Wednesday, January 23, 2008

မေမေ့အတွက် ၂၄ နှစ်

လွန်ခဲ့တဲ့ ၂၄ နှစ်က အခုလိုပဲ အေးမြမြ ဇန်နဝါရီလ မနက်ခင်းတစ်ခုမှာ မိခင်တစ်ယောက်ဟာ ရန်ကုန်အလုပ်သမား ဆေးရုံကြီးရဲ့ ခွဲစိတ်ခန်းအတွင်းမှာ ရှိနေခဲ့ပါတယ်။ ဘုရားစာတွေ တတွတ်တွတ်ရွတ်နေရင်းကနေပဲ မေ့ဆေးအရှိန်ကြောင့် ခွဲစိတ်ကုတင်ပေါ်မှာ ခတ္တမျှ မေ့မြောသွားခဲ့ပါတယ်။ နောက်ထပ် တစ်နာရီသာသာမှာတော့ ခွဲစိတ်ဆရာဝန်ကြီးတွေဟာ မိခင်တစ်ယောက် ဆယ်လတာမျှ ဝမ်းနဲ့လွယ်လာရတဲ့ ရင်သွေးငယ်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးလိုက်နိုင်ပါတယ်။

တစုံတရာရဲ့ အတွင်းမှာ ကျွန်တော် အချိန်အတော်ကြာ ပိတ်လှောင်မိနေရာကနေက အေးမြပြီး အသံတွေ ဆူညံနေတဲ့ နေရာတစ်ခုကို ရောက်သွားတယ်။ ပထမဆုံး ကျွန်တော် အသေအချာကြားလိုက်တာက “သားလေး” ဆိုတဲ့ အသံတစ်ခုပါ။ ကျွန်တော့် ကျေးဇူးရှင် မိခင်လို့ မသိခင်ကတည်းက ကျွန်တော်ချစ်လာရတဲ့ မေမေ့အသံပါပဲ။ အရပ် တစ်ပေကျော်ကျော်လေးပဲ ရှိတဲ့ ကျွန်တော့်ကို အဝတ်ဖြူဖြူလေးနဲ့ ထုပ်ပိုးပြီး မေမေ့ဘေးမှာ ထားပေးတယ်။ ကျွန်တော့် တကိုယ်လုံး မျက်နှာလေးပဲ မြင်ရပေမယ့် မေမေက မျက်ရည်တွေကျပြီး ကျွန်တော့်ဘက်ကို ငဲ့စောင်းကြည့်နေတယ်။ ဒါပေမယ့် မေမေပြုံးပြီး “သားလေး” လို့ တဖွဖွခေါ်နေတာကို ကျွန်တော်မှတ်မိနေသေးတယ်။ ဝမ်းဗိုက်ကို ခွဲစိတ်ထားလို့ ကျွန်တော့်ဘက် အပြည့်လှည့်မနေပေမယ့် မျက်လုံးတွေကတော့ ကျွန်တော့်ကိုပဲ အမြဲစိုက်ကြည့်နေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်မေမေ့ကို ချစ်တာက ကျွန်တော့်ကို အမြဲတမ်း ထွေးပွေ့ထားလို့ရယ်၊ ကျွန်တော်ဗိုက်ဆာတိုင်း မိခင်နို့ရည် တိုက်ကျွေးလို့ရယ်ပါ။ အလိုမကျတာရှိလို့ အော်ငိုတိုင်း မေမေက ချီပိုးပြီး ကျေနပ်အောင် ချော့သိပ်ခဲ့ပါတယ်။ ကျွန်တော်ကြက်ညှာချောင်းဆိုးဖြစ်တော့လည်း မေမေ့မှာ နားရတယ်ကို မရှိအောင် ကျွန်တော်အသက်ရှည်ဖို့ ပင်ပန်းခဲ့ပါတယ်။ အသက် ၆ နှစ်လောက်မှာ TB ဖြစ်တော့လည်း မေမေ့မှာ အသက်မရှူနိုင်လောက်အောင် စိတ်ပူပင်ပန်းခဲ့ရသလို ငွေကြေးအကုန်အကျလည်း များခဲ့ရပြန်ပါတယ်။ ကျောင်းနေအရွယ်ရောက်ပြန်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး မျက်နှာမငယ်ရအောင် ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ရွေးချယ်အပ်နှံ ပညာသင်စေခဲ့ပါတယ်။ အဲဒီအချိန်တွေအများစုမှာ ဖေဖေက ပြည်ပရောက်နေခဲ့လို့ ကျွန်တော့်အားကိုးရာ၊ အရိပ်အာဝါသဟာ မေမေပဲဖြစ်ခဲ့ပါတယ်။

ကျွန်တော်မှတ်မိသေးတယ်။ ကျွန်တော်ကျောင်းနေတဲ့ အရွယ်မတိုင်ခင်တုန်းကဆို ညနေဘက် မေမေရုံးကပြန်လာတာကို အိမ်အဝင်ဝ လှေခါးလေးကနေ ထိုင်ထိုင်စောင့်နေဘူးတယ်။ မေမေက အချဉ်ရည်နဲ့ တို့စားရတဲ့ အားလူးပြုတ်လေးတွေ၊ ငါးမုန့်ကြော်တွေ၊ ဒါမှမဟုတ် ဆေးရောင်ခြယ်ရတဲ့ စာအုပ်လေးတွေ ဝယ်ဝယ်လာတတ်လို့လေ။ ဘာမှဝယ်မလာတဲ့နေ့ဆိုရင်လည်း ကျေနပ်အောင် ချော့မော့တတ်တယ်။ ခရစ္စမတ်နေ့ဆိုရင် ခြေအိတ်သေးသေးလေးတွေထဲမှာ ချောကလက်လေးတွေ၊ အရုပ်သေးသေးလေးတွေကို ထည့်ပြီး ကျွန်တော်တို့ ခုတင်ခြေရင်းမှာ၊ ဒါမှမဟုတ် လွယ်အိတ်လေးတွေထဲမှ ထည့်ထားပေးပြီး ခရစ္စမတ်ဘိုးဘိုးကြီး ပေးသွားတာဆိုပြီး လက်ဆောင်ပေးတတ်တယ်။ တချို့စနေ၊ တနင်္ဂနွေတွေမှာ အိမ်နားက ပန်းခြံတွေ၊ အမျိုးအိမ်တွေကိုလည်း အလည်အပတ်လိုက်ပို့တတ်သေးတယ်။

ကျွန်တော်တို့မှာ ညီအစ်ကို သုံးယောက်ရှိတယ်။ သုံးယောက်လုံးကို နှစ်ခြားပြီး ဇန်နဝါရီလမှာပဲ ဗိုက်ခွဲ မွေးခဲ့ကြတာဖြစ်တယ်။ မေမေ့ဗိုက်က ချုပ်ရိုးရာ သုံးကြောင်းက အောင်ပွဲရစစ်သူကြီး ခန္ဓာကိုယ်က အမာရွတ်တွေလို သားတွေအတွက် အသက်စွန့်ရဲတယ်ဆိုတာကို သက်သေပြနေပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်တို့ သုံးယောက်မွေးနေ့တွေကို ကိုကြီးမွေးနေ့ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာ စုပြီးလုပ်ဖြစ်တယ်။ (ညီလေးက ၅ ၇က်နေ့လေ) သားသုံးယောက်ရဲ့ သူငယ်ချင်းတွေနဲ့ အမျိုးတွေအများကြီးအတွက် အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ စတာတွေကို မပင်မပန်း ဒိုင်ခံချက်ပြုတ်ကျွေးတတ်တယ်။ ကျွန်တော်တို့ လက်ဆောင်တွေကို အားပါးတရဖေါက်ကြည့်နေချိန်မှာတော့ မေမေက ဆေးပြီးသား ပန်းကန်ခွက်ယောက်တွေကို အဝတ်ခြောက်တစ်ခုနဲ့ သုတ်ရင်း ခပ်ပြုံးပြုံးလေး ကြည့်နေတတ်တယ်။ အဲဒီအချိန်ကတည်းက မွေးနေ့ဆိုရင် အမှတ်တရဖြစ်လာခဲ့တာ၊ တစ်ခုခု အထိမ်းအမှတ်လုပ်ချင်တာဟာ အခုဆို ၂၄ နှစ်တိုင်ခဲ့ပါပြီ။

အဲဒီ ၂၄ နှစ်အတွင်းမှာ ဒီနှစ်ကတော့ မေမေနဲ့တူတူရှိခွင့်မရတဲ့ ပထမဆုံးနှစ်ပဲဖြစ်ပါတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ အနွေးထွေးဆုံး မိဘတွေရင်ခွင်ကနေ ခွဲထွက်လာခဲ့တဲ့ ကျွန်တော်အတွက် မေမေ့ကို ဆိုးဆိုးရွားရွား သတိရနေမိတယ်။ အခုချိန်ဆို ကျွန်တော့်ဖို့ရည်မှန်းပြီး အာရုဏ်ဆွမ်းကပ်ပေးနေလောက်ပြီ။ ပြီးရင် ကျွန်တော်မရှိလည်း မွေးနေ့ဆို ရောက်လာတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကလိုပဲ မမောမပန်း ချက်ပြုတ်နေလိမ့်ဦးမယ်။ မွေးနေ့ရှင် ကျွန်တော်ကလွဲပြီး အားလုံးတက်ရောက်တဲ့ မွေးနေ့ပွဲလေးပေါ့လေ။


ကျွန်တော့်ကို လွန်ခဲ့တဲ့ ၂၄ နှစ်က အသက်နဲ့ရင်းပြီး မွေးထုတ်ပေးခဲ့တဲ့ မေမေ့ကို အထူးပဲ သတိရကန်တော့ရင်း ဒီစာကို ရေးပါတယ်။ ဒီမှာ ဘယ်လောက်ပဲ အထီးကျန်နေနေ၊ မပြည့်စုံမှုတွေများနေနေ၊ ဒါမှမဟုတ် သိပ်ပြည့်စုံနေသည့်တိုင်အောင် မေမေပေးတဲ့ အကြံဥာဏ်၊ အားပေးစကား၊ အစားအစာတွေနဲ့ ကျွန်တော့်နေ့ရက်တွေကို ရှေ့ဆက်နေရဆဲပါပဲ။ ဘယ်လောက်ဝေးတဲ့ နေရာဒေသမှာ၊ ဘယ်လိုကြည်နူးစရာတွေ၊ သူငယ်ချင်း၊ ချစ်သူတွေရှိနေနေ (ကမ္ဘာမြေကြီးလို့ ကျွန်တော် ချစ်စနိုးခေါ်တဲ့) မေမေ့ စောင့်ရှောက်မှု အရိပ်အာဝါသလောက် နွေးထွေးလုံခြုံမှုမရှိတာ ကိုယ်တွေ့သိလာခဲ့ပါပြီ။ မွေးနေ့မှာ လိုချင်တဲ့ ဆုတစ်ခုလောက် တောင်းပါဦးဆိုရင် … ကျွန်တော့်ကို ရန်ကုန်ပြန်မယ့် လေယာဉ်ပေါ်တင်ပေးကြစမ်းပါ။

Saturday, January 12, 2008

ရတုအဆက်ဆက်

ညီညီ(သံလွင်) နဲ့ စကားပန်း ဆိုတဲ့ Blogger စုံတွဲ

ခေလွန်း နဲ့ ပိုး ဆိုတဲ့ ကဗျာချစ်သူ မောင်နှံ

ကျွန်တော်ရင်းနှီးတဲ့ ကိုစိုးညီညီ နဲ့ မဇာခြည်သက် တို့ရဲ့ မင်္ဂလာရက်မြတ်မှသည် နောင်ရတုအဆက်ဆက်တိုင် ပျော်ရွှင်ခိုင်မြဲစွာ လက်တွဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Thursday, January 10, 2008

စင်ကာပူရောက် ဗမာ Blogger များ ဆုံစည်းကြရန် ဖိတ်ကြားခြင်း

စင်ကာပူရောက် Blog ရေးဖေါ်ရေးဘက် သူငယ်ချင်းများ ထပ်မံဆုံစည်းကြမယ့် အစီအစဉ်လေး တစ်ခုပြုလုပ်ထားပါတယ်။ Blog စာအုပ်ထုတ်ဝေဖို့တုန်းက တခါတွေ့ဆုံကြပြီးကတည်းက ထပ်မတွေ့ဖြစ်ကြတော့လို့ အခုလာမယ့် တနင်္ဂနွေနေ့ ညနေ ၆ နာရီမှာ Esplanade အနားက Outdoor Theatre မှာ ထပ်ဆုံကြဖို့ ဖိတ်ကြားချင်ပါတယ်။ စကားလက်ဆုံပြောကြရင်း မကြာခင်ပုံနှိပ်တော့မယ့် စာအုပ်အကြောင်း၊ စင်ကာပူပြင်ပက သူငယ်ချင်း Blogger တွေအကြောင်း၊ ကျင်းပပြီးခဲ့တဲ့ Seminar အကြောင်းနဲ့ အခြား MBS အကြောင်း စတာလေးတွေ ပြောကြရအောင် စင်ကာပူရောက် Blogger သူငယ်ချင်းအားလုံး လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပထမအကြိမ်တွေ့တုန်းကလိုပဲ အစားအသောက်၊ ပျော်စရာကစားပွဲလေးတွေ၊ ကံစမ်းမဲ စတာတွေ ... စတာတွေကတော့ sponsor ပေးမယ့်လူကို စောင့်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် We Blog ... We Unite ဆိုသလို ဆုံကြရအောင်ပါ။ အခက်အခဲနဲ့ သိချင်တာလေးတွေ ရှိရင် ဒီဖုံးနံပတ်နဲ့ Email လေးတွေကို ဆက်သွယ်ပေးကြပါနော်။

ဇင်ကိုလတ်
hololu@gmail.com

နေဘုန်းလတ်
nayphonelatt@gmail.com

မောင်ပွတ်
oa6.mrpooh@gmail.com

အားလုံးကို ကျေးဇူးအထူးတင်ပြီး အားလုံးပဲ လာရောက်ဆုံတွေ့ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီဖိတ်စာလေးကို ဖတ်မိတဲ့ ပြင်ပက Blogger သူငယ်ချင်းတွေကလည်း စင်ကာပူက မသိသေးတဲ Blogger သူငယ်ချင်းတွေကို အသိပေးလိုက်ပါဦးနော်။

Monday, January 7, 2008

Blogger တို့ရဲ့ ၂၀၀၇

မကြာခင်ကပဲ ဖြတ်ကျော်ကုန်ဆုံးသွားခဲ့တဲ့ ၂၀၀၇ ကို ကျွန်တော်ကတော့ Myanmar Blog Year လို့ မြင်မိပါတယ်။ ရှေးဦးမဆွကတည်းက အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ Blog ရေးနေကြသူတွေရှိနေကြပေမယ့် ဒီ ၂၀၀၇ မှာ ထူးထူးခြားခြားကိုပဲ များပြားပေါ်ထွက်လာတာကို သတိထားမိပါတယ်။ Weekly Eleven ဂျာနယ်ရဲ့ ခန့်မှန်းချက်အရ ဗမာ Blog ၂၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ Blog ၂၀၀၀ ကျော်ဆိုပေမယ့် Blogger ကတော့ ၂၀၀၀ ကျော် မဖြစ်နိုင်ဘဲ အချို့က Blog လေးငါးခု ပိုင်ဆိုင်ကြပါတယ်။

Blog တွေဟာ လွယ်ကူစွာဖန်တီးနိုင်ခြင်း၊ ကုန်ကျစရိတ်မရှိခြင်း၊ စိတ်တိုင်းကျ လွတ်လပ်စွာ ရေးသားနိုင်ခြင်း၊ နည်းပညာအခြေခံများစွာ မလိုအပ်ခြင်းတို့ကြောင့် အရေးများလာကြတာဖြစ်ပြီး ဗမာလိုရေးလို့ ရလာတာကလည်း အဓိက အကြောင်းအရင်းပဲဖြစ်ပါတယ်။ အခုလက်ရှိ Update ဖြစ်နေတဲ့ Blog အများစုဟာ ၂၀၀၇ နှစ်ဆန်းမှာ စတင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဘယ်သူဟာ ပထမဆုံး ဗမာ Blogger ဖြစ်တယ်ဆိုတာ မသိပေမယ့် အခြားပတ်ဝန်းကျင်တွေလိုပဲ အရင်ရေးသူက Senior သဘောမျိုးဖြစ်ပြီး နောက်ရေးလာတဲ့ မျက်နှာသစ် Blogger တွေကို နည်းပညာကအစ ကူညီကြလို့လည်း အခုလို မြန်မြန်ဆန်ဆန် ပြန့်ပွားလာတာ ဖြစ်နိုင်ပါတယ်။ Comment လို၊ Cbox လိုမျိုး အချင်းချင်း ဆက်သွယ်မှာကြားနိုင်တဲ့ Features လေးတွေကလည်း Blog တွေရဲ့ သဘာဝကို စိုပြည်စေပါတယ်။ အချို့ Blog တွေကတော့ သုံးလေးလရေးကြည့်ပြီး အချိန်မပေးနိုင်တော့ဘဲ နားသွားကြတာတွေရှိသလို အချို့ကလည်း အခုချိန်မှာ Blogger ရယ်လို့ ပြောလိုက်ရင် မျက်လုံးထဲ သူ့ကိုပဲ မြင်လောက်အောင် လူသိများ အောင်မြင်နေပြီဖြစ်ပါတယ်။ တစုံတရာသော ငွေကြေးမျှော်လင့်ချက်မရှိဘဲ ကျွန်တော်တို့ရဲ့ ခံစားချက်၊ အတွေ့အကြုံနဲ့ သတင်းတွေ ဖလှယ်နေတဲ့ ဒီ Blog တွေဟာ တကယ်ပဲ အပြစ်ကင်းလွန်းလှပါတယ်။

အခြား Online Community တွေဖြစ်တဲ့ Chat နဲ့ Forum တွေလိုပဲ ကျွန်တော်တို့ Blogger တွေဟာလည်း Online မှာသာမက အပြင်မှာ စုံတွေ့ရင်းနှီးခဲ့ကြပါတယ်။ Blog Post တွေကို စုစည်းပုံနှိပ်ထုတ်ဝေမယ့် စာအုပ်ကလေးတစ်အုပ် လုပ်ကြရင်ကောင်းမယ်ဆိုတဲ့ Idea နဲ့ အတူ ဗမာ Blogger တွေဟာ ရန်ကုန်မြို့မှာ ၂၀၀၇ ဧပရယ်လ ၁၈ ရက်မှာ စတင်စုံတွေ့ကြပါတယ်။ မန္တလေးနဲ့ ပြည်ပနိုင်ငံတွေမှာလည်း ရှိကောင်းရှိနိုင်ပေမယ့် အဲဒီအချိန်တုန်းကတော့ မကြားခဲ့မိသေးပါဘူး။ အဲဒီစာအုပ်ကိစ္စက အစပြုပြီး Blogger တွေဟာ စာရေးရုံသာမက၊ လူမှုရေးနဲ့ ဘာသာရေးတွေကို လက်တွဲလုပ်ဆောင်လာကြပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ MBS လို့ခေါ်တဲ့ မြန်မာ Blogger အသင်းကြီးကိုပွဲထုတ်ပြီး ခမ်းနားတဲ့ Seminar တစ်ခုကို ရန်ကုန်မြို့ MICT Park (info-tech) မှာ World Blog Day အထိမ်းအမှတ်နဲ့ ကျင်းပနိုင်ခဲ့ပြီး အောင်မြင်မှုတွေ အထူးပဲ ရရှိခဲ့ပါတယ်။ အောင်မြင်မှုဆိုတာ ငွေကြေးအမြတ်အစွန်းမဟုတ်ဘဲ လူထုအကြား Blog တွေပြန့်နှံ့လာမှု၊ Blogger အချင်းချင်း ရိုင်းပင်းကူညီတတ်လာမှု စတာတွေပဲဖြစ်ပါတယ်။ အဲဒီ seminar မတိုင်ခင်က ရှိတဲ့ Blog အရေအတွက်နဲ့ seminar အပြီးအရေအတွက်ဟာ နီးနီးစပ်စပ်တောင် တူညီနေနိုင်ပါတယ်။ ဒီလူတွေအားလုံးပါဝင်တဲ့ MBS ဆိုတဲ့အဖွဲ့ရယ်လို့ ဖြစ်လာအောင်လည်း ကြိုးပမ်းနေကြပြီဖြစ်ပါတယ်။ ရုပ်မြင်သံကြား၊ ပြည်တွင်းပြည်ပ ရေဒီယိုတွေနဲ့ စာနယ်ဇင်းမီဒီယာ အမျိုးမျိုးကလည်း Blog တွေအကြောင်း အသားပေးဖေါ်ပြလာတာ၊ အင်တာဗျူး လုပ်လာတာမျိုးတွေ ရှိလာပါတယ်။ နောက်ထပ် Blog တွေကို လူသိစေတဲ့ အချက်ကတော့ စက်တင်ဘာလမှာပဲ ဖြစ်ပွားခဲ့တဲ့ သံဃာများဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးသတင်းတွေဟာ Blog တွေကနေ တဆင့်ဖြတ်သန်း စီးဆင်းသွားကြလို့ပဲဖြစ်ပါတယ်။

တကယ်တော့ Blog တွေဟာ ရနံ့စုံတဲ့ ပန်းခင်းတစ်ခုနဲ့တူပါတယ်။ အားလုံးကို စာဖတ်သူတွေ ကြိုက်ချင်မှတော့ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာလည်း သူ့ကြိုးစားမှုနဲ့ ကိုယ်ပိုင်အသွေးအရောင် ရှိပါတယ်။ သူ့စာဖတ်ချင်တဲ့လူက သူ့ Blog ကိုသွားရပါမယ်။ မကြိုက်ရင် မသွားရုံသာမက ဝေဖန်လို့လည်း ရပါတယ်။ နိုင်ငံရေးစကားနဲ့ဆို ဒီမိုကရေစီ ဆန်ပါတယ်။ လွတ်လပ်စွာ ရေးသားပါ။ ဝေဖန်ပါ။ ဒါကြောင့်လည်း Blog တွေကို လူတွေ တစိုက်မတ်မတ် ဖတ်လာ၊ ရေးလာကြတာပါ။ ကျွန်တော်ကတော့ ၂၀၀၇ မှာ လှပခဲ့တဲ့ Blog ပန်းခင်းကြီးဟာ နောက်နောင်နှစ်များမှာလည်း ဒါထက်မလျော့တဲ့ စည်းလုံးမှုတွေနဲ့ လှပနေဦးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဗျာ။

Friday, January 4, 2008

နှစ် ၆၀ ပြည့်ခဲ့ပြီ

ဒီနေ့မနက် စောစောနိုးနေပြီး နာရီကြည့်လိုက်တော့ ဒီအချိန်ဆို ကျွန်တော့်ဇာတိမြေ ရန်ကုန်မှာ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား လုပ်နေလောက်ပြီဆိုတာ သတိရမိတယ်။ မနက်အာရုဏ်ဦးစအချိန်မှာ နိုင်ငံတော်အလံကို ဂုဏ်ပြုအခမ်းအနားနဲ့ လွှင့်တင်ပြီး သမိုင်းဝင်တဲ့ လွတ်လပ်ရေးနေ့ရဲ့ နှစ် ၆၀ ပြည့်အခမ်းအနားကို မော်ကွန်းထိုးနေလာက်ရောပေါ့။

အခမ်းအနားလေးဟာ သေးသေးလေးလည်းဖြစ်ချင်ဖြစ်မယ်။ ကြီးကျယ်ခမ်းနားချင်လည်း ခမ်းနားနေမယ်။ ဒါတွေ ကျွန်တော် မသိသေးပါဘူး။ ဒါပေမယ့် လွတ်လပ်ရေးရဲ့အရသာနဲ့ အဲဒီအရသာကိုဖေါ်ဆောင်ပေးခဲ့တဲ့ မြင့်မြတ်တဲ့ အာဇာနည်တွေကို သတိရသိတတ်နေကြမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီလိုအခမ်းအနားမျိုး လုပ်ခွင့်ရဖို့ နိုင်ငံကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ပေါင်းများစွာဟာ စစ်မြေပြင်မှာ၊ လမ်းမတွေပေါ်မှာ၊ နောက်ဆုံး အစည်းအဝေးခန်းမထဲမှာ အသက်စွန့်ခဲ့ကြရတယ်။ သူတို့တက်မက်ခဲ့တဲ့ လွတ်လပ်ရေးဆိုတာကို သူတို့ကိုယ်တိုင် စိုးစဉ်းမျှ မမြည်းစမ်းခဲ့ကြရဘူး။ သူတို့ သက်တမ်းတစ်လျှောက်လုံး ဗြိတိသျှအလံနဲ့ နေဝန်းနီ ဂျပန်အလံတို့ကိုပဲ နိုင်ငံတော်အလံလို့ သိသွားကြရတယ်။ လွတ်လပ်ရေးနေ့လို့ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာ အာဇာနည်နေ့နဲ့ မခြားခံစားရတယ်။ အခုအလံတင်အခမ်းအနား လုပ်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရော ကျွန်တော့်လိုပဲ အောက်မေ့သင့်တဲ့လူတွေ၊ ကျေးဇူးတင်သင့်တဲ့လူတွေ ကို ဦးညွှတ်နေရဲ့လား။ ဦးညွှတ်နေတုန်းမှာရော စိတ်ပါရဲ့လား။ နောက်ဆုံးတစ်နေ့ လွတ်လပ်ရေးနေ့ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ဘယ်သူ့ကြောင့်ဖြစ်ပေါ်လာရပါတယ်ဆိုတာကို မျိုးဆက်သစ် ဗမာလေးတွေ၊ တချိန်မှာ နိုင်ငံအုပ်ချုပ်မယ့်လူတွေကို ပြန်ပြောင်းပြောပြနေသေးရဲ့လား။ ကျွန်တော့်မှာ မသေချာတဲ့ အဖြေတွေနဲ့ မေးခွန်းတွေမေးရင် ဇန်နဝါရီ ၄ ရက်နေ့ မနက်ခင်းကို နိုးထခဲ့ရပါတယ်။

ကျွန်တော် ရန်ကုန်က သယ်လာတဲ့ ဗိုလ်ချုပ်ပုံသေးသေးတစ်ခုကို ထုတ်ကြည့်ရင်း ဗိုလ်ချုပ်နဲ့ သူ့လုပ်ဖေါ်ကိုင်ဖက်တွေ၊ နိုင်ငံရေး အတိုက်အခံတွေနဲ့ ရန်သူတွေအကြောင်း တွေးမိတယ်။ လှည့်ကွက်တွေများတဲ့ နိုင်ငံရေးကို ဗိုလ်ချုပ်က မာယာမပါပဲ ခပ်ဖြောင့်ဖြောင့်လုပ်ခဲ့တယ်။ သူ့အမြင်က ရိုးရှင်းလွန်းပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက်ပါပဲ။ နိုင်ငံနဲ့လူမျိုးအတွက် နေ့ည၊ နေပူမိုးရွာမရွေး အလုပ်တွေလုပ်ခဲ့တယ်။ ကိုယ်ရေးကိုယ်တာတွေ တတ်နိုင်သလောက်လျော့ချထားတယ်။ သူ့အတိုက်အခံတွေက သူ့ကိုထောက်ပြစရာ အပြစ်ရှာမရခဲ့ဘူး။ ရှာမရတော့ ပစ်သတ်လိုက်တယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတာဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးမဟုတ်သလို မကြာမီက လုပ်ကြံခံလိုက်ရရှာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘူတို ဟာလည်း နောက်ဆုံးဖြစ်ဦးမှာ မဟုတ်ပါဘူး။ နိုင်ငံရေးဟာ ဒီလိုပဲ ခြေထိုးမှုတွေ၊ လုပ်ကြံမှုတွေ၊ အပြစ်ရှာမှုတွေနဲ့ ရှုပ်ထွေးနေဆဲပါပဲ။ အရင်ကလည်း ဒီလိုပဲ၊ နောက်လည်း ဒီလိုပဲဖြစ်နေဦးမှာပါပဲ။ လုပ်ကြံတာခံရတိုင်း ခေါင်းဆောင်ကြီး မဟုတ်ပေမယ့် တို့ဗိုလ်ချုပ်ကတော့ ခေါင်းဆောင်စစ်စစ်ဖြစ်တယ်။ အခုချိန်အထိလည်း “ဗိုလ်ချုပ်” ဆိုတဲ့ အများဆိုင်နာမ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ကျေးဇူးရှင်အတွက် ကိုယ်ပိုင်နာမ်လို ဖြစ်နေဆဲပါ။ ကျွန်တော်တို့ စိတ်ကုန်တဲ့ စစ်တပ်မှာ ဗိုလ်ချုပ်မပါဘူး။ နိုင်ငံရေးကို တစ်ဦးတည်း၊ တစ်ပါတီတည်းလုပ်ခဲ့တာမဟုတ်ဘဲ တပြည်လုံးအတိုင်းအတာနဲ့ လွတ်လပ်ရေးကို ဦးတည်ပြီး ဦးဆောင်ခဲ့တယ်။ ဦးဆောင်လောက်တဲ့ အတတ်ပညာတွေကိုလည်း အစအဆုံးတတ်ကျွမ်းခဲ့ပါတယ်။ စစ်ပြိုင်တိုက်မလား၊ ယှဉ်ပြိုင်ဟောပြောမလား၊ နိုင်ငံရေးဆွေးနွေးမလား၊ အင်္ဂလိပ်စာပြိုင်ရေးမလား ... အဲဒီအချိန်က လေ့လာစရာစာအုပ်စာတမ်းနဲ့ source တွေရှားပါးနေချိန်မှာပဲ ဗိုလ်ချုပ်ဟာ ပြီးပြည့်စုံတဲ့ နိုင်ငံရေးဗိသုကာဖြစ်လာခဲ့တယ်။ သူတစ်ယောက်တည်းကြောင့် မဟုတ်ပေမယ့် သူဦးဆောင်ပြီး လွတ်လပ်ရေးဆိုတာကို အရယူပေးခဲ့တယ်။ သူကွယ်လွန်ချိန်မှာ လွတ်လပ်ရေးဆိုတာ အရမ်းနီးကပ်တဲ့ အခြေအနေတစ်ခုကိုရောက်နေပြီး “မကြာခင်” ဆိုတဲ့ စကားလုံးကို သုံးစွဲခွင့်ရနေပြီဖြစ်ပါတယ်။

တာဝန်ကျေလွန်းတဲ့ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်တွေကို ဒီလွတ်လပ်ရေးနေ့မှာ နာမည်ထုတ်ဖေါ် အလေးပြုကြရမယ်။ သူတို့ရဲ့ ကျေးဇူးတွေကို အောက်မေ့ကြရဦးမယ်။ သူတို့လိုလူမျိုးတွေ ပေါ်လာဖို့ ဆန္ဒပြုကြရဦးမယ်။ ဘယ်သူမှ မလုပ်ရင်နေပါဗျာ ... ကျွန်တော်တို့ တစ်ဦးချင်းစီပဲ ရောက်ရာအရပ်၊ ရှင်သန်ရာ နေရာကနေ သွားလေသူတွေနဲ့၊ လက်ရှိအသက်စွန့်လုပ်နေသူတွေ စိတ်ချမ်းသာဖို့၊ စိတ်ချစေဖို့ ဒီလွတ်လပ်ရေးနေ့မှာ ဦးညွှတ်အလေးပြုကြရအောင်နော် ...

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များ၊ သံဃာတော်များနှင့် ကျောင်းသားများကို အလေးပြုဦးညွှတ်ရင်း နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုရေးသားပါသည်။

Tuesday, January 1, 2008

စစ်တမ်း

နှစ်တစ်နှစ်ကုန်ဆုံးသွားတိုင်း အဲဒီတစ်နှစ်တာကြောင့် ကျွန်တော်ဘာပြောင်းလဲသွားခဲ့လဲ၊ ကျွန်တော် ဘာအောင်မြင်မှုတွေ လက်ကိုင်ရရှိခဲ့သလဲ ဒါမှမဟုတ် ဘာတွေဆုံးရှုံးသွားခဲ့ပြီလဲ ဆိုတာကို အမြဲတမ်း ပြန်လည်သုံးသပ်တတ်တဲ့ အကျင့်လေးရှိပါတယ်။ အဲလို သုံးသပ်နိုင်အောင်လည်း ကျွန်တော် ဒိုင်ယာရီလေးတစ်အုပ်မှာ မှတ်တမ်းလေး ရေးထားလေ့ရှိပါတယ်။ ကျွန်တော့်နောက်ဆုံးကောက်ချက်ကတော့ တစ်ခုတည်းပဲရှိလေ့ရှိပါတယ်။ ဥပမာ - ၂၀၀၀ မှာ ဆယ်တန်းအောင်ခဲ့တယ်။ ၂၀၀၁ မှာ GTI က ဖဲဝိုင်းဒိုင်တစ်ယောက် ဒါမှမဟုတ် လူဆိုးတစ်ယောက်၊ ၂၀၀၂ ကိုတော့ အကျိုးမဲ့ကုန်ဆုံးစေခဲ့ပြီး ၂၀၀၃ မှာ Professional အလုပ်တစ်ခု စလုပ်နိုင်ခဲ့တယ်။ ၂၀၀၅ မှာ ကိုယ်ပိုင် စီးပွါးရေးတစ်ခု စလုပ်နိုင်ခဲ့တယ်။ ၂၀၀၆ ကစပြီး ခြူကလေးလို့ ကျွန်တော်ခေါ်တဲ့ သိပ်ချစ်တဲ့ ချစ်သူလေးတစ်ယောက် ဘေးမှာရှိနေခဲ့တယ်။ အခု ၂၀၀၇ မှာရော ကျွန်တော် ဘာတွေရရှိခဲ့လဲ … ဘာဖြစ်လာခဲ့သလဲ …

ကျွန်တော် Blogger ဖြစ်လာတယ်လို့ သုံးသပ်မိတယ်။ Blogger တစ်ယောက်လို့ နာမည်ခံဖို့ ဘာတွေလိုအပ်လဲ ကျွန်တော်အတိအကျ မသိပေမယ့် ကျွန်တော့်မှာ Blog တစ်ခုရှိတယ်၊ အဲဒီအတွက် ကျွန်တော့်အချိန်တွေ အများကြီးဖဲ့ပေးထားတယ်၊ နောက် ကျွန်တော့်လိုပဲ Blog တစ်ခုရှိတဲ့ သူငယ်ချင်းတွေ အများကြီးရှိလာတယ်။ သူတို့တွေက နေရာမျိုးစုံ၊ အသက်အရွယ်မျိုးစုံ၊ အဆင့်အတန်းမျိုးစုံရှိတဲ့ အမျိုးသား အမျိုးသမီးတွေဖြစ်ကြတယ်။ ကျွန်တော့်လိုပဲ Blog ကို အချိန်တွေ အများကြီးပေးထားကြတယ်။ လူတွေအကြောင်း များများသိဖို့ လူတွေကိုပေါင်းသင်းကြည့်ရမယ်ဆိုပေမယ့် အချိန်ပိုနည်းတဲ့ ကျွန်တော့်အတွက်တော့ သူတို့ Blog တွေဟာ ကျွန်တော် လောကကို လေ့လာတဲ့ ကျောင်းတစ်ခုလည်း ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ အခင်းအကျင်းတွေဟာ သူတို့ရဲ့ စရိုက်လည်းဖြစ်တယ်။ သူတို့ရဲ့ စာသားတွေဟာ သူတို့ရဲ့ ခံယူချက်တွေလည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ Blogger တစ်ယောက်ဖြစ်လာပြီး တချိန်တည်းမှာပဲ Blog Reader လည်းဖြစ်လာခဲ့တယ်။ ရေးခြင်းနဲ့ ဖတ်ခြင်း နှစ်ခုလုံးကို ၂၀၀၇ တစ်နှစ်လုံး ကျွန်တော် ခုံခုံမင်မင်ပဲ စွဲလမ်းခဲ့ပါတယ်။

အိုအေစစ်လို့ နာမည်ပေးထားတဲ့ ကျွန်တော့် Blog ကို ဖေဖေါ်ဝါရီလ မှာ စရေးခဲ့ပါတယ်။ အခုတော့ စာရေးရုံသာမကတော့ဘဲ အပြင်ဘက်မှာ ကူညီလုပ်ဆောင်လို့ ရတာတွေကိုပါ စိတ်တူကိုယ်တူ သူငယ်ချင်း ရေးဖေါ်ရေးဖက်တွေနဲ့ လုပ်နေဖြစ်တယ်။ စာအုပ်ကိစ္စ၊ Seminar ကိစ္စ၊ နောက် MBS ကိစ္စ စသည်ဖြင့်ပေါ့။ ပြည်တွင်းမှာ ရှိနေုတုန်းကလည်း အချိန်အတော်ပေးခဲ့သလို အခုပြည်ပရောက်နေတော့လည်း ဒီမှာလုပ်သင့်တဲ့ အလုပ်တွေကို ကျွန်တော် လုပ်ပေးနေဆဲပါ။ နောက်တစ်ခုက သံလွင်အိပ်မက်လို၊ Blog Times လိုမျိုး Blogger တွေ ကြီးစိုးတဲ့ ရပ်ဝန်းတွေမှာလည်း အစိတ်အပိုင်း ခပ်သေးသေးတစ်ခုအနေနဲ့ ပါဝင် ပတ်သတ်ခဲ့ပြန်ပါတယ်။ Blogger တွေ မှိုလိုပေါက် ပေါ်ပေါက်လာတဲ့ ဒီ ၂၀၀၇ ထဲမှာ ကျွန်တော့် အိုအေစစ်ဟာလည်း မှိုတွေထဲက တစ်ပွင့်အနေနဲ့ ပေါ်ပေါက်လာခဲ့ပြီး အိုအေစစ်ကို စိမ်းလန်းစိုပြည်လာအောင် အမြဲကူညီထောက်ပံ့ပေးခဲ့တဲ့ Blogger များနဲ့ Blogger မဟုတ်သူများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

လွမ်းမောစရာ မှတ်တမ်းကောင်းတွေနဲ့ ငြိမ်ငြိမ်သက်သက် နားစက်တော့မယ့် ၂၀၀၇ ရေ - ကျွန်တော်ဟာ အဲဒီ ၃၆၅ ရက်အတွင်းမှာ Blogger ဖြစ်လာခဲ့ပါတယ်ဗျာ။