Sunday, November 4, 2007

သေသည့်တိုင်အောင်

၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ ၊ သူတို့ရဲ့ အဖြစ်ဆိုးကို ကြိုမသိနိုင်တဲ့ အချို့သော ဂျပန်နိုင်ငံသားတွေ အိပ်မောကျနေတုန်းမှာပဲ အမေရိကန် လေတပ်မတော် ဗိုလ်မှူးကြီး Paul Tibbets ဟာ သူရဲ့ Boeing B29 ဗုံးကြဲလေယာဉ် Enola Gay ပေါ်ကနေ ကမ္ဘာ့ပထမဆုံးသော Atomic Bomb လို့ ခေါ်တဲ့ အနုမြူဗုံးကို မြေပြင်ထက် အမြင့်ကီလိုမီတာ ၉.၇ ( ၆ မိုင်) အကွာကနေ ဟီယိုရှီးမားမြို့ပေါ်ကို ကြဲချလိုက်ပါတယ်။ “ ချာတိတ် ” လို့ နာမည်ပြောင်ရှိတဲ့ အဲဒီဗုံးတစ်လုံးတည်းကြောင့် လူဦးရေ ၃ သိန်း ၂ သောင်းရှိတဲ့မြို့မှာ လူ ၈ သောင်းဟာ အချို့ပွဲချင်းပြီး သေဆုံးသွားသလို အချို့လည်း ပြင်းထန်တဲ့ ဒဏ်ရာမျိုးစုံနဲ့ အရေးပေါ် ကုသခံကြရပါတယ်။

ဒီဗုံးကိုကြဲချခဲ့တဲ့ Tibbets ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ နိုဝင်ဘာလ ၁ ရက် အသက် ၉၂ နှစ်အရွယ်မှာ အိုဟိုင်းယိုး ပြည်နယ်နေအိမ် မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သေသည့်တိုင်အောင် သူကြဲချခဲ့တဲ့ Atomic Bomb အပါအဝင် ဘယ်လုပ်ရပ်အတွက်မှ စိတ်မကောင်းခြင်း၊ နောင်တရခြင်းကို ထုတ်ဖေါ်မပြောဆိုခဲ့သလို ဂျပန်တွေကိုလည်း တောင်းပန်ခြင်း မလုပ်ခဲ့ပါဘူး။ “ ကျုပ်က စစ်ကိုရပ်အောင် လုပ်လိုက်တာ။ လူတွေအချင်းချင်း သတ်နေကြဦးမယ့် စစ်ကိုတားဖို့ လုပ်လိုက်တာပါ ” လို့ ၂၀၀၃ ခုနှစ်က ဒေသသတင်းစာ Columbus Dispatch နဲ့ အင်တာဗျူးမှာ ပြောဖူးပါတယ်။ “ သူ့မှာ တောင်းပန်တာ၊ ငြင်းခုံတာတွေ မရှိဘူးဗျ။ ကျွန်တော်တို့ကလည်း သူ့လုပ်ရပ်ဟာ သန်းပေါင်းများစွာသော အမေရိကန်နဲ့ ဂျပန်လူမျိုးတွေ စစ်ဘေးသင့် သေဆုံးမယ့်အဖြစ်ကို တားဆီးရာ ရောက်မရေ
ာက်ဆိုတာ အငြင်းအခုံ မလုပ်လိုပါဘူး။ ဒါပေမယ့်ဗျာ လူသားတစ်ယောက် အနေနဲ့ သူဘာလုပ်လို့ ဟီယိုရှီးမားမြို့ကြီး ဘာဖြစ်သွားခဲ့တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ လာကြည့်စေချင်တယ် ” လို့ ဂျပန်အခြေစိုက် အနုမြူနှင့် နူကလီးယားဗုံးဆန့်ကျင်ရေးအဖွဲ့ တွဲဘက်ဥက္ကဌ Mr. Nori Tohei (အသက် ၇၉နှစ်) က သတင်းဌါနတစ်ခုကို ပြောပါတယ်။

Paul Tibbets ကိုယ်တိုင်လက်မှတ်ရေးထိုးပေးခဲ့သော သူနှင့်လက်စွဲတော် Enola Gay ဓါတ်ပုံ

Tibbets ဟာ ဗုံးကြဲချအပြီးမှာ လေယာဉ်ကို ၁၅၅ ဒီဂရီလှည့်ပတ်ပျံသန်းရင်း “ မင်းတို့ကို ကမ္ဘာ့ပထမဆုံး A-bomb လေး ကြဲပေးခဲ့ပြီကွာ ” လို့ ကြွေးကြော်ခဲ့တယ်လို့ သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်။ အထူးလျှို့ဝှက်စီမံကိန်းဖြစ်တဲ့ မန်ဟတ်တန် ပရော့ဂျက်မှာ ပါဝင်ခွင့်ရတဲ့ ထိပ်တန်းစစ်အရာရှိအနည်းငယ်ထဲမှာ Tibbets ဟာ ရေတပ်အရာရှိ William နဲ့အတူပါဝင်ခွင့်ရခဲ့ပါတယ်။ ဟီယိုရှီးမား ကို ဗုံးကြဲအပြီး ၃ ရက်အကြာမှာ နာဂါဆာကီမြို့ပေါ်ကို နောက်ထပ်တစ်လုံးထပ်ကြဲပြီး လူ ၄ သောင်းခန့်ကို ပျက်စီးစေပြန်ပါတယ်။ အကျိုးဆက်အနေနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ဂျပန်တွေ အကြွင်းမဲ့လက်နက်ချပြီး စစ်ကို အဆုံးသတ်စေခဲ့ပါတယ်။ စိတ်မကောင်းပါဘူးလို့ တဖွဖွပြောနေပေမယ့် စစ်နိုင်တဲ့အတွက် ဂုဏ်ယူနေတဲ့ အမေရိကန်တွေဟာ ၁၉၇၆ ခုနှစ် တက္ကဆက်ပြည်နယ် လေကြောင်းသရုပ်ပြပွဲမှာ ဟီယိုရှီးမားကိုဗုံးကြဲတဲ့ပုံစံအတိုင်း မှိုပွင့်ပုံပေါက်ကွဲမှုတစ်ခု လုပ်ပြခဲ့ပါသေးတယ်။ B29 လေယာဉ်နဲ့ပါပဲ။ အပြင်းအထန်ဒေါသထွက်သွားနေတဲ့ ဂျပန်တွေကို အိမ်ဖြူတော်အစိုးရက တရားဝင်တောင်းပန်ခဲ့ရပါတယ်။


၁၉၁၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Tibbets ဟာ အသက် ၁၂ နှစ်အရွယ်မှာ ကတည်းက လေယာဉ်မောင်း နေခဲ့ပေမယ့် သူ့မိဘတွေက ဆရာဝန် ဖြစ်စေချင်တာကြောင့် ဆေးကျောင်းမှာ နှစ်ရှည်လများ အချိန်ဖြုန်း ခဲ့ရပါသေးတယ်။ ၁၉၃၇ မှာတော့ အမေရိကန် Army Air Corps မှာ စာရင်းပေးပြီး စစ်ထဲဝင်ခဲ့ပါတယ်။ သူဟာ နာဇီတွေနဲ့ တိုက်ခိုက်တုန်းကလည်း ဥရောပတိုက်မကြီး၊ အင်္ဂလန်နဲ့ အယ်လ်ဂျီးရီးယား ဒေသတွေပေါ်မှာ ကြိမ်ရေများစွာ ပျံသန်းတိုက်ခိုက်ပေးခဲ့ပါသေးတယ်။ ၁၉၄၃ မှာ သူ့ကို ပြဿနာထွေတဲ့ B29 ဗုံးကြဲလေယာဉ် မောင်းနှင်ဖို့ စမ်းသပ်ကြပြီး ၁၉၄၄ မှာ လက်ရွေးစင် လေယာဉ်မောင်းဖြစ်လာခဲ့ပါတယ်။ ၁၉၄၅ သြဂုတ်လ ၅ ရက်နေ့မှာ သမ္မတ ထရူးမင်းက ဂျပန်ကို ဗုံးကြဲဖို့အမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပြီး အဲဒီနေ့လယ်ခင်းမှာပဲ ဗုံးကြဲလေယာဉ်ကို Tibbets မောင်းရမယ်လို့ သူကိုယ်တိုင် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

သူတာဝန်က အနားယူချိန် ၁၉၆၆ မှာ ဗိုလ်မှူးချုပ်ရာထူးရယူထားခဲ့ပါတယ်။ ၁၉၇၀ မှာ Executive Jet Aviation ( All-jet Air Taxi Service ) မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၈၂ မှာ ဘုတ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်လာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဒုတိယဇနီးနဲ့ သားသုံးယောက်ကျန်နေခဲ့ပြီး သူဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လူကြီးရောဂါမျိုးစုံကို ခံစားနေခဲ့ရပါတယ်လို့ သူ့မိတ်ဆွေအရင်းအချာတစ်ယောက်က ပြောပါတယ်။ “ သူသေရင် အသုဘ အခမ်းအနားမလုပ်ပါနဲ့တဲ့။ နောက်ပြီး အုတ်ဂူလေး၊ မှတ်တိုင်လေးတွေလည်း မလုပ်စေချင်ဘူးတဲ့။ လူတွေ လာလာပြီး ဆန္ဒပြကြမှာ စိုးလို့တဲ့လေ ” လို့ သူ့မိတ်ဆွေက ဆက်ပြောပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကတော့ သူသေရင် သူ့ပြာတွေကို အင်္ဂလိပ်တူးမြောင်းပေါ်မှာ ကြဲချပေးဖို့ ပြောဖူးပါသေးတယ်။ အဲဒီနေရာဟာ စစ်အတွင်းက သူ လေသူရဲဝတ်စုံကြီး အပြည့်အစုံဝတ်ပြီး ခက်ထန်တဲ့စိတ်နဲ့ ပစ်မှတ်ဆီပျံသန်းနေရင်းမှာတောင် မကြည့်ဘဲမနေနိုင်အောင် စွဲဆောင်နိုင်ခဲ့တဲ့ လှပလွန်းတဲ့နေရာပါလို့လည်း အမှတ်တရပြောသွားခဲ့ပါတယ်။

ဒါကတော့ မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ဘယ်သူတွေ ဘယ်လောက်လက်ညှိုးထိုးထိုး မပြောင်းမလဲ ရပ်တည်ခဲ့တဲ့ လေသူရဲကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းအကျဉ်းပါ။ ကျွန်တော်တို့လည်း ကိုယ့်လုပ်ရပ်အတွက် အတွက်အခုလို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရအောင်။

ဝန်ခံချက်။ ။ Nov 3, 07 နေ့ထုတ် Today သတင်းစာပါ “A-bomb pilot had no regrets till dying day” ဆောင်းပါးကို မှီငြမ်း ရေးသားပါသည်။

5 comments:

NayPhoneLatt said...

ကြောက်အောင် ခြောက်လှန့်ပြီး စစ်ပွဲတွေကိုရပ်အောင်လုပ်မယ်ဆိုရင်တော့ စစ်ပွဲတွေရပ်သွားတာမျိုးမဟုတ်ပဲ စစ်ပွဲတွေတန့်သွား တာမျိုးကိုပဲ ရမယ်ထင်ပါတယ် ...။

Moe Hlaing Nya said...

ဟီရိုရှီးမားနဲ့ နာဂါစကီဟာ
ဂျပန်စစ်ရေးရဲ့အရေးကြီးတဲ့မြို့တွေ
မဟုတ်ဖူးလို့ ကျွန်တော်ဖတ်ဖူးတယ်အစ်ကို
အရပ်သားအများစုသေဆုံးခဲ့ရမှုကြောင့်
ဗုံးကြဲတဲ့လုပ်ငန်းစဉ်ဟာရက်စက်လွန်းပါတယ်...။
ဗုံးကြဲတဲ့အတွက်ဖက်ဆစ်စစ်ရာဇ၀တ်ကောင်တွေဟာ
စစ်ပွဲကို အရှိန်မြှင့်ဖို့ ခုခံစစ်တွေမှာ ဂျပန် တွေအနေနဲ့
ရဲရင့်ပြောင်မြောက်စွာ အသေခံဖို့ စည်းရုံးခိုင်းစေကြပါတယ်
ဂျပန်ကုန်သည်ကြီးတွေ စုပေါင်းပြီး ဘုရင့်ကိုယ်ရံတော်တွေ
ကိုကွန်မန်ဒိုနဲ့ ၀င်တိုက် စစ်ဗိုလ်ချုပ်တွေဆီက အသေးစား
အာဏာသိမ်းမှုလုပ်ပြီး ဘုရင့်ကိုအခြေအနေမှန် တင်ပြမှ ဘုရင်ကလက်နက်ချတာလို့ ဖတ်ရဖူးတယ် အစ်ကို
အမေရိကန်ဟာစစ်နိုင်မှန်းသိရက်နဲ့ အနူမြူဘုံးကျဲတာဟာ ကွန်မြူနစ် အန္တရာယ်ကို ချိန်းခြောက်လိုက်တာပါ ဘာလင်ကို မသိမ်းခင်ကတည်း က စစ်အေးစနေပါပြီ....ဗုံးကြဲတဲ့အတွက် သူကနောင်တ မရပေမယ့် အိုင်စတိုင်းက နည်းလမ်းပေးမိတဲ့အတွက် တောင် သူမှားတယ်လို့ဝန်ခံ ဖူးပါတယ်..ကျွန်တော်က
ဝါသနာပါလို့ ကွန်မန့်တောင်များသွားတယ် အစ်ကို

Anonymous said...

ကိုယ့်အမှားကိုသေသည်အထိ ဝန်ခံမသွားတဲ့ခေါင်းမာသူတစ်ယောက်ပါ။

Anonymous said...

ဒီပို့စ်လေးတွက် ကျေးဇူးပဲ မောင်ပွတ် ။

ဒါနဲ့ ဆီဗုံးတွက် ဘုတ် လုပ်ခဲ့တယ်နော်း)

Anonymous said...

ဟီရိုရှီးမားကို ဗုံးကြဲတဲ့အချိန်မှာ အမေရိကန်သမ္မတက ဘယ်သူလဲမသိဘူး?