယ်ကြတဲ့ နတ်ဖုရားတွေစာရင်းမှာ Astrea ဟာတန်ခိုးကြီးတဲ့ နတ်ဖုရားတစ်ပါးဖြစ်ပါတယ်။ ဆောင်ဓါးတစ်ဖက်၊ ချိန်ခွင်တစ်ဖက် ဆွဲကိုင်ထားတဲ့ဟန်နဲ့ ဒီနတ်ဖုရားဟာ တရားမျှတမှု ကိုအထူးမြတ်နိုးပါတယ်။ နောက်ပြီး ထူးခြားတာက အချစ်ဇာတ်လမ်းတွေ နောက်ခံတွဲပါမလာတဲ့ အပျိုစင်စစ်စစ် နတ်သမီးလည်းဖြစ်ပါတယ်။ Astrea ကို နတ်မင်းကြီး Zeus နဲ့ ကြင်ယာတော် Themis (Themis ကို Libra ကြယ်လို့လည်း ဆိုပါတယ်) တို့ကမွေးဖွားတယ်လို့ ဂရိ ရာဇဝင်တွေနဲ့ ကြယ်တာရာသမိုင်းကြောင်းတွေမှာ အခိုင်အမာ ပြောပါတယ်။ တချို့စာအုပ်တွေမှာတော့ Astrea ဟာ Arcadia တိုင်းပြည်က ဘုရင်ကြီးရဲ့ သမီးကညာပါလို့ဆိုတယ်။ သိပ်ရှားပါတယ်။ ဒါ့အပြင် Titan နဲ့ Aurora တို့ရဲ့သမီး၊ Jupiter ရဲ့သမီး စသည်ဖြင့်မူကွဲတွေ အများကြီးရှိပါသေးတယ်။ အစမှာပြောခဲ့သလိုပဲ ဂရိနတ်ဖုရားတွေအတွက် ဂရိအယူအဆကိုပဲ လက်ခံကြပါစို့လား။

Zeus နတ်မင်းကြီး နဲ့ Themis တို့ဟာ နတ်သမီးလေး Astrea ကို Golden Age လို့ခေါ်တဲ့ “ရွှေခေတ်” ထဲမှာမွေးပါတယ်။ ရွှေခေတ် ဆိုတာကိုလည်း ရှင်းပြပါဦးမယ်။ အဲဒီရွှေခေတ်မှာ သေမျိုးသေနွယ်လူတွေကို (ဂရိအယူအဆနဲ့) သေခြင်းကင်းတဲ့ နတ်မင်းတွေက အုပ်ချုပ်ပါတယ်။ ရွှေခေတ်ကို အုပ်ချုပ်ခဲ့တာကတော့ Saturn နတ်မင်းကြီးဖြစ်ပြီး Astrea နတ်သမီးကို လူအသွင်နဲ့ လူတွေအကြားမှာ ထားပါတယ်။ ရွှေခေတ်ကလူတွေဟာ ဒေါသ၊ မောဟ၊ လောဘကင်းရှုင်းပြီး အေးချမ်းစွာ အတူရှင်တွဲ နေထိုင်ခဲ့ကြပါတယ်။ လယ်မြေတွေကို ထွန်ယက်စိုက်ပျိုးပြီး အသက်မွေးကြပါတယ်။ ပိုလျှံတာတွေကို မစိုက်ပျိုးနိုင်တဲ့လူတွေကို ပေးဝေလေ့ရှိပါတယ်။ ကြီးမားခမ်းနားတဲ့ နတ်ကွန်းကြီးတွေမှာလည်း လှူဒါန်းမှုတွေနဲ့ စည်ကားနေတတ်ပါတယ်။ အုပ်ချုပ်တဲ့ နတ်မင်းကြီးတွေဟာလည်း ဘာမှခက်ခက်ခဲခဲ ထိန်းချုပ်ရတဲ့ ပြဿနာမျိုးတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီလို အေးဆေးတည်ငြိမ်နေခဲ့တဲ့ ရွှေခေတ်ရဲ့ အခြေအနေ တွေကို ပျက်သုဉ်းစေမယ့် နေ့ရက်တွေဟာလည်း တဖြည်းဖြည်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ရွှေခေတ်ရဲ့ ခေတ်ဦးလူကြီးတွေ သေဆုံးသွားကြရာက စခဲ့ပါတယ်လို့ မှတ်တမ်းတင်ထားတာ ဖတ်ရပါတယ်။ (စာကြွင်း။ ။ သေဆုံးတယ် ဆိုတာကို တခြားကမ္ဘာကို ရွှေ့ပြောင်းသွားတယ်လို့ သုံးနှုန်းထားပါတယ်)

ရွှေခေတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေဟာ အရင်လူကြီးတွေလို လောဘကင်းခြင်း၊ အေးချမ်းညီမျှစွာ နေထိုင်ခြင်းတွေကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်း မပြုတော့ပါဘူး။ မကြာခဏ ဆိုသလို တိုက်ခိုက်လုယက် ခြင်းတွေပြုလုပ်လာကြပါတယ်။ သူတို့အတွက်တော့ အနိုင်ကျင့်ခြင်းနဲ့ မကျေနပ်ခြင်းဆိုတဲ့ အသံကို ပထမဆုံးအကြိမ် ကြားဖူးသွားကြပါတယ်။ အဲဒီအချိန်ကစပြီး ရွှေခေတ်ကို “ ငွေခေတ် ” လို့ပြောင်းလဲသုံးနှုန်းလိုက်ကြပါတော့တယ်။ မတရားမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာနေတဲ့အခါမှာတော့ Zeus နတ်မင်းကြီးဟာ သမီးတော် Astrea ကို သူနေထိုင်ရာ ကောင်းကင်ဘုံကို ခေါ်ပြီး တရားမျှတမှု နဲ့တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် တာဝန်ပေးလိုက်ပါတယ်။ ပြဿနာပေါ်လာတိုင်း လူတွေကို ဖြေရှင်းပေးရပြီး ငြိမ်းချမ်းရေးနည်းလမ်းတွေကို ပြသဖျန်ဖြေပေးရလေ့ရှိပါတယ်။ တရားသူကြီးအဖြစ်လည်း ဆောင်ရွက်ရပြန်ပါတယ်။ ရိုးရိုးအေးအေးနေတတ်တဲ့ Astrea ရဲ့နုနယ်အပြစ်ကင်းတဲ့ မျက်နှာလေးဟာလည်း တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဆောင်လာရပါတော့တယ်။ လွယ်လွယ်ပြောရရင်တော့ Astrea ရဲ့အုပ်ချုပ်မှုတွေဟာ မအောင်မြင်ဘူးလို့ ဆိုရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေခေတ်နောက်ပိုင်းမှာ မွေးဖွားလာတဲ့ လူတွေဟာ ပိုမိုဆိုးသွမ်းလာပြီး မနာလိုခြင်း၊ အကောက်ကြံခြင်းတွေပါ တိုးပွါးလာပြီး “ ကြေးခေတ် ” လို့သတ်မှတ်ရတဲ့ ခေတ်တစ်ခေတ်ကို ထူထောင်လိုက်ရပါတယ်။

ကြေးခေတ်မှာတော့ လူတွေဟာ လက်နက်ကိုင်တိုက်ပွဲတွေကို ဆင်နွှဲဖို့ စွမ်းရည်ပြည့်ဝလာကြပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုတွေ၊ သီးခြားနိုင်ငံထူထောင်မှုတွေ ပြုလုပ်လာကြပါတယ်။ ငွေခေတ်မှာ တခါတရံကြားရသေးတဲ့ တရားသံတွေ၊ နတ်ကွန်းက စည်တော်တီးသံတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးသံတွေဟာ ကြေးခေတ်မှာတော့ လုံးဝဆိတ်သုဉ်းသွားခဲ့ပြီး ကလေးနဲ့မိန်းမတွေရဲ့ အော်ညီးသံတွေ၊ ဒဏ်ရာရစစ်သည်တွေရဲ့ ညီးညူသံတွေ၊ အောင်နိုင်သူတွေရဲ့ လှောင်ရယ်သံတွေက အစားထိုးနေရာယူလာခဲ့ပါတော့တယ်။ မှတ်တမ်းပြုစုတွေရဲ့ စာပေတွေမှာတော့ ဒီ Post ရဲ့မင်းသမီးလေး Astrea ဟာ ကြေးခေတ်မှာ စက်ဆုပ်စရာကောင်းလာတဲ့ လူ့ပြည်ကို နောက်ဆုံးလာရောက်ခဲ့တယ် လို့ရေးသားထားပါတယ်။ လူ့ပြည်မှာ မနေချင်တော့တဲ့အကြောင်းကိုလည်း ဖခင်ဖြစ်သူ Zeus နတ်မင်းကြီးကို ကလေးသဖွယ် ခွင့်သွားတောင်းခဲ့ပါသေးတယ်။

လုယက်မှုတွေ၊ စစ်ပွဲတွေ၊ ဘာသာရေးပျောက်ကွယ်မှုတွေနဲ့ စိတ်ပျက်ဖွယ် ကြေးခေတ်လူ့ပြည်ကို မသွားချင်တော့ပါဘူးလို့ ဖခင်ကိုခွင့်တောင်းတော့ ဖခင် Zeus နတ်မင်းကြီးက Astrea နတ်သမီးကို ကောင်းကင်ဘုံက ကြယ်တွေအကြားမှာ အေးချမ်းစွာ အနားယူခွင့်ပေးလိုက်ပါတယ်။ ဂရိတွေဟာ အခုချိန်အထိ ကြယ်တွေကြားမှာ Virgo နက္ခတ်အနေနဲ့ Astrea နတ်ဖုရားမကို မြင်နေရတယ်လို့ ပြောနေကြတုန်းပါပဲ။ ဒါပေမယ့် မျက်နှာလေးကတော့ စစ်ရိပ်စစ်ငွေ့တွေ ရိပ်သန်းနေတဲ့ လူ့လောကကြီးကိုကြည့်ပြီး တချိန်က သူပျော်ရွှင်ခဲ့တဲ့ ရွှေခေတ်လောကကြီးကို တမ်းတနေဟန်ရှိပါသတဲ့။ ကြံကြံဖန်ဖန် ၁၇၈၈ ခုနှစ်မှာ စစ်သင်္ဘောကြီးတစ်စီးကို Astrea လို့ နာမည်ပေးလိုက်ပါသေးတယ်။ တိုက်ခိုက်ခြင်းတွေ၊ မတရားခြင်းတွေ၊ အနာတရဖြစ်မှုတွေကို မုန်းပါတယ်ဆိုတဲ့ နတ်သမီးရဲ့နာမည်ကိုမှ စစ်သင်္ဘောကြီးမှာ သွားပေးလို့ ကန့်ကွက်မှုတွေတောင် ပေါ်ပေါက်လာခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

Astrea နတ်သမီးဟာ ရွှေခေတ်ကစပြီး ခုချိန်ထိ ခေတ်အဆက်ဆက် ကိုးကွယ်မှုအရရော၊ ယုံတမ်းအဖြစ်ပါ ဂုဏ်ပြုပြောဆိုနေကြတုန်းပါပဲ။ ပြဇာတ်တွေ၊ စာအုပ်တွေမှာလည်း မင်းသမီးအဖြစ် အရေးခံနေရတုန်းပါပဲ။ ပြန်မလာတော့တဲ့ နတ်သမီးပျိုလေးပေါ့လေ။ အဲ... ထူးထူးခြားခြား ၁၇၀၉ ခုနှစ်မှာ ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာတော့ Astrea ဟာ လူ့ပြည်ကို ပြန်လာခဲ့ဟန်ရှိတယ်လို့ ရေးသားထားပါတယ်။ D.Manley နဲ့ J.Swift တို့ ရေးသားတဲ့ “ New Atlantis ” ဆိုတဲ့ နည်းနည်းအဆိုးမြင်လေးနဲ့ ရေးထားတဲ့ စာအုပ်မှာပါ။

အခုချိန်အထိတော့ Astrea နတ်ဖုရားမဟာ လယ်ယာကိုင်းကျွန်းတွေကို စောင့်ရှောက်တယ်ဆိုတာ မပါသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ဂရိတွေရဲ့ အယူအဆမဟုတ်ဘဲ အီဂျစ်တွေရဲ့ ယုံကြည်မှုဖြစ်နေလို့ပါ။ ပြောလက်စနဲ့ အီဂျစ်တွေနဲ့ အခြားလူမျိုးတွေရဲ့ Astrea အပေါ် ယုံကြည်မှုနဲ့ အမြင်တွေ၊ နာမည်ပေးပုံလေးတွေ ဆက်ပြောပြပေးပါ့မယ်။ (ဆက်ရန်ပေါ့ဗျာ...နော့်)