Wednesday, October 24, 2007

T3 ၊ A380 ၊ လီကွမ်ယူး၊ ဂျော့ရီယို နှင့် မှတ်ချက်တစ်ခု

စင်ကာပူ ချန်ဂီလေဆိပ်ရဲ့ လေယာဉ်ချဉ်းကပ်ဂိတ် အမှတ် ၃ ( Terminal 3 ) ကို လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ဖို့ ရှိပါတယ်။ အခု T3 ဟာ လေဆိပ်အဆောက်အအုံကို ဗဟိုပြုပြီး Terminal 2 နဲ့ ဆန့်ကျင်ဘက် အနေအထားမှာ ရှိပါတယ်။ စင်ကာပူဒေါ်လာ ၁.၇၅ ဘီလျံအကုန်အကျခံပြီး တည်ဆောက်ထားတဲ့ ဒီအဆောက်အဦးဟာ စတုရန်းမီတာ သုံးသိန်းရှစ်သောင်း ကျယ်ပြီး တစ်နှစ်ကို ခရီးသည် သန်း ၇၀ အဝင်အထွက်လုပ်ပေးနိုင်ပါတယ်တဲ့။ မြေပေါ် ၄ ထပ်၊ မြေအောက် ၃ထပ်၊ စုစုပေါင်း အထပ် ၇ ထပ်မှာ မြို့ငယ်လေးတစ်မြို့လို လိုအပ်တာမှန်သမျှ ဖြည့်သွင်းထားပြီး တကယ်လို့ သင်ဟာ လေယာဉ်အဆင်းအတက်လေးတွေကို ခံစားချင်သူဆိုရင် မြေပေါ် ၄ လွှာရဲ့ ခေါင်မိုးပေါ်ကနေ ခံစားနိုင်ပါသေးတယ်။ ဒီ T3 ရဲ့ အဓိက အားသာချက်ကတော့ ထူးခြားခေတ်မီတဲ့ အမိုးတွေပဲဖြစ်ပါတယ်။ သဘာဝအတိုင်း ဘာမှမရှိလို့ အမြဲတမ်းပြုပြင်ဖန်တီးရလေ့ရှိတဲ့ စင်ကာပူတွေဟာ နေရောင်ခြည်ကိုတော့ မရ ရတဲ့နည်းနဲ့ အဆောက်အဦးထဲကို သွင်းမှာဖြစ်ပါတယ်။ နေရောင်ခြည်ကျရောက်နေတဲ့ အနေအထားကိုကြည့်ပြီး ရောင်ပြန်ပြားလေးတွေက လေဆိပ်ထဲကို နေရောင်ရအောင် အလိုအလျောက် ရွှေ့ပြောင်းပေးမှာပါတဲ့။ ဒါပေမယ့် ပြင်ပကလို နေပူကြီးထဲ လမ်းလျောက်နေရသလိုဖြစ်မှာမဟုတ်ဘဲ နူးညံ့ပြီး နွေးထွေးတယ်ဆိုရုံလေးနဲ့ သဘာဝအလင်းရောင်ကို အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ Vertical Garden လို့ ခေါ်တဲ့ အထပ်ငါးထပ်အမြင့်နဲ့ မီတာ ၃၀၀ ရှည်တဲ့ ဥယျာဉ်ကြီးပါ။ ခရီးသည်တွေအနေနဲ့ သူတို့ရဲ့ Luggage အိတ်တွေထွက်လာတာကို စောင့်နေရတာနဲ့ မတူဘဲ ဓါတ်ပုံရိုက်ဖို့ အချိန်ပေးထားတာနဲ့ တူမှာပါလို့ ဆိုပါတယ်။

ထူးခြားတဲ့အမိုး၊ Vertical Garden နဲ့ လေဆိပ်တွင်း အခင်းအကျင်း

စင်ကာပူအနေနဲ့ တစ်စင်းပဲ ဝယ်ရသေးတဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ အကောင်းဆုံး A380 Airbus လေယာဉ်ကြီး ၈ စင်းလည်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ T1 နဲ့ T2 ကိုသွားချင်သူတွေအတွက် သုံးနေကျ Sky Train လေးတွေရှိမှာဖြစ်ပြီး အဲဒီမှာတော့ ထူးထူးခြားခြားတင်ဆက်ထားတာ မရှိပါဘူး။ ဒါတွေကတော့ Terminal 3 ရဲ့ အချက်အလက်လေးတွေဖြစ်ပြီး ဒီလိုခမ်းနားလှတဲ့ လေဆိပ်ကြီးကို မနေ့က စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပါတယ်။

လီကွမ်ယူး (ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်စဉ်က)

လက်ရှိဝန်ကြီးချုပ်ထက်ပိုပြီး ရိုသေခံရတဲ့ ခေါင်းဆောင်ကြီးဟာ အဆောက်အဦးအသစ်ကို လှည့်ပတ်ကြည့်အပြီးမှာ “ သိပ်ကောင်းပါတယ်။ ခေတ်မီတယ်၊ အဆင်ပြေတယ်၊ နောက် ရင်သပ်ရှုမောစရာပါ။ စင်ကာပူဟာ ခရီးသွားတွေကို ဆွဲဆောင်ဖို့နဲ့ ပြိုင်ပွဲရဲ့ နောက်ထပ်အဆင့်တစ်ခုကို ရောက်ခဲ့ပါပြီ ” လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ “ ပြိုင်ပွဲဆိုတာမျိုးက အဆုံးမရှိဘူးဗျ။ ဒီနေ့ ကျုပ်တို့ Terminal အသစ်တစ်ခု ဆောက်လိုက်တယ်၊ နောက်နေ့မှာ အခြားတစ်ယောက်က လေဆိပ်သစ်ကြီးတစ်ခု ဆောက်နေလောက်ပြီ … ဒါမှမဟုတ် လေဆိပ်အဟောင်းကိုပဲ Terminal တွေ တိုးချင်တိုးနေမှာပေါ့ ” လို့ သတိပေးပြောဆိုလိုက်ပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ အမြော်အမြင်ကို ပြလိုက်ပါတယ်။ “ ပြိုင်ပွဲဆိုတဲ့နေရာမှာ ကျုပ်တို့ဟာ ဘယ်လိုနေရာမျိုးမှာ ရှိလဲ၊ ဘယ်လို လေကြောင်းလိုင်းတွေ၊ ခရီးသည်တွေကို စွဲဆောင်ထားပြီလဲ ဆိုတာက အဓိကပါ။ သူတို့တွေက ခုလိုအဆောက်အဦးအသစ်တွေ အမြဲဆောက်လုပ်နေဖို့အတွက် သော့ချက်တွေပဲပေါ့ ” ဆက်ပြောပါတယ်။ ဒါ့အပြင် လေဆိပ်မှာ ပြင်ဆင်ထားတဲ့ တစ်လုံးကို စင်ကာပူဒေါ်လာ ၈၀၀ တန်တဲ့ ဆိုဖာထိုင်ခုံအလုံး ၃၀၀၀ ဟာ တန်ဖိုးနဲ့ညီမျှတဲ့ အကျိုးရလဒ်ရော ရှိရဲ့လားလို့ မေးခွန်းထုတ် ထောက်ပြသွားပါတယ်။

အဲဒီနောက်မှာတော့ ဒီရက်ပိုင်း စင်ကာပူတွေ သိပ်ဂုဏ်ယူနေတဲ့ A380 လေယာဉ်ကြီးပေါ်အထိ အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ လီကွမ်ယူးက တက်ရောက်လေ့လာပါသေးတယ်။ အားလုံးလှည့်ပတ်ကြည့်အပြီးမှာ “ လေယာဉ်ကြီးကတော့ အံ့မခန်းပါပဲလားဟေ့။ ဒါပေမယ့် Emirates လေကြောင်းက ၄၅ စီးမှာထားတယ်ဆိုတာလည်း မေ့မထားကြပါနဲ့။ သူတွေဟာ ကျုပ်တို့ကို နမူနာကြည့်ပြီး ကျုပ်တို့ရဲ့အားသာချက်တွေကိုယူ၊ သူတို့ဖာသာ တိုးတက်အောင် လုပ်သွားကြလိမ့်မယ်။ မေးခွန်းထုတ်စရာမလိုတဲ့ ဒီစိန်ခေါ်မှုအတွက် စင်ကာပူတွေ ပြင်ဆင်ထားကြပါ ” လို့ စင်ကာပူကို တံငါရွာဘဝက ဆွဲတင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကပြောပါတယ်။ တချိန်က ပင်လယ်ဘေးမှာ တဲကလေးတွေထိုး၊ ငါးမျှား၊ အနီးအနားလိုက်ရောင်းနေရတဲ့ မလေးရှားနယ်ပိုင် စင်ကာပူကို အခုလို ကမ္ဘာ့ပထမဆုံးဆိုတဲ့ အလုပ်တွေ၊ ကမ္ဘာ့ အကောင်းဆုံးဆိုတဲ့ အရာဝတ္ထုတွေ ရောက်လာအောင် ဖန်တီးပေးခဲ့ပါပြီ။ သူဝန်ကြီးချုပ်ဖြစ်ခါစက အားကျခဲ့တဲ့ ဒေသတွင်းပြိုင်ဘက်ဟောင်း ဗမာပြည်အတွက် သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးပေးတဲ့ မှတ်ချက်ကလည်း ငြင်းရခက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး George Yeo (ဘယ်ဘက်)

အခြားဒေသတွင်း နိုင်ငံတွေ ရှေ့ဆက်ချီတက်နေကြတုန်းမှာ ဗမာပြည်က နောက်ပြန်ဂီယာကြီးနဲ့လေ ” လို့ စင်ကာပူမှာ ၂ ရက်ကြာကျင်းပနေတဲ့ Asian Globalization Conference ကို အောက်တိုဘာ ၂၂ ရက်နေ့က လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားလိုက်တာပါ။ ကဲ … တံငါသည်တွေကတော့ တို့ကို ပြောကုန်ပြီ။

တချိန်က စင်ကာပူ

7 comments:

MELODYMAUNG said...

လာလည်တယ် လာဖတ်တယ်ဝေးးး ခြေရာချန်ချင်လို့ ကွန့်မန့်မှာပဲ ၀င်ရေးသွားတယ် ဆီဗုံးမတပ်သေးဘူးလားဝေးးးး :)

KPZ said...

အဲဒီ့လေယာဉ်ကွင်းကြီးသာတို့နိုင်ငံမှာဆိုဘယ်လောက်ကောင်းမလဲနော်...

နှင်းပွင့်ဖြူ said...

လေယာဉ်ပျံ တီထွင်ခဲ့တဲ့သူတွေကိုလည်း မုန်းတယ်.....

မင်္ဂလာဒုံ လေဆိပ်က ခုံတွေကိုလည်း မုန်းတယ်....

လေယာဉ်ပျံ ကိုမုန်း၇တာ လေယာဉ်ပျံက ခေါ်ဆောင်သွား...

လေဆိပ်ကခုံတွေကတော့ ငါ့မျက်ရည်အတွက် သက်သေ...

<(^_^ )>

NayPhoneLatt said...

ဝေး မောင်ပွတ် ... သေချာမှတ်လာခဲ့ သူတို့ရဲ့အိုင်ဒီယာတွေ ... တစ်နေ့ ငါတို့ အကောင်အထည်ဖော်ခွင့်မရဘူးလို့ ဘယ်သူပြောမလဲ ... ဟဲ ဟဲ ဟဲ

little moon said...

အဲငှယ် ... တစ်ချိန်က ဒို့များရဲ့ မင်္ဂလာဒုံလေယာဉ်ကွင်းကြီးဟာ အရှေ့တောင်အာရှမှာ ခေတ်အမီဆုံး အကောင်းဆုံးပါကွယ်။ တစ်ခုပဲပြောစရာရှိတယ် သူများတွေက စဉ်ဆက်မပြတ် တိုးတက်သွားပြီး တို့များက အိပ်ပျော်ပြီးကျန်ခဲ့တာ တစ်ခုပါပဲ။ အရှေတောင်အာရှရဲ့ လေကြောင်းပျံသန်းမှု Hub ဟာ ဘန်ကောက်မဟုတ်ပဲ မင်္ဂလာဒုံဖြစ်ဖို့ အခွင့်အရေးရှိခဲ့ဖူးပါတယ်ကွယ်။ ဒို့များက အရမယူနိုင်ခဲ့တာကိုး ....

Unknown said...

အင်း ... အကိုကတော့ အဲဒီလေဆိပ်ကြီး ဖွင့်တော့မှာကို ကြောက်နေတယ်။ ဖွင့်တာနဲ့ အလုပ်ပိုများတော့မှာလေ။

phoe thu taw said...

glad to read your post.We'll be later.we must try it.