Monday, July 2, 2007

လတ်ဆတ်ခြင်း၊ ဆေးဖြစ်ဝါးဖြစ်နှင့် မြို့ပြမုဆိုးများ

တိရစ္ဆာန်မျိုးစုံရဲ့ အသွေးအသားကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းနဲ့ ဆေးဝါးအနေနဲ့ ရှာရှာကြံကြံ စားသောက်ခြင်းဟာ တကယ်ပဲ လူတွေကို အကျိုးရှိစေသလားဆိုတာ စဉ်းစားဖို့လိုနေတယ်လို့ ထင်ပါတယ်။ ဖက်ရှင်တစ်ခု အနေနဲ့စားသောက်နေကြတာတွေလည်း ရှိပါသေးတယ်။ ဒီလိုအလုပ်တွေကို အရင်က အမေရိကန်နဲ့ မြောက်အမေရိက၊ ကိုရီးယားကျွန်းစုတွေနဲ့ ဟောင်ကောင်ကျွန်းတဝိုက်မှာပဲ လုပ်လေ့ရှိပါတယ်။ အဲဒီယဉ်ကျေးမှုတွေဟာ အခုဆို ဗမာပြည်မှာပါ ရောက်ရှိနေတာတွေ့ရပါတယ်။ ဘယ်လိုအကျိုးရှိလဲဆိုတာ မသိသာပေမယ့် နည်းမျိုးစုံနဲ့ ဆိုးဆိုးဝါးဝါးသေဆုံးနေကြတဲ့ တိရစ္ဆာန်လေးတွေ အကြောင်းနည်းနည်းတော့ ပြောပြပါဦးမယ်။

ပထမဆုံး ရန်ကုန်သားတွေ ရင်းနှီးနေပြီ ဖြစ်တဲ့ သင်ပေါင်းပိုးကြော်ဆိုင်လေးတွေကို သတိထားမိပါတယ်။ စားတဲ့သူ အရသာရှိအောင် သင်ပေါင်းပိုးအရှင်လေးတွေကို နွားနို့ထဲမှာ လွှတ်ထားပေးပြီး ဝယ်သူလာမှ ဆီပူအိုးထဲ ပစ်ထည့်ကြော်ပေးတဲ့ ဆိုင်လေးတွေကို တရုတ်တန်းမှာ တွေ့ရတတ်ပါတယ်။ စားတဲ့လူရော ကြော်တဲ့လူရော ကိုယ်ချင်းစာတတ်ရင် သင်ပေါင်းပိုးနေရာဝင်ပြီး ငါသာဆီပူအိုးထဲ အရှင်လတ်လတ်ကျရင် ဆိုပြီး တွေးကြစေချင်ပါတယ်။

နောက်တစ်ခုကတော့ မြွေသွေးသောက်ကြတာပါ။ မြွေကို ကြိုးနဲ့စောက်ထိုးချိတ်ထားပြီး သောက်မယ့်လူလာမှ ဓါးနဲ့ခွဲပြီး သွေးကို ခွက်နဲ့ခံသောက်တတ်ကြပါတယ်။ ပုံပြင်တွေထဲက အသားစားကြူးတဲ့ ဘီလူးဆိုတာတွေလည်း အဲဒီလိုပဲထင်ပါရဲ့။ ကင်ဆာရောဂါသည် အများစု သောက်သုံးကြရတယ်လို့ ကြားဖူးပါတယ်။ ဗမာပြည်မှာတော့ ရောင်းတယ်လို့ မကြားမိသေးပါဘူး။

မြွေနဲ့ပတ်သတ်ပြီး အခြားသော ရက်စက်တဲ့ သတ်နည်းမျိုးတွေ ရှိပါသေးတယ်။ ဥပမာ - တရုတ်ရိုးရာ မြွေအရက်တွေကိုကြည့်ရင်သိသာပါတယ်။ Lab တွေက Test Tube လို အဝကျင်း ကိုယ်ထည်အတော်ကျယ်တဲ့ ဖန်အိုးကြီးတွေအထဲမှာ မြွေအရှင်တွေကို အရက်နဲ့စိမ်ပြီး ထည့်သတ်ထားပါတယ်။ အဲဒီအရက်ကို သောက်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် စတဲ့ စွဲဆောင်ချက်တွေကြောင့် အမျိုးသားအများစု နှစ်နှစ်ခြိုက်ခြိုက် သောက်နေကြပါတယ်လို့ တရုတ်မဂ္ဂဇင်းတွေမှာ ဖေါ်ပြလေ့ရှိပါတယ်။

မက္ကဆီကိုက မြွေအရက်ကတော့ တမျိုးပါ။ ပါးပြင်းကြီးကြီးထောင်တတ်တဲ့ မြွေဟောက်ကြီးကို ခုနလို အရက်အပြည့်ထည့်ထားတဲ့ ဖန်အိုးကြီးထဲ ခေါင်းစိုက်ထည့်ပြီး ကိုယ်ထည်ကို ဒေါသဖြစ်အောင် ဆွပေးပါတယ်။ ဒေါသကြီးလာတဲ့ မြွေကြီးက ဖန်အိုးနဲ့အပြည့် ပါးပြင်းကြီးထောင်လာတဲ့ အချိန်မှာ မြွေကြီးကို သတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ ဖန်အိုးကြီးထဲမှာ ပါးပြင်းထောင်ထားတဲ့ မြွေကြီးကို အရက်နဲ့စိမ်ထားသလိုဖြစ်ပြီး သိပ်ရောင်းကောင်းတယ်လို့ သိရပါတယ်။ အရက်ကိုသောက်ဖို့ထက် အလှထားချင်တဲ့လူ ပိုများပါတယ်။

နောက်တစ်ခုကတော့ အများကြားဖူးပြီးသား ငါးမန်းတောင်နဲ့ ငါးမန်းသွေးသောက်တာပါ။ ဆိုင်တွေမှာတော့ သေပြီးသားငါးမန်းတွေရဲ့ အတောင်တွေကို ဝယ်သိမ်းထားပြီးရောင်းတာ များပါတယ်။ သင်္ဘောသားတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဖမ်းမိတဲ့ ငါးမန်းကို ချိတ်ကြီးနဲ့ ချိတ်ပြီးတာနဲ့ မြွေသွေးသောက်သလိုပဲ ငါးမန်းတောင်ကို လွှနဲ့ဖြတ်ပြီး သွေးတွေကို ချက်ချင်းစုတ်သောက်လေ့ ရှိပါတယ်။ အဲဒီအချိန်မှာ ငါးမန်းသွေးတွေဟာ ခပ်နွေးနွေးရှိနေတုန်းပဲလို့ ပြောကြပါတယ်။

ဂျပန်တွေကတော့ ဆာရှိမိ လို့ခေါ်တဲ့ အရိုးမပါတဲ့ သြဇီငါးမျိုးကို အစိမ်းစားကြပါတယ်။ ဒါပေမယ့် ငါးကတော့ အသေပါ။ အရိုးနည်းနည်းပဲပါတဲ့ အဲဒီငါးကို ခဲဖျက်လိုအတုံးလေးတွေတုံး၊ ယမ်းပါတဲ့ အချဉ်တမျိုးနဲ့တို့ပြီး ချက်ချင်းစားရပါတယ်။ သွေးပေါင်ချိန်အားကောင်းတယ်လို့ ဆိုပါတယ်။

အရင်က ခေတ်စားတဲ့ မျောက်ဦးနှောက် ဖေါက်စားတဲ့အလုပ်ကတော့ တိမ်ကောခဲ့ပြီ ဖြစ်ပါတယ်။ မျောက်အရှင်ကို မလှုပ်နိုင်အောင် တုပ်နှောင်ထားပြီး ခေါင်းပဲဖေါ်ထားတဲ့ ခုံထဲထည့်ထားပါတယ်။ စားမယ့်လူလာမှ အရှင်လတ်လတ် ခေါင်းကိုဖေါက်စားကြတဲ့ ဓလေ့က အာဖရိကဘက်က ကူးစက်ခဲ့ဟန်ရှိပါတယ်။

ဗမာပြည်က တောနယ်ဘက်မှာ မျှော့စားတဲ့အလေ့အထလည်း ရှိပါသေးတယ်။ သွားရင်းလာရင်း ရလာတဲ့ မျှော့တွေကို အိတ်၊ ပလိုင်းတို့မှာ ထည့်ထားပါတယ်။ ပြီးတော့ နွားတလင်းထဲကို နွားကိုအလွှတ်၊ မျှော့ကိုလည်း တလင်းထဲထည့်ပေးလိုက်ပါတယ်။ အဲဒီမျှော့တွေက နွားကိုတွယ်ပြီး သွေးဝလို့ ဖောင်းလာရင် အလိုလိုကွာကျ သွားပါတယ်။ အဲဒီတော့မှ ကောက်ယူပြီး အဆင်သင့်တည်ထားတဲ့ ရေနွေးအိုးထဲ အရှင်လတ်လတ် ပစ်ထည့်လိုက်ကြပါတယ်။ ခနနေရင် ပြန်ဆယ်ပြီး ဓါးနဲ့မျှော့ကိုခွဲထုတ်ကာ အထဲက ခဲသွားတဲ့ နွားသွေးခဲကို စားကြပါတယ်။ စိတ်ပျက်စရာပါပဲ။

ဘယ်လိုပဲ အရသာရှိတယ်ပြောပြော၊ ဆေးဘက်ဝင်တယ်ပြောပြော၊ ကိုယ့်အတွက်နဲ့ အသက်တစ်ချောင်းကနေ မရေမတွက်နိုင်တဲ့ တိရစ္ဆာန်လေးတွေ သေဆုံးနေကြရတာတော့ သိပ်တရားနည်းလမ်း မကျသေးဘူး ထင်ပါတယ်ဗျာ။ သေပြီးသားအသားကို ဈေးကဝယ်စားတာနဲ့ အရှင်လတ်လတ်စားနေတာတွေက အဓိပ္ပါယ်ခြင်းကွာဟလှပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အရှင်လတ်လတ် သတ်ဖြတ်စားသောက်တာကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါကြောင်း …

3 comments:

Anonymous said...

I agree with this too.. It is a nice post, မောင်ပွတ်.. Keep it up.. =)

နိုင်းနိုင်းစနေ said...

သက်သပ်လွတ်စားဖြစ်အောင် ကြိုးစားနေတယ်
ခုထိ မစားဖြစ်သေးပေမယ့် အသားတော့ အစားနည်းတယ်..
ဟီး..ဟီး.. ခြေလေးချောင်း ကုတင်ရယ် ခုံရယ်က လွဲရင်ပေါ့.

Hteink Min said...

ဟားဟား .. မလွယ်ပါလားဗျာ.. မျှော့တောင် မနေရပါလား။ တရုတ်ပြည်က လူတွေ တော်တော်ဆိုးတယ်ဗျ.. ကင်းမှီးကောက် အကောင်ကိုတောင် ကြော်ထားသေးတယ်။ ကျွန်တော်တောင် တောကြောင်လားမသိဘူး စားဖူးတယ်။ တောကြောင်စားဖို့ မှာနေတုန်း စားပွဲဘေးနားက ကြောင်တစ်ကောင် ဖြတ်သွားတယ်ဗျ... အစားအသောက်လာချတော့ ဘေးဘီကြည့်တော့ ကြောင်မရှိတော့ဘူး။ ကျွန်တော်ဖြင့် စားသာစားနေရတယ် မျိုမကျဘူး။ တော်သေးတယ် စားပြီးသွားတော့ ကြောင်က ပြန်ရောက်လာတယ်။ စားဖိုးမှုးတွေများ ကျွန်တော်တို့ စားဖို့ အတွက် အိမ်မွေးကြောင်ကို နုတ်နုတ်ဆင်းလိုက်ပြီး ထင်နေကြတာဗျ.