Thursday, May 31, 2007

အိပ်မက်ထဲမှာ

“ ဘာပြောတယ်လော်ရာ ! ”

“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”

“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”

“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တတ်ရဦးမယ်”

“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ”

“ အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ ”

“ ဝင်ပြီလား သမီး။ ကဲ… မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ်… ပြီးတော့ … ”

“ ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့။”

“ ဘာကွ … အေး … ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ ”

“ သိပ်တော့မထူးပါဘူး ”

“ ဟာ… သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ … ဒယ်ဒီပြောမယ် … နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (ဝင်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ ဟင်္သာရောင် အပိုင်း (၆) ” (Hintha Shine Core 6)ကိုရော ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်း အမေရိက ကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို တော့ မလာလေနဲ့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ် တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့ သုံးရခက်ပြီ ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ ”

“ ဆိုင်တာပေါ့ … On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ ”

“ Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ် ”

“ ဒယ်ဒီသိပြီ။ ငါ့သမီးက ဝိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကို။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃ က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ … ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ”

“ ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး၊ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလားလို့လေ”

“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”

“ဟားး ဟားးးး … ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာသမီး … ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကို ချေပြီး တကောင်လုံးဝါးလို့ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေ အတွက်သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှမဟုတ် …”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက…”

“သမီး … သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကိုထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့… ဆက်သွယ်ရေးဟုတ်လား… ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ… ကိုယ့်ဖုံးကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”

“အော်..ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော…”

“အစိုးရ.. အစိုးရ … ဒီအစိုးရကတော့ကွာ … ဖေဖေပြောမယ် … ဒီလိုရှိတယ် …”

ထိုစဉ် … “ဆိုက်ကားအားလား ” ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။

Wednesday, May 30, 2007

ခွဲနိုင်ကြပါစေ

ကမ္ဘာသုံးငွေကြေးလို့ သတ်မှတ်ထားတဲ့ အမေရိကန်ဒေါ်လာပိုက်ဆံထဲက တန်ဖိုးအများဆုံး ၁၀၀ တန် ဒေါ်လာတစ်ရွက်ကို ဘယ်လိုများ အတုအစစ်ခွဲခြားပါလိမ့်။ သူ့နည်းနဲ့သူတော့ ရှိပါတယ်။ အဲဒါလေးကို ဖေါ်ပြပေးလိုက်ပါတယ်။ အောက်က ဒေါ်လာ တစ်ရာတန်က ကျွန်တော်တူလေး ကစားနေတဲ့ တစ်ရာတန်အုပ်ထဲ တစ်ရွက်ကို Scan လုပ်ပြီးတင်ပေးထားတာပါ။ နည်းနည်းတော့နွမ်းနေပြီပေါ့ဗျာ။


(၁) အားကောင်းတဲ့မှန်ဘီလူး (နာရီပြင်တဲ့သူတွေ မျက်လုံးမှာ ကပ်ကြည့်တဲ့ဟာမျိုးတဲ့) နဲ့သေချာကြည့်ပါ။ 100 ဆိုတဲ့ စာအတွင်းမှာ USA 100 စာလုံးလေးများ အပြည့်ဖြည့်သွင်းထားပါတယ်။

(၂) ညာဘက်အောက်ထောင့်က ဘိုလို 100 ကို နှစ်ရောင်ပြေးမှင်နဲ့ ပုံနှိပ်ထားလို့ တည့်တည့်ကြည့်ရင် အစိမ်း၊ နည်းနည်းလေးစောင်းကြည့်ရင် အနက်ဆိုပဲ။

(၃) အဲဒီမှာ ခဲကြိုးတစ်ချောင်းကို ဒေါင်လိုက်မြှုပ်ထားပြီး မှန်ဘီလူးနဲ့ကြည့်ရင် USA100 ဆိုတဲ့ စာလုံးလေးတွေ အတည့်တလှည့် ဇောက်ထိုးတစ်လှည့် မြင်နိုင်ပါတယ်တဲ့။

(၄) ညာဘက်ခြမ်းက အလယ်လောက်မှာ သမ္မတပုံ ရေစာရုပ်လေးပါပါတယ်။

(၅) ခုနက မှန်ဘီလူးလေးကို မျက်လုံးက မချွတ်သေးဘဲ သေချာကြည့်ပါဦး။ သမ္မတနာမည်က K နဲ့ L ကြား အပေါ်တစောင်းကပ်လျက်မှာ THE UNITED STATES OF AMERICA ဆိုတဲ့ စာတန်း ရေးထားပါတယ်တဲ့။

(၆) စက္ကူအဖြူသား တစ်နေရာမှာ အိုင်အိုဒင်းအရည်စွတ်ထားတဲ့ တုတ်ကလေးနဲ့ ခြစ်ကြည့်ရင် အဝါရောင်အစင်းဖြစ်သွားပြီး သာမန်စက္ကူဖြူမှာတော့ အမဲစင်းဖြစ်မှာပါ။

ဒါတွေကတော့ ခေါင်းကြီးလို့ ခေါ်ကြတဲ့ ပုံစံအသစ်ဖြစ်ပြီး ခေါင်းသေးမှာတော့ ဒီအချက်တွေအားလုံးသိသာမှာ မဟုတ်ပါဘူးလို့ ဆိုထားကြောင်းပါခင်ဗျား။

P.S မချောရေ - ဒီပို့စ်လေး ခုမှရေးဖြစ်တယ်။ ကျွန်တော်တို့တင်မယ့် Helper Blog မှာလည်း ပြန်တင်ကြတာပေါ့။ ကျေးဇူးပါခင်ဗျာ။

Tuesday, May 29, 2007

သစ္စာ

မိန်းကလေးတိုင်းကို
မချစ်တတ်ပါဘူး။

ဒါပေမယ့်လေ...
ရှင်းလက်တဲ့ မျက်ဝန်းလေးတွေ
သွေးကြောစိမ်းနဲ့ ပါးပြင်လေးတွေ
ဆိုးဆေးမဲ့တဲ့ လက်သည်းဝိုင်းတွေ
အပြစ်ကင်းတဲ့ အပြုံးလဲ့တွေ
ထည်ဝါလွန်းတဲ့ ခြေလှမ်းတွေနဲ့
ကြည်လွင်လှိုက်လှဲတဲ့ ရယ်သံတွေကို
ရင်ဆိုင်မိတဲ့အခါ...

ရင်နှင့်ရင်း၍ သစ္စာဆိုပါသည်
“သူမ” ကို
အသက်တမျှ ချစ်မိပါသည်။

( “ သူမ ” ဆိုသည်မှာ ကျွန်တော်၏ ခြူသစ်ခေါ် ချစ်သူဖြစ်ပါ၏။ ကိုညီ၏ သူမနှင့်မရောထွေးစေလိုပေ။ ဤကား စကားချပ်။ )

Friday, May 25, 2007

ကြယ်တံခွန်ငါ

ဟုတ်ပါ့မလား
ငါဟာ လောင်မြိုက်နေတာဆို ...
မဟုတ်ပါဘူး
ငါဟာ တောက်ပနေတာပါ ...
ဒါပေမယ့်
ကိုယ်ပိုင်အလင်းဖြစ်ဖို့
ငါ့ကိုယ်ငါပဲ ကျွမ်းလောင်ထားတာလေ ...

Thursday, May 24, 2007

Icon of Milano

ဥရောပဘောလုံးရာသီကား ပြည်ဖုံးကားချ တခန်းရပ်လိုက်ပြန်ပြီဖြစ်သည်။ နောက်ဆုံးကပြခဲ့သည့် ဇာတ်ဝင်ခန်းကတော့ Champion League ဟု လူသိများလှသော ဥရောပချန်ပီယံကလပ်များ၏ ဗိုလ်တကာ့ဘုရင်ရွေးပွဲပင် ဖြစ်သည်။ နောက်ဆုံး ချန်ပီယံကတော့ အေစီမီလန်ပင်ဖြစ်သည်။ အေစီမီလန် ... Milano ဟု သူတို့ခေါ်သည့် မီလန်မြို့ကြီးသားများ၏ ဂုဏ်ထူးဆောင်အသင်းကြီး ... Old Trafford မှာ ခြောက်လှန့်ခဲ့သည့် သရဲနီတွေကို ဆန်စီရိုကွင်းကြီးထဲတွင် ကျွတ်တမ်းဝင်စေခဲ့သည်။ အခုတဖန် ကြိုးကြာနီတွေကို အတောင်ကျိုးစေပြန်ပြီ ... သူတို့မှာ အင်္ဂလိပ်နိုင်ဆေးများ ရှိလေသလား ထင်စရာပင်။


ကျွန်တော် တစ်ဦးတည်းဆန္ဒမှာ အေစီကို ဗိုလ်စွဲစေချင်သည်။ လီဗာပူးကို မုန်း၍မဟုတ်။ အေစီကို ချစ်၍လည်းမဟုတ်။ ပေါ်လိုမယ်လ်ဒီနီ ဟုခေါ်သော ဆီဇာမယ်လ်ဒီနီ၏ သားကြီး၊ အနီအနက်စင်း မီလန်သားတို့၏ အသင်းခေါင်းဆောင်၊ ဂန္တဝင်နောက်တန်းကစားသမားကြီး၏ နောက်ဆုံးရာသီ၊ နောက်ဆုံးပွဲ၊ နောက်ဆုံးဖလား ... ဒီဖလား၊ ဒီဆုတံဆိပ်သည် သူနှင့်ထိုက်တန်လွန်းလှသည်။ နှစ်တစ်ရာကျော်သက်တမ်းရှိသော ဒီ အေစီမီလန်အသင်းကြီးသည် ချန်ပီယံလိဂ်တွင် ၇ ကြိမ်သာဗိုလ်စွဲဖူးသည်။ ၇ ကြိမ်တွင် ၅ ကြိမ်ကို မယ်လ်ဒီနီပါဝင်ခွင့်ရခဲ့သည်။ ဒီဖလားပေါ်တွင် သူ့နာမည် ၅ ခါရေးထိုးခဲ့ပြီ။ ဆယ်စုနှစ်များစွာ တည်တန့်နေဦးမည့် စံချိန်သစ်ဖြစ်သည်။ သူ့ကစားဖေါ် ကလဲရင့်ဆီဒေါ့ဖ်က ကလပ်အသင်း ၄ သင်းနှင့် ဒီဖလားကို ၅ ကြိမ်ရခဲ့ပြီ။ ကျွန်တော် လေးစားအားကျသော အားကစားသမားတွေထဲမှ ထိပ်ဆုံးနေရာတွင်ရှိသော မယ်လ်ဒီနီ၏ ပြိုင်ဘက်ကင်းသော Profile ကို ရှာဖွေတင်ပြပေးလိုက်ပါသည်။ (ခဏလေး စောင့်ပါ။ ရေးနေဆဲ ဖြစ်ပါသည်)

Monday, May 21, 2007

ငါတို့အားလုံးအပြာ


အဲဒီညက အပြာတွေ စီးဆင်းကြသည်။ ညအချိန်ဖြစ်ပေမယ့် ကောင်းကင်ကြီးသည် အပြာရင့်ရင့်ဖြစ်နေသည်။ လေမတိုက်ပါပဲ ပင်လယ်လှိုင်းပြာများ ခုန်ထနေကြသည်။ ထိုအပြာရောင်တွေက ဗြိတိသျှပိုင် ဝင်ဘာလေကွင်းအသစ်စက်စက်ကြီး၏ အထွတ်အထိပ်သို့ပင် လျှံတက်ခဲ့ကြသည်။ ထိုအပြာရောင်များကို နိုးကြားစေခဲ့သူက အာဖရိကမြင်းရိုင်းကြီး ... ဒရော့ဘာ ခေါ် အိုင်ဗရီကို့စ်အသင်းခေါင်းဆောင် ... ။ လေထဲကအပေးအယူများကို မိနစ် ၁၂၀ အတွင်း တစ်ဦးတည်းသော ဂိုးပိုက်နှင့်ဘောလုံး မိတ်ဆက်ပေးခဲ့သူ။ အင်အားအတန်ငယ် ချိနဲ့နေသော်လည်း ရှိသောလူအင်အားနှင့် ပြိုင်ဘက် (အနဂ္ဂ နှင့် ဘာဘူ မဟုတ်ပါ) ကိုရင်ဆိုင်ခဲ့ရသော အပြာတွေ ... ဆုကြီးမဟုတ်တောင် ဂုဏ်မငယ်သော ဆုဖလားအဖြစ် ကမ္ဘာက လက်ခံသော ဒီ FA Cup သည် မော်ရင်ဟိုအတွက် သုံးနှစ်အတွင်း အပြာတွေကို ရယူပေးခဲ့သော ၇ လုံးမြောက်ဖလားထင်ပါ့ ...

ဒီပင်လယ်ဟာ ငါတို့ပင်လယ် ... ဒီကောင်းကင်ဟာ ငါတို့ကောင်းကင် ... ငါတို့အားလုံး ... အပြာ ...



P.Sး မိမိအားပေးသောအသင်း ဗိုလ်စွဲသောကြောင့် ဂုဏ်ပြုရေးသားထားခြင်းဖြစ်ပါသည်။ မည်သည့်အခြားသော အသင်းနှင့် ပရိသတ်များကိုမှ ဝေဖန်ပုတ်ခတ်ခြင်းမပြုပါ။

Saturday, May 19, 2007

သီချင်းတစ်ပုဒ် အပြုံးတစ်ပွင့်

“သဒ္ဓါကပိုသည် … ဆရာမကိုပဲ … အသည်းစွဲအောင် … ချစ်မိပြီ … ”

ခမ်းနားလှသော ညစာစားပွဲတစ်ခုတွင် ဖြစ်ပါသည်။ နာမည်ကျော် အဆိုတော် ဘိုဘိုဟန်က ခံစားချက်အပြည့်ဖြင့် သီဆိုပြီးစင်ပေါ်မှ ဆင်းလာသည်။ ကျွန်တော့်ကို တွေ့တော့လာနှုတ်ဆက်ရင်း ဘေးမှခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။ သာကြောင်းမာကြောင်းပြောပြီး သူ့ကိုကျွန်တော်မေးဖြစ်သည်။

“ဟေ့ တိုနီ… မင်းခုန နောက်ဆုံး ဆိုသွားတဲ့ သီချင်းရဲ့ဇစ်မြစ်ကိုသိလားကွ”
“မသိဘူး အစ်ကိုကြီး”
“အေးကွာ … မင်းကိုပြောမယ် ပြောမယ်နဲ့ ငါလည်း မပြောဖြစ်ဘူး။ ဒီလိုကွ … ”

ကျွန်တော်၏ စိတ်အစဉ်သည် ခမ်းနားသောဧည့်ခံပွဲထံမှ ယမ်းငွေ့များလူနေတတ်သော ခေတ်အချိန်က မျက်နှာတင်းတင်းနှင့် တိုင်းပြည်အတွက်ကလွဲ၍ ဘာကိုမှ မမက်မောတတ်သော လူတစ်ယောက် သို့မဟုတ် အပြုံးအရယ်နည်းသူထံမှ တွေ့ခဲ့ရသော အပြုံးလေး တစ်ပွင့်ထံသို့ လွမ်းလွမ်းဆွေးဆွေး ရောက်ရှိသွားလေသည်။

--------------------------------
“ဗိုလ်ချုပ် ဒါဆို ပြင်ဦးလွင်မှာ အနားယူမယ့် အစီအစဉ်ကို ဖျက်လိုက်ရတော့မလား”
“အေး … ဖျက်ထားလိုက်တော့။ ရှမ်းပြည်သွားဖို့ လိုတာတွေ စီစဉ်ထားကွာ။ ဘယ်သူတွေ ကြိုသွားနှင့်မလဲ မေးထား။ မင်းဆရာမတို့လည်း လိုက်ကြလိမ့်မယ်”

တိကျသော အစီအစဉ်များနှင့် အရေးကြီးသောခရီးအတွက် သူ၏များပြားလှသော နိုင်ငံတာဝန်များမှ ခဏရှောင်ခွါ အနားယူမည့် အစီအစဉ်ကို ဖျက်ရပြန်ပြီ။ ကျွန်တော်လေးစားရသော ဗိုလ်ချုပ်သည် မိသားစုကို အချိန်ပေးနိုင်ခဲသည်။ ယခုလည်း သုံးရက်မျှ အနားယူမည့် အစီအစဉ်လေးသည်ပင် နိုင်ငံတာဝန်ကြောင့် ပျက်ရပြန်သည်။ သို့သော် သာယာမိန်းမောဖွယ် ရှမ်းပြည်ကိုတော့ မိသားစုနှင့်သွားလိုဟန်ရှိသည်။ ညီရင်းတပည့်လိုဖြစ်နေသော ကျွန်တော့်ကို ဗိုလ်ချုပ်က ယခုလိုပင် “မင်းဆရာမ” ၊ “မင်းတူ” စသည်ဖြင့် သုံးနှုန်းပြောဆိုလေ့ရှိသည်။ “မင်းဆရာမ” ဆိုသည်မှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပင် ဖြစ်လေတော့သည်။

ရှမ်းပြည်သွားရာ လမ်းတလျှောက် ဆရာမနှင့်ကလေးများက တွတ်ထိုးစကားပြောလာကြသော်လည်း ဗိုလ်ချုပ်က ကလေးတစ်ယောက်ကို ပေါင်ပေါ်တင်ထိုင်ရင်း တစုံတခုကို နက်နက်နဲနဲ စဉ်းစားနေပုံရသည်။ ထို တစုံတခုမှာ တခြားမဟုတ်နိုင်။ ရှမ်းပြည်စော်ဘွားများကို နိုင်ငံတော်ပြည်မမှ ခွဲထွက်မသွားအောင် မည်သို့မည်ပုံ စည်းရုံးဟောပြောရမည်ကို စဉ်းစားနေခြင်းသာ ဖြစ်ရမည်။ ကျွန်တော်လည်း ကလေးများ အပျင်းပြေအောင် ကျွန်တော့်ဘဝအတွေ့အကြုံများထဲမှ ရယ်မောစရာများ၊ စိတ်ဝင်စားစရာ တောတွင်းအတွေ့အကြုံများကို ပုံပြင်သဖွယ် စီကုံးပြောပြရင်း ဗိုလ်ချုပ်အရိပ်အကဲကိုကြည့်ကာ လိုက်ပါလာလေတော့သည်။

ပင်လုံတွင် ကြိုရောက်နှင့်နေသော ဗိုလ်ချုပ်၏ရဲဘော်ရဲဘက်များက တာဝန်ကျေလှသည်။ ပြည်မ၏ သဘောထားများကို ရှင်းပြပြီးနှင့်ပြီ။ ခရီးရောက်မဆိုက် အစည်းအဝေးခန်းထဲဝင်ကာ မေးမြန်းနေသော ဗိုလ်ချုပ်၏မေးခွန်းများကို ကျေနပ်အောင် ဖြေနိုင်ခဲ့ကြသည်သာ။ ဗိုလ်ချုပ်က ထိုနေ့ညပင် စော်ဘွားများနှင့်တွေ့ဆုံချင်လှသည်။ ကျွန်တော်နှင့် မိုင်းပွန်စော်ဘွားကြီးတို့က အခြေအနေကောင်းသဖြင့် မနက်ဖြန်မှ ဟောပြောလျှင်လည်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အနားယူသင့်ကြောင်း ဝိုင်းဝန်းဖြောင့်ဖြမှသာလျှင် ရေလဲပုဆိုးလေး ပုခုံးပေါ်တင်၍ထွက်သွားသော ဗိုလ်ချုပ်၏ပုံရိပ်များကား မနေ့ကလိုပင် မှတ်မိနေသေး၏။

လက်ခုပ်သံများက ဘဝဂ်သို့ညံလေ၏။ ဗိုလ်ချုပ်၏ ရာဇဝင်တွင်မည့် ပင်လုံစာချုပ်ချုပ်ဆိုပွဲနှင့် ပင်လုံမိန့်ခွန်း။ သဘောမတူသော စော်ဘွား၊ ဟော်နန်းရှင် တစ်ယောက်မှမရှိ။ တောင်တန်းသည် ပြည်မနှင့် တဆက်တည်းသာ ဖြစ်သည် ဟူသော ဆုံးဖြတ်ချက်လောက် ကျေနပ်စရာကောင်းသော ဆုံးဖြတ်ချက်သည်မရှိနိုင်တော့ပေ။ အားလုံးသဘောတူပြီဆိုသည်နှင့် ပျော်ဘွယ်ဦးမြတို့ စီစဉ်ပေးထားသော ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်သည် အတုံ့အဆိုင်းမရှိ၊ သံသယကင်းစွာဖြင့် ပထမဆုံးလက်မှတ်ထိုးလေသည်။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်လက်မှတ်ထိုးနေကြသော ကိုယ်စားလှယ်များကို ဗိုလ်ချုပ်က ခပ်လှမ်းလှမ်းမှ လက်နှစ်ဖက်ယှက်ပြီး ရှုသိုးသိုးကြည့်နေစဉ်တွင်တော့ ကျွန်တော့်မှာ ဝမ်းသာလွန်းသဖြင့် ဗိုလ်ချုပ်လက်မောင်းကို ဖွဖွကိုင်ရင်း “ဗိုလ်ချုပ် အောင်ပြီဗိုလ်ချုပ်ရေ” ဟု တိုးတိုးလေး ကြွေးကြော်မိသည်။ ဗိုလ်ချုပ်က ကလေးဆန်နေသော ကျွန်တော့်ကို တချက်လှည့်ကြည့်လေသည်။ ထိုအကြည့်၏ အဓိပ္ပါယ်မှာ “လွတ်လပ်ရေးရရင် ဒီကောင်ဘယ်လိုများ နေမလဲ” ဆိုသည့်သဘောပင်ဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ သတိရနေပေသည်။ လွတ်လပ်ရေးများ ရလို့ကတော့ ငါဗိုလ်ချုပ်ကို ထမ်းပိုးပြီး အောင်ပွဲခံမည်ဟု စိတ်ကူးမိသော ကျွန်တော့်စိတ်ကူးများသည် လူယုတ်မာတစ်စုကြောင့် ဖြစ်လာတော့မည် မဟုတ်ကြောင်းကိုတော့ ထိုစဉ်က မည်သူမှ မသိခဲ့ကြပါလေ။

လက်မှတ်ထိုးပွဲ အခမ်းအနားပြီးဆုံး၍ တည်းခိုဆောင်သို့ ပြန်မည့်ဆဲဆဲ မိုးညှင်းစော်ဘွားကြီး ကိုယ်တိုင်ရောက်လာပြီး ထိုနေ့ညစာကို အခမ်းအနားဖြင့် တည်ခင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကို လာရောက်ဖိတ်ကြားလေသည်။ စော်ဘွားကြီးပြန်သွားသောအခါ ဗိုလ်ချုပ်က ကျွန်တော့်ကို အမိန့်ပေးပါသည်။
“ ငါခဏလေးနားချင်တယ်ကွာ။ မင်းဆရာမတို့ကိုလည်း ပြောထားပေး။ ဒီည ညစာစားပွဲရှိတယ်လို့။ အသင့်လုပ်ခိုင်းထားကွာ”

ထမင်းဝိုင်းကား ဟင်းအမည်များစွာဖြင့် အထူးပင်စုံလင်လှပေသည်။ ကြီးမားခန့်ညားသော လေးထောင့်စားပွဲကြီးများတွင် စားကောင်းသောက်ဖွယ် အထူးအထူးတို့ဖြင့် ပြည့်လျှံနေလေသည်။ ဗိုလ်ချုပ်မှာ မိုးညှင်းစော်ဘွား၊ လဲချားစော်ဘွား စသော တောင်တန်းနယ်ခံတို့အလယ်တွင် ထမင်းကို ဝတ်ကျေရုံသာစား၍ အနာဂတ်တိုင်းပြည် အစီအစဉ်များကိုသာ ပြောဆိုနေလေသည်။ အချိုပွဲများသုံးဆောင်စဉ်တွင်တော့ ဗိုလ်ချုပ်တို့ စားပွဲနှင့် အနီးဆုံးတွင် တည်ဆောက်ထားသော ဧည့်ခံစင်မြင့်မှ ရိုးရာအကများ၊ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြလေသည်။ တိုင်းရင်းသားများကို စိတ်ဝင်စား နေရာပေးတတ်သော ဗိုလ်ချုပ်သည် ဖျော်ဖြေမှုကို အားရနေဟန်ရှိလေသည်။ သီချင်းလေးပုဒ်အပြီးတွင်မတော့ ခေတ်ပေါ်သံစဉ်ဆန်ဆန်တီးခတ်မှု တစ်ခုကို စတင်ကြားရပြီး …
“ ငွေသော်တာရောင်ခြည် … ထိန်လင်းတော့သည် … ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ … ” အစချီသော ရှမ်းသံဝဲဝဲ တေးတစ်ပုဒ်ကို ကြားရလေသည်။ ထိုသီချင်းမှာ ယခုဧည့်ခံပွဲအတွက် သီးသန့်စပ်ဆိုထားသော သီချင်းဖြစ်ကြောင်း စော်ဘွားကြီးတစ်ယောက်က ပြောပါသည်။ “ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ ” ဟုဆိုအပြီးတွင် ပြုံးခဲရယ်ခဲလှသော ဗိုလ်ချုပ်သည် လက်ညှိုးလေးနှင့် ထိုင်ခုံလက်ရမ်းကို ခေါက်၍ စည်းချက်လိုက်ရင်း ချစ်လှစွာသော ဇနီးသည် အငြိမ်းစားသူနာမပြုဆရာမ ဒေါ်ခင်ကြည်ကို အပြစ်ကင်းဖြူစင်လှသော အပြုံးနှင့်အတူ လှည့်ကြည့်လေသည်။ ထိုစက္ကန့်ပိုင်းလေးသည် ပြတ်သားသော စစ်ဗိုလ်ချုပ်တစ်ယောက်၊ တိကျသော နိုင်ငံခေါင်းဆောင်တစ်ယောက်ဘဝမှ ခတ္တရှောင်ဖယ်၍ သူ့တွင်လည်း နူးညံ့သော၊ လူသားဆန်သော၊ ခံစားတတ်သော၊ မိသားစုစိတ်ဓါတ်ရှိသော နှလုံးသားရှိကြောင်း ဖေါ်ထုတ်ပြသခဲ့သည့် အချိန်တိုလေးပင်ဖြစ်လေတော့သည်။
---------------------------
စိတ်ဝင်တစားနားထောင်နေသော အဆိုတော်ဘိုဘိုဟန် ခေါ် တိုနီလည်း ကျေးဇူးတင်စွာနှုတ်ဆက်ပြီး ထသွားလေပြီ။ ကျွန်တော်သာလျှင် ထိုစဉ်က ပုံရိပ်များကို ရုပ်ရှင်ကြည့်သလို ပြန်လည်မြင်ယောင်နေမိလေသည်။ ပင်လုံစာချုပ် ချုပ်ဆိုနိုင်၍ တပြုံးပြုံးဖြစ်နေသော ဗိုလ်ချုပ်၏ ပုံရိပ်များ၊ “ဆရာမ” သီချင်းကြောင့် ကြည်နူးနေသော မျက်နှာ၊ တဆက်တည်းမှာပင် အတွင်းဝန်ရုံးခန်းမအတွင်းတွင် သေနတ်ဒဏ်ရာများစွာဖြင့် ချစ်လှစွာသော နိုင်ငံကို ထားရစ်ခဲ့ပြီဖြစ်သော ဗိုလ်ချုပ်၏ခန္ဓာကိုယ် … နှစ်ပေါင်းများစွာ ဗိုလ်ချုပ်၏ PA အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ကျွန်တော့်လောက် မည်သူကများ ဒီ “ဆရာမ” သီချင်းကို ခံစားပေးနိုင်ပါမည်နည်း …

P.S ဗိုလ်ချုပ်၏ အပါးတော်မြဲ စာရေးဆရာ တက္ကသိုလ်နေဝင်းအဖြစ် ခံစားရေးသားထားခြင်းဖြစ်ပါသည်။ အချို့သော စာသား၊ စကား၊ အမည်နာမများမှာ ကျွန်တော် Mr.Pooh ၏ စိတ်ကူးဖြင့် ထည့်သွင်းထားခြင်းဖြစ်သော်လည်း “ဆရာမ” သီချင်းနှင့် အဖြစ်အပျက်များမှာ အမှန်ပင်ဖြစ်ပါသည်။
Ref: ငါတို့ဗိုလ်ချုပ် ဘာတွေလုပ် ( သတင်းစာဆရာ ဦးပုကလေး )
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ( တက္ကသိုလ်နေဝင်း )
Internet



Tuesday, May 15, 2007

High School တက်နေသော တက္ကသိုလ်ကျောင်းသားများ

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ဗမာပြည်က တက္ကသိုလ်ကျောင်းသားတွေဟာ ဟောင်းနွမ်းစပြုနေပြီဖြစ်တဲ့ ကျောင်းဆောင်အဟောင်းနဲ့ တက္ကသိုလ်ကြီးတွေအစား နိုင်ငံတော်က အသစ်ဆောက်လုပ်ပေးတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတွေမှာ တခမ်းတနား ရင်သပ်ရှုမောဖွယ် ကျောင်းတက်ခွင့်ရခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်အစား ဒဂုံမြို့သစ်မြောက်ပိုင်းက ဒဂုံတက္ကသိုလ်နဲ့ သန်လျင်က တာဝ အရှေ့ပိုင်းတက္ကသိုလ်၊ အင်းစိန် YIT နဲ့ GTI အစား သန်လျင်မြို့စွန် ထမလုံရပ်ကွက်က သန်လျင် GTC နဲ့ မှော်ဘီအလွန်က GTC ကျောင်းတွေ၊ လှိုင်ကွန်ပျူတာကောလိပ်အစား ရွှေပြည်သာမြို့နယ် လှော်ကားဥယျာဉ်အနီးက UCSY စတဲ့ ကျောင်းအသစ်တွေကို တက်ရောက်ခွင့်ရကြပါတယ်။ ကျောင်းအဝင် မုခ်ဦးတွေ၊ ပင်မအဆောင်တွေနဲ့တင် ဘယ်လိုအဆင့်အတန်းရှိတဲ့ ကျောင်းကြီးတွေဆိုတာ သိသာစေပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး အရင်အထက်တန်းကျောင်းတွေလိုပဲ Uniform ဆင်တူဝတ်စုံတွေကို တချို့သော တက္ကသိုလ်တွေမှာ ပြန်လည်ဝတ်ဆင်ခွင့်ရကြပြန်ပါတယ်။ စည်းလုံးညီညွတ်ခြင်းကိုပြတဲ့ ဒီ Uniform ဝတ်တဲ့ အလေ့အထကို အခြေခံပညာသင်ကြားတဲ့ အထက်တန်းကျောင်းသားလေးတွေ အဆင့်အထိပဲ ဝတ်လေ့ရှိပေမယ့် ကံကောင်းစွာနဲ့ အဆင့်မြင့်ပညာလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသားကြီးတွေ၊ ဂုဏ်ထူးတန်းကျောင်းသားတွေ၊ Master တန်းကျောင်းသားကြီးတွေ ပါ အခုဆို အင်္ကျီအဖြူဆင်တူ၊ လုံချည် ထမီဆင်တူနဲ့ State ကျောင်းရဲ့ အနံ့အသက်တွေ ပြန်လည်ခံစားနေကြရပါပြီ။ စိတ်ထဲမှာ ငါတို့ဆယ်တန်းကျောင်းသားတွေလို့ ပြန်ထင်ခွင့်ရစေချင်လို့ လို့ထင်ပါတယ်။

Uniform နဲ့တင် State ကျောင်းလို့မထင်ချင်သူများအတွက် အခုဆို UCSY လို့ခေါ်တဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ပိုမိုတင်းကျပ်တဲ့စည်းကမ်းတွေနဲ့ State ကျောင်းတွေကို မလွမ်းလွမ်းအောင် လုပ်ထားပါတယ်လို့ ကျောင်းတက်နေတဲ့ ကျောင်းသားတွေက နိုင်ငံခြားမီဒီယာတစ်ခုကို ဖြေထားတာကို ဖတ်လိုက်ရပါသေးတယ်။ အရင်က ကျောင်းတက်ချိန် ၉ နာရီဖြစ်ပေမယ့် အခု ၈ နာရီကိုပြောင်းလိုက်ပါတယ်တဲ့။ နည်းနည်းဝေးတဲ့နေရာက လာရတဲ့ကျောင်းသားတွေက မနက် ၆ နာရီကတည်းက အိမ်ကထွက်ရပါတယ်တဲ့။ ထွက်ပေါ့ဗျာ … ပညာရှာပမာ ခရီးသွားတဲ့။ ၈ နာရီ ၁၅ ဆိုတာနဲ့ ကျောင်းခြံဝန်းတံခါးကို ပိတ်လိုက်ပါတယ်။ ကိုယ်ပိုင်ကားတွေကို ကျောင်းပေါက်မှာ ရပ်ထားခဲ့ရပြီး လမ်းလျှောက်ဝင်ရပါတယ်တဲ့။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တံခါးဖွင့်ပေးမှာ မဟုတ်ဘူးလို့ ကိုယ်တိုင်ကြုံဘူးသူ ကျောင်းနောက်ကျ ကျောင်းသားတစ်ယောက်ကလည်း ပြောပါတယ်။ ကောင်းလိုက်တဲ့ စည်းကမ်းဗျာ။ တကယ့်ကို ကလေးတန်းတွေလိုပါပဲ။ တကယ်ဆို ခြံဝန်းရှေ့မှာ ထိုင်ထလုပ်ခိုင်းတာတို့၊ ၁၅ မိနစ်လက်မြှောက်နေတို့ စတဲ့ ဒဏ်လေးတွေနဲ့ဆို ကလေးကျောင်းလေးတွေနဲ့ ပိုတူမှာပါ။ အခုဟာက တံခါးဖွင့်မပေးဘူး ပြန်ဆိုတာက တက္ကသိုလ်ရုပ် နည်းနည်းပေါက်နေသေးတယ်လေ။ အဲ … ပိုကောင်းတာရှိသေးတယ်။ ထမင်းစားချိန်ကလွဲပြီး ကျန်တဲ့အချိန်မှာ Canteen (ကလေးတွေခေါ်သလို မုန့်ဈေးတန်းပေါ့လေ) မှာ ဘယ်ကျောင်းသား၊ ဘယ်ဆရာမှ မရှိရဘူးဆိုပဲ။ ဒါက လိုတယ်ဗျာ။ သိပ်ကောင်းတဲ့ ကန့်သတ်ချက်ပဲ။ မဟုတ်ရင် သူတို့ကိုယ်သူတို့ တက္ကသိုလ်ကျောင်းသားတွေ ထင်နေဦးမယ်။ ဒါမှ တကယ့် State ကျောင်းပုံစံစစ်စစ်ပါ။ တစ်ခုတော့ထူးတယ်။ ကျောင်းသားတွေလာမှာစိုးလို့ ဆရာမတွေက ကင်းစောင့်နေရတယ်ဆိုပဲ။ အားတောင်နာတယ်ဗျာ။ ကျွန်တော်တို့တွေ State ကျောင်းအဆင့် အခြေခံပညာအတန်းတွေကို လွမ်းမှန်းသိလို့ မတူတူအောင် ကူညီကြတာကိုလေ။

အဲဒီ UCSY မှာပဲ တခြားတက္ကသိုလ်တစ်ခုက မာစတာလာတက်တဲ့ ကျောင်းသားအဖွဲ့လည်းရှိပါသေးတယ်။ သူတို့အဖွဲ့ကတော့ မှန်အနက်ကားတွေနဲ့ ကျောင်းရောက်လာရင် အချိန်မရွေးဝင်ခွင့်ရကြပါတယ်တဲ့။ ဒါကိုဘာလို့ မကျေမနပ်ဖြစ်နေကြသလဲ မသိပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာလည်း ဒီလိုအခွင့်ထူးခံ ကျောင်းသားတွေရှိတာပါပဲ။ ဝမ်းလျှောနေတဲ့သူတို့၊ ခွေးကိုက်ခံရတဲ့သူတို့၊ အိမ်မှာ အသုဘဖြစ်တဲ့သူတို့ဆို နောက်ကျပြီးဝင့်ခွင့်ရဘူးကြပါတယ်လေ။ အခုလည်း ဒီလိုပဲပေါ့။ ဒီမှန်အနက်ကပ်ကားထဲမှာ ဘယ်လိုအားနည်းချက်ရှိတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားလေးတွေပါလာမှန်း ဘေးလူကဘယ်သိမလဲ။ သူတို့ဆို သနားစရာ။ တက္ကသိုလ်ကျောင်းသားစတိုင် နည်းနည်းရသွားတယ်။ ကျန်တဲ့ ကျောင်းသားတွေကမှ ကြီးကောင်ကြီးမားနဲ့ ကလေးဘဝ ပြန်ခံစားခွင့်ရကြတယ်လေ။ နောက်ဆို ကျောင်းလေ့ကျင်းခန်းစာအုပ်တွေ ဆရာဆီတင်ခိုင်း၊ ပြီးရင် စာအုပ်ရှေ့ဆုံးမှာ တော်၊သင့်၊ညံ့ စတဲ့ မှတ်ချက်လေးတွေပေး၊ လစဉ် Report Card ကို မိဘတွေကို လက်မှတ်ထိုးခိုင်း၊ အတန်းချိန်တွေထဲမှာ ကာယနဲ့ အိမ်တွင်းမှု တစ်ချိန်တိုး၊ ကျောင်းရောက်ရင် ကမ္ဘာမကြေဆို … ဒါဆိုပိုတောင် ကောင်းလာမယ်နော်။ စမ်းကြည့်သင့်တယ်ဗျ။ တစ်ခုတော့ရှိတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျောင်းသားတွေကို အသက်ကန့်သတ်ပေးရမယ်။ အသက် ၁၀ နှစ်အောက်ပဲ ကွန်ပျူတာတက္ကသိုလ်တက်ခွင့်ပေးလိုက်ဗျာ။ မဟုတ်ရင် တက္ကသိုလ်တွေမှာ အခြေခံပညာအရသာပြန်ခံစားနိုင်အောင် လုပ်ပေးနေတဲ့ စေတနာကို နားမလည်တဲ့သူတွေက အခုလိုပဲ ဝန်ကြီးဆီစာတင်မယ်၊ ဟိုလူတိုင်မယ်၊ ဒီလူတိုင်မယ်နဲ့ လုပ်ကြဦးမယ်လေ။ ချာတိတ်လေးတွေပဲထားလိုက်ဗျာ။ ရှုပ်တယ် !

Saturday, May 12, 2007

လွန်လေသော ၂၅ နှစ်သို့ …

မနေ့က ရုံးအပြန်မှာ တရုတ်တန်းလို့ခေါ်တဲ့ လသာလမ်းနဲ့ စဥ့်အိုးတန်းလမ်းတဝိုက်ကို ကိစ္စတစ်ခုနဲ့ ခဏရောက်သွားတယ်။ ထုံးစံအတိုင်း ဘုံကျောင်းနားမှာ သစ်သီးတွေစုံစုံလင်လင် ခင်းရောင်းနေတာတွေ့ရပါတယ်။ ဒူးရင်းသီးကြိုက်တဲ့ ဓါတ်ခံတွေ နိုးကြားလာပြီး ယိုးဒယားဒူးရင်းလို့ခေါ်တဲ့ ဧရာမဒူးရင်းသီးတွေထဲက ဈေးသက်သာတာ တစ်လုံးဝယ်လိုက်မိတယ်။ ဈေးဆစ်ပြီးတော့ ၈၀၀၀ ကျပ် ပေးရပါတယ်။ အိမ်မှာက လူများတော့ သိပ်သေးတာဝယ်လို့မရပြန်ဘူးလေ။ အိမ်ရောက်တော့ ထမင်းစားပြီး အချိုတည်းရအောင် ကျွန်တော်ခွဲပြီး လူကြီးတွေစုထိုင်စကားပြောနေတဲ့ ဧည့်ခန်းစားပွဲမှာ ချပေးလိုက်ပါတယ်။ အမွှာကြီးတွေက တကယ်လှတယ်ဗျာ။ အရသာလည်း ကောင်းမယ့်ပုံပါ။ ဖေဖေက မစားသေးဘဲ ဒူးရင်းသီးပန်းကန်ကို ကြည့်ပြီး ကျွန်တော်ကို မေးခွန်းထုတ်ရင်း စကားစတယ်။

“ သား … မင်း ဒူးရင်းသီးဘယ်လောက်ပေးရလဲ ”
“ ၈၀၀၀ ပေးရတယ်ဖေဖေ။ သူက ၉၀၀၀ တောင်ပြောတာ။ ဈေးများလို့လား”
“ များလား မများလားတော့ ဖေဖေမသိပါဘူး။ ဒါပေမယ့် မင်းမွေးတဲ့နှစ်က အခုတို့နေတဲ့ ဒီခြံလေးကိုဝယ်တာ ၈၀၀၀ ပေးရတယ်။ အိမ်ဆောက်တာ ၅၀၀၀ ကုန်တယ်သား ”

ကျွန်တော် တချက်လန့်သွားတယ်။ ဖေဖေက ခံစားချက်တစ်ခုခုနဲ့ ပြောနေပုံပါ။ အခုချိန်အထိ အဲဒီအိမ်ဈေး၊ ခြံဈေးကို ဈေးမသေးလှဘူးလို့ ခံယူထားသေးပုံပါ။ သူတို့ခေတ်အခါက ဝန်ထမ်းတစ်ယောက်အနေနဲ့ စုဆောင်းပြီးဝယ်လိုက်တဲ့ ပိုက်ဆံ ၈၀၀၀ ထောင်ဟာ အတော်များပြီး အတော်အချိန်ယူပြီးစုရပါတယ်။ အခုတော့ ၂၅ နှစ်အကြာမှာ အဲဒီငွေဟာ ဒူးရင်းသီးတစ်လုံးစာပဲ ရှိပါတော့တယ်။ ဒီပုံနဲ့ဆို နောက် ၂၅ နှစ်အကြာ၊ ကျွန်တော်အသက် ၅၀ လောက်မှာ ဒူးရင်းသီး တစ်လုံးကို သိန်းဆယ်ဂဏန်း၊ ရာဂဏန်းများပေးဝယ်နေရမလားပဲ။

ညကစားတဲ့ ဒူးရင်းသီး နှစ်မွှာဟာ ကျွန်တော်ဖို့တော့ သိပ်ကိုတန်ဖိုးကြီးပြီး တန်ဖိုးရှိနေတယ်လို့ခံစားနေမိပါတယ်။

Thursday, May 10, 2007

Blog များကို ဖြတ်သန်းခြင်း

ရည်ရွယ်ချက်ကောင်းများဖြင့် Publish လုပ်မည့် Myanmar Blog Book အတွက် စာမူကြမ်းများကို လာမည့် မေလ ၁၅ ရက်နေ့နောက်ဆုံးထား၍ သတ်မှတ်ထားသော Blog တွင် တင်ပေးထားရမည်ဖြစ်သည်။ စာအုပ်ထုတ်လုပ်ရေး အမာခံ Blogger များ၏ တာဝန်ပေးချက်အရ ကျွန်တော်က များလှစွာသော Blog များထဲမှ ၇ ခုကို တာဝန်ယူ ဖတ်ရှုပေး၍ သင့်တော်သော စာမူကြမ်းများကို ပိုင်ရှင်ခွင့်ပြုချက်ဖြင့် တင်ပြပေးရမည်ဖြစ်သည်။ကျွန်တော်ဖတ်ရသော Blog များမှာ
- http://generation96.blogspot.com/
- http://gyittu.blogspot.com/
- http://hay-mar.blogspot.com/
- http://heinnge.blogspot.com/
- http://hohodidi.blogspot.com/
- http://htetyeemon.blogspot.com/
- http://htoolaminn.blogspot.com/ တို့ဖြစ်သည်။

ကျွန်တော် Blog စရေးခါစက ကိုယ့်ဟာကိုယ် စိတ်ထဲရှိတာတွေကိုသာ ရေးနေဖြစ်သည်။ သူများ Blog များကို သွားရောက်ဖတ်ရှုခြင်း၊ အတုယူခြင်းအလွန်နည်းသည်။ မ ၉၉၊ ကိုမောင်လှ၊ ကိုညီလင်းဆက် တို့၏ Blog များကိုသာ အရောက်များလှသည်။ သို့သော်လည်း Comment ရေးရကောင်းမှန်းလည်းမသိ၊ Cbox မှတဆင့် မိတ်ဖွဲ့ရကောင်းမှန်းလည်းမသိ။ တိတိကျကျပြောရလျှင် ထို Blog Community သည်ယခုလောက် မောင်နှစ်မ စိတ်ဓါတ်ဖြင့် ခရီးဆက်နေကြမှန်းပင်မသိ။ ကျွန်တော့်လိုပင် ကိုယ်ထင်ရာကိုယ်စိုင်းနေကြသည်ဟု ထင်မိသည်။ ထို့အပြင် အရေးအသားကောင်းသော Blogger ကြဲပါးလှသည်ဟုလည်း ဝေဖန်မိသည်။

ကျွန်တော်၏ အဆိုပါပေါကြောင်ကြောင်အမြင်များသည် Blog Book ထုတ်ဝေရေးအတွက် ဆွေးနွေးပွဲတက်အပြီးတွင် လုံးဝပျောက်ကွယ်သွားခဲ့လေသည်။ မြန်မာ Blogger များသည် လူမမြင်ဖူးဘဲ ခင်နေကြ၏။ အသံမကြားဖူးဘဲ လေးစားနေကြ၏။ စာများဖတ်ပြီး ကူညီချင်နေကြ၏။ Online Community ၏ စွမ်းဆောင်မှုကား အံ့မခန်းပင်ဖြစ်သည်။ ထိုနေ့က လာကြသော Blogger များသည် မရေးချင်၍ ထိုင်နေချင်သာနေမည် - ဝါရင့်စာရေးဆရာများလို ဖွဲ့နွဲ့တတ်ကြသည်။ သူများ Blog Post များကိုဖတ်၍ ခံစားချက်များကို မြင်တတ်၏။ CBox နှင့် Comment များမှ အချင်းချင်း အားပေး ဝေဖန် စနောက်တတ်ကြ၏။ Newbie များကိုလည်း နေရာပေးတတ်ကြသည်။ သူတို့ Friend List များနှင့် Forum မှ တဆင့် အခြား Blogger များကို ကျွန်တော် သိကျွမ်းခွင့်ရခဲ့သည်။ ဥပမာ - ကိုရန်အောင်တို့လို၊ မဂျစ်တူးတို့လို Bloger ကြီးများဖြစ်သည်။ ယခု ကျွန်တော်သည် Blog Community အတွင်းမှ Blog သေးသေးလေးတစ်ခုကို ပိုင်ဆိုင်သူတစ်ယောက်အဖြစ် နေရသည်ကို နွေးထွေးလာသည်။ ပျော်လာသည်။ သူငယ်ချင်း Blogger တွေအပေါ် ခင်တွယ်လာသည်။ သူတို့၏ Post များ၊ Comment များ၊ Cbox မှ စနောက်နှုတ်ဆက်စာများကို စိတ်ပါလက်ပါဖတ်ဖြစ်လာသည်။ ၄င်းတို့ကို ဖတ်ရင်း တခါတရံ ကိုယ်တိုင်ပင် Post အရေးကြဲသွားတတ်သည်။

အခြား Blog များကို ကျွန်တော် ဘယ်လောက်ဖတ်သည်ပြောပြော အစအဆုံးတော့ မဖတ်ဖြစ်ပေ။ သို့သော် အထက်တွင် ကျွန်တော် ဖေါ်ပြထားသော တာဝန်ကျ Blog ၇ ခုကိုတော့ စိတ်ရောကိုယ်ပါနှစ်၍ ဖတ်ဖြစ်သည်။ ကိုယ်တိုင်က ဖတ်ချင်တာရော၊ အပျင်းကြီးပြီး ကျော်သွားခဲ့လျှင် သူတို့၏ Master Piece များနစ်နာသွားမည်ကို စိုးရိမ်၍ရော သေသေချာချာဖတ်ဖြစ်ပါသည်။ တကယ်တော့ ထို Blog ၇ ခုသည် ဗမာ Blogger များကိုချုံ့ထားသော Sample နှင့်တူသည်။ ရသမျိုးစုံပါဝင်သော Blog ၇ ခုဖြစ်သည်။ နိုင်ငံရေးဟု ခေါ်ကြသော ဗမာနိုင်ငံသမိုင်းနှင့် လက်ရှိအဖြစ်အပျက်များကို တင်ပြလျက်ရှိသော 96 Generation ၏ Blog ဆိုလျှင် ဗဟုသုတများလှသည်။ ကျွန်တော်မကြားဘူးသော၊ မထင်ထားသော အချက်အလက်များကား ဖတ်မကုန်နိုင်အောင်ရှိသည်။ သို့သော် ဗမာပြည်တွင် ပုံနှိပ်ထုတ်ဝေမည်ဖြစ်သော အနှီ Blog Book တွင်ထည့်သွင်းရန်ကား ကာလတစ်ခုကို စောင့်ပေးရမည်ဖြစ်သည်။ နောက်တစ်ယောက်က မဂျစ်တူး ဖြစ်သည်။ အထူးမိတ်ဆက်ရန်မလိုသော သူမကို ကျွန်တော်က သူများထက်နောက်ကျပြီးမှ သိကျွမ်းခဲ့သည်။ သူမ၏ မောင်နှစ်မစိတ်ဓါတ်နှင့် စည်းစည်းလုံးလုံးရှိစေချင်ပုံ၊ စိတ်ထားကောင်းပုံ၊ သူငယ်ချင်းများက သူမအပေါ် ဂရုတစိုက်ရှိပုံများကို အခုတလော စုပေါင်းရေးနေကြသော Open to All ဆောင်းပါးရှည်ကြီးကိုကြည့်ရုံနှင့်သိသာနိုင်သည်။ ဟာသပဲပြောပြော၊ ရသပဲပြောပြော ထိုဆောင်းပါးရှည်ဖတ်ရ ရေးရသည်မှာ ပျော်စရာပင်။ တစ်ခုပဲရှိသည်။ Blogger တွေ အလွန်ပြောင်သည်ဟုတော့ ထင်သွားနိုင်သည်။ ဒါကလည်း ဟုတ်နေသဖြင့် ထူးပြီးနာစရာမရှိတော့ပေ။ ကျန် Blog ၅ ခုသည်လည်း အကောင်းဆုံးသော အရေးအသားများ၊ အနုအရွဆုံးသော အဖွဲ့အနွဲ့များဖြင့် တန်ဆာဆင်ထားသည်။ ကိုဟိန်းငယ်ဆိုလျှင် Forum တွင် အကူအညီများပေးနေသူလည်းဖြစ်သည်။ ပြောရလျှင် ကျွန်တော့်ထက်ရေးနိုင်ကြသူများဖြစ်သလို နှံ့စပ်ကြသူများလည်း ဖြစ်ကြသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က ကျွန်တော် အိုအေစစ် ကို အသက်သွင်းခြင်း သုံးလပြည့်သည်။ ထိုမေလ ၇ ရက်နေ့သည် World Laugh Day ဖြစ်ပြီး ကမ္ဘာအနှံ့ စုပေါင်းရယ်မောခြင်း၊ ပျော်စရာများ ဖန်တီးခြင်း၊ စုပေါင်းကစားပွဲများ ကစားကြခြင်းများ ပြုလုပ်ကြသည်။ ထိုနေ့က ကျွန်တော်တို့ Blogger များလည်း မဂျစ်တူး ဆီတွင် ဆောင်းပါးရှည်ရေး၍၊ Cbox တွင် စကြ နောက်ကြနှင့် ပျော်နေကြကြောင်း ကိုဘလာဂေါက် ဖုံးဆက်သည်။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပျော်ကြလျှင်ပြီးတာပဲ ဖြစ်သည်။ ယခုလို အိုအေစစ်လေး သုံးလတိုင်အောင် အသက်ဆက်နိုင်စေရန် ကူညီပေးကြသော၊ လာလည်ပေးကြသော၊ ဝေဖန်ပေးကြသော မိတ်ဆွေများအား ကျေးဇူးတင်ကြောင်း ဤ Post မှတဆင့် ပြောကြားလိုပါသည်။ အထူးသဖြင့် မနိုင်းနိုင်း၊ ကိုဘလာဂေါက်၊ မဘာညာနှင့် Blog မရေးသော်လည်း “သူငယ်ချင်း ဒီနေ့ဘာအသစ်တင်လဲ ” ဟု အမြဲမေးတတ်သော ကိုထွေး တို့ကို အထူးပင်ကျေးဇူးတင်မိပါကြောင်း။

ဤကား ကျွန်ုပ်၏ အိုအေစစ်သုံးလပြည့် အထူး Post တည်း။


Tuesday, May 8, 2007

Greeting !

ဆိုရင် …

ငါမှတ်မိသေးတယ် …
မိန်းကလေး ...
မင်းကို နောက်ဆုံးတွေ့လိုက်ရတဲ့ စနေ။

ခမ်းမဆောင်ထဲ
ငါလှမ်းဝင်လိုက်တယ်
မင်းကပြုံးပြုံးလေး အိပ်နေပြီလေ။

မျက်ရည်ဝဲနေတဲ့
ငါ့မျက်လုံးတွေက
မင်းကုတင်သေးသေးလေးကိုတော့
သတိထားမိသား …
နောက်ပြီး
Father ကြီးကလည်း
“ ချစ်သား သတိထားပါဦး ” တဲ့။

ငါ့လက်ထဲက
သစ္စာပန်း နီနီရဲတွေက
မင်းကို သစ္စာရှိနေမယ်ဆိုတာပြဖို့
ကျေးဇူးတင်ကြောင်းမပြောနိုင်တော့တဲ့
မင်းလက်ထဲကို
ခုန်ဆင်းသွားတယ်။

အားလုံးပြန်သွားကြပြီလေ
ငါတစ်ယောက်တည်း
မင်းထာဝရအိပ်စက်နေမယ့်
ကျောက်ကုတင်ဘေးမှာ
ရှိနေခဲ့တယ်…
တကယ်လို့များ
မင်းနိုးထလာရင်
“ Good Morning ” လို့
ငါပြောမလို့လေ …

* တခါတလေတော့လည်း ဒီလိုကြံဖန်လွမ်းတတ်တယ်ဗျာ။

Friday, May 4, 2007

အပြောင်းအလဲများ

ဒီနေ့ OA6 ကို အပြောင်းအလဲ တော်တော်လုပ်ဖြစ်သွားတယ်။ ပထမဆုံး Free Counter ကယူထားတဲ့ Poll ကို ဖြုတ်ပြီး ဗမာလိုရေးလို့ရတဲ့ Polldaddy က Poll တစ်ခုကို ပြောင်းထည့်လိုက်တယ်။ ဗမာလိုပေါ်အောင်ကတော့ Blogger Forum မှာ ကိုရန်အောင်၊ ကိုဟိန်းငယ် နဲ့ ကိုမင်းကျော်တို့ ဆွေးနွေးထားတဲ့ဆီက ဖတ်ပြီးလုပ်ကြည့်ထားတာပါ။ အရင် Poll က ကျွန်တော့် Blog ကောင်းမကောင်း မဲတောင်းထားတာဖြစ်ပြီး မဲ ၄၀ မှာ ကောင်းပါတယ်လို့ ၃၃ မဲရပါတယ်။ IP ကို အချိန်နဲ့ပဲ တိုက်စစ်ထားလို့ ကျွန်တော်ကိုယ့်ဟာကို ပြန်မဲပေးထားတာတွေကြောင့်လည်းဖြစ်မှာပါ။ တကယ်လာမဲပေးသွားတဲ့ မိတ်ဆွေမောင်နှစ်မများကိုလည်း ကျေးဇူးတင်ပါတယ်။ အခုပြောင်းထားတဲ့ Poll မှာလည်း ကြုံရင် အားပေးသွားကြပါဦးခင်ဗျား။

နောက်တစ်ခုက ကိုရန်အောင်တိုက်တွန်းနေသလို C Box ထည့်လိုက်ပါတယ်။ သူများ Blog တွေမှာတော့ အားမနာတမ်းသွားအော်နေပြီး OA6 မှာ မရှိဘူးဖြစ်နေလို့ပါ။ အချိန်သိပ်မရလို့ သေသေချာချာ မပြင်ရသေးပါဘူး။ ဗမာလိုတော့ အော်လို့ရပြီထင်ပါတယ်။ လာအော်ပြီး အားမနာတမ်း မှိုချိုးမျှစ်ချိုး ဝေဖန်ကြပါဗျာ။

နောက်ပြီး လမ်းညွှန်မှာလည်း အပြောင်းအလဲထပ်လုပ်လိုက်ပါတယ်။ စာအုပ်ထုတ်ဖို့ ဆွေးနွေးတဲ့ဆီသွားပြီးရလာတဲ့ မိတ်ဆွေ Blogger တွေကို OA6 လမ်းညွှန်မှာ အားဖြည့်လိုက်ပါတယ်။ နောက်ပြီး Update မဖြစ်တော့တဲ့ Blog သုံးလေးခုလောက် ဖြုတ်ပစ်လိုက်သေးတယ်။

လောလောဆယ်တော့ အားတဲ့အချိန်လေးတွေမှာ Banner Design လေးနည်းနည်းပြောင်းဖို့၊ Java Script နဲ့ Post တွေကို ခေါက်သိမ်းဖို့၊ Blog Book အတွက် စာမူပို့ဖို့ နဲ့ ကျွန်တော့် OA6 Blog လေးရဲ့ သုံးလပြည့်မွေးနေ့အတွက် အထူး Post တွေ ရေးနေကြောင်းပါခင်ဗျား။

Wednesday, May 2, 2007

ဝေးနေတဲ့အခါ ...


ငယ် ... မိုးတွေရွာနေပြန်ပြီလေ ... ဝေးနေပေမယ့် ကိုပြောဖူးတာလေးကို သတိရနေနော် ...

မိုးရွာထဲမှာ လက်ဝါးလေးတွေကို ဖြန့်ထားကြည့်ပါ ... ငယ့်လက်ထဲကျလာတဲ့ မိုးစက်လေးတွေက ငယ် ကို့ကို ဘယ်လောက်သတိရနေတယ်ဆိုတာကို ပြတာ ...

ငယ့်လက်ဝါးအပြင် နေရာအနှံ့က မိုးစက်လေးတွေက ကို ငယ့်ကို ဘယ်လောက်လွမ်းနေတယ်ဆိုတာကို ပြတာလေ ...

ငယ်ရေ ... မိုးတွေဆိုင်းတိုင်း မျက်ရည်ဝိုင်းမိပါရဲ့ ...