Sunday, March 23, 2008

TP သင်္ကြန်နဲ့ ကျွန်တော့်အတွေးများ

ကျွန်တော်မနေ့က TP သင်္ကြန် လို့ လူသိများတဲ့ Temasek Poly ရဲ့ ကျောင်းသားကပွဲ သွားကြည့်တယ်။ သွားကြည့်တဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါ။ ရန်ကုန်မှာကတည်းက နှစ်စဉ်ထွက်တဲ့ အခွေလေးတွေကြည့်ပြီး ကိုယ်တိုင်ကြည့်ဖူးချင်တာ၊ ကျွန်တော်အကြိမ်ကြိမ် ကြိုးစားပြီး အကြောင်းကြောင်းကြောင့် မတက်လိုက်ရတဲ့ ပိုလီကျောင်းကို ရောက်ဖူးချင်တာ (ပွဲကျင်းပတာကတော့ RP မှာပါ)၊ ပွဲဖြစ်မြောက်ဖို့ ကြိုးစားနေတဲ့လူတွေထဲမှာ ကိုဇင်ကိုလတ်တို့၊ ကိုငယ်တို့လို လူရင်းအစ်ကိုကြီးတွေပါနေတာ၊ နောက်ပြီး ကွဲကွာနေတဲ့ သူငယ်ချင်းတွေလည်း လာမယ်ဆိုတာနဲ့ သွားခဲ့တာပါ။ ကျွန်တော်နဲ့အတူ ကိုညီညီ(သံလွင်) နဲ့ မပိုး၊ မနေနေနိုင် တို့ အတူကြည့်ဖြစ်ပါတယ်။ ကျွန်တော် စင်ကာပူရောက်ပြီး တစ်လလောက်နေတော့ SP လို့ခေါ်ကြတဲ့ စင်ကာပူပိုလီကျောင်းရဲ့ ကပွဲကို မနိုင်းနိုင်းစနေ၊ ကိုဇင်ကိုလတ်တို့ နဲ့သွားကြည့်ဖြစ်သေးလို့ အခုဒီပွဲကတော့ ကျွန်တော် ဒုတိယမြောက်ကြည့်ဖြစ်တဲ့ Poly ပွဲပါပဲ။

ဒီနှစ်ဟာ TP မြန်မာ ဖွဲ့စည်းခြင်း ဆယ်နှစ်ပြည့်ဖြစ်ပြီး ကပွဲအနေနဲ့ကတော့ ၈ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒါကြောင့် အတွေ့အကြုံကောင်းတွေ ရပြီးသားဖြစ်တာနဲ့အညီ လူကြီးနဲ့လူငယ်၊ ကျောင်းသားဟောင်းနဲ့ ကျောင်းသားသစ် အတွဲညီညီ ပွဲထွက်ခဲ့ကြတာဟာ အထူးပဲ ပြည့်စုံလှပါတယ်။ အဆို၊ အက၊ သံချပ်၊ ပြဇာတ်၊ အငြိမ့် အားလုံးဟာ ပညာရှင်တွေများလားလို့ ထင်ရလောက်အောင် အမှားအယွင်းမရှိ အသုံးတော်ခံသွားကြပါတယ်။ အရင်နှစ်တွေက တက်ကြွစွာပါဝင်ခဲ့ပြီး ဒီနှစ်မှာတော့ ပြည်ပ ရောက်နေတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ အမှတ်တရ စကားပြောပေးတဲ့ Video Clip လေးတွေ ဖွင့်ပြသွားတာကလည်း သတိတရရှိတတ်မှု၊ ပုခုံးပြောင်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှု၊ ရှေ့ဆောင်လမ်းပြ လုပ်ပေးသွားသူတွေကို ကျေးဇူးသိတတ်မှုတွေနဲ့ ဗမာတွေမှာ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုရှိတယ်ဆိုတာကို သက်သေပြသွားသလိုပါပဲ။ နောက်ဆုံးပိတ်အနေနဲ့ TP ရင်ခုန်သံ ဆိုတဲ့သီချင်းကို အားလုံးစုဆိုနေကြတဲ့ သူတို့မျက်နှာတွေမှာ ပွဲအောင်မြင်လို့ ပီတိဖြာနေတဲ့ အပြုံးနဲ့အတူ ကျောင်းနဲ့ခွဲခွါရမှာကို ဝမ်းနည်းနေကြတာ မြင်သာပါတယ်။

ပွဲကျင်းပချိန်က နေ့လယ် ၂ နာရီခွဲကနေ ည ၁၀ နာရီအထိကြာမြင့်ခဲ့သလို အစီအစဉ်တွေကိုလည်း အစပ်အဟပ်တည့်တည့် ထည့်သွင်းသွားပါတယ်။ လက်မှတ်၊ အစားအသောက်၊ နေရာအစီအစဉ်၊ Stage Setting၊ ကံစမ်းမဲ၊ လက်ဆောင် စတာတွေအားလုံးကိုလည်း စနစ်တကျ လစ်ဟာမှုမရှိအောင် Organizer တွေက စီစဉ်သွားတာကိုလည်း တွေ့မိပါတယ်။ SP ပွဲတုန်းကလည်း ဒီထက်မညံ့တဲ့ စီစဉ်မှုတွေ တွေ့ခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်တော်စဉ်းစားမိတယ်။ သူတို့ဟာ Professional ပွဲစီစဉ်သူတွေ၊ အငြိမ့်သွင်းသူတွေ မဟုတ်ပါဘူး။ ကျောင်းသား၊ ကျောင်းသားဟောင်း၊ အလုပ်ဝင်နေသူတွေပဲဖြစ်တယ်။ ဒါပေမယ့် အစစအရာရာ ညှိညှိနှိုင်းနှိုင်းနဲ့ စီစဉ်တတ်နေကြတယ်။ သူတို့ကိုယ်ပိုင်အရည်သွေးတွေကို တစ်ဦးတည်းအတွက်မသုံးဘဲ Team Work တစ်ခုဖြစ်လာအောင် ထည့်ထားကြတယ်။ စိတ်မကောင်းစရာက ဒီလို လုပ်နိုင်တဲ့လူတွေ၊ လုပ်နေတဲ့လူတွေဟာ အမိနိုင်ငံမှာ မနေထိုင်နိုင်ဘဲ ပြည်ပမှာပဲ နေကြရတယ်။ အရည်အချင်းတွေကို ပြည်ပကုမ္ပဏီတွေ အတွက်ပေးဆပ်နေကြရတယ်။ သူတို့စီစဉ်တဲ့ ပွဲတွေဟာလည်း ပြည်ပမှာပဲ ဖြစ်တယ်။ ပြည်ပမှာ ကျောင်းတက်ချင်တဲ့ ကျောင်းသားအရေအတွက်ကလည်း တိုးမြဲတိုးနေတယ်။ ကျောင်းပြီးတဲ့ ကျောင်းသားတွေကလည်း ပြည်ပမှာပဲ အခြေစိုက်ချင်တော့တယ်။ တိုင်းပြည်ချစ်တဲ့လူတွေကို ဘာလို့ တိုင်းပြည်ထဲ ပြန်ေ၇ာက်လာအောင် မဆွဲဆောင်နိုင်ရသလဲ။ အခုလို အရည်အချင်းရှိတဲ့ ပညာတတ်တွေ ပြည်ပရောက်နေတာ တိုင်းပြည်သိပ်နစ်နာတယ်လို့ ကျွန်တော်တော့ ယုံတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဘာလို့ အခုလိုကျောင်းသားကပွဲတွေ၊ သက်ဆိုင်ရာ တက္ကသိုလ်နဲ့ ကောလိပ် Club တွေ၊ ကျောင်းသားအားကစားပွဲတွေ ဆိတ်သုဉ်းနေရတာလဲ။ ရှိတဲ့ကျောင်းသားကပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကလည်း ဆရာ၊ ဆရာမတွေရဲ့ ရှေးရိုးလွှမ်းမိုးမှု အောက်ကမလွတ်နိုင်တဲ့ ကဗျာလွတ်အက၊ ပန်းပွါးအက၊ ဘုရားဇာတ်တော်ပြဇာတ်တွေနဲ့ပဲ ပြီးနေကြပြန်ပါတယ်။ တက္ကသိုလ်တွေက Fresher Welcome ဆိုတဲ့ အလေ့အထလည်း မကြားမိတာတောင် အတော်ကြာခဲ့ပါပြီ။ အနှစ်ချုပ်လိုက်တော့ မြန်မာပြည်ကကျောင်းတွေမှာ Team Work ပျောက်နေတယ်လို့ ကျွန်တော်မြင်မိတယ်။ ကျောင်းသားတွေချည်းပဲ စုပေါင်းလုပ်တဲ့ ပွဲတစ်ခု၊ အစီအစဉ်တစ်ခုဆိုတာ ကထိန်မှာ ပဒေသာပင်သီးတာကလွဲပြီး ကျန်တာ မရှိသလောက်ဖြစ်နေပါတယ်။ ဒီတော့ ကျောင်းတက်၊ အိမ်ပြန်၊ ကျူရှင်သွား၊ နောက်နေ့ကျောင်းလာ၊ ဒါမှမဟုတ် အဝေးသင်တက်နေတဲ့ကျောင်းသားတွေအနေနဲ့ အရေးအကြောင်းဟေ့ဆို ငါ့ကျောင်း၊ ငါ့တက္ကသိုလ်၊ ငါတို့ကျောင်းသား Club ဆိုပြီး ရောက်ရာအရပ်ကနေ လာစုစည်းပါတော့မလား၊ ကျောင်းကို ချစ်ပါတော့မလား၊ အကူအညီပေးပါတော့မလား။ ခက်တာက ရန်ကုန်ဘက်မှာက အသင်းအဖွဲ့လေးတစ်ခု အပျော်တမ်းဖွဲ့မယ်ဆိုရင် နိုင်ငံရေးလုပ်မှာလား၊ နိုင်ငံရေးသမားပါလား ဆိုတာက စမေးတော့တာပဲ။ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးအပြင် လုပ်စရာတွေ အများကြီးပါ။ အခု Poly ပွဲလိုမျိုး၊ TP မြန်မာ အဖွဲ့လိုမျိုးပေါ့။ အရမ်းစည်းလုံးကြတယ်။ ရိုင်းပင်းကြတယ်။ အားနည်းတဲ့လူကို ကူညီကြတယ်။ စင်ကာပူထဲက ဗမာနိုင်ငံငယ်လေးလို့ မြင်ယောင်ကြည့်လို့ရတယ်။ ပြည်တွင်းမှာလည်း ကျောင်းသားတွေ၊ ကျောင်းသားဟောင်းတွေအနေနဲ့ ကျောင်းကို ပြန်ပံ့ပိုးဖို့၊ ဆရာတွေကို ပြန်ပူဇော်ဖို့၊ ကျောင်းဂုဏ်ကို မြှင့်ဖို့ Team Work ကောင်းတဲ့ အဖွဲ့လေးတွေ ရှိကိုရှိသင့်တယ်လို့ ကျွန်တော် အလေးအနက် ယုံကြည်မိပါတယ်။