Tuesday, February 19, 2008

ချီးမွမ်းကြစို့

The Straits Times သတင်းစာကြီးရဲ့ ပြင်ပဆောင်းပါးရှင် David Goldwich ရဲ့ Make Someone’s Day ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်၊ ကိုးကားတင်ဆက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ခင်ဗျား လူဘယ်နှစ်ယောက်ကို ဘယ်နှစ်ကြိမ်လောက်များ ချီးမွမ်းဖြစ်ခဲ့သလဲဗျ။ ခင်ဗျားရော ဘယ်နှစ်ခါလောက် ချီးမွမ်းခံလိုက်ရလဲ။ ကျုပ်စိတ်ထင်တော့ ခင်ဗျားလည်း သိပ်မလုပ်ဖြစ်ဘူး၊ ခင်ဗျားလည်း သိပ်အချီးမွမ်းမခံလိုက်ရဘူးပေါ့လား။

တကယ်တော့ ချီးမွမ်းစကားပြောတယ်၊ အကောင်းပြောတယ်ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားစေတယ်၊ နူးညံ့သွားစေတယ်ဗျ။ လူသားဆိုတာမျိုးက အသိအမှတ်ပြုတာ၊ ကျေးဇူးတင်လေးစားတာကို လိုချင်တဲ့ သတ္တဝါမျိုးလေ။ ချီးမွမ်းမှုဟာ လူတစ်ယောက်ပျော်ရွှင်သွားစေဖို့ အကောင်းဆုံးလက်ဆောင်ပဲ ကိုယ့်လူရေ။ ခင်ဗျားလည်း ချီးမွမ်းလိုက်ရလို့ ငွေကုန်မသွားပါဘူးဗျာ။ ခက်တာက ကျုပ်တို့လောကမှာ ဘာလို့ ချီးကျူးစကားပြောတာတွေ ဒီလောက်ခေါင်းပါးနေလဲ မသိတာပဲ။ တစ်ခုတော့ ရှိတယ်ဗျို့။ ပြောတတ်ဖို့တော့လိုတယ်။ လှတယ်လို့ ပြောတာဟာ ချီးမွမ်းတာ မှန်ပေမယ့် အပြောခံရတဲ့လူ တကယ်လှလို့ ပြောတာနေမယ်လို့ ထင်သွားဖို့သေးတာကလား။ တကယ်တော့ အဲဒီလိုချီးမွမ်းစကားတွေကလေ - သူတို့နဲ့ ခင်ဗျားနဲ့ကို ပိုမိုရင်းနှီးစေမယ့် နည်းလမ်းကောင်းဗျ။ ခင်ဗျားနည်းနည်းလေ့ကျင့်ကြည့် - ဆရာတစ်ဆူဖြစ်လာဖို့ သိပ်လွယ်တာ။

ဘယ်လိုချီးမွမ်းပြောဆိုရမယ်ဆိုတာ မပြောခင် ခင်ဗျားဘယ်လို ပြင်ဆင်ရမယ်ဆိုတာလေး ပြောပြဦးမယ်။ လူတစ်ယောက်ကို မချီးမွမ်းခင်မှာ ခင်ဗျားက ပြုံးပြီး မျက်လုံးချင်းဆုံအောင်ကြည့်ဖို့လိုတယ်။ ခင်ဗျားပြုံးပြလို့ နွေးနွေးထွေးထွေး ပြန်မပြုံးပြတဲ့လူရယ်လို့ ဘယ်ရှိမလဲ။ လူချင်းစကားပြောလို့ မျက်နှာမကြည့်ဘဲ ဘေးကိုကြည့်လိုက်၊ ကောင်းကင်မော့ကြည့်လိုက်နဲ့လူကိုလည်း လူတွေက အယုံအကြည်နည်းတတ်တယ်ဗျ။ ဒါကြောင့် စကားစတာနဲ့ သူ့မျက်နှာ၊ အဓိကမျက်လုံးကိုကြည့်ပြောပါ။ စကားပြောရင်လည်း နာမည်လေးထည့်ပြောဗျ။ ကြုံလို့ ဒေးလ်ကာနက်ဂျီ ရေးဖူးတဲ့ စာလေးတစ်ကြောင်းပြောပြဦးမယ်။ “ကိုယ့်နာမည်လောက် ချိုသာပြီး ကြားကောင်းတဲ့ စကားသံတော့ ကမ္ဘာလောကမှာ မရှိပေါင်” ဆိုပဲ။ စကားပြောလို့ သူ့နာမည် ခေါ်ခေါ်သုံးလို့ကတော့ ခင်ဗျားကို ကျိန်းသေပေါက်မှတ်မိနေလိမ့်မယ်ဗျို့။

တကယ်တော့ ချီးမွမ်းတယ် ဆိုတဲ့စကားလုံး ကိုယ်နှိုက်ကိုက ချိုသာနေပြီဗျ။ အဲဒီကြားထဲ ခင်ဗျားအပြောအဆိုတတ်လို့ကတော့ ချီးကျူးခံရသူမှာ နှလုံးပီတိ ဂွမ်းဆီထိ ဆိုသလိုပဲ။ လူတစ်ယောက်ကို ချီးမွမ်းတယ်ဆိုတာ သူ့ပိုင်ဆိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေး၊ အပြုအမူစတာတွေကို ချီးမွမ်းကြရတာမဟုတ်လား။ အဲဒီထဲမှာမှ ကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူလေးတွေကို ချီးမွမ်းတာက အခြားဟာတွေထက်ပိုပြီး ထိရောက်အကျိုးရှိပါတယ်။ ချီးမွမ်းစကားပြောတဲ့အခါလည်း တော်တဲ့အကြောင်း၊ လေးစားတဲ့အကြောင်း တုံးတိတိပြောတာထက် အကျိုးအကြောင်းလေးနဲ့ ပြောသင့်တယ်ဗျ။ ဥပမာဗျာ ခင်ဗျားသူငယ်ချင်းက ပြိုင်ကားတစ်စီးဝယ်ပြီး ခင်ဗျားကို လာပြတယ်ဆိုပါစို့။ ခင်ဗျား ဘယ်လိုပြောမလဲ။ “တယ်လှပါလားကွ။ ဘယ်လောက်ပေးရလဲ” ဆိုရင် သိပ်မဟန်သေးဘူး။ ပြောသင့်တာက “ဟာ … ဟေ့ကောင် ကျော်ကြီး။ မင့်ကားအသစ်လား။ ကားကတယ်ကောင်းပါလားကွ။ ငါလည်းလိုချင်လိုက်တာ။ မင်းစတိုင်နဲ့တော့ အတိပဲဟေ့။ သိပ်လိုက်တာပဲ” ဆိုတာမျိုးပေါ့။ ကိုယ့်ကို မကောင်းကြံတဲ့လူကို အပြစ်မမြင်တတ်တဲ့ သူငယ်ချင်းကိုရော ခင်ဗျား ဘယ်လိုချီးမွမ်းမလဲ။ “နင်က တော်တော်နားလည်မှုရှိပြီး အကောင်းမြင်ပေးတတ်တာပဲ စန္ဒီရယ်။ နင့်နားမှာ နေခွင့်ရတာ ငါတော့ ဘုရားမပေတာပဲ” လို့ပြောရလိမ့်မယ်။

နောက်တစ်ခုက သတိထားပြီး ချီးမွမ်းစကားပြောရမယ်။ ဆိုပါတော့ - ဆံပင်ပုံအသစ်ညှပ်လာတဲ့ လူလတ်ပိုင်း သူငယ်ချင်းတစ်ယောက်ကို ဆံပင်နဲ့ ပတ်သတ်ပြီး ပြောတော့မယ်ဆိုရင် -
ရှယ်လီ - “ဆံပင်လေးလှလိုက်တာ။ မျက်နှာနဲ့ ပါးရိုးလေးတွေတောင် ပေါ်လာတယ်”
အမ်နီ - “ဟုတ်လား။ သိပ်များ ရင့်သွားမလားဟင်”
ဆိုတဲ့မေးခွန်းမျိုးလိုက်လာလိမ့်မယ်။ ပြောသင့်တာက
ရှယ်လီ - “ဆံပင်လေးလှလိုက်တာ။ မျက်နှာနဲ့ ပါးလေးတွေတောင် ပေါ်လာတယ်။ ဘယ်ဆိုင်မှာ ညှပ်တာလဲ။ တို့လည်း ညှပ်ချင်လို့”
အမ်နီ - “ဟုတ်လား။ ကျေးဇူးပါ။ တို့လမ်းထိပ်က ဆိုင်အသစ်ကလေ။ လိုက်ပို့ပေးရမလား”

ဆိုတာမျိုးဖြစ်လာလိမ့်မယ်။ ဒါကြောင့် ချီးမွမ်းစကားကိုလည်း ရွေးချယ်ပြောတတ်ဖို့လိုတယ်လေ။

နောက်ဆုံးနဲ့ အရေးအပါဆုံးကတော့ အသံအနေအထားပဲ။ ခင်ဗျားက ဒီစာဖတ်ပြီး ဝတ္တရားကြီးတစ်ခုလို စိတ်မပါ လက်မပါ ချီးမွမ်းစကားတွေ လျှောက်ပြောနေတာထက်စာရင် မပြောတာမှ ကောင်းလိမ့်မယ်။ ပြောမယ့်ပြောတော့ တက်တက်ကြွကြွနဲ့ စိတ်ပါလက်ပါ ပြောချလိုက်စမ်းပါဗျာ။ ခင်ဗျားမှာ သူ့ထက်သာတဲ့ ပိုင်ဆိုင်မှု၊ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေသည့်တိုင်အောင် သူ့အတွက် မြင်သာတဲ့ဟာလေး တစ်ကွက်လောက်တွေ့ရင် အားကျသလို၊ ခင်ဗျားမှာလည်း ပိုင်ဆိုင်ချင်နေသလို လေသံမျိုးနဲ့ ပြောတတ်ရမယ်။ တချို့ကတော့ ကိုယ်က ချီးမွမ်းပေးကာမှ ငါ့အကြောင်းငါသိတယ်၊ ငါတော်တာငါသိတယ် ဆိုပြီး ခင်ဗျားပြောတာထက်ပိုပြီး ကြွားလုံးတွေ ပြောလိမ့်ဦးမယ်။ ဒါမျိုးကျတော့လည်း သည်းခံပေါ့ဆရာရယ်။ ခင်ဗျားလက်ငါးချောင်းတောင် မညီဘူးပေါ့လား။ သေချာတာကတော့ ဘယ်လက်ချောင်းဖြစ်ဖြစ် လှတယ်ပြောရင် ခေါင်းငြိမ့်ပြမှာချည်းပဲဗျ။

ကဲ - ရှေ့တပတ်ကစပြီး အကျိုးရှိစွာ ချီးမွမ်းတတ်ပါစေဗျာ။


Sunday, February 10, 2008

Self-confidence ကို ရယူခြင်း

ကမ္ဘာကျော် Mary Chapin Carpenter ရဲ့ သီချင်းထဲက စာကြောင်းလေးတစ်ကြောင်းကို သတိရမိတယ်။ “Sometimes you’re the windshield; sometimes you’re the bug” ဆိုတာလေးပါ။ တခါတရံမှာ ခံနိုင်ရည်အားကောင်းတဲ့ လေကာမှန်တစ်ချပ်လို ကြံ့ကြံ့ခံနိုင်ခဲ့သလို တခါတရံတော့လည်း ပျက်စီးလွယ်တဲ့ ပိုးကောင်လေးပါပဲတဲ့။ တကယ်တော့ အဲ့ဒီတခါတရံဆိုတာဟာ ကိုယ့်ကိုကိုယ် ဘယ်လောက် ယုံကြည်မှုရှိနေသလဲ ဆိုတာပေါ်မှာ သိပ်မူတည်ပါတယ်။

တခါတလေ ကိုယ့်ကိုကိုယ်ယုံကြည်မှု (Self-confidence) ဟာ ချက်ချင်း ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတတ်ပြီး ကျွန်တော်တို့ဟာ လေကာမှန်အစား ပိုးကောင်လေးဘဝတွေ ပိုများနေခဲ့ကြဘူးပါတယ်။ အမျိုးမျိုးအဖုံဖုံဖြစ်လာနိုင်တဲ့ နိဂုံးတွေအတွက် ကံတရားပါပဲလေ ဆိုပြီး ကျွန်တော်တို့တွေ ငေးငိုင်နေခဲ့ကြဘူးပါတယ်။ အဲဒီအခြေအနေတွေဟာ ကျွန်တော်တို့ကို ပိုဆိုးစေတဲ့ အနေအထားတစ်ရပ်ကို တွန်းပို့နိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ အဲဒီအချိန်မှာ တကယ်လိုအပ်နေတာက ပိုးကောင်လေးဘဝဟာ ခဏတာပါပဲ လို့ နားလည်ကြဖို့ပါပဲ။ ငါတစ်ယောက်တည်းပါလား၊ ငါဖြစ်နိုင်ပါ့မလား ဆိုတာမျိုးတွေအစား ကိုယ့်ကိုကိုယ်ယုံကြည်လာအောင် အချိန်တိုအတွင်း ဘယ်လိုပြန်တည်ဆောက်မလဲ ဆိုတာကို စဉ်းစားကြရမှာပါ။ The Straits Times သတင်းစာရဲ့ ပြင်ပဆောင်းပါးရှင် Sara Healy ကတော့ ယုံကြည်မှုရှိနေစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးချက် တင်ပြထားပါတယ်။

၁) ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရခဲ့တဲ့ အချိန်လေးတွေကို ပြန်အောက်မေ့ပါ

ပြီးခဲ့တဲ့ အတိတ်တစ်ခုမှာ သင်ဟာ ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်ခဲ့လို့ အောင်မြင်ခဲ့တဲ့ အတွေ့အကြုံနဲ့ မှတ်တမ်းကောင်းတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကို စာရွက်တစ်ရွက်မှာ ခပ်ရဲရဲ ရေးချကြည့်စမ်းပါ။ အခက်အခဲက ဘယ်လို၊ ဘယ်သူတွေပါဝင်တယ်၊ ဘယ်လိုဖြေရှင်းပေးလိုက်နိုင်တာ … စသည်ဖြင့်ပေါ့။ တတ်နိုင်သလောက် တိတိကျကျရေးချပြီး တစ်ခေါက်လောက် ပြန်ဖတ်ကြည့်ပါ။ နှုတ်ခမ်းတွေက ခပ်ပြုံးပြုံးဖြစ်လာပြီး ယုံကြည်မှုတွေ ပြန်လည်ဝင်ရောက်လာမှာပါ။ အဲဒီအချိန်ဟာ သင်အလုပ်စဖို့ အကောင်းဆုံးအချိန်ပါပဲ။

၂) အောင်မြင်မှု မှတ်တိုင် Album လေးလုပ်ထားကြည့်ပါ

တခါတလေမှာ သိပ်အသုံးမလိုတဲ့ လိပ်စာကဒ်လေးတွေ သွားရင်းလာရင်း ရတတ်ပါတယ်။ အဲဒါလေးတွေရဲ့ နောက်ကျောဖက်မှာ သင့်ရဲ့ အောင်မြင်မှုလေးတွေ တစ်ခုချင်း ရေးပြီး ကဒ်လေးတွေကို Album လေးလို လုပ်ထားပါ။ အောင်မြင်မှုဆိုတာ မရှင်းတာကြာတဲ့ အဝတ်ဘီရိုရှင်းဖြစ်သွားတာ၊ ဖမ်းရခက်တဲ့ ပုစဉ်းလေးတစ်ကောင် ဖမ်းမိဘူးတာ၊ ကုမ္ပဏီမှာ ဝန်ထမ်းကောင်းဆုရတာကနေ သမ္မတအဖြစ် အရွေးခံရတာအထိ ထည့်ရေးလို့ရပါတယ်။ သင် စိတ်ဓါတ်ကျနေတဲ့အခါ၊ ယုံကြည်မှု အားနည်းနေတဲ့အခါ အဲဒီ Album လေးပြန်ကြည့်ပြီး အတိတ်က အောင်မြင်ခဲ့တဲ့ အကြောင်းအရာလေးတွေ ပြန်တွေးကြည့်ပါ။ ကိုယ့်ကိုကိုယ် ခေသူမဟုတ်ဘူး ဆိုတဲ့အမြင်လေး ပြန်ကိုရလာစေရပါမယ်။

၃) ယုံကြည်မှုကို ထပ်မံခိုင်မာပါစေ

ဒီနည်းကတော့ လူတိုင်းနီးပါး ကျင့်သုံးလေ့ရှိပါတယ်။ စိတ်ဓါတ်တက်ကြွစေမယ့်၊ ယုံကြည်မှုကို မြင့်မားစေတဲ့ စကားလေးတွေ၊ ဆုံးမစာလေးတွေကို အမြဲတမ်း မြင်နေတတ်တဲ့ နေရာတစ်ခုမှာ ကပ်ထားပါ။ ပညာရှိတွေရဲ့ အဆိုအမိန့်၊ ဒါမှမဟုတ် ဖခင်ရဲ့ ဆုံးမစာတစ်ကြောင်းပဲဖြစ်ဖြစ် အသေအချာလေး ရေးပြီး ကပ်ထားပါ။ ရေးတဲ့အခါမှာလည်း “ငါ ဘယ်တော့မှ မရှုံးနိမ့်စေရဘူး” ဆိုတာမျိုးထက် “ငါဟာ အမြဲအောင်မြင်နေရမယ်” ဆိုသလို အနှုတ်သဘောမဆောင်အောင် ရေးထားသင့်ပါတယ်။ ရေးပြီးကပ်ထားတာလေးတွေတွေ့မိရင် ခပ်တိုးတိုးစိတ်ထဲက ဖတ်တာထက် ခပ်ကျယ်ကျယ်လေး တစ်ခေါက်လောက် ရွတ်ကြည့်စမ်းပါ။ အားအင်တွေ စီးဝင်လာပါလိမ့်မယ်။

၎) သူငယ်ချင်းများကို အကူအညီတောင်းပါ

သင် ယုံကြည်မှုပျောက်ဆုံးနေတုန်းမှာ သူငယ်ချင်းတွေကို ဖုံးဆက်ခိုင်းတာ၊ စိတ်ဓါတ်တက်ကြွစေမယ့် SMS တွေပို့စေတာ၊ Voice Mail ပို့စေတာ၊ အနည်းဆုံး Answering Machine မှာ အသံသွင်းထားခဲ့တာမျိုးတွေ လုပ်စေသင့်ပါတယ်။ သူငယ်ချင်းကောင်းတွေက သင့်ကို ဘယ်တုန်းက သင်ဘယ်လိုအောင်မြင်ခဲ့တာ၊ သူတို့လည်း ဘယ်လိုဖြတ်ကျော်ခဲ့တာ စတာတွေကို တရင်းတနှီးပြောကြပြီဆိုလို့ကတော့ သင့်ယုံကြည်မှုဟာ အမြင့်ဆုံးကို ရောက်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးခုဟာ ရိုးရှင်းလွယ်ကူပြီး ရုတ်တရက်ပျောက်ဆုံးသွားတဲ့ ယုံကြည်မှုတွေကို အမြန်ဆုံး ပြန်လည်ရရှိစေမှာပါ။ တချိန်တည်းမှာပဲ သင်ဟာ ပိုးကောင်လေးမဟုတ်ဘဲ လေကာမှန်လို ကြံ့ခိုင်သူဖြစ်တယ် ဆိုတာကိုလည်း သတိရစေမှာဖြစ်ပါတယ်။

Ref: The Straits Times

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။