Saturday, March 31, 2007

ဖြစ်နိုင်ရင်ပေါ့လေ

မကျေနပ်တာလေးတစ်ခု ပြောချင်လို့ပါဗျာ။ သူငယ်ချင်းတစ်ယောက်ပေးလို့ ဒီ Link လေးကို သွားကြည့်ပါတယ်။ ကမ္ဘာ့အံ့ချီးဖွယ် (၇) ပါးကို အသစ်လုပ်မလို့ Vote တောင်းနေတဲ့ Site ပါ။ သူက ဇကာတင်နေရာ (၂၁)ခု ပေးထားပါတယ်။ တကယ့်ကို အံ့သြစရာကောင်းတဲ့ နေရာတွေ၊ ရုပ်တုကြီးတွေ ပါ ပါတယ်။ ဥပမာ - တရုတ်ပြည်က မဟာတံတိုင်း၊ မက္ကဆီကိုက Chichen Itza ပိရမစ်၊ ဘရာဇီး ကော်ဗိုဗာဒိုတောင်ပေါ်က ၃၈ မီတာမြင့်တဲ့ ယေရှုသခင် ရုပ်တု စသည်ဖြင့်ပေါ့ဗျာ။ ဒါမျိုးတွေကတော့ ထားပါတော့လေ။ ပါကို ပါရမှာတွေပါ။ ကျွန်တော်မကျေနပ်တာက USA ကို ပြင်သစ်က လက်ဆောင်ပေးထားတဲ့ လေဘာတီရုပ်တို့၊ ဆစ်ဒနီက Opera House တို့က ဘာလို့ ပါလာရတာတုန်း။ ဒါတွေက နည်းပညာတိုးတက်တဲ့ ခေတ်ရောက်မှ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေပါ။ ဘာလို့အံ့ချီးဖွယ်ဖြစ်ရမှာလဲဗျ။ အဆောက်အဦးကောင်းတာကို ရွေးမယ်ဆိုရင် ဒူဘိုင်းက မိုးမျှော်တိုက်တွေ ဘယ်သွားထားမလဲ။ ရုပ်တုလက်ရာမြောက်တာ ပေးချင်ရင် ဂျပန်က ကမာကူရ ရပ်တော်မူ ရုပ်ပွါးတော်ကြီးကိုလည်း ထည့်သင့်တာပေါ့ဗျာ။ မဟုတ်ဘူးလား။ အဲဒီနေရာတွေအစား ကျွန်တော်ကတော့ ရွှေတိဂုံဘုရား၊ ပုဂံနယ်မြေ၊ ကျိုက်ထီးရိုးဘုရားနဲ့ ရခိုင်မြောက်ဦးဒေသတွေကို စဉ်းစားပေးစေချင်တယ်ဗျာ။ နှိုင်းယှဉ်ကြည့်ဗျာ။ ဘယ်နေရာဒေသတွေက ရှေးဟောင်းကျပြီး အံ့သြစရာကောင်းသလဲ။

ကျွန်တော်က လေဘာတီရုပ်ရဲ့ ဗိသုကာကိုမသိလို့လည်းမဟုတ်ဘူး၊ Opera House ရဲ့ လက်ရာမြောက်မှုကို မခံစားနိုင်လို့လည်းမဟုတ်ပါဘူး။ ခေါင်းစဉ်နဲ့မကိုက်ညီလို့ ပြောတာပါ။ ရေးထားတော့ 7 Wonders တဲ့။ ကျိုက်ထီးရိုးဘုရားလောက်ပဲ လေဘာတီရုပ်က အံ့သြစရာကောင်းဦးမလား။ ခင်ဗျားတို့လည်းသိပြီးသားပါ။ ကျွန်တော့်စိတ်ထင်ပြောရရင်တော့ သူတို့နဲ့ချိတ်ဆက်ပြီး Global Tour လုပ်လို့ရတဲ့ နိုင်ငံကြီးတွေကိုတွေကိုပဲ ဦးစားပေးလိုက်တယ်ထင်တယ်ဗျ။ မြန်မာပြည်ကမဟုတ်တဲ့ တခြားဒေသကလူတွေလည်း မကျေမနပ်ဖြစ်လို့ Email တွေပို့ပြီးကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တော့ မပါလိုက်ရ မရှိလေအောင် ပို့ပြီးပါပြီ။ webmaster@n7w.com ကိုပါ။ ကဲ ... ခံစားချက်ချင်းတူရင်တော့ Mail လေးပို့ပြီး ပါဝင်လိုက်ပါဦးလားဗျာ။ ၀၇၊ ၀၇၊ ၀၇ ရက်နေ့မှာ ပေါ်တူဂီနီုင်ငံမှာ အပြီးသတ်ကြေငြာမယ်လို့သိရပါတယ်ခင်ဗျား ...


Friday, March 30, 2007

ဘွဲ့ယူသောနေ့

ရှက်တော့ရှက်သည်။ သို့သော် ကျွန်တော်တို့လို အဝေးသင်ကျောင်းသားများအတွက်တော့ တစ်သက်မှာတစ်ခါသာ လုပ်ဖြစ်သောအလုပ်ဖြစ်သည်။ ဒီနေရာကို ရောက်လာဦးတော့ ခုလို ဝတ်ရုံဖားဖားကြီးနှင့်တော့ မဟုတ်လောက်တော့။ ထို့ကြာင့် အများနည်းတူ ကျွန်တော်လည်း ရှက်ရှက်နှင့်ပင် ဓါတ်ပုံရိုက်နေခြင်းဖြစ်သည်။ နေရာကတော့ သစ်ပုတ်ပင်ကြီးခြေရင်းပင်ဖြစ်သည်။

တကယ်တော့ ကျွန်တော်နှင့်ဒီကျောင်းတော်ကြီးက ပတ်သတ်မှု မရှိသလောက်နည်းသည်။ အခုဘွဲ့လာယူရတာကိုလည်း မျက်နှာပူသလို ခံစားရသည်။ ကိုယ်နှင့်မတော်သော အင်္ကျီကြီးဝတ်ထားရသလို ဖြစ်နေမိသည်။ ကျွန်တော်က အဝေးသင် ကျောင်းသားသာ ဖြစ်သည်။ ဒဂုံတက္ကသိုလ်မှာ လက်တွေ့လုပ်ရသည်။ သထုံလမ်း ကိုသာ ရောက်ချင်ရောက်သည်။ Main ထဲကိုမဝင်ဖြစ်။ အလွန်ရောက်ခဲလှသည်။ ကျောင်းတက်တာ တစ်နေရာ၊ ဘွဲ့ယူတာ တစ်နေရာ။ ဒါပေမယ့် ကျွန်တော်ကျေနပ်သည်။ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှအပ အခြားနေရာတွင် ကျင်းပပါက ကြီးကျယ်ခမ်းနားခြင်း၊ ပြီးပြည့်စုံခြင်း၊ သမားဂုဏ်မြောက်ခြင်း စသည့် အထူးထူးသော ဝိသေသတို့သည် ပျောက်ဆုံးနေမည်ဟု ကျွန်တော်ယုံကြည်သောကြောင့်ဖြစ်သည်။ ဒီနေရာ၊ ဒီခမ်းမသည် ပညာတတ်တို့ဧ။်နေရာ၊ ရင့်ကျက်ခြင်းဧ။် သင်္ကေတ၊ ဂုဏ်သရေတို့ဧ။် ဆုံဆည်းရာ။ ဒီပရဝဏ်ကြီးတွင် ဖြစ်ပျက်ခဲ့သော သမိုင်းဝင် အဖြစ်အပျက်တွေကတော့ များလှသည်။ Bio နဲ့ Botany ကလူတွေပြောသလို အပင်တွေသည်သက်ရှိသာဆိုပါက ထိုအဖြစ်အပျက်တို့ဧ။် အမှန်တရားများ၊ လျှို့ဝှက်ချက်များ၊ အကောင်အထည်မပေါ်ခဲ့သော အကြံအစည်များကို အစအဆုံးသိရှိနေခဲ့သူမှာ ယခု ကျွန်တော်ကျောချင်းကပ်ထားသော သစ်ပုတ်ပင်ကြီးပင် ဖြစ်ပေလိမ့်မည်။

ကျွန်တော့်စိတ်ကူးထဲတွင်တော့ သစ်ပုတ်ပင်ကြီးသည် မော်ကွန်းထိန်းကြီးနှင့်တူသည်။ မိသားစုလိုက်ကျောင်းထဲမှာနေသော ကျောင်းစောင့်ကြီးနှင့်တူသည်။ ရန်ကုန်တက္ကသိုလ်ဧ။် ဂုဏ်ထူးဆောင်ဝတ်ရုံကြီးနှင့် လည်းတူသည်။ ကျွန်တော်တို့လို ဘွဲ့ယူလာသူ မောင်မယ်တို့ သူ့ကိုနောက်ခံပြု (ကျွန်တော်ကတော့ ဂုဏ်ပြုသည်ဟု ထင်သည်) ဓါတ်ပုံရိုက်ကြသည်ကို သဘောကြဟန်နှင့် မမောမပန်း Post ပေးနေတတ်သည်။ ကျွန်တော်တို့ကို ငုံ့ကြည့်ပြီး “ အော်… မင်းတို့လည်းဘွဲ့ယူကြပြီလား၊ မင်းကငါနဲ့ဓါတ်ပုံရိုက်မလို့လား၊ ရိုက်ပါကွာ၊ မင်းမိဘတွေတုန်းကလည်း ဒီလိုလာရိုက်တာပါပဲ၊ အော်…သူတို့လည်းပါလာကြတာကို၊ ငါဖြင့် မှတ်တောင်မမှတ်မိဘူး၊ မင်းအမေက ငယ်ငယ်က သိပ်စိတ်ကောက်တာကွ၊ သူတို့ချင်းစိတ်ဆိုးရင် ငါ့ဘေးမှာထိုင်ပြီး စာရင်းရှင်းတတ်ကြတယ်၊ နေပူမှာစိုးလို့ ငါ့အကိုင်းအခက်တွေနဲ့တောင် ကာပေးရသေးတယ်ကွ၊ မင်းအဖေကတော့ သိပ်အစအနောက်သန်တာ၊ သူတို့အတန်းဆင်းလာရင် စကြနောက်ကြနဲ့ ဆူညံနေတော့တာ… အေးလေ … နှစ်ပေါင်း ၃၀ လောက်ရှိပြီပဲ … သူတို့ကတော့ဘယ်မှတ်မိမလဲ… ငါကသာ… ” ဆိုပြီး တွေးတောပြောဆိုနေပါလိမ့်မည်။

ဒီသစ်ပုတ်ပင်ကြီးကို ဘယ်သူစိုက်ခဲ့သလဲတော့ ကျွန်တော်မသိပါ။ ကျွန်တော့်တသက်တာတွင်တော့ သစ်ပုတ်ပင်ဆိုလျှင် ဒီအပင်ကြီးတစ်ပင်တည်းသာ မြင်ဖူးပါသည်။ ငွေရောင်ထနေသော အရေပြားနှင့် ထီးထီးမားမားရပ်တည်နေသော သစ်ပုတ်ပင်အိုကြီးကို မှိုင်းပြာပြာကောင်းကင်ကြီး နောက်ခံထားကြည့်ရသည်မှာ ကြည့်မဝနိုင်ပေ။ ရန်ကုန်တက္ကသိုလ်ဧ။် သင်္ကေတတစ်ခုအဖြစ်ရှိနေသော ထိုသစ်ပုတ်ပင်ကြီးသည် တက္ကသိုလ်နှင့်ပတ်သတ်လာလျှင် သူမသိတာ၊ မမှီလိုက်တာတော့ မရှိနိုင်ဟု ကျွန်တော်ထင်သည်။ ဆရာ Judson ကိုလည်းသိမည်။ ကိုအောင်ဆန်းကိုလည်း သိမည်။ ဦးသန့်ကိုလည်းသိမည်။ အဓိပတိလမ်းပေါ်မှ ကျောင်းသားအရေးအခင်းများကိုလည်း သိပါလိမ့်မည်။ နာမည်ကျော် ၈ လေးလုံး အရေးအခင်းကြီးကို လည်းသိပါလိမ့်မည်။ ကျောင်းဝင်းထဲကို Under Graduate ကျောင်းသားသစ်တွေ ရောက်မလာတော့တာလည်း သတိထားမိပါလိမ့်မည်။ နောက်ပြီး ကျောင်းကြီးက ပန်းခြံကြီးနဲ့တူလာတာလည်း သိပါလိမ့်မည်။ သူတောင်ခြံခတ်ခံထားရပြီပဲ။


ဓါတ်ပုံရိုက်နေစဉ် ခဏလေးအတွင်း ကျွန်တော်တောင်စဉ်ရေမရ လျှောက်တွေးနေမိခြင်းဖြစ်သည်။ အရင်ကတော့ ကျောင်းသားလူငယ်များနှင့် ပျော်ရွှင်နေခဲ့သော သစ်ပုတ်ပင်ကြီးမှာ ယခုတော့ ခြံကျဉ်းလေးအတွင်းမှ အတိတ်တို့ကို လွမ်းမောနေပေလိမ့်မည်။ အသိအကျွမ်းဟောင်းများကို စောင့်မျှော်နေပါလိမ့်မည်။ ဘာရယ်တော့မဟုတ် ... ကျွန်တော်လည်း သစ်ပုတ်ပင်ကြီးနှင့် ရင်းနှီးချင်လာခဲ့ပါသည်။

Wednesday, March 28, 2007

CSS for Rounded Corner Box

ကျွန်တော့်စိတ်ထင်တော့ Blog ရေးတဲ့သူတွေရဲ့ ၃ ပုံ ၂ ပုံလောက်က ကိုယ်တိုင် Website ရေးနေတဲ့ Designer တွေ၊ Programmer တွေ၊ နောက်ပြီး အနည်းဆုံးတော့ ကိုယ့် Blog ကိုတော့ လှအောင်လုပ်ချင်တဲ့သူတွေပဲ ဖြစ်မှာပါ။ Website ရေးရင်တော့ Style Sheet တွေ၊ Style Tag တွေအကြောင်းကို လေ့လာရပါတယ်။ ကျွန်တော် Web စရေးတော့ သူများ Site တွေမှာ Rounded Corner Box လေးတွေသုံးထားတာ တွေ့ပါတယ်။ ထောင့်ကွေးလေးတွေကို Graphic လုပ်ပြီး Background Image ပုံစံမျိုးထားရေးကြပါတယ်။ Shadow လေးတွေချချင်ရင်တော့ Image တွေပိုသုံးရပါတယ်။ ဟိုတလောက ကျွန်တော့်ဆရာရှာပေးတဲ့ Site တစ်ခုမှာတော့ Rounded Corner ကို ပုံလေးတွေ လုံးဝမသုံးဘဲ ရအောင်ကွေးထားပါတယ်။ သိပြီးသား သူတွေလည်းရှိမှာပါ။ ဒီလိုမျိုးပါ။

ဒီလိုမျိုး Box လေးကို ပုံလေးတွေကို လက်ဝင်အောင်မထည့်ဘဲ လိုချင်ရင်တော့ အောက်ကပုံလေးက Code ကို ကိုယ့်ရေးမယ့် Page ရဲ့ Style Tag မှာ၊ ဒါမှမဟုတ် External Style sheet မှာထည့်ပေးပါ။

ပြီးရင် အောက်က Code လေးတွေကို ပေါ်ချင်တဲ့နေရာမှာ ချထားပေးလိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။

သိပ်တော့အသုံးဝင်ချင်မှဝင်ပါလိမ့်မယ်။ တချိန်ကတော့ ကျွန်တော့်အချိန်တွေကို တော်တော်ဖဲ့ယူခဲ့တဲ့ Background Image တွေနဲ့လုပ်ရတဲ့ ထောင့်ကွေးလေးတွေကို အခုတော့ Coding နဲ့လွယ်လွယ်ကူကူ လုပ်လို့ရသွားလို့ တင်ထားလိုက်တာပါ။

(သူနှင့်ကျွန်ုပ်ဧ။်) ဇာတ်ကောင်များ

ခင်ဗျားတို့ကလည်း ချစ်သလိုလို၊ သူများနောက်ပါသွားမှာ စိုးရိမ်သလိုလို၊ သူတို့ကလည်း “ နင်က ငါ့အချစ်ဆုံးသူငယ်ချင်းပဲ ” လို့ခဏခဏပြောနေတဲ့ မိန်းကလေးသူငယ်ချင်းလေးတွေများ ခင်ဗျားတို့မှာ ရှိဖူးလားတော့မသိဘူး။ သူတို့ရည်းစားရသွားရင်တော့ ဒီကဗျာမျိုးလေးတွေက အသုံးတည့်တတ်တယ်ဗျ။

(သူနှင့်ကျွန်ုပ်ဧ။်) ဇာတ်ကောင်များ

ဆန္ဒတွေကို ထိန်းသိမ်းရင်း
လှပနေတဲ့ မင်းကမ္ဘာကို
မညစ်နွမ်းစေဖို့
ငါစောင့်စည်းခဲ့ပါရဲ့
ဒါဆို ငါဟာ
ကောက်ရိုးပုံစောင့်တဲ့
ခွေးတစ်ကောင်လား?

လိုအပ်တာတွေဖြည့်ဆည်းပေးရင်း
မပြည့်စုံနိုင်တဲ့ မင်းဆန္ဒကို
ပြည့်ဝလာစေဖို့
ငါကူညီခဲ့ပါရဲ့
ဒါဆို ငါဟာ
နာမည်ကြီးပြီး
ထမင်းငတ်တဲ့သူလား?

အားလုံးကိုအလျှော့ပေးရင်း
မင်းသိပ်ချစ်တဲ့ မင်းချစ်သူကို
မင်းကျေနပ်စေဖို့
ငါပြုံးပြခဲ့ပါရဲ့
ဒါဆိုငါဟာ
နှစ်သိမ့်ဆုရတဲ့
အကောင်းဆုံးအရှုံးသမားလား?

မင်းကျေနပ်ပြီဆိုမှ
ငါစဉ်းစားကြည့်မိတော့
ငါဟာ…
ပုံမှန်သွားနေတဲ့ နာရီအိုတစ်လုံးလား …
ကြိုးဆွဲရာကတဲ့ အရုပ်သေးတစ်ရုပ်လား …
မီးမှတိုးတဲ့ ပိုးဖလံတစ်ကောင်လား …

ဒါမှမဟုတ်
“ အချစ် ” ဟာ
အနစ်နာခံ စွန့်လွှတ်ခြင်းဆိုရင်တော့
သေချာပါတယ်
ငါဟာ
မင်းကိုသိပ်ချစ်ခဲ့တဲ့
အချစ်သူရဲကောင်းကြီးပေါ့ …

Saturday, March 24, 2007

Astrea : The origin of a Goddess (Cont'd)

ကဲ ... မနေ့က Post လေးကိုဆက်လိုက်ရအောင်။ ဇာတ်သိမ်းပိုင်းပေါ့ဗျာ။

အီဂျစ်တွေဟာ Virgo ကို Isis လို့သိကြပြီး လယ်ယာကိုင်းကျွန်းနဲ့ စပါးသီးနှံ့တွေကို ကူညီစောင့်ရှောက်တဲ့ နတ်ဖုရားမပါတဲ့။ Isis ရဲ့နက္ခတ်ကိုတော့ Spica လို့ခေါ်ပြီး သူမ ကိုင်ထားတဲ့ ဂျုံခက်ကလေးနဲ့ တူတယ်လို့ ပြောကြပါတယ်။ Isis လို့မခေါ်ဝေါ်ခင်ကတော့ သေခြင်း၊ ရှင်ခြင်းနဲ့ တရားမျှတမှုတို့ရဲ့မိခင် Au Set နတ်ဖုရားမလို့ သိကြပြီး အမျိုးသမီးတွေကို ပြောင်းဖူးနဲ့ဂျုံကြိတ်နည်းတွေ သင်ပေးခဲ့သူလို့လည်း အီဂျစ်တွေက ယုံကြည်ကြပါတယ်။ လူတွေနဲ့အတူနေထိုင်တဲ့ ဒီနတ်သမီးလေးဟာ တချိန်မှာတော့ Typhon မာရ်နတ် နှောင့်ယှက်လို့ လပေါ်ကို အလျင်အမြန်ထွက်ပြေးသွားရပါတယ်။ သူပြေးရာလမ်းတလျှောက်မှာ သီးနှံမျိုးစေ့တွေနဲ့ ဂျုံခက်လေးတွေ ဖရိုဖရဲ ကျကျန်နေခဲ့ပါတယ်။ အဲဒီလမ်းကြောင်းကို Zodiacal Band လို့ခေါ်ပြီး တရုတ်တွေကတော့ အဝါရောင်လမ်းကြောင်းလို့ခေါ်ပါတယ်။ အဲဒီလမ်းကြောင်းဟာ နေလည်ပတ်ရာ နေလမ်းကြောင်းလည်း ဖြစ်ပါတယ်လို့ အီဂျစ်စာပေတွေမှာ ရေးကြပါတယ်။ ဒါကြောင့် အီဂျစ်အယူအဆကိုလက်ခံတဲ့ စာပေတွေမှာ Astrea @ Isis ရဲ့ သင်္ကေတကို ဂျုံခက်လေးကိုင်ထားတဲ့ မိန်းမပျိုလေးပုံစံကိုယူထားပြီး တခါတရံမှာ နေလမ်းကြောင်းပုံစံ စက်ဝိုင်းလေးပါ ပါတတ်ပါတယ်။ ပြောရရင်တော့ အဲဒီဂျုံခက်ကြောင့်ပဲ Astrea ရဲ့ သမိုင်းကြောင်းဟာ လိုတာထက် ပိုရှုပ်ထွေးသွားပါတယ်။

Isis ရဲ့လက်ထဲမှာ ဂျုံခက်လေးရှိတာကြောင့် လယ်စောင့်နတ်သမီး Demeter လို့လည်း တချို့နေရာတွေမှာ တိတိကျကျရေးသားထားပြီး Demeter ကို ရှေးဟောင်းရောမမြို့က နတ်ကွန်းတွေမှာတော့ Ceres နတ်ဖုရားမ လို့ရေးထိုးထားကြပြန်ပါတယ်။ ဥရောပအရှေ့စွန်းက ဒေသတွေမှာတော့ Astrea ဟာ လယ်စောင့်နတ်သမီး Demeter ရဲ့ သမီးတော် Persephone သာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ Persephone ဆိုတာကတော့ ရောမမြို့သားတွေ Pluto လို့သိတဲ့ Hades နတ်နဂါးက ရေအောက်နန်းတော်ကို ခိုးယူခေါ်ဆောင်ခံရသူ ဖြစ်ပါတယ်။ မတူညီတဲ့ နောက်ခံသမိုင်းမျိုးစုံနဲ့ Astrea ကို နေရာဒေသနဲ့ ကြာမြင့်လာတဲ့ အချိန်ကိုမှီတည်ပြီး အမျိုးမျိုးပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြပါတယ်။ အနာဂတ်ကို ပိုင်စိုးသူ Tyche ၊ စိုက်ပျိုးသီးနှံတို့ကို စောင့်ရှောက်သူ Atargatis ၊ ပညာရှိနတ်သမီး Minerva (ရောမလိုတော့ Athena)၊ အမဲလိုက်ရင် ပူဇော်ရတဲ့ Artemis နတ်ဖုရားမ (ရောမလို Diana)၊ ရေမြေသဘာဝတရားကို အုပ်ချုပ်တဲ့ Cybele နတ်သမီး၊ Zeus နတ်မင်းကြီးရဲ့ သမီးတော် ၉ ပါးအနက်က တစ်ပါးဖြစ်တဲ့ Urania နတ်သမီး၊ ဝိုင်အရက်လုပ်နည်းကို ကောင်းစွာသိတဲ့ Erigone နတ်သမီး (Icarius ရဲ့သမီးတော်) စသည်ဖြင့် မကုန်နိုင်အောင် ကွဲပြားနေပါတယ်။ Astrea နတ်ဖုရားမကို ဂရိ၊ ရောမနဲ့ ဥရောပမှာသာမက အာရှတိုက် နဲ့ အာရှ-ဥရောပ နယ်စပ်တွေမှာပါ ယုံကြည်ကိုးကွယ်ခဲ့ကြပါတယ်။ ဥပမာ Virgo ကို ဟိန္ဒူတွေက Kauni ၊ အီရန် နဲ့ ပါရှားတွေက Khosha ( ဂျုံရွက်နတ်သမီး )၊ ဟီဘရူးတွေက Bethulah (သီးနှံအထွက်တိုးစေသော နတ်ဖုရားမ) စသည်ဖြင့် အစွဲပြုခေါ်ဝေါ်ကြပြန်ပါတယ်။

ကျွန်တော် လက်လှမ်းမှီသလောက် ရှာဖွေဖေါ်ပြပေးထားတာဖြစ်လို့ နေရာမျိုးစုံက အယူအဆ နဲ့ ယုံကြည်မှုမျိုးစုံ ဖြစ်နေပါတယ်။ အမှန်နဲ့အနီးစပ်ဆုံးဖြစ်အောင် တင်ပြထားပြီး အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ထားချင်ပါတယ်။ ကျွန်တော့်ထက်ပိုပြီး တိတိကျကျ သိရင်လည်း ဝေဖန်ထောက်ပြပေးပါလို့ ဖိတ်ခေါ်ပါတယ်။ နောက်ဆုံး ကောက်ချက်ဆွဲရင်တော့ Astrea နတ်ဖုရားမလေးဟာ Zeus နတ်မင်းကြီးရဲ့ သမီးတော်ဖြစ်တယ်၊ အလွန်တရာ ချောမောလှပတယ်၊ အပျိုစင် စစ်စစ်ဖြစ်တယ်၊ လယ်ယာတွေကို စောင့်ရှောက်ပြီး တရားမျှတမှုကို မြတ်နိုးတော်မူတယ်၊ လူ့ပြည်မှာ အချိန်အတိုင်းအတာ တခုအထိ နေထိုင်ခဲ့တယ် ဆိုတာတွေကိုပဲ ယေဘုယျအနေနဲ့ ဆွဲထုတ်လက်ခံပေးရမယ် ထင်ပါတယ်။ ကဲ … ဒါပါပဲခင်ဗျာ။ ပုံပြင်ကြိုက်သူတွေအတွက် အိပ်ရာဝင်ပုံပြင်တစ်ပုဒ်၊ ရေးသားသူအနေနဲ့လည်း Comment ပေးခြင်းနဲ့ ထိုက်တန်တဲ့ Post တစ်ခုသာဖြစ်မယ်ဆိုရင် ကျေနပ်စရာပါပဲ။

PS. “Virgo” မှာမွေးဖွားတဲ့လူတွေရဲ့ Nature တွေ၊ Character တွေ စသည်ဖြင့်ကိုတော့ http://allaboutvirgo.blogspot.com မှာလည်း English ဘာသာနဲ့ ဖတ်ရှုနိုင်ပါတယ်။

Friday, March 23, 2007

Astrea : The origin of a Goddess (Part 1)

Reader တစ်ယောက်က Virgo အကြောင်းပြည့်ပြည့်စုံစုံလေး ရေးပေးပါဆိုလို့ နည်းနည်းပါးပါး ရှာဖွေပြီး ဖေါ်ပြပေးလိုက်ပါတယ်။ ဗေဒင်ဆရာတွေလို “ ဒီရာသီဖွားတွေဟာ... ဟိုရာသီဖွားတွေ မဟုတ်ပါဘူး ”တို့ ၊ “ ယတြာကတော့ ” တို့တော့ မရေးတတ်ပါဘူး။ ကျွန်တော်ရှာတွေ့ထားတာတွေက ဂရိပုံပြင်ထဲက သမိုင်းကြောင်းဆန်ဆန် ပါးစပ်ရာဇဝင်တွေပါ။ ဒီ Post မှာတော့ ဂရိပြည်က ရာဇဝင်တွေကိုပဲ အမှန်လို့ ခဏလက်ခံကြရအောင်လား။ ပြီးရင်တော့ အခြားအီဂျစ်ပြည်က Astrea အကြောင်းတွေ၊ Virgo နက္ခတ်က အခြားနတ်တွေအကြောင်းတွေ စသည်ဖြင့် ရေးပေးပါဦးမယ်။ ကဲ ... နတ်ဖုရားမလေး Astraea မွေးတဲ့ဆီကပဲ စလိုက်ကြရအောင်။

ဂရိပြည်က နတ်ကွန်းတည်ဆောက်ကိုးကွယ်ကြတဲ့ နတ်ဖုရားတွေစာရင်းမှာ Astrea ဟာတန်ခိုးကြီးတဲ့ နတ်ဖုရားတစ်ပါးဖြစ်ပါတယ်။ ဆောင်ဓါးတစ်ဖက်၊ ချိန်ခွင်တစ်ဖက် ဆွဲကိုင်ထားတဲ့ဟန်နဲ့ ဒီနတ်ဖုရားဟာ တရားမျှတမှု ကိုအထူးမြတ်နိုးပါတယ်။ နောက်ပြီး ထူးခြားတာက အချစ်ဇာတ်လမ်းတွေ နောက်ခံတွဲပါမလာတဲ့ အပျိုစင်စစ်စစ် နတ်သမီးလည်းဖြစ်ပါတယ်။ Astrea ကို နတ်မင်းကြီး Zeus နဲ့ ကြင်ယာတော် Themis (Themis ကို Libra ကြယ်လို့လည်း ဆိုပါတယ်) တို့ကမွေးဖွားတယ်လို့ ဂရိ ရာဇဝင်တွေနဲ့ ကြယ်တာရာသမိုင်းကြောင်းတွေမှာ အခိုင်အမာ ပြောပါတယ်။ တချို့စာအုပ်တွေမှာတော့ Astrea ဟာ Arcadia တိုင်းပြည်က ဘုရင်ကြီးရဲ့ သမီးကညာပါလို့ဆိုတယ်။ သိပ်ရှားပါတယ်။ ဒါ့အပြင် Titan နဲ့ Aurora တို့ရဲ့သမီး၊ Jupiter ရဲ့သမီး စသည်ဖြင့်မူကွဲတွေ အများကြီးရှိပါသေးတယ်။ အစမှာပြောခဲ့သလိုပဲ ဂရိနတ်ဖုရားတွေအတွက် ဂရိအယူအဆကိုပဲ လက်ခံကြပါစို့လား။

Zeus နတ်မင်းကြီး နဲ့ Themis တို့ဟာ နတ်သမီးလေး Astrea ကို Golden Age လို့ခေါ်တဲ့ “ရွှေခေတ်” ထဲမှာမွေးပါတယ်။ ရွှေခေတ် ဆိုတာကိုလည်း ရှင်းပြပါဦးမယ်။ အဲဒီရွှေခေတ်မှာ သေမျိုးသေနွယ်လူတွေကို (ဂရိအယူအဆနဲ့) သေခြင်းကင်းတဲ့ နတ်မင်းတွေက အုပ်ချုပ်ပါတယ်။ ရွှေခေတ်ကို အုပ်ချုပ်ခဲ့တာကတော့ Saturn နတ်မင်းကြီးဖြစ်ပြီး Astrea နတ်သမီးကို လူအသွင်နဲ့ လူတွေအကြားမှာ ထားပါတယ်။ ရွှေခေတ်ကလူတွေဟာ ဒေါသ၊ မောဟ၊ လောဘကင်းရှုင်းပြီး အေးချမ်းစွာ အတူရှင်တွဲ နေထိုင်ခဲ့ကြပါတယ်။ လယ်မြေတွေကို ထွန်ယက်စိုက်ပျိုးပြီး အသက်မွေးကြပါတယ်။ ပိုလျှံတာတွေကို မစိုက်ပျိုးနိုင်တဲ့လူတွေကို ပေးဝေလေ့ရှိပါတယ်။ ကြီးမားခမ်းနားတဲ့ နတ်ကွန်းကြီးတွေမှာလည်း လှူဒါန်းမှုတွေနဲ့ စည်ကားနေတတ်ပါတယ်။ အုပ်ချုပ်တဲ့ နတ်မင်းကြီးတွေဟာလည်း ဘာမှခက်ခက်ခဲခဲ ထိန်းချုပ်ရတဲ့ ပြဿနာမျိုးတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီလို အေးဆေးတည်ငြိမ်နေခဲ့တဲ့ ရွှေခေတ်ရဲ့ အခြေအနေ တွေကို ပျက်သုဉ်းစေမယ့် နေ့ရက်တွေဟာလည်း တဖြည်းဖြည်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ ရွှေခေတ်ရဲ့ ခေတ်ဦးလူကြီးတွေ သေဆုံးသွားကြရာက စခဲ့ပါတယ်လို့ မှတ်တမ်းတင်ထားတာ ဖတ်ရပါတယ်။ (စာကြွင်း။ ။ သေဆုံးတယ် ဆိုတာကို တခြားကမ္ဘာကို ရွှေ့ပြောင်းသွားတယ်လို့ သုံးနှုန်းထားပါတယ်)

ရွှေခေတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေဟာ အရင်လူကြီးတွေလို လောဘကင်းခြင်း၊ အေးချမ်းညီမျှစွာ နေထိုင်ခြင်းတွေကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်း မပြုတော့ပါဘူး။ မကြာခဏ ဆိုသလို တိုက်ခိုက်လုယက် ခြင်းတွေပြုလုပ်လာကြပါတယ်။ သူတို့အတွက်တော့ အနိုင်ကျင့်ခြင်းနဲ့ မကျေနပ်ခြင်းဆိုတဲ့ အသံကို ပထမဆုံးအကြိမ် ကြားဖူးသွားကြပါတယ်။ အဲဒီအချိန်ကစပြီး ရွှေခေတ်ကို “ ငွေခေတ် ” လို့ပြောင်းလဲသုံးနှုန်းလိုက်ကြပါတော့တယ်။ မတရားမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာနေတဲ့အခါမှာတော့ Zeus နတ်မင်းကြီးဟာ သမီးတော် Astrea ကို သူနေထိုင်ရာ ကောင်းကင်ဘုံကို ခေါ်ပြီး တရားမျှတမှု နဲ့တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် တာဝန်ပေးလိုက်ပါတယ်။ ပြဿနာပေါ်လာတိုင်း လူတွေကို ဖြေရှင်းပေးရပြီး ငြိမ်းချမ်းရေးနည်းလမ်းတွေကို ပြသဖျန်ဖြေပေးရလေ့ရှိပါတယ်။ တရားသူကြီးအဖြစ်လည်း ဆောင်ရွက်ရပြန်ပါတယ်။ ရိုးရိုးအေးအေးနေတတ်တဲ့ Astrea ရဲ့နုနယ်အပြစ်ကင်းတဲ့ မျက်နှာလေးဟာလည်း တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဆောင်လာရပါတော့တယ်။ လွယ်လွယ်ပြောရရင်တော့ Astrea ရဲ့အုပ်ချုပ်မှုတွေဟာ မအောင်မြင်ဘူးလို့ ဆိုရမလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေခေတ်နောက်ပိုင်းမှာ မွေးဖွားလာတဲ့ လူတွေဟာ ပိုမိုဆိုးသွမ်းလာပြီး မနာလိုခြင်း၊ အကောက်ကြံခြင်းတွေပါ တိုးပွါးလာပြီး “ ကြေးခေတ် ” လို့သတ်မှတ်ရတဲ့ ခေတ်တစ်ခေတ်ကို ထူထောင်လိုက်ရပါတယ်။

ကြေးခေတ်မှာတော့ လူတွေဟာ လက်နက်ကိုင်တိုက်ပွဲတွေကို ဆင်နွှဲဖို့ စွမ်းရည်ပြည့်ဝလာကြပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုတွေ၊ သီးခြားနိုင်ငံထူထောင်မှုတွေ ပြုလုပ်လာကြပါတယ်။ ငွေခေတ်မှာ တခါတရံကြားရသေးတဲ့ တရားသံတွေ၊ နတ်ကွန်းက စည်တော်တီးသံတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးသံတွေဟာ ကြေးခေတ်မှာတော့ လုံးဝဆိတ်သုဉ်းသွားခဲ့ပြီး ကလေးနဲ့မိန်းမတွေရဲ့ အော်ညီးသံတွေ၊ ဒဏ်ရာရစစ်သည်တွေရဲ့ ညီးညူသံတွေ၊ အောင်နိုင်သူတွေရဲ့ လှောင်ရယ်သံတွေက အစားထိုးနေရာယူလာခဲ့ပါတော့တယ်။ မှတ်တမ်းပြုစုတွေရဲ့ စာပေတွေမှာတော့ ဒီ Post ရဲ့မင်းသမီးလေး Astrea ဟာ ကြေးခေတ်မှာ စက်ဆုပ်စရာကောင်းလာတဲ့ လူ့ပြည်ကို နောက်ဆုံးလာရောက်ခဲ့တယ် လို့ရေးသားထားပါတယ်။ လူ့ပြည်မှာ မနေချင်တော့တဲ့အကြောင်းကိုလည်း ဖခင်ဖြစ်သူ Zeus နတ်မင်းကြီးကို ကလေးသဖွယ် ခွင့်သွားတောင်းခဲ့ပါသေးတယ်။

လုယက်မှုတွေ၊ စစ်ပွဲတွေ၊ ဘာသာရေးပျောက်ကွယ်မှုတွေနဲ့ စိတ်ပျက်ဖွယ် ကြေးခေတ်လူ့ပြည်ကို မသွားချင်တော့ပါဘူးလို့ ဖခင်ကိုခွင့်တောင်းတော့ ဖခင် Zeus နတ်မင်းကြီးက Astrea နတ်သမီးကို ကောင်းကင်ဘုံက ကြယ်တွေအကြားမှာ အေးချမ်းစွာ အနားယူခွင့်ပေးလိုက်ပါတယ်။ ဂရိတွေဟာ အခုချိန်အထိ ကြယ်တွေကြားမှာ Virgo နက္ခတ်အနေနဲ့ Astrea နတ်ဖုရားမကို မြင်နေရတယ်လို့ ပြောနေကြတုန်းပါပဲ။ ဒါပေမယ့် မျက်နှာလေးကတော့ စစ်ရိပ်စစ်ငွေ့တွေ ရိပ်သန်းနေတဲ့ လူ့လောကကြီးကိုကြည့်ပြီး တချိန်က သူပျော်ရွှင်ခဲ့တဲ့ ရွှေခေတ်လောကကြီးကို တမ်းတနေဟန်ရှိပါသတဲ့။ ကြံကြံဖန်ဖန် ၁၇၈၈ ခုနှစ်မှာ စစ်သင်္ဘောကြီးတစ်စီးကို Astrea လို့ နာမည်ပေးလိုက်ပါသေးတယ်။ တိုက်ခိုက်ခြင်းတွေ၊ မတရားခြင်းတွေ၊ အနာတရဖြစ်မှုတွေကို မုန်းပါတယ်ဆိုတဲ့ နတ်သမီးရဲ့နာမည်ကိုမှ စစ်သင်္ဘောကြီးမှာ သွားပေးလို့ ကန့်ကွက်မှုတွေတောင် ပေါ်ပေါက်လာခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

Astrea နတ်သမီးဟာ ရွှေခေတ်ကစပြီး ခုချိန်ထိ ခေတ်အဆက်ဆက် ကိုးကွယ်မှုအရရော၊ ယုံတမ်းအဖြစ်ပါ ဂုဏ်ပြုပြောဆိုနေကြတုန်းပါပဲ။ ပြဇာတ်တွေ၊ စာအုပ်တွေမှာလည်း မင်းသမီးအဖြစ် အရေးခံနေရတုန်းပါပဲ။ ပြန်မလာတော့တဲ့ နတ်သမီးပျိုလေးပေါ့လေ။ အဲ... ထူးထူးခြားခြား ၁၇၀၉ ခုနှစ်မှာ ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာတော့ Astrea ဟာ လူ့ပြည်ကို ပြန်လာခဲ့ဟန်ရှိတယ်လို့ ရေးသားထားပါတယ်။ D.Manley နဲ့ J.Swift တို့ ရေးသားတဲ့ “ New Atlantis ” ဆိုတဲ့ နည်းနည်းအဆိုးမြင်လေးနဲ့ ရေးထားတဲ့ စာအုပ်မှာပါ။

အခုချိန်အထိတော့ Astrea နတ်ဖုရားမဟာ လယ်ယာကိုင်းကျွန်းတွေကို စောင့်ရှောက်တယ်ဆိုတာ မပါသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ဂရိတွေရဲ့ အယူအဆမဟုတ်ဘဲ အီဂျစ်တွေရဲ့ ယုံကြည်မှုဖြစ်နေလို့ပါ။ ပြောလက်စနဲ့ အီဂျစ်တွေနဲ့ အခြားလူမျိုးတွေရဲ့ Astrea အပေါ် ယုံကြည်မှုနဲ့ အမြင်တွေ၊ နာမည်ပေးပုံလေးတွေ ဆက်ပြောပြပေးပါ့မယ်။ (ဆက်ရန်ပေါ့ဗျာ...နော့်)

Thursday, March 22, 2007

၅၀၀၀ years ago ...

အစ်မတစ်ယောက် Forward လုပ်ပေးထားတဲ့ Email ထဲက ဟာသအဟောင်းလေးတစ်ခု သတိရလို့ တင်ပေးထားလိုက်ပါတယ်။

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ “ ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက “ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။

မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။

Monday, March 19, 2007

အတိုအစများ (အပိုင်း ၁)

တခါတလေတော့ ကဗျာမကျ-စာမက လေးတွေရေးဖြစ်တယ်ဗျာ။ တော်သေးတယ် - Blog တွေပေါ်လာလို့။ မဟုတ်ရင် စာရွက်တွေနဲ့ လက်တည့်စမ်းရတာ မှင်လည်းကုန်၊ စာအုပ်လည်းကုန်၊ ဖတ်မယ့်သူ(ဆဲမယ့်သူ)မရှိ၊ ဘယ်မှာသိမ်းရမှန်းမသိနဲ့။ တော်တော်ဒုက္ခရောက်တာ။ ခုမှအဆင်ပြေတော့တယ်။ တော်ပါတယ် Google နဲ့ Blogger က ချာတိတ်တွေ။ :P ဒီတခါတော့ ကဗျာလေး ၃ ပုဒ်လောက် ခံစားကြည့်ပါဦး။

ရလဒ်

ဒီနေ့မနက်
နေရာအနှံ့က
မင်းရနံ့တွေ
ကောက်ရခဲ့တယ်
ငါ့ကိုခပ်နှိပ်လိုက်တဲ့
အရှုံးတံဆိပ်တွေနဲ့လေ …



အတောက်ပဆုံး

အိပ်မက်တွေ ပုတ်နှိုးလို့
ငါအရုပ်ကြိုးပြတ် လဲမကျခင်
နှင်းဆီတွေညှိတဲ့ မီးအိမ်ထဲ
ငါ့သွေးတွေ သွန်းခဲ့ပါ့မယ်
ချစ်သူ … မင်းအတွက်ဆို
ကမ္ဘာကုန်ကျယ်သရွေ့လင်းပါစေ …



ဘဝ

သူတို့တွေက
ကြွေမှမွှေးတတ်တယ်
ရေမလိုဘူး … နေမလိုဘူး
ဂုဏ်တွေကင်းလည်း
ရနံ့သင်းတတ်တယ်
တကယ်ပါ “ခရေ” …
(ငါလည်း) အနားရောက်ဖူးရုံနဲ့ပဲ
ပန်းကောက်သမားဖြစ်ခဲ့ပြီ …

Friday, March 16, 2007

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။ လေယာဉ်ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာ စားနေလေဧ။်။ ကျန်လက်တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကို မလွတ်တန်းကိုင်ထားသေးသည်။ “သူ” ဆိုတာက ဇီဇူး ဟုချစ်စနိုးခေါ်ကြသော ကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။ ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တဆင့် ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။ မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြောင်း မမောမပန်း ထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ တခြားမဟုတ်။ တစ်ခုက ကျွန်တော့် Laptop အိတ်ထဲတွင် ကိုရီးယား ကင်း(မ်)ချီ တစ်ထုပ်ပါလာသည်။ အဲဒီက အရည်တွေကြောင့် Laptop ပျက်စီးသွားမှာစိုးရသည်။ ကျွန်တော်က ကင်း(မ်)ချီတွေ သယ်မလာချင်။ ကိပ်တောင်းလေဆိပ်ရောက်မှ ဘေယောင်ဂျွမ်းက ဆိုက်ကားကြီးနှင့် ရောက်လာပြီး UN အတွင်းရေးမှူးချုပ် ကိုရီးယားသားကြီး ဘန်ကီမွန်းကို ပေးရန် လူကြုံလာပေးသဖြင့် နီးရာအိတ်ထဲထည့်ပြီး သယ်လာခြင်းဖြစ်သည်။ ဘန်ကီမွန်းနှင့် သန်ဘက်ခါတွင် Liverpool တွင်ကျင်းပမည့် ၀င်းသူဇာဆိုင်ခွဲ(၈၃၇၂) ဖွင့်ပွဲတွင်တွေ့ရင်ပေးရမည်။ မတွေ့ပါက UN ရုံးချုပ်ရှိရာ တောင်ကြီးသို့ စာတိုက်ကပင် ပို့ရတော့မည်။ သူလိုလူအတွက်တော့ အချိန်သိပ်မပေးနိုင်တော့။ ဒါကပထမအပူဖြစ်သည်။

ဒုတိယအပူက တော့နည်းနည်းပိုဆိုးသည်။ ယခု ဇီဒန်းနှင့် ဒိန်းမတ်ကိုလာခြင်းမှာ မဲနှိုက်ပေးဖို့နှင့် လက်ဆောင်ပေးဖို့ဖြစ်သည်။ ရှင်းပြပါဦးမည်။ ယခုနှစ် World Football Club Champion Tournament Classic Cup 2007 ဗိုလ်လုပွဲတွင် မြန်မာပြည်မှ ပို့ဆောင်ရေးအသင်းနှင့် စပိန်မှ Real တို့ဆုံကြသည်။ နှစ်သင်းလုံးက အဖြူဝမ်းဆက်ဝတ်ကြသည်။ အစကတော့ Real က သူတို့အသင်းမှာ အသင်းသစ်၊ အသင်းငယ်ဖြစ်သဖြင့် သူတို့ပင် အရောင်ပြောင်းဝတ်မည်ဟုဆိုသည်။ အခုတော့တစ်မျိုး။ ဗိုလ်လုပွဲသို့နောက်တစ်ခေါက် ရောက်ရန်မသေချာသဖြင့် နှစ်တိုင်းနီးပါး ဗိုလ်စွဲနေသော မြန်မာကလပ်အသင်းက အရောင်ပြောင်းပေးပါရန် စပိန်ဘုရင် ကိုယ်တော်တိုင် Email ပို့လာသည်။ မြန်မာကလပ်က ပြောင်းပေးချင်သော်လည်း ပရိတ်သတ်ကို အဖြူရောင်ဂျာစီတွေ ရောင်းထားပြီးနှင့်ပြီ။ ထိုကိစ္စကို မဲနှိုက်ဖြေရှင်းရန် ကျွန်တော်နှင့်ဇီဇူးတို့ လာကြခြင်းဖြစ်သည်။ ပို့ဆောင်ရေးအသင်းနည်းပြ ဦးမောင်မောင်ဦး နှင့် Real နည်းပြလေး ကာပယ်လိုတို့မှာ ရောက်နှင့်နေလောက်ပြီ။ ဒါက မဲနှိုက်ဖို့။ လက်ဆောင်ပေးဖို့ကတော့ ဒိန်းမတ်ဘုရင်ဧ။် သားတော်ငယ် Dahl Houson အတွက် တကူးတကသယ်လာသော Shan Star Jeep တစ်စီးပင်ဖြစ်သည်။ ကျွန်တော်သယ်လာသော ကားမှာ ကားမြို့တော်ဟုခေါ်တွင်သော ဟားခါးမြို့တွင်ပင် ဈေးကွက်မတင်သေး။ ၂၀၀၈ မော်ဒယ်လ် ဖြစ်သည်။ Piston ၁၆ လုံးက W ပုံစံခုတ်သည်။ (W16 ဟုရေးထားသည်) အင်ဂျင်က ဂျက်အင်ဂျင်အသေးစားဖြစ်ပြီး ပလက်တီနမ်ဖြင့် သွန်းထားသည်။ လောင်စာမှာ လေဖြစ်ပြီး လေရှိသောမည့်သည့်နေရာတွင်မဆို တစ်နာရီ ၁၂၄၄ မိုင်အထိမောင်းနှင်နိုင်သည်။ လေမရနိုင်သော နေရာဖြစ်ပါက အနည်လုံးဝမပါသော ရေထည့်ပြီး တစ်နာရီ ၁၁၄၇မိုင်အထိမောင်းနိုင်သည်။ ၉ ချက်ထိုးဂီယာက ရွှေဖြင့်ပြီးသည်။ မီးကြီးတစ်ဖက် ၈ လုံးပါပြီး မီးစာမှာ စိန်ဖြစ်သည်။ တံခါးကတော့ Jeep ထုံးစံအတိုင်းဖြစ်သည်။ ကားစက်နှိုးခြင်း၊ Air Con ဖွင့်ခြင်း၊ မှန်အတင်အချလုပ်ခြင်း၊ ဂီယာပြောင်းခြင်း၊ နောက်မှန်ချိန်ခြင်း နှင့် Audio-Video Function များကို အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်သည်။ ကားမှာ သော့တံများမလိုဘဲ လက်ဗွေရာနှင့် ဖွင့်ရသည်။ ဘီးလဲလှယ်လိုလျှင် Remote Control ဖြင့်ခိုင်းစေနိုင်သော်လည်း Demo Version သာဖြစ်သည်။ 20 LD Changer ဖြင့် Speaker 88 လုံး၊ Woofer 23 လုံးတွဲဖက်ထားပြီး ၁၂ လက်မ Slim LCD TV ပါဝင်သည်။ ကားရပ်နားထားစဉ် Video ကြည့်လိုပါက အရှေ့ Bullet Proof လေကာမှန်ကြီးကို TV အဖြစ်ပြောင်းသုံးနိုင်သည်။ ဆေးရောင်မှာ မှုတ်ထားခြင်းမဟုတ်ဘဲ သံအရည်ကြိုစဉ်ကတည်းက အရောင်ထွက်အောင်စီမံပေးထားသည်။ အထူးသဖြင့် ၂၀၁၀ တွင်ထုတ်လုပ်မည့် ပျံတက်နိုင်သော Shan Star Jeep အစအဖြစ် အတောင်ပံများတပ်ဆင်ရန် နေရာများပါပြီးဖြစ်သည်။ ခြုံပြောရလျှင် ထော်လာဂျီပေါ် ထောင်ကားဆင့်ထားသလို ရုပ်ထွက်ကောင်းသည်။ ကာလပေါက်ဈေး ကျပ်သုံးသောင်း (US$ 12Millions) လောက်ရှိသည်။ တကယ်တော့ ကျွန်တော်သယ်ယူလာသောကားမှာ ထိုသို့ကောင်းမွန်ပြည့်စုံသောကားဧ။် နမူနာပုံစံ သံပတ်ပေးရသော ကားရုပ်လေးသာဖြစ်သည်။ ဘုရင့်သားတော်လေး ဆော့ကစားဖို့ဖြစ်သည်။ ဒါတွေက လာရင်းကိစ္စများဖြစ်သည်။

ကျွန်တော့်ဒုတိယအပူမှာ လေဆိပ်တွင်ကြုံတွေ့ရမည့် အခက်အခဲများဖြစ်သည်။ ဒိန်းမတ်သမ္မတနှင့် ပလာတီနီကိုတော့ အသေအချာမှာထားသည်။ လေဆိပ်တွင် ကော်ဇော်အနီခင်းမကြိုရန်နှင့် လုံခြုံရေးအပြည့်အ၀ ပေးထားရန်ဖြစ်သည်။ နောက်တစ်ခုက လေဆိပ်တွင် ချောတိုင်တက်ပွဲ နောက်ဆုံးနေ့ ကျင်းပရန်ရှိသည်ဟုလည်း သတင်းရထားပြန်သည်။ လူများလျှင် ကျွန်တော်မနေတတ်။ နိုင်ငံရပ်ခြားအရောက်နည်းလှသော ဇီဇူးကြောင့် အရှက်ရမှာကိုလည်း စိုးရိမ်နေရသည်။ သူကဟိတ်နှင့် ဟန်နှင့် မနေတတ်။ သူ့ကိုလှမ်းကြည့်လိုက်တော့ နှုတ်ခမ်းတွင်ပေနေသာ ထန်းလျက်ရည်များကို Neck Tie ဖြင့် အားရပါးရ သုတ်နေလေသည်။

လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။

*ပုံနှိပ်ထုတ်ဝေခြင်းမပြုရ။

Saturday, March 10, 2007

Shall we believe ?

Japan CICC အဖွဲ့နဲ့ မြန်မာက MCF တို့ပူးပေါင်းဖွင့်လှစ်တဲ့ Webmaster Training Course 2nd Batch သင်တန်းဆင်းပွဲကို မတ်လ ၉ ရက်နေ့ညနေခင်းမှာ Myanmar Info-Tech, Room 205 မှာကျင်းပပါတယ်။ ထုံးစံအတိုင်း တိုတိုတုတ်တုတ် ကျင်းပတဲ့ ဒီသင်တန်းဆင်းပွဲမှာ MCF နဲ့ ACE Data System တို့ရဲ့ President ဆရာကြီးဦးသိန်းဦး ကအမှာစကားပြောပေးပါတယ်။ အရင် MCF ပွဲတွေမှာလည်း ဆရာကြီးက JITEC စာမေးပွဲနဲ့ MCPA စာမေးပွဲများအကြောင်းကို ထည့်သွင်းပြောကြား စည်းရုံးလေ့ရှိပါတယ်။ ဒီတစ်ခါပြောတဲ့အခါမှာတော့ နည်းနည်းပိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောလာတာကိုသတိထားမိပါတယ်။ ပြောတာကဒီလိုပါ။

ဒီ JITEC စာမေးပွဲအောင်ထားတဲ့သူတွေဟာ Japan နဲ့ အခြားအာရှနိုင်ငံတွေမှာ လွယ်လင့်တကူပဲ အလုပ်ရကြတယ်လို့ဆိုပါတယ်။ ဒါကတော့ဖြစ်နိုင်ပါတယ်။ ရောက်သွားတဲ့နောက်တော့ ကြိုးစားပြီးအလုပ်ရှာရင် ဖြစ်နိုင်ပါတယ်။ ရောက်ဖို့ကသာခက်တာပါ။ ဒီတော့သူဆက်ပြောပါတယ်။ “ နိုင်ငံခြားလွှတ်စရာပေါ်လာတိုင်း JITEC အောင်ပြီးသားတွေကို ဦးစားပေးပါတယ်။ အောင်ပြီးသားတွေ ကုန်မှသာလျှင် အပြင် Company ကလူတွေကိုစဉ်းစားပါတယ်။ အခုဆို မြန်မာပြည်မှာ JITEC အောင်ပြီးသားတွေ မရှိသလောက်ဖြစ်သွားပါပြီ။ တချို့ကလည်း သွားပြီးလို့ပြန်လာကြပါပြီ။ မသွားရသေးတဲ့လူ မရှိတော့ဘူးပေါ့လား“ လို့ ခပ်တည်တည်နဲ့ စင်အောက်မှာထိုင်နေတဲ့ MCF Director ဆရာမကြီး ဒေါ်မြင့်မြင့်သန်းကို လှမ်းမေးပါတယ်။ အဖြစ်မှန်ကို သိပုံရတဲ့ ဆရာမကြီးကတော့ တိတိကျကျ အဖြေပေးလိုက်ပုံမရပါဘူး။ တကယ်တော့ JITEC အောင်ထားပါရဲ့နဲ့ နိုင်ငံခြားကို စာသွားသင်ဖို့ မပြောနဲ့ နှစ်ရက်လောက်တက်ရတဲ့ Seminar လေးတွေတောင် သွားမတက်ရသေးတဲ့ ကျောင်းသားတွေ၊ IT သမားတွေ အများကြီး ရှိနေပါသေးတယ်။ ဝေးနေတဲ့လူတွေထားပါတော့ ... MCF ပတ်ဝန်းကျင်မှာ နေ့စဉ်ဝင်ထွက်နေပေမယ့် Neglect အလုပ်ခံထားရတဲ့ လူတွေလည်း ရှိနေပါသေးတယ်။
ဒီတော့ MCF ၀န်းကျင်မှာမနေဘဲ ACE ၀န်းကျင်မှာနေရင်များ ( အဲဒီနေ့က ဆရာကြီး ခဏခဏ ပြောသွားတဲ့ ) “အခွင့်အလမ်း” ဆိုတာပိုကောင်းမလား လို့စဉ်းစားစရာပါ။ ဆိုလိုတာက ACE မှာနေတော့ မြင်ပါများပြီး မှတ်မိမလားလို့ပါ။ ACE ကလည်း နိုင်ငံခြား ပညာတော်သင်တို့၊ OJT တို့ မကြာခဏ လွှတ်လေ့ရှိတဲ့ Company ကြီးဆိုတော့လေ။ ဆရာကြီးဦးသိန်းဦးက ပြောပါသေးတယ် ... “လုပ်ဖေါ်ကိုင်ဖက်တွေပြည်ပရောက်ကုန်ပြီ၊ ခင်ဗျားက နိုင်ငံတော်တော်ချစ်တာပဲ လို့ပြောကြတယ်။ မဟုတ်ပါဘူး၊ တခါမှ မစဉ်းစားဖူးဘူး။ ဒီမှာကိုယ်လုပ်ချင်တာလုပ်လို့ရတယ်၊ ကိုယ်သွားချင်တဲ့ဆီသွားလို့ရတယ်။ ဒါပါပဲ” တဲ့။

နောက်ပြီး မြန်မာပြည်မှာ ဘယ်သူဟာ Computer Technology မှာရှေးဦးကျတယ် ဆိုတာနဲ့ UCC ဖွဲ့တုန်းက ဘယ်သူတွေပါတယ် ဆိုတာကလည်း တော်တော်အရေးပါပုံ ရပါတယ်။ Maths Dr. Kyaw Thein လို့လူသိများတဲ့ MCF Vice President ဆရာကြီး ဒေါက်တာကျော်သိန်း က သူနိုင်ငံခြားမှာ Computer သင်နေပြီး တော်တော်ကြာမှ ဆရာကြီးဦးသိန်းဦးနဲ့ အခြားသုံးလေးယောက်လောက် လိုက်လာတယ်၊ နောက်ပြီးဒီလူတွေစုပြီး UCC ဖြစ်အောင်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဆရာကြီးဦးသိန်းဦးက UCC ဖွဲ့တုန်းက ဆရာမကြီးဒေါ်မြင့်မြင့်သန်းတို့ မပါဘူး၊ နောက်မှရောက်လာကြတယ် ဆိုပြီးပြောပြန်ရော။ ပြောတာတွေကတော့ အမှန်တွေပါ။ ဘာကြောင့် လူစုံရင်၊ ပွဲရှိရင် ဒါတွေပဲတိုင်းထွာနေကြတာလဲ ဆိုတာကိုသိချင်တာပါ။ ဆရာကြီးဦးသောင်းတင်ရဲ့ Speech တွေကိုလည်း အများကြီးနားထောင်ဖူးပါတယ်။ ဒီလိုမျိုးတွေ၊ သူဘာလုပ်ပေးခဲ့တယ် ဆိုတာတွေ၊ သူဘယ်အချိန်မှာ Computer စသုံးတယ်ဆိုတာတွေ၊ သူ့ရဲ့ KMD အကြောင်းတွေ ဘယ်တော့မှ မပါ ပါဘူး။ သူ့စကားတွေဟာ ပညာတတ်သိပ်ဆန်ပါတယ်။ မှတ်သားစရာ ကောင်းလေ့ရှိပါတယ်။ ကြုံရင် နားထောင်ပြီး နှိုင်းယှဉ်ကြည့်ကြပါစို့လား။

Tuesday, March 6, 2007

My Poem : Astrea !


အောက်က ကဗျာလေးက ကျွန်တော့်ချစ်သူကို ရေးပေးဖူးတဲ့ကဗျာတွေထဲက တစ်ပုဒ်ပါ။ ချစ်သူက ဗေဒင်ကိုသိပ်မယုံပေမယ့် Zodiac Circle က Star တွေ၊ အဲဒီ Star တွေရဲ့ ရာဇ၀င်တွေကိုတော့ သိပ်စိတ်ဝင်စားတယ်။ သူက Virgo Born ဗျ။ ကျွန်တော်က Aquarius ပါ။ သတိထားမိလားတော့မသိဘူး ... Zodiac မှာ လူရုပ်နဲ့ ဆိုလို့ Virgo နဲ့  Aquarius ပဲရှိတာ။ ကျန်တာတွေက လူမဟုတ်ဘူးလေ။ ထားပါတော့။ အဲဒီတော့ သူစိတ်ဝင်စားတဲ့ Virgo အကြောင်းတွေကို ကျွန်တော်က Online မှာရှာဖွေပေးပါတယ်။ Virgo ကိုစောင့်ရှောက်တဲ့ နတ်သမီးက Astrea တဲ့ဗျ။ သူ့ အကြောင်းက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကြမ်းလောက်ပြောရရင် Astrea က သိပ်ချောသိပ်လှတဲ့ နတ်သမီးတဲ့။ လယ်ယာကိုင်းကျွန်းတွေ နဲ့  အပျိုစင်တွေကို အဓိကစောင့်ရှောက်တယ်တဲ့။ (လယ်တွေနဲ့  အပျို ဘယ်လိုတွဲ မိသွားလည်းဆိုတာတော့ ဇု နတ်မင်းကြီးကို မေးမှသိမယ်) နောက်ပြီး တရားမျှတမှုကို သိပ်မြတ်နိုးသတဲ့။ အသေးစိတ်ကိုတော့ နောက်မှထပ်ရေးပါဦးမယ်။ ဒီကဗျာလေးမှာ ချစ်သူကို နတ်သမီး Astrea လို့ သဘောထားပြီး ကိုယ့်ကိုကိုယ် နှိမ့်ချတဲ့ဟန်နဲ့  ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။

တမ်းချင်း

အို...နတ်ဘုရားမ ASTREA

သင်ဧ။်ကာရံမလိုသော
မျက်စောင်းတစ်ချက်တွင်
အခမ်းနားဆုံးသော ယဉ်ကျေးမှုတို့ 
ပျက်သုဉ်းကုန်ခဲ့ချေပြီ ...

သင်ဧ။်သံစဉ်မပါသော
အပြုံးတစ်ပွင့်တွင်
ရှေးအကျဆုံးသော နန်းမြို့ တော်တို့ 
လွင့်ပါးကုန်ခဲ့လေပြီ ...

သင်ဧ။်မာယာမရှိသော
ခြေတစ်လှမ်းတွင်
အထူးခြားဆုံးသော တေးအလင်္ကာတို့ 
ဆွေးမြည့်ကုန်ခဲ့ပြန်ပြီ ...

အို...နတ်ဘုရားမ ASTREA

ထိုနည်းနှင်နှင်ပင်
ညှို့ ယူတတ်သော မျက်ဝန်းတို့ ဖြင့်
ငါဧ။်စိတ်အစဉ်ကိုလည်း
ချယ်လှယ်ပါလော့ ...

ရွှန်းစိုသော နှုတ်ခမ်းတို့ ဖြင့်
ငါဧ။်ဓနဥစ္စာတို့ ကိုလည်း
သိမ်းယူပါလော့ ...

နူးညံ့သောဖ၀ါးတော်ဖြင့်
ငါဧ။်ဘ၀ကိုလည်း
(ထာဝရ) အုပ်စိုးပါလော့ ...

အို...နတ်ဘုရားမ ASTREA

ဂရုဏာအားဖြင့်
ငါဧ။်ချစ်တတ်ခဲ့သော
အဖြည့်ခံနှလုံးသား၌
သင်ဧ။်နာမတော်ကို
ရွှေဖြင့်မှတ်သွင်း
ရုပ်ကြွင်းဖြစ်ခွင့်ကိုလည်း
သနားတော်မူပါ ...

အို...နတ်ဘုရားမ ASTREA

ကျွန်တော့်ရဲ့ Virgo Born လေးအတွက်အမှတ်တရပါ။